“ဘောလုံးလေးတစ်လုံး လက်ဆောင်ရပါတယ်..။ သူမဟာ သိပ်ကိုလှပတယ်..၊ သိပ်ကိုအဖိုးတန်တယ်..၊ အဲဒီလက်ဆောင်ဟာ ကျွန်တော့်အတွက် သာမက ခင်ဗျားတို့အတွက်လည်း လှပ၊ အဖိုးတန်တဲ့ လက်ဆောင်တစ်ခု ဖြစ်ရပါမယ်..။ ဘောလုံးနဲ့အတူ ကြီးပြင်းလာတဲ့ လူတစ်ယောက်၊ ကစားသမား တစ်ယောက်အနေနဲ့ ဘောလုံးကို လက်ခံရယူတယ်..၊ လှလှပပ ကစားပြတယ်..၊ ဘောလုံးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားပြတယ်.. ဆိုတာဟာ ကျွန်တော့်အတွက် အင်မတန်မှ အဆုံးမဲ့တဲ့ ချစ်ခြင်းတရားပါပဲ..။ ကျွန်တော်ဟာ အဲဒီလိုအခိုက်အတန့်တွေမှာ ကိုယ့်ရဲ့အကောင်းဆုံး အဇ္ဇတ၊ အစွမ်းအစကို ရှာဖွေ့ရှိခဲ့တယ်..၊ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်..။”
- ဂျာအို ဖဲလစ်
အသက် (၁၉) နှစ်အရွယ် ဘင်ဖီကာအသင်းနဲ့အတူ တရှိန်ထိုး ထွန်းတောက်ခဲ့တဲ့ သူ့ရဲ့ပထမဆုံးဘောလုံးရာသီမှာ ဘောလုံးကစားနည်းအပေါ် သူ့ရဲ့ချစ်ခြင်းတရား၊ ဒဿနခံစားချက်တွေကို The Players’ Tribune မဂ္ဂဇင်းနဲ့ တွေ့ဆုံခန်းမှာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပြောကြားခဲ့ပါတယ်..။
အဲဒီဘောလုံးရာသီမှာ ဘင်ဖီကာအသင်းနဲ့အတူ ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲ Primeira Liga ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သလို အသင်းအတွက် (၂၆) ပွဲကစား၊ (၁၅) ဂိုးသွင်း၊ (၇) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီနောက်မှာတော့ ကမ္ဘာ့ကြေးအမြင့်ဆုံး ဆယ်ကျော်သက် ကစားသမားတစ်ယောက်အဖြစ် စပိန်လာလီဂါ ပြိုင်ပွဲဝင် အက်တလက်တီကို မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၁၃) သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်…။
ကမ္ဘာ့ဘောလုံးပရိသတ်ကြီးဟာ အက်တလက်တီကို အသင်းကို ခုနှစ်သက်တမ်း စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာအို ဖဲလစ် ကို စူပါစတား.. ကြယ်ပွင့်တစ်ပွင့် ထွန်းတောက်လာခြင်းအဖြစ်နဲ့ မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်..။ ပေါ်တိုအသင်းကနေ ဘင်ဖီကာအသင်းကို ရောက်ရှိလာခဲ့တဲ့ အသက် (၁၅) နှစ်အရွယ် ကတည်းက သူ့ဆီမှာ အလျံတညီးညီး တောက်လောက်နေတဲ့ ပင်ကိုယ်ပါရမီ အစွမ်းအစတွေကို အတိုင်းသား မြင်တွေ့နေရတယ်လို့ ဘင်ဖီကာအသင်းရဲ့ ကင်းထောက်ဟောင်း ယန်း ကလော့ဒ် အာဘီဒူး က ပြောကြားခဲ့ပါတယ်…။ “သူ့ရဲ့ခြေထဲကို ဘောလုံးရောက်သွားတာနဲ့ ဘောလုံးသယ်ယူတာ၊ ဆွဲထွက်တဲ့နေရာတွေမှာ အရမ်းကိုလျှင်မြန်ပါတယ်..။ သူ့ရဲ့ကစားပုံကို ခိုင်းနှိုင်းရမယ်ဆိုရင် ကွင်းထဲမှာ ပျံသန်းနေတဲ့အတိုင်းပါပဲ..။”
