စိတ်ပျက်မှုတွေ… မကျေနပ်မှုတွေ… စိတ်ပျက်ဒေါသထွက်စရာတွေ…
အာဆင်နယ်အသင်းနဲ့ အော်လန်ဒိုမြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ နည်းပြ သောမတ်စ် တူခယ်လ် ဟာ အမေရိကန် ပြည်ထောင်စုကို ခရီးထွက်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်မထားခဲ့ပါဘူး..။ အဲဒီပွဲအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲက သူ့ရဲ့ပြောကြားချက်တွေဟာ ချယ်လ်ဆီးအသင်း နည်းပြသက်တမ်းတစ်လျှောက် အပြင်းထန်ဆုံး၊ အကြမ်းတမ်းဆုံးလို့တောင် ပြောလို့ရပါတယ်..။
ချယ်လ်ဆီးပရိသတ်တွေအတွက် စိတ်ပူဖို့ကောင်းတာက သူ့အသင်းရဲ့ ပြင်ဆင်မှုတွေကို သြဂုတ်လ (၆) ရက်၊ အဲဗာတန်အသင်းနဲ့ ရာသီအဖွင့်ပွဲအမှီ ပြုလုပ်ပေးနိုင်မယ်လို့ အာမခံချက်မပေးနိုင်ဘူးလို့ကို ပြောကြားခဲ့တာပါ…။ ဒါ့အပြင် ကစားသမားတချို့ဟာ အသင်းကနေ ထွက်ခွာချင်နေတယ်.. ဒါမှမဟုတ် သူတို့ရဲ့အနာဂတ်တွေဟာ တခြားတစ်နေရာမှာ ရှိနေကြတယ်… ဆိုတာကို ထုတ်ဖော်၊ ပြောကြားဖို့ လိုအပ်တယ်လို့လည်း တွေးခဲ့ပုံရပါတယ်..။ ဒီလောက်နဲ့ မပြီးသေးပါဘူး…။ တိုက်စစ်ပိုင်းက ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု အားနည်းနေတဲ့အပေါ် မေးမြန်းရာမှာ နည်းပြကြီးက အခုလိုပြန်လည် ဖြေကြားခဲ့ပါတယ်..။
“ကစားသမားတွေဟာ အရင်တုန်းက ကစားသမားတွေပါပဲ..။ ဘာကြောင့်အပြောင်းအလဲလုပ်ဖို့လိုမှာလဲ..? တိုးတက်မှုတွေ မြင်ရမယ်လို့ မျှော်လင့်မိပေမယ့် ကျွန်တော်တို့မှာ ဒီကစားသမားတွေပဲ ရှိနေတဲ့အတွက် ပြဿနာဟောင်းတွေနဲ့ပဲ ထပ်တလဲလဲ ရင်ဆိုင်နေရပါတယ်..။”
သောမတ်စ် တူခယ်လ် ရဲ့ အဲဒီလို စိတ်ပျက်လက်ပျက် စကားလုံးတွေဟာ ချယ်လ်ဆီးအသင်းရဲ့ လာမယ့်ဘောလုံးရာသီ ကြိုတင်ပြင်ဆင်မှုများရဲ့ အဖြေထုတ်ချက်လို့တောင် ယူဆလို့ရပါတယ်..။ တကယ်တော့ အခုအမေရိကန်ခရီးစဉ်ဟာ အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလေး နဲ့ Clearlake Capital တို့ ချယ်လ်ဆီးအသင်းကို လက်လွှဲမယူခင်ကတည်းက စီစဉ်ထားခဲ့တာပါ..။ ဒါပေမယ့် အသင်းပိုင်ရှင်သစ်တွေ အတွက်ကတော့ အပြာရောင်ကဏ္ဍသစ်ကို သူတို့ရဲ့ဇာတိမြေမှာ စတင်ဖွင့်လှစ်ခွင့်ရခဲ့တဲ့ဟာ တကယ့်ကို ကျေနပ်ဖို့ကောင်းတဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်…။
