feature-image

‘အက်စ်တွန် ဗီလာကို အားပေးဖို့ မဖြစ်နိုင်တော့ဘူး..’ ဆိုတဲ့ ‘ဂရေဟမ် ပေါ်တာ’

ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် အက်စ်တွန် ဗီလာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကွဲပြားခြားနားသည့် ကစားသမားဘဝ၊ နည်းပြဘဝများကို ဖြတ်သန်းခဲ့ကြသော အင်္ဂလိပ် ကစားသမားဟောင်း ဂရေဟမ် ပေါ်တာ နှင့် စတီဗင် ဂျရတ် တို့ ထပ်မံ ဆုံတွေ့ကြမည့် ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါမည်…။

ဂရေဟမ် ပေါ်တာ မှာ ကစားသမားဘဝတစ်လျှောက် အသင်းများစွာတွင် ပါဝင်ကစားခဲ့သော်လည်း စတီဗင် ဂျရတ် မှာ သူ၏ကစားသမား ဘဝတစ်လျှောက်လုံးကို ‘လီဗာပူးလ်’ အသင်းတွင်သာ ကုန်ဆုံးခဲ့သည်..။ ထို့နောက် ပရီးမီးယားလိဂ်၏ ဂန္တဝင်ကွင်းလယ် ကစားသမားတစ်လျှောက်ဖြစ်ခဲ့သည့် အင်္ဂလန်ကွင်းလယ် ကစားသမားမှာ စကော့တလန်လိဂ်ပြိုင်ပွဲဝင် ရိန်းဂျားအသင်းနှင့် နည်းပြဘဝကို စတင်ခဲ့ပြီး အက်စ်တွန် ဗီလာအသင်းသို့ ရောက်ရှိလာခဲ့သည်..။ ဂရေဟမ် ပေါ်တာ မှာ တက္ကသိုလ် ဘောလုံးအသင်း နည်းပြဘဝမှ ဆွီဒင်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုမှတဆင့် လိဂ်ပြိုင်ပွဲအဆင့်ဆင့်ကို ဖြတ်သန်းပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်..။



သူ၏နည်းပြဘ၀ ဖြတ်သန်းလာခဲ့မှုနှင့် ဂန္တဝင်ကွင်းလယ် ကစားသမားတစ်ယောက်အဖြစ် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့် အင်္ဂလန်ကွင်းလယ် ကစားသမား၏ နည်းပြဘ၀ ဖြတ်သန်းခဲ့မှုများအပေါ် သူ၏ထင်မြင်ချက်ကို မေးမြန်းခဲ့ရာ ဂရေဟမ် ပေါ်တာ က အခုလိုဖြေကြားခဲ့ပါသည်..။

“နည်းပြတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့တဲ့ဘဝကို တခြားတစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်ပြောကြားတာဟာ သိပ်ပြီးမသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်..။ လူတစ်ဦးချင်း တစ်ယောက်ချင်းမှာ ကွဲပြားခြားနားတဲ့ နောက်ခံအကြောင်းရင်းတွေ၊ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင် အနေအထားတွေ ရှိနေကြပါတယ်..။ ဒ့ါကြောင့်တစ်ဦးချင်း တစ်ယောက်ချင်းဟာ ကိုယ့်ကိုယ့်ကို၊ ကိုယ့်ရဲ့လမ်းကြောင်းအပေါ်မှာပဲ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် နည်းပြတစ်ယောက်ရဲ့ ဘဝလမ်းကြောင်းမှာ ဆုံမှတ်တစ်ခုကို ရောက်ရှိလာဖို့ ရွေးချယ်နိုင်မယ့် လမ်းကြောင်းတွေအများကြီး ရှိနေတဲ့ အားသာချက် တစ်ခုရှိပါတယ်..။

ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ လမ်းကြောင်းဟာ ကျွန်တော့်အတွက် ကောင်းမွန်ဖို့ရှိပေမယ့် လူတိုင်းအတွက် မှန်ကန်တဲ့လမ်းကြောင်းတစ်ခု.. လို့ ညွှန်ကြားပေးဖို့ သင့်တော်နိုင်မှာ မဟုတ်ပါဘူး..။ ကျွန်တော်ကတော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေအပေါ် ကျေနပ်ပါတယ်..၊ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..။ ကျွန်တော့်ရဲ့နေရာမှာ တခြားတစ်ယောက်ယောက် ဆိုရင်လည်း ဒီထက်ပိုပြီး ကွဲပြားခြားနားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်..။

ဒ့ါကြောင့်အခြေအနေတွေဆိုတာ လူတစ်ဦးချင်း၊ လူတစ်ဦးချင်းရဲ့ ကစားသမားဘ၀ အပါအဝင် တခြားအကြောင်းအရာတွေ အများကြီးရှိနေပါတယ်..။

ကျွန်တော်ဟာ တက္ကသိုလ် ဘောလုံးအသင်းတစ်သင်းရဲ့ နည်းပြဘဝကနေ တစ်ဆင့်ချင်းတက်လှမ်းပြီး ကိုယ့်ကိုယ်ကို တိုးတက်လာအောင် ကြိုးစားရပါတယ်..။ ဖြတ်သန်းလာခဲ့ရတဲ့ အလုပ်တာဝန်တိုင်းမှာ ဘာကြောင့်မို့ ဒီအလုပ်ကို လက်ခံရတယ်.. ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားရင်း တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုတွေ ရရှိလာအောင် စွမ်းဆောင်ရပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် လမ်းကြောင်းတွေ မတူညီမှုဟာ ကျွန်တော်တို့ နည်းပြဘဝရဲ့ အလှတရားပဲ ဖြစ်ပါတယ်..။ ဥပမာ- ပက်ပ် ဂွာဒီယိုလာ ဆိုရင် ထိပ်တန်းကစားသမား တစ်ယောက်ကနေ ထိပ်တန်းအသင်းတွေကိုပဲ တိုက်ရိုက်ကိုင်တွယ်ရတဲ့ အအောင်မြင်ဆုံးဘဝကို လျှောက်လှမ်းခွင့်ရခဲ့ပါတယ်..။ သိပ်ကိုအားကျဖို့ ကောင်းပါတယ်..။”