ပေါ်တိုအသင်းဟာ ဂျာအို ဖဲလစ် ကို ခန္ဓာကိုယ်သေးလွန်းတယ်.. ဆိုပြီး ထွက်ခွင့်ပေးလိုက်ပေမယ့် ဘင်ဖီကာအသင်းကို ရောက်လာချိန်မှာ သူဟာအကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ‘လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့တယ်..၊ ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့တယ်..’ လို့လည်း ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် အက်တလက်တီကို မက်ဒရစ်အသင်းမှာ မအောင်မြင်တဲ့အချိန်မှာတော့ အဲဒီနှစ်ချက်လုံးဟာ တကယ်ပဲ အရေးပါတဲ့ အကြောင်းရင်းတွေဖြစ်ခဲ့လား..? ဆိုပြီး တွေးဆစရာ ဖြစ်လာခဲ့ပါတယ်..။
ဂျာအို ဖဲလစ်.. လှပညက်ညောပြီး ကစားပုံ ခန့်မှန်းရခက်ခဲတဲ့ ပေါ်တူဂီလူငယ် တိုက်စစ်ကစားကွက် ဖန်တီးရှင်လေးဟာ ဘရာဇီးလ် ကစားကွက် ဖန်တီးရှင် ‘ကာကာ’ ကို အတုယူ၊ ကိုးကွယ်ခဲ့တယ်.. လို့ ပြောပါတယ်..။ သူဟာအနုပညာဆန်ဆန် လွတ်လပ်စွာ ဖန်တီးကစားနိုင်ခွင့်ကို လိုချင်ခဲ့ပေမယ့် အက်လတလက်တီကို အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ ကစားသမားတွေကို အတိအကျ တာဝန်ပေးတယ်..၊ ကစားပွဲတွေကို without the ball ရွေ့လျားမှုတွေနဲ့ ထိန်းချုပ်ပြီး အနိုင်ယူဖို့ ကြိုးစားတဲ့ နည်းစနစ်ပညာရှင်တစ်ယောက် ဖြစ်ပါတယ်..။
ဒ့ါကြောင့်သူတို့နှစ်ဦးရဲ့ ပေါင်းစပ်မှုဟာ ‘အသွင်မတူတဲ့ အိမ်ထောင်ဘက်နှစ်ယောက်’ လိုပါပဲ..။
ဂျာအို ဖဲလစ် ဟာ အက်တလက်တီကို အသင်းကိုရောက်လာခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး ပွဲစဉ်အားလုံးရဲ့ (၄၂%) ရာခိုင်နှုန်းလောက်ပဲ ကစားခွင့်ရရှိထားသလို နည်းပြဒီယေဂို ဆီမြွန်နီ ကလည်း စည်းကမ်းသေဝပ်မှု ကောင်းမွန်ပြီး ခံစစ်ပိုင်း ကူညီပေးနိုင်မှု၊ ခံစစ်ပိုင်း လှုပ်ရှားမှုနဲ့ လုပ်အားနှုန်း ပိုပြီးကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတွေကိုပဲ အလိုရှိပါတယ်..။
“အရည်အသွေးထက်စာရင် ကြိုးစားမှုနဲ့ ခံယူချက်၊ စိတ်ဓါတ်ကောင်းမွန်ဖို့က ပိုအရေးကြီးပါတယ်..” လို့ ၂၀၂၀/၂၁ ဘောလုံးရာသီမှာ အာဂျင်တီးနား နည်းပြကြီးက ပြောဆိုခဲ့သလို ပေါ်တူဂီလူငယ် တိုက်စစ်မှူးလေးဟာ အက်တလက်တီကိုအသင်းရဲ့ အမှတ်ပေးချန်ပီယံ ပန်းဝင်ခရီး နောက်ဆုံး (၁၂) ပွဲမှာ တစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်..။ ဂျာအို ဖဲလစ် ကတော့ အက်တလက်တီကို အသင်းဆီ ပြောင်းရွှေ့လာရခြင်းမှာ နည်းပြဆီမြွန်နီ ဟာ အရေးပါတဲ့ အကြောင်းအချက်တစ်ခု ဖြစ်တယ်လို့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ပြောခဲ့ဖူးပါတယ်…။ အန်တွိုင်း ဂရစ်ဇ်မန်း၊ ဒီယေဂို ကော်စတာ၊ ရာဒမယ်လ် ဖာလ်ကာအို တို့လို အကျော်ဒေးယျ တိုက်စစ်မှူးတွေကို မြေတာင်မြှောက်ပေးနိုင်ခဲ့တဲ့ အာဂျင်တီးနား နည်းပြကြီးရဲ့ အစဉ်အလာနဲ့ အရည်အသွေးကို အားကျ၊ လေးစားပြီး မျှော်လင့်ချက် ကြီးမားခဲ့တာ ဖြစ်နိုင်ပါတယ်..။