ချယ်လ်ဆီးအသင်းဟာ လော့စ် အိန်းဂျယ်လိစ် မှာ ပထမဆုံး ခရီးတစ်ထောက် နားပါတယ်..။ အန်ဂိုလို ကန်တေး နဲ့ ရူဘင် လော့ဖ်တပ်စ် ချိခ် တို့ကတော့ ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့အတွက် အမေရိကန် ပြည်ထောင်စုက မြို့ကြီးလေးမြို့ကို နှစ်ပါတ်အတွင်း တက်သုတ်ရိုက် သွားရောက်ခဲ့တဲ့ခရီးစဉ်ကို လွဲချော်ခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းသားတွေဟာ သူတို့ရဲ့ပထမဆုံး လူစုံတက်စုံ ပြင်ဆင်မှုတွေကို အမေရိကား အနောက်ဘက်ပိုင်း (west coast)၊ လော့စ် အိန်းဂျယ်လိစ်မြို့ရဲ့ အေးမြတဲ့ရာသီဥတုအောက်မှာ အေးအေးသက်သာ စတင်နိုင်ခဲ့ပါတယ်..။
ရာသီကြိုပြင်ဆင်မှုတွေရဲ့ အစောပိုင်းရက်တွေမှာတော့ ကစားသမားတွေဟာ ပတ်ဝန်းကျင်သစ်နဲ့ အသားကျအောင် ပြင်ဆင်နေရတာကြောင့် လေ့ကျင့်ခန်းတွေဟာ ပေါ့ပေါ့ပါးပါး၊ သက်သက်သာသာပါပဲ..။ ဒါပေမယ့် နောက်ပိုင်းမှာ တစ်ရက်ကို မနက်တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ်နဲ့ လေ့ကျင့်ခန်းတွေ ပြင်းထန်လာသလို ကြားထဲမှာ တော့ဒ် ဘိုလေး တို့ရဲ့ LA Dodgers အသင်းနဲ့ ပူးတွဲစီစဉ်တဲ့ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းတွေမှာ ပါဝင်ပေးရပါတယ်..။ ကစားသမားတွေသာ အလုပ်နှစ်ခု လုပ်ရတာ မဟုတ်ပါဘူး..။ နည်းပြ သောမတ် တူခယ်လ် ဟာလည်း အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေမှာ ပိုပြီးသြဇာကြီးမားလာတာကြောင့် ဂျာမန်နည်းပြကြီးဟာ အားကစား ဒါရိုက်တာ ရာထူးကို ယာယီရယူထားတဲ့ အသင်းပိုင်ရှင် တော့ဒ် ဘိုလေး နဲ့ အချိန်ပြည့် အမြဲတမ်းဆက်သွယ် နေရပါတော့တယ်..။
“အပြောင်းအရွှေ့တွေမှာ ပါဝင်ရတာကို ကျွန်တော်မကြိုက်ပါဘူး..။ ရေရှည်မှာတော့ နည်းပြအပိုင်းကို ပိုပြီးအာရုံစိုက်ပါမယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို နည်းပြတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့တာပါ..။ ဒါပေမယ့် အခုလောလောဆယ်မှာ အသင်းကို ကူညီရပါမယ်..။ သူတို့ဟာ ကျွန်တော့်ရဲ့ အကူအညီကို ရယူဖို့ လိုအပ်နေတာကြောင့် ရှေ့ကိုထွက်ပြီး အဲဒီတာဝန်ကို လက်ခံခဲ့တာပါပဲ..။”
သောမတ်စ် တူခယ်လ် ဟာ မန်ချက်စတာ စီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၇.၅) သန်းနဲ့ ခေါ်ယူခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ရာဟင်း စတာလင်း ကို လော့စ် အိန်းဂျယ်လိစ် မြို့မှာပဲ ကြိုဆိုရင်း UCLA တက္ကသိုလ်ဝင်း၊ Drake ကစားကွင်းထဲက လေ့ကျင့်ခန်းအစီအစဉ်တိုင်းကို အနီးကပ်၊ ကြီးကြပ်ခဲ့ပါတယ်..။ အဲဒီကစားကွင်းကို အမေရိကန်ကို အလည်အပတ် လာရောက်တဲ့ အသင်းပေါင်းစွာဟာ လေ့ကျင့်ကွင်းအဖြစ် အသုံးချခဲ့ပြီးဖြစ်ပေမယ့် နည်းပြသောမတ်စ် တူခယ်လ် ကတော့ မြက်ခင်းအခြေအနေနဲ့ ကွင်းရဲ့မြေကြီး မာကျောမှုကို စိတ်ပျက်မိတယ် ပြောခဲ့တဲ့အကြောင်း ပြန်ပြီးကြားခဲ့ရပါတယ်..။
