feature-image

ကမ္ဘာ့ဖလားပြိုင်ပွဲအမှီ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်မယ်လို့ ယုံကြည်နေတဲ့ ‘ရိစ် ဂျိမ်းစ်’

ချယ်လ်ဆီးအသင်းမှ အင်္ဂလန်လူငယ် နောက်ခံလူ ရိစ် ဂျိမ်းစ် မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရသော်လည်း ကာတာနိုင်ငံတွင် ယှဉ်ပြိုင်မည့်ကမ္ဘာ့ဖလား ပြိုင်ပွဲအမှီ ကြံ့ခိုင်မှုအပြည့်အ၀ ပြန်လည်ရရှိလိမ့်မည်ဟု ယုံကြည်လျှက်ရှိကြောင်း သူ၏သူငယ်ချင်းများကို ပြောပြခဲ့ကြောင်း The Evening Standard သတင်းဌာနက ဖော်ပြခဲ့သည်..။

ရိစ် ဂျိမ်းစ် မှာ အထူးပြုလုပ်ထားသည့် ဒူးထိန်းအစွပ် (knee brace) ကို လေးပတ်ကြာ ဝတ်ဆင်ထားရမည် ဖြစ်သော်လည်း ခန့်မှန်းထားသည်ထက် လျှင်မြန်စွာ သက်သာလာသောကြောင့် အဆိုပါဒူးထိန်းအစွပ်အား လျော့ချဝတ်ဆင်နေပြီဖြစ်သည်..။

အသက် (၂၂) နှစ်အရွယ် ညာနောက်ခံလူမှာ ဒူးဘိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး ချယ်လ်ဆီးအသင်း ဆေးအဖွဲ့မှ အနီးကပ် ကြီးကြပ်ပေးသူ တစ်ဦးနှင့်အတူ ဒူးဒဏ်ရာမှ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ပြုလုပ်လျှက်ရှိပါသည်..။ ရိစ် ဂျိမ်းစ် မှာ လက်ရှိအချိန်တွင် gym လေ့ကျင့်ခန်းများ၊ ဒူးအရွတ်များ တည်ငြိမ်မှု ရှိစေရန် ရေကူးကန်အတွင်း လေ့ကျင့်များ (pool exercises) ကို ဦးစားပေး လေ့ကျင့်နေပြီး အခြေအနေ တိုးတက်မှု မှတ်တမ်းများအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သို့ပါ ပေးပို့လျှက်ရှိပါသည်..။

အင်္ဂလန်နည်းပြ ဂါးရတ် ဆောက်ဂိတ် ကလည်း ရိစ် ဂျိမ်းစ် ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သေးသော်လည်း ဒဏ်ရာနှင့်ပတ်သက်ပြီး ဖိအားပေးခဲ့ခြင်း၊ အမြန်ဆုံးသက်သာအောင် ဆောက်ရွက်ရန် တိုက်တွန်းခဲ့ခြင်း မရှိကြောင်း သိရသည်..။ အင်္ဂလန်အသင်းမှာ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် အီရန်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်တစ်ပါတ် ကြာသာပတေးနေ့တွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် နောက်ဆုံး (၂၆) ယောက် လူစာရင်းကို ထုတ်ပြန်ကြေငြာပါမည်..။