ဒါပေမယ့် လေးနှစ်အကြာမှာတော့ သူတို့နှစ်ဦးရဲ့ နဖူးစာ မင်ရည်ကျဲလို့ အစည်းမကပ်တော့တဲ့ ဆက်ဆံရေးအကြောင်းကို အသင်းတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလာခဲ့ရပါပြီ..။
အသင်းရဲ့ Chief Execeutive မင်ဂွယ်လ် အိန်ဂျယ် ဂီးလ် မာရင် က “ဂျာအို ဖဲလစ် ဟာ ကျွန်တော်တို့အသင်း ပြုလုပ်ခဲ့ဖူးတဲ့ အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှု ဖြစ်ပါတယ်..။ သူဟာကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ဖြစ်တာ သေချာပါတယ်..။ ဒါပေမယ့် သူ့ရဲ့တန်ဖိုးကို အခုအချိန်ထိ မပြသနိုင်သေးတာဟာ နည်းပြကြီးနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးကြောင့် ဖြစ်နိုင်သလို လုံလောက်တဲ့ စိတ်အားထက်သန်မှုနဲ့ ပေးဆပ်၊ ကြိုးစားမှုတွေ သူ့ဆီမှာမရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ ဒ့ါကြောင့်သူ့ကို ပြောင်းရွှေ့ခွင့်ပေးဖို့ ထည့်သွင်းစဉ်းစား လာရပါတယ်..။” ဆိုပြီး အရင်လက ပြောကြားခဲ့ပါတယ်..။
ဂျာအို ဖဲလစ် ဟာ လာလီဂါအသင်းမှာ ရုန်းကန်နေရသလို အခွင့်အရေးရတဲ့အချိန်မှာလည်း တည်ငြိမ်တဲ့ခြေစွမ်း မပြနိုင်ခဲ့ပါဘူး..။ ဒါပေမယ့် သူဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကမှ အသက် (၂၃) နှစ် ပြည့်ခဲ့တာ ဖြစ်တဲ့အတွက် အနာဂတ်ရဲ့ Ballon d’Or ဆုရှင်အဖြစ် နည်းပြအဆက်ဆက် မျှော်မှန်းထားခဲ့တဲ့ သူ့ရဲ့ပင်ကိုယ် အရည်အသွေးကို ပြသနိုင်ဖို့ အချိန်အများကြီး ရှိနေပါသေးတယ်..။ ဒါ့အပြင် အက်တလက်တီကို မက်ဒရစ်အသင်းမှာ သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေဟာ (အောက်ပါ ပူးတွဲပုံ) မျှော်မှန်းထားတဲ့ အဆင့်အတန်းကို မရောက်ခဲ့ဘူး.. ဆိုပေမယ့် ပါဝင်ခွင့်ရတဲ့ အချိန်တွေမှာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့သူ ဖြစ်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။
အထက်ကပုံမှာ ပြသထားတဲ့ အချက်အလက်တွေအရ သူဟာ လာလီဂါပွဲစဉ် (၉၆) ပွဲ ကစား၊ (၂၅) ဂိုးသွင်းယူခဲ့ပြီး (၁၃) ကြိမ် ဂိုးဖန်တီးမှု ပြုုလုပ်ပေးနိုင်ခဲ့ပေမယ့် ပွဲအတော်များများဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့လေးနှစ်တာကာလ စွမ်းဆောင်ရည် အချက်အလက်များဟာ အလယ်အလတ်အဆင့်သာ ဖြစ်နေပေမယ့် (၁၃၈) မိနစ်တိုင်းမှာ ဂိုးသွင်း/ ဂိုးဖန်တီးပေးနိုင်တဲ့ (goal involvement) စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် သူဟာပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ ပြသနေပါတယ်..။