အမေရိကန်မှာ တစ်ပါတ်ကြာခဲ့အပြီး အေးမြတဲ့အနောက်ဘက်ကမ်းခြေကနေ နီဗားဒါး သဲကန္တာရထဲက ပူပြင်းလှတဲ့ လာ့စ် ဗီးဂက်စ် ရာသီဥတုအောက်ကို ရောက်ရှိသွားခဲ့ပါတယ်..။ ဗီးဂက်စ်မြို့က ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို လေအေးပေးစက်တွေနဲ့ အေးမြနေတဲ့ Allegiant Stadium ကစားကွင်းထဲမှာ စတင်ခဲ့ပါတယ်..။ သူတို့ဟာ အဲဒီလေ့ကျင့်ခန်းအပြီး နောက်ထပ် (၂၄) နာရီအကြာမှာ မက္ကဆီကိုနိုင်ငံက Club America အသင်းနဲ့ ယှဉ်ပြိုင်ရပါတယ်..။ Allegiant Stadium ကစားကွင်းထဲမှာပဲ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ တီမို ဗာနာ၊ မေဆန် မောင့် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ဂိုး- ၁ဂိုး ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်..။
အဲဒီပွဲအပြီးမှာ ကစားသမားတွေဟာ လာ့စ် ဗီးဂက်စ် ရဲ့ နာမည်ကျော် ကစားဝိုင်းတွေမှာ တစ်ညတာ အချိန်ဖြုန်းခွင့် ရခဲ့ပါတယ်..။ နောက်ပြီး အော်လန်ဒိုမြို့ကို ဆက်လက်ထွက်ခွာပါတယ်..။ နည်းပြ တူခယ်လ် ဟာ ပထမပါတ်အပြီး အော်လန်ဒိုမြို့ကို မထွက်ခွာခင် အသင်းသားတွေကို လူလျှော့တဲ့အနေနဲ့ ဘီလီ ဂေးလ်မား၊ တီနို အန်ဂျိုရင် နဲ့ ဟာဗီ ဗေးလ် တို့ကို အရန်အသင်း (Development Squad) လေ့ကျင့်နေတဲ့ ဆော့လိခ် စီးတီးမြို့ကို သွားရောက်၊ ပူးပေါင်းခိုင်းခဲ့ပါတယ်..။ အမေရိကားကိုရောက်ပြီး နှစ်ရက်အကြာမှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တဲ့ အာမေးနီးယား တိုက်စစ်မှူး အာမန်ဒို ဘရိုဂျား ကတော့ အင်္ဂလန်ကို ပြန်သွားခဲ့ပါတယ်..။
ဘီလီ ဂေးလ်မား ကို အရန်အသင်းဆီ စေလွှတ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် အသင်းသားတွေ အတော်များများ အံ့အားသင့်ခဲ့ကြတယ်လို့ သိရပါတယ်..။ ဒါ့အပြင် ကွင်းလယ်ကစားသမား ရော့စ် ဘာကလေ ဟာ ဒဏ်ရာရခဲ့ပြီး ရှားလော့တ်အသင်း၊ အာဆင်နယ် အသင်းနဲ့ပွဲတွေကို လွဲချော်ခဲ့ရတာကြောင့် ကွင်းလယ်အပိုင်းဟာ သိသိသာသာ အားနည်းသွားခဲ့ပါတယ်..။ ဒ့ါကြောင့် ဘီလီ ဂေးလ်မား ကို လူလျှော့ခဲ့တဲ့ နည်းပြကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့တယ်လို့ ပြောရမှာပါပဲ..။