အက်စ်တွန် ဗီလာအသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ အဆင့် (၁၆) နေရာသို့ ရောက်ရှိနေပြီး ချယ်လ်ဆီးအသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်မတိုင်မီ လိဂ်ပွဲစဉ် (၇) ပွဲအတွင်း နိုင်ပွဲတစ်ပွဲသာ ရရှိထားသည်..။ ထို့ကြောင့်ဖိအားများနှင့် ရင်ဆိုင်နေရသည့် အက်စ်တွန် ဗီလာအသင်းနှင့် စတီဗင် ဂျရတ် အပေါ် ဂရေဟမ် ပေါ်တာ က သူ၏စာနာ၊ နားလည်မှုများကို ပြောပြခဲ့ပါသည်..။

“VAR ကြောင့် မဟုတ်ခဲ့ဘူး..၊ ဒိုင်လူကြီးတွေရဲ့ ပြန်လည်ပြောင်းလဲခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် မဟုတ်ဘူး..၊ အပြောင်းအရွှေ့ကာလ လှုပ်ရှားမှုတွေရဲ့ သက်ရောက်မှုတွေကြောင့် မဟုတ်ခဲ့ဘူး.. ဆိုရင်တောင်မှ ကျွန်တော်တို့ ဘောလုံးအသင်း မန်နေဂျာတွေဟာ အမြဲတမ်းဖိအေားတွေအောက်မှာ ရှိနေပါတယ်..။ အဲဒီအပေါ်မှာ ငြီးငြူ၊ အပြစ်တင်နေလို့ မရပါဘူး..။ နည်းပြတိုင်းဟာ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ရမယ်..၊ အခက်အခဲတွေကို လေးစားမှုအပြည့်နဲ့ ရင်ဆိုင်နိုင်ရပါမယ်..။ ဒီလိုအခြေအနေ၊ ဒီလိုအခက်အခဲဆိုတာ သူမှမဟုတ် လူတိုင်းကြုံတွေ့နိုင်ရဖို့ ရှိပါတယ်..။”

ယနေ့တွင်ယှဉ်ပြိုင်ရမည့် အက်စ်တွန် ဗီလာအသင်းနှင့်ပွဲစဉ်တွင် နည်းပြဂရေဟမ် ပေါ်တာ မှာ သူ၏ဇာတိမြေ Midlands ဒေသသို့ ပြန်လည်ခြေချခွင့်ရပေမည်..။ နည်းပြပေါ်တာ မှာ အက်စ်တွန် ဗီလာအသင်း၏ ၁၉၈၀ ခုနှစ်လွန်.. အတိတ်ကာလ ရွှေရောင်နေ့ရက်များတွင် ပါဝင်ပတ်သက်ခဲ့ဖူးသည့် အမှတ်တရများကို ယခုလို ပြောပြခဲ့ပါသည်..။

“ဘာမင်ဂမ်မြို့က Shirley လေဆိပ်ကို European Cup (တစ်ချိန်က ချန်ပီယံလိဂ် ဖလား၏ အမည်ရင်း)  ဖလာကြီး ကိုင်မြှောက်ပြီး လေယာဉ်ပေါ်က ဆင်းလာတဲ့ ကျွန်တော့်အစ်ကို ရဲ့ ပုံရိပ်တွေဟာ ကျွန်တော့်ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်တွေထဲမှာ ပါဝင်ခဲ့ပါတယ်..။ အဲဒီပုံရိပ်တွေကို ကြည့်မယ်ဆိုရင် ဘောလုံးလောကဟာ ဘယ်လောက်တောင်မှ ပြောင်းလဲသွားတယ်ဆိုတာ သိနိုင်ပါတယ်..။ ကျွန်တော်တို့ ဘာမင်ဂမ် မြေပေါ်မှာ ချန်ပီယံလိဂ်ဖလားကြီး ခိုနားခဲ့ဖူးတယ်ဆိုတာ အိပ်မက်တွေ မဟုတ်ပါဘူး..။


ကျွန်တော်တို့အိမ်မှာဆိုရင် ကျွန်တော့်ရဲ့အစ်ကို၊ အက်စ်တွန် ဗီလာအသင်း ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ကင် မက်ခ်နော့တ်၊ ပီတာ ဝှစ် တို့ကို ဥရောပဖလားကြီးနဲ့အတူ အမှတ်တရ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ချိတ်ဆွဲထားပါတယ်..။ ကျွန်တော်ဟာ တိုနီ မာလေး၊ ဂယ်ရီ ရှော တို့ ပါဝင်တဲ့ အက်စ်တွန် ဗီလာအသင်းကိုလည်း အထူးကြိုက်နှစ်သက်ခဲ့ပါတယ်..။

ဒါပေမယ့် ကျွန်တော်ဟာ အက်စ်တွန် ဗီလာအသင်းရဲ့ ခါးသီးတဲ့မြို့ခံပြိုင်ဘက် (ဘယ်နောက်ခံလူအနေနဲ့) ဘာမင်ဂမ် စီးတီးမှာ ကစားခဲ့ဖူးတာကြောင့် နှစ်သင်းစလုံးကို ဆက်လက်အားပေးဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ နားလည်ခဲ့ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာတော့ အဲဒီနှစ်သင်းစလုံးကို အားပေးနေတာ မရှိတော့ပဲ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်..။”