အခုနှစ်ဘောလုံးရာသီမှာ နည်းပြ ဆီမြွန်နီ နဲ့ ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပြီး ကစားခွင့်သိပ်မရခဲ့တဲ့ အခြေအနေမှာတောင် သူ့ရဲ့ထိရောက်မှုစွမ်းရည် (efficiency) ကို ပြသနိုင်ခဲ့ပါတယ်..။ သူဟာအခုနှစ် ဘောလုံးရာသီမှာ ပွဲချိန် (၆၅၁) မိနစ်သာ ကစားခွင့် ရရှိထားပေမယ့် (၄) ဂိုးသွင်းယူပြီး (၃) ဂိုး ဖန်တီးပေးထား နိုင်ပါတယ်..။ ဒ့ါကြောင့် တစ်ပွဲကိုပျမ်းမျှ အပိုင်အခွင့်အရေး ဖန်တီးပေးနိုင်မှု (big chances created per 90 minutes) (ဝ.၇၈) ကြိမ်နဲ့ တစ်ပွဲကိုပျမ်းမျှ (၁.၆၆) ကြိမ် ဂိုးပေါက်တည့် ကန်သွင်းနိုင်မှု (shots on target per 90 minutes) ပြုလုပ်နိုင်ခဲ့ပြီး လာလီဂါ ပြိုင်ပွဲရဲ့ တိုက်စစ်စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား (၇) ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်..။
ဒါ့အပြင် တိုက်စစ်မှူးတွေရဲ့ ပြေးလမ်းကြောင်းထဲကို အသင့်ထိုးပေးတဲ့ through balls ပေးပို့မှုမှာဆိုရင် တစ်ပွဲကိုပျမ်းမျှ (ဝ.၆၉) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး through balls ပြုလုပ်နိုင်မှု စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်..။ အထူးသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ခြေစွမ်းကို မှတ်ကျောက်တင်နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ကျော်ဖြတ်ခဲ့တဲ့ မနှစ်ကဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ သူ့ရဲ့တန်ဖိုးကို ပြသနိုင်ခဲ့သလို အဖိုးတန်သွင်းဂိုး တစ်ဂိုးကိုလည်း ရယူနိုင်ခဲ့ပါတယ်..။
ဂျာအို ဖဲလစ် ဟာ တိုက်စစ်မှာနေရာစုံ ကစားနိုင်တဲ့ (versality) အားသာချက် ရှိပါတယ်..။ ၄- ၄- ၂ ကစားကွက်ကို အသုံးများတဲ့ အက်တလက်တီကို အသင်းမှာတော့ သူဟာ ဘယ်တောင်ပံ ကစားသမားအဖြစ် အများဆုံး ကစားရပေမယ့် ညာတောင်ပံမှာလည်း အကောင်းဆုံး ကစားနိုင်သူဖြစ်ပါတယ်..။ ဒါ့အပြင် ‘No.10’ နေရာ၊ ‘False 9’ နေရာတွေမှာ ကစားပေးနိုင်စွမ်း ရှိပါတယ်..။ ဒ့ါကြောင့်တိုက်စစ်ကိုအားသန်ပြီး ဘောလုံးကိုင်ပြီး (possession based) ကစားမယ့် အသင်းတွေမှာဆိုရင် သူ့ရဲ့အားသာချက်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ အခွင့်အရေး ရှိပါတယ်..။