လာ့စ် ဗီးဂက်စ်မြို့မှာ ရှိနေတုန်းမှာပဲ နောက်ထပ်ခေါ်ယူမှု အသစ်တစ်ခုဖြစ်တဲ့ နောက်ခံလူ ကာလီဒူ ကူလီဘေလီ ဟာ အသင်းကို လာရောက်၊ ပူးပေါင်းနိုင်ခဲ့ပါတယ်..။ နာပိုလီအသင်းကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၄) သန်းနဲ့ ရောက်ရှိလာတဲ့ ဆီနီဂေါနောက်ခံလူဟာ ပူပြင်းတဲ့ အော်လန်ဒိုမြို့ရဲ့ ရာသီဥတုအောက်မှာ ချွေးတဒီးဒီးနဲ့ စတင်မလေ့ကျင့်ခင် ဗီးဂက်စ်မြို့မှာ အသင်းနဲ့ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်..။ ခရီးစဉ်ဒုတိယပိုင်းမှာ ကစားသမားတွေ ကြုံတွေ့ခဲ့ရတဲ့ ရာသီဥတုအခြေအနေဟာ LA (လော့စ် အိန်းဂျယ်လိစ်) တုန်းကနဲ့ တခြားစီပါ..။ အမေရိကန် အရှေ့ခြမ်း (east coast) ရဲ့ ရာသီဥတုဟာ ပူပြင်း၊ စွတ်စိုတဲ့အပြင် အချိန်ကာလ ကွာခြားချက် (timezone) ကြောင့် ကစားသမားတွေ ပိုပြီးရုန်းကန်ခဲ့ရပါတယ်..။ ဒါဟာနည်းပြ သောမတ်စ် တူခယ်လ် အတွက် အဆင်မပြေလှပါဘူး..။ ဒါ့ကြောင့်ဖလော်ရီဒါမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာ သူကအခုလို ပြောကြားခဲ့ပါတယ်..။
“တစ်ပါတ်အတွင်း သုံးကြိမ်အထိ နေရာအပြောင်းအလဲ လုပ်ခဲ့ရတာ အတော်လေး ခက်ခဲပါတယ်..။ ခရီးတွေအဝေးကြီး သွားခဲ့ရသလို timezone အသစ်တစ်ခု၊ အပူချိန် ကွာခြားချက်၊ စိုထိုင်းစ ခြားနားချက်တွေကြောင့် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေမှာ အတော်လေးကို ခက်ခဲခဲ့ပါတယ်..။ ကစားသမားတွေဟာ မြင့်မားလှတဲ့အပူချိန်အောက်မှာ ရုန်းကန်ခဲ့ရပါတယ်..။
ဒ့ါကြောင့်သူတို့ကို မကြာခဏ ရေသောက်ခွင့်ပေးခဲ့ရသလို မကြာခဏ အနားပေးခဲ့ရပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့အချိန် ဖြစ်တာကြောင့် တစ်ယောက်ချင်းစီအနေနဲ့ ကီလိုမီတာပေါင်းများစွာ ပြေးလွှားနေရဖို့တော့ လိုအပ်ပါတယ်..။ ကစားသမားတွေရဲ့ ခန္ဓာကိုယ် အနေအထားတွေဟာ အဲဒီလိုတောင်းဆိုမှုတွေကို မလိုက်နိုင်ခဲ့ပါဘူး..။”
အမေရိကန် ပြည်ထောင်စုအနောက်ခြမ်းကနေ အရှေ့ခြမ်းကို မိုင်ပေါင်းခရီးထွက်ခဲ့ရတဲ့အတွက် timezone အပြောင်းအလဲမှာ အချိန်တွေထပ်ပြီး ဆုံးရှုံးခဲ့ရပြန်ပါတယ်..။ ဒ့ါကြောင့်နည်းပြတူခယ်လ် ဟာ ဇူလိုင် (၁၉) ရက်၊ အင်္ဂါနေ့မှာ နောက်ထပ်လေ့ကျင့်ခန်းတစ်ကြိမ် ထပ်မံဖြည့်စွက်ပြီး ခရီးသွားခဲ့ရတဲ့ ကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ အချိန်တွေအတွက် ပြန်လည်အစားထိုး လေ့ကျင့်စေခဲ့ပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းသားတွေဟာ ရှားလော့တ်အသင်းနဲ့ပွဲ ကစားနေ့မှာ မနက်ပိုင်းအထိ ခရီးမသွားနိုင်ခဲ့သေးပါဘူး..။
