ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလေး နှင့် Clearlake Capital တို့မှာ အသင်းမှ ထွက်ခွာသွားခဲ့သော ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယားစ် ၏ နေရာကို အစားထိုးရန်အတွက် လီဗာပူးလ်အသင်းမှ နှုတ်ထွက်လာခဲ့သော အားကစား ဒါရိုက်တာဟောင်း မိုက်ကယ် အက်ဒ်ဝဒ် နှင့် ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိပါသည်..။
မိုက်ကယ် အက်ဒ်ဝဒ် မှာ ပြီးခဲ့သည့်ရာသီကုန်ချိန်တွင် လီဗာပူးလ်အသင်းမှ ထွက်ခွာခဲ့ပြီး ထိုအချိန်မှစတင်၍ ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်..။ အားကစား ဒါရိုက်တာအသစ် မရရှိခင် ကာလအတွင်း အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး မှာ ယာယီအားကစား ဒါရိုက်တာအဖြစ် နည်းပြချုပ် သောမတ်စ် တူခယ်လ် နှင့်အတူ လက်တွဲပြီး ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို ဦးဆောင်၊ လှုပ်ရှားလျှက်ရှိပါသည်..။
ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် မန်ချက်စတာ စီးတီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ရာဟင်း စတာလင်း နှင့် နာပိုလီအသင်းမှ ဆီနီဂေါ နောက်ခံလူ ကာလီဒူ ကူလီဘေလီ တို့အား ခေါ်ယူထားခဲ့ပြီး ဘရိုက်တန်အသင်းမှ စပိန်ဘယ်နောက်ခံလူ မာ့စ် ကူကာရယ်လာ အား စတာလင်ပေါင်သန်း (၅၀) ဖြင့် ခေါ်ယူနိုင်ရန် ကြိုးစားလျှက်ရှိပါသည်..။
ထို့အပြင် right wing back နေရာကို အားဖြည့်နိုင်ရန် ရှာဖွေလျှက်ရှိပြီး အင်တာ မီလန်အသင်းမှ ဒန်ဇယ်လ် ဒမ်ဖရိုင်းစ်၊ ဆောက်ပ်သမ်တန်အသင်းမှ ကိုင်လီ ဝေါ့လ်ကား- ပီတာ့စ် တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိပါသည်..။ တစ်ဘက်ကလည်း အသင်းတွင်မပျော်ရွှင်သည့် ကစားသမားများမှာ အသင်းမှထွက်ခွာရန် ကြိုးစားလျှက်ရှိနေပြီး သူ၏အသင်းမှာ စနေနေ့တွင် စတင်ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ် ရာသီအသစ်အတွက် အသင့်မဖြစ်သေးကြောင်း သောမတ်စ် တူခယ်လ် က သတိပေး၊ ပြောကြားခဲ့သည်..။
မိုက်ကယ် အက်ဒ်ဝဒ် မှာ လီဗာပူးလ်အသင်းတွင် ကျွမ်းကျင်သော ညှိနှိုင်းရေးမှူး (expert negotiator) နှင့် ညှိနှိုင်းမှုများကို သေသေသပ်သပ် အဆုံးသတ်ပေးနိုင်သူ (clinical closer of deals) အဖြစ် လူသိများခဲ့ပြီး အချက်အလက်များကို အခြေခံပြီး ကြီးမားလှသည့် ကင်းထောက်စီမံကိန်းကြီးတစ်ခုကို နိုင်နိုင်နင်းနင်း ဦးဆောင်နိုင်ခဲ့သူဖြစ်သည်..။ ထို့အပြင် ဘဏ္ဍာရေးအခက်အခဲများကြားမှ နည်းပြဂျာဂင် ကလော့ပ် အတွက် အောင်မြင်သော အသင်းတစ်သင်း ပေါ်ထွက်လာရန် ကူညီပေးနိုင်ခဲ့သည်..။
သို့သော် အက်ဒ်ဝဒ် မှာ အန်ဖီးလ်ကွင်းတွင် ဆယ်စုနှစ်တစ်ခုကြာ အသုံးတော်ခံခဲ့ပြီးနောက် ပြည့်ပြည့်၀၀ ပြန်လည်အားဖြည့်နိုင်ရန်အတွက် နောက်ထပ်စိန်ခေါ်မှုအသစ်များကို လက်မခံမှီ တစ်နှစ်ခန့် အနားယူလိုသည့်ဆန္ဒ ရှိနေခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ လစ်လပ်နေသော အားကစား ဒါရိုက်တာ ရာထူးကို နောက်လ (စက်တင်ဘာ) အတွင်း ခန့်အပ်သွားရန် ကြိုးစားလျှက်ရှိပါသည်..။
ဒုတိယအခက်အခဲမှာ ဘိုလေး နှင့် Clearlake Capital တို့ လက်ထက်တွင် ခန့်အပ်မည့် ပထမဆုံး အားကစား ဒါရိုက်တာ၏ လုပ်ပိုင်ခွင့်အပေါ် ရှင်းရှင်းလင်းလင်း မသိခဲ့ရသေးခြင်းဖြစ်သည်..။ မိုက်ကယ် အက်ဒ်ဝဒ် အား အခြားဥရောပ အသင်းကြီးများကလည်း အလိုရှိနေပြီး သူ့အနေဖြင့် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရနိုင်မည့် အခြေအနေအား ရရှိလိုနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်..။ ချယ်လ်ဆီးအသင်းမှာ မိုက်ကယ် အက်ဒ်၀ဒ် နှင့် သဘောတူညီမှု မရရှိခဲ့ပါက လက်ရှိမိုနာကိုအသင်း အားကစား ဒါရိုက်တာ ပေါလ် မီချယ် သို့မဟုတ် အက်တလက်တီကို မက်ဒရစ်အသင်းမှ အင်းဒရီယာ ဘာတာ တို့အား ခန့်အပ်နိုင်ရန် ကြိုးစားသွားဖွယ်ရှိသည်ဟု Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်..။