ဒီယေဂို ဆီမြွန်နီ ရဲ့ အသင်းဟာ တစ်ပွဲကို ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု (၅၀%) အောက်မှာသာရှိပြီး ဦးဆောင်ဂိုး ရသွားတာနဲ့ နောက်ထပ်သွင်းဂိုးတွေ ရဖို့ထက်စာရင် ခံစစ်ထိုင်ပြီး ပိတ်ဆို့ကစားဖို့ကို ပိုပြီးအားသန်ပါတယ်..။ အဲဒီကစားနည်းစနစ်ဟာ ဘောလုံးကိုများများကိုင်ထားပြီး တိုက်စစ်ဇုန်မှာ အစွမ်းပြကစားချင်တဲ့ ဖဲလစ် နဲ့ သင့်တော်မှု မရှိနိုင်ဘူးလို့ ဘင်ဖီကာအသင်းနည်းပြဟောင်း ရူအီ ဗီတိုးရီးယား က အခုလိုမှတ်ချက်ပေးပါတယ်..။
“သူဟာဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပြီး ပွဲကိုထိန်းချုပ်ကစားချင်တဲ့ အသင်းနဲ့ပိုပြီး ကိုက်ညီပါလိမ့်မယ်..။ အထူးသဖြင့်သူ့ရဲ့ခြေစွမ်းကို အခုထက်ပိုပြီး တိုးတက်ဖို့ဆိုရင် ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီဧရိယာဝန်းကျင်မှာ ပိုပြီးကစားခွင့်ရဖို့ လိုအပ်ပါလိမ့်မယ်..။ ဒါ့ကြောင့်သူ့ကို ကိုင်တွယ်ရမယ့် နောက်နည်းပြဟာ သူ့ရဲ့တစ်ဦးချင်းစွမ်းရည် ပြသခွင့်ရမယ့်၊ လွတ်လွတ်လပ်လပ် ကစားနိုင်ခွင့်ရမယ့် နေရာတစ်ခုကို ဖန်တီးပေးရပါလိမ့်မယ်..။”
ဒ့ါကြောင့်ချယ်လ်ဆီးအသင်းဟာဆိုရင် အချက်အလက်တွေအရ တစ်ပွဲကိုဘောလုံးပိုင်ဆိုင်မှု (ball possession) ပျမ်းမျှ (၆၀%) ရာခိုင်နှုန်းဝန်းကျင်ရှိတာကြောင့် သူ့ရဲ့လိုအပ်ချက်နဲ့ ပိုပြီးကိုက်ညီပါလိမ့်မယ်..။ သူ့အနေနဲ့ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာဝန်းကျင်နေရာတွေမှာ ဘောလုံးများများ လက်ခံကစားခွင့်ရဖို့ပဲ လိုအပ်ပါလိမ့်မယ်..။ အခုနှစ်ဘောလုံးရာသီမှာဆိုရင် ဂျာအို ဖဲလစ် ဟာ တစ်ပွဲကို ပျမ်းမျှဘောလုံးပေးပို့မှု (passes per 90 minutes) အကြိမ် (၃၀) ပဲ ပြုလုပ်ထားနိုင်ပြီး အဲဒီထဲမှာ တိုက်စစ်ဇုန် final third ထဲက ပေးပို့မှု (၁၃) ကြိမ် ပါဝင်ပါတယ်..။ သူနဲ့ကစားရမယ့် နေရာချင်းတူတဲ့ မေဆန် မောင့် ဟာ တစ်ပွဲကိုပျမ်းမျှ ဘောလုံးပေးပို့မှု အကြိမ် (၄၀) လောက် ပြုလုပ်နိုင်ခဲ့ပြီး အဲဒီထဲမှာ တိုက်စစ်ဇုန် final third ထဲက ပေးပို့မှု (၁၉) ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်..။
အဲဒီအချက်အလက်တွေဟာ ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်နဲ့သာ ထိုးဖောက်လေ့ရှိတဲ့ အက်တလက်တီကို မက်ဒရစ်အသင်းရဲ့ ကစားပုံကို ကိုယ်စားပြုနေပေမယ့် နည်းပြကြီး ဆီမြွန်နီ ကတော့ ဂျာအို ဖဲလစ် ရဲ့ off the ball လှုပ်ရှားမှု အားနည်းချက်၊ လုပ်အားနှုန်းနဲ့ ခံစစ်ပိုင်း ကူညီမှုအားနည်းချက်ကို ပိုပြီးစိုးရိမ်စိတ် ရှိနေပါတယ်..။ ဒ့ါကြောင့်ပရီးမီးယားလိဂ် ရပ်ဝန်းမှာ ခြေချတော့မယ့် ပေါ်တူဂီ တိုက်စစ်မှူးအနေနဲ့ လုပ်အားနှုန်းနဲ့ ခံစစ်ပိုင်းကူညီမှု အခုထက်ပိုပြီး ကောင်းမွန်ဖို့ လိုအပ်နိုင်ပါတယ်..။ ဒါ့အပြင် သူ့နဲ့အတူတွဲဖက်ပြီး အနီးကပ်အလုပ်လုပ်ဖူးတဲ့သူတွေကတော့ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေမှာ ပိုပြီးသန်မာလာအောင် ပြုလုပ်ဖို့ လိုအပ်မယ်လို့ ပြောကြပါတယ်..။