မြောက်ကာရိုလိုင်းနား ပြည်နယ်၊ ရှားလော့တ်မြို့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်ဟာ မိုးကြိုးမုန်တိုင်းတွေကြောင့် ပွဲစချိန်တစ်နာရီ နောက်ဆုတ်ခဲ့ရပြီး ချယ်လ်ဆီးအသင်းနဲ့ အိမ်ရှင်အသင်းတို့ဟာ မိနစ် (၉၀) အတွင်း တစ်ဂိုးစီသရေကျခဲ့ပါတယ်..။ ဒ့ါကြောင့်တစ်ဘက်ကို ပင်နယ်တီငါးလုံးစီကန်သွင်းပြီး အနိုင်အရှုံး ဆုံးဖြတ်ရာမှာ ရှားလော့တ်အသင်းက ၅ဂိုး - ၃ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပွဲစဉ်မှာ လူတွေစိတ်ဝင်စားခဲ့တဲ့ သတင်းက ပွဲစဉ်အနိုင်အရှုံး ရလဒ်မဟုတ်ပဲ “ဘယ်နေရာမှာဖြစ်ဖြစ် ကစားခွင့်ရခဲ့ရင် ပျော်ရွှင်မှာပါ..” ဆိုတဲ့ တီမို ဗာနာ ရဲ့ တုံ့ပြန်ချက်ကို မေးခွန်းထုတ်ခဲ့တဲ့ သောမတ်စ် တူခယ်လ် ရဲ့ တုံ့ပြန်မှုပါပဲ..။
“ကျွန်တော်တကယ် အံ့သြမိပါတယ်..။ ကျွန်တော်သာ လူငယ်ကစားသမား တစ်ယောက်ဆိုရင် ချယ်လ်ဆီးလို အသင်းနဲ့ စာချုပ်သက်တမ်းရှိနေတာကို ပျော်ရွှင်မိမှာပါ..။ ကိုယ့်ကိုယ်ကို တခြားကမ္ဘာကို ရောက်ရှိနေသလို ခံစားနေရပါလိမ့်မယ်..။ သူဟာကစားခွင့်ရချင်တယ်ဆိုရင် သူ့ရဲ့အရည်အချင်းကိုပြပြီး အဲဒီနေရာကို တိုက်ခိုက်ယူရပါမယ်..၊ အဲဒီနေရာကို မဆုံးရှုံးရအောင် ကာကွယ်ရပါမယ်..။ ကျွန်တော်သာ သူ့ရဲ့နေရာမှာဆိုရင် ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းရှိနေတဲ့အတွက် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတွေထဲမှာ ပါဝင်ပါလိမ့်မယ်..။ သူသာအဲဒီအတိုင်း တကယ်ပြောခဲ့တယ်ဆိုရင် ကျွန်တော်တော့ ဘယ်လိုမှ နားမလည်နိုင်ပါဘူး..။”
ချယ်လ်ဆီးအသင်းဟာ ပွဲကန်ပြီးတဲ့ ညနေပိုင်းမှာပဲ ရှားလော့တ်အသင်းရဲ့ Bank of America ကစားကွင်းကြီးကနေ ချက်ချင်းထွက်ခွာခဲ့ရပြီး အော်လန်ဒိုကို ညတွင်းချင်း ပြန်ရပါတယ်..။ ဒါဟာခြောက်ရက်အတွင်းမှာ လေးကြိမ်မြောက် လေယာဉ်ခရီးစဉ်ဖြစ်ခဲ့ပါတယ်..။ ဒ့ါကြောင့် နောက်လာမယ့် အာဆင်နယ် အသင်းနဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြန်လည်စတင်ရာမှာ တစ်ချို့ကစားသမားတွေဟာ အတော်လေးကို ပင်ပန်းနွမ်းနယ်နေကြတာကို တွေ့ခဲ့ရပါတယ်..။ အများစုကတော့ ကော့ဘ်ဟမ်ကွင်းနားက သူတို့နဲ့ ရင်းနှီးကျွမ်းကျင်နေတဲ့ နေရာဟောင်း၊ အိမ်ကိုပြန်ချင်နေဖို့ပဲ စိတ်စောနေကြတာကို သတိပြုမိပါတယ်..။
“လာ့စ် ဗီးဂက်စ်ကနေ ထွက်လာတဲ့ရက်နောက်ပိုင်းမှာ အသင်းသားတွေရဲ့ အင်အားတွေ (energy) ကျဆင်းလာပါတယ်..။ ရှားလော့တ်အသင်းနဲ့ပွဲပြီးတော့ ထပ်ပြီးပင်ပန်းကုန်ပါတယ်..။ ခရီးတွေဆက်တိုက် ထွက်ရတာ၊ အရမ်းကိုပူပြင်းတဲ့ အပူချိန်၊ စိုစွတ်ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင်အနေအထားဟာ ကစားသမားတွေကို ပိုပြီးပင်ပန်းစေပါတယ်..။ တကယ်တော့ နှစ်ပါတ်လုံးလုံး လမ်းပေါ်မှာပဲ အချိန်ကုန်နေရတာ သိပ်တော့မလွယ်လှပါဘူး..။”
အာဆင်နယ်အသင်းကို ၄ဂိုးပြတ် ရှုံးနိမ့်အပြီးမှာ သောမတ်စ် တူခယ်လ် က သူ့အသင်းသားများရဲ့ ကြံ့ခိုင်မှု အနေအထားတွေအပေါ် အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အင်္ဂလန်ကို ပြန်လည်ရောက်ရှိပါတယ်..။ လေယာဉ်စီးတဲ့ jet lag ဒဏ်ကို ကုစားနိုင်ဖို့ တနင်္လာနေ့တစ်နေ့လုံး သူတို့ကိုအနားပေးခဲ့ပါတယ်..။ ကစားသမားတွေဟာ အင်္ဂါနေ့မှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို ပြန်လည်ရောက်ရှိပါမယ်..။ နည်းပြတူခယ်လ် နဲ့ နည်းပြအဖွဲ့၊ ကြံ့ခိုင်ရေးနည်းပြအဖွဲ့တွေဟာ ကြံရည်စက်ထဲ ထည့်ကြိတ်ထားသလို နွမ်းဖတ်နေတဲ့ ကစားသမားတွေကို ပြန်လည်လန်းဆန်း တက်ကြွလာစေဖို့ အစွမ်းကုန် ကြိုးစားရပါတော့မယ်..။ အဲဒီအလုပ်ဟာ အပြောလွယ်သလောက် အတော်လေးကို ခက်ခဲပါလိမ့်မယ်..။
ခန္ဓာကိုယ် ကြံ့ခိုင်မှုအားပြည့်ဖို့ထက် ပိုပြီးခက်ခဲမှာက စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြန်လည်အားဖြည့်ပေးဖို့ ဖြစ်ပါတယ်..။ အော်လန်ဒိုမြို့က ပွဲအပြီးမှာ အသင်းကနေထွက်ခွာချင်နေတဲ့ ကစားသမား အများအပြား ရှိတဲ့အကြောင်းကို ဂျာမန်နည်းပြကြီးက ဝန်ခံခဲ့ပါတယ်..။ ဆီဇာ အက်ဇ်ပီလီကွဲတား ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်းနဲ့ ရွှေရောင်နေ့ရက်တွေကို အဆုံးသတ်ချင်နေသလို ဘာစီလိုနာအသင်းက သူ့ကိုခေါ်ယူချင်နေတာ နှစ်နှစ်ရှိပါပြီ..။ မားကို့စ် အလွန်ဆို ဟာ ကမ့်ပ်နူး ကို ခြေဦးလှည့်ချင်နေသလို ဟာကင် ဇီးယက်ခ်ျ ကလည်း ပူပူနွေးနွေး အေစီ မီလန် ချန်ပီယံ အေစီ မီလန်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်..။ တီမို ဗာနာ နဲ့ ခရစ်စ်တီယန် ပူလီဆစ် တို့က သူတို့ရဲ့ ပုံမှန်ပွဲထွက်နေရာအတွက် စိုးရိမ်စိတ်တွေ ရှိနေသလို တီမို ဗာနာ ကို အသင်းဟောင်း RB လိုက်ပ်ဇစ်၊ ဂျူဗင်တပ်စ်၊ နယူးကာဆယ် အသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေတယ်.. ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်..။