“ဂျာအို ဟာ စိတ်ဓါတ်ပိုင်း ခိုင်မာတဲ့သူ၊ ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ ဖြစ်ပေမယ့် စိတ်ခံစားမှုတွေကို အလွယ်တကူ ထုတ်မပြတတ်တဲ့ သူ့ရဲ့အကျင့်စရိုက် (introverted behavior) က သူ့ရဲ့ပင်ကိုယ်စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေကို ဖုန်းကွယ်ထားပါတယ်..။” လို့ ဘင်ဖီကာအသင်း ကင်းထောက်ဟောင်း ယန်း ကလော့ဒ် အာဘီဒူး က ပြောကြားခဲ့ပါတယ်..။ ဒါ့အပြင်ပေါ်တူဂီလူငယ် (အသက် ၂၁ နှစ်အောက်) လက်ရွေးစင် အသင်းနည်းပြ ယော်ကွင်း မီလ်ဟီးယာရို ကလည်း “ဂျာအို ဟာ စိတ်ဆိုးဒေါသထွက်တာ၊ သူများကို စိတ်ပျက်စေအောင် ပြုလုပ်တာ တစ်ခါမှမတွေ့ဖူးပါဘူး..။ သူ့ဆီမှာ ပူပန်သောကရောက်တာ၊ ရေရှည်အတွက် စိုးရိမ်တာတွေကို မတွေ့ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ သူဟာအောင်မြင်မှုတွေ၊ ငွေကြေးတွေအတွက် အာရုံစိုက်ရမယ့်အချိန် ရောက်လာပြီလို့ ထင်ပါတယ်..” လို့ ၂၀၂၁ ခုနှစ်တုန်းက ပြောကြားခဲ့ပါတယ်..။
ဂျာအို ဖဲလစ် ဟာ ပင်ကိုယ်ပါရမီ အလွန်ထူးချွန်ပြီး ဘောလုံးကို အမြဲတမ်းခြေထဲမှာထားပြီး ကစားချင်တယ်..၊ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး တိုက်စစ်ဦးစားပေး ကစားဟန်မှာ ပျော်မွှေ့တယ်..၊ ဘောလုံးကို ဖျော်ဖြေမှု အပြည့်ပေးစွမ်းပြီး လွတ်လွတ်လပ်လပ် ကစားပြချင်တဲ့ လူငယ်ကစားသမား တစ်ယောက်အဖြစ် အားလုံးက သိထားခဲ့ကြပါတယ်..။ ဒါ့ကြောင့်ပေါ်တူဂီ လူငယ်တိုက်စစ်မှူးအနေနဲ့ သူနဲ့လိုက်ဖက်မယ့် ကစားဟန်၊ သူနဲ့သင့်တော်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ရှိခဲ့မယ်ဆိုရင် ထူးခြားလှတဲ့ ပင်ကိုယ်ပါရမီ အစွမ်းအစတွေကို ထုတ်ဖော်ပြသနိုင်လိမ့်မယ်.. ဆိုတဲ့ ယူဆချက်၊ မျှော်လင့်ချက်တွေကို ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတဲ့ အဌားချကာလကို အသုံးချပြီး အစွမ်းကုန် ဖွင့်ထုတ် ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတော့တယ်..။
(Sky Sports မှ ဆောင်းပါးရှင် Nick Wright ၏ ‘Joao Felix has been an awkward fit for Diego Simeone's Atletico Madrid but his brilliant talent is waiting to be unlocked' ဆောင်းပါးကို ပြန်ဆိုပါသည်..။)