ရော့စ် ဘာကလေ၊ ကနေဒီ၊ မစ်ချီ ဘတ်ရှူအားယီ တို့ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တောင် မကျန်တော့သလို တူခယ်လ် ရဲ့ လက်အောက်မှာ သူတို့ရဲ့အနာဂတ်တွေ မရှိနိုင်ပါဘူး..။ ဒါပေမယ့် အမေရိကန် ခရီးစဉ်မှာ သူတို့တွေကို ပွဲချိန်တော်တော်များများ ကစားခွင့်ပေးခဲ့တဲ့အပေါ် အများစုက နားမလည်နိုင်ကြသလို အဲဒီအတွက် တိကျရှင်းလင်းတဲ့အဖြေ ရဖို့လည်းမလွယ်ကူနိုင်ပါဘူး..။
တကယ်တော့ သောမတ်စ် တူခယ်လ် ဟာ ချယ်လ်ဆီးအသင်းကို စတင်တာဝန်ယူခဲ့ပြီး ယခုအချိန်ထိ (၁၈) လတာ ကာလအတွင်း ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးပေးနိုင်ခဲ့သလို တစ်ဘက်ကလည်း နောက်ဆုံးနှစ်ပေါင်း နှစ်ဆယ်အတွင်း မသေချာ၊ မရေရာမှုတွေ အများဆုံးကြုံတွေ့ခဲ့ရတဲ့ ကာလကို အကောင်းဆုံး ဖြတ်ကျော်၊ အသင်းကို ထိန်းကျောင်းနိုင်ခဲ့သူ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ယခုကြုံတွေ့ခဲ့ရတဲ့ အမေရိကန် ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်က စိတ်ပျက်ခဲ့ရမှုတွေဟာ သူ့ကိုအထူးတုန်လှုပ် ချောက်ချားစေမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် အသင်းမှာက ဖြေရှင်းစရာ ပြဿနာတွေ အများအပြား ရှိနေပါတယ်..။ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက် အချိန်သိပ်မကျန်တော့ပါဘူး..။
ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ လာမယ့်သောကြာနေ့မှာ အူဒီးနစ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ အီတလီကို ခရီးထွက်ရပါဦးမယ်..။ အဲဒီခြေစမ်းပွဲပြီးလို့ တစ်ပါတ်ပဲခြားပြီး ‘ပဝါမကူ၊ ရေမရှူ’.. ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြရမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးကို သြဂုတ်လ (၆) ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ ဂွတ်ဒီဆန် ပါ့ခ် ကစားကွင်းမှာ စတင်ဖွင့်လှစ်ပါတော့မယ်..။ ဒ့ါကြောင့်ဖိအားတွေ စတင်ရောက်ရှိလာပါပြီ..။ ဒါကို တူခယ်လ် တစ်ယောက်.. ကောင်းကောင်းကြီး ခံစား၊ နားလည်နေပါလိမ့်မယ်…
(Football London မှ ဆောင်းပါးရှင် Adam Newson ၏ ‘Thomas Tuchel frustration highlights the unexpected battle Chelsea face after draining USA tour’ သတင်းဆောင်းပါးကို ပြန်ဆိုပါသည်..။)