feature-image

'လာမယ့် ရာသီဝက်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ရည်မှန်းထားပါတယ်..' ရိစ် ဂျိမ်းစ်

ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တွင် စခန်းသွင်းလေ့ကျင့်လျှက်ရှိသည့် ချယ်လ်ဆီးအသင်းနှင့်အတူ ပါဝင်လာခဲ့သော ရိစ် ဂျိမ်းစ် မှာ မနေ့ကလေ့ကျင့်ခန်း အစီအစဉ်များတွင် အသင်းနှင့်အတူ အပြည့်အ၀ ပြန်လည်လေ့ကျင့်နိုင်ခဲ့သည်..။ အေစီ မီလန်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရသည့် အင်္ဂလန်ညာနောက်ခံလူမှာ ချယ်လ်ဆီးအသင်းနှင့်အတူ ဖြတ်သန်းရမည့် လက်ကျန်ဘောလုံးရာသီအတွက် မျှော်လင့်ချက်များကို ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံရာတွင် ယခုလိုပြောကြားခဲ့ပါသည်..။

မေး - ရိစ် ရေ.. အခုလက်ရှိ အဘူဒါဘီ မှာ လေ့ကျင့်နေရတဲ့ အခြေအနေတွေဟာ ခင်ဗျားတို့ပုံမှန်လေ့ကျင့်နေကျ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းနဲ့တော့ ခြားနားမှာပေ့ါ..။ ဒီနေ့မှာတော့ အသင်းနဲ့အတူ အပြည့်အ၀ ပြန်လည်လေ့ကျင့်နိုင်ခဲ့တဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြနိုင်မလား..?

အသင်းနဲ့အတူ ပြန်လည်မပါဝင်နိုင်ပဲ ဒဏ်ရာကိုကုသခဲ့ရတဲ့ ကာလဟာ အရမ်းကိုစိတ်ပျက်ဖို့ ကောင်းပါတယ်..။ အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရတာဟာ ကျွန်တော့်အတွက် အထိအနာဆုံးပါပဲ..။ ဒါ့အပြင် ဒဏ်ရာအနေအထားဟာ မူလကနဦးထင်မှတ်ထားတာထက် ပိုပြီးကြာမြင့်ခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန် အသင်းနဲ့အတူ ပြန်လည်ပါဝင်နိုင်တာဟာ တကယ့်ကို ကျေနပ်စရာပါပဲ..။

ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ ပထမဆုံး အသင်းနဲ့အတူ အပြည့်အ၀ ပြန်လည်လေ့ကျင့်တယ်..၊ ဘောလုံးလုယူ၊ ဘောလုံးဖျက်ထုတ်တဲ့ (contact) လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်..။ ဒါ့အပြင်ရာသီဥတုနဲ့ လေ့ကျင့်ကွင်းရဲ့ အခြေအနေတွေကလည်း ကောင်းမွန်ပါတယ်..။ ဒါ့ကြောင့်ယေဘူယျအားဖြင့် လက်ရှိအခြေအနေနဲ့ တိုးတက်မှုတွေအပေါ် ကျေနပ်မိပါတယ်..။



မေး - ခင်ဗျားဟာ ဒီကိုမလာခင် ဒူဘိုင်း မှာ ပြန်လည်သန်စွမ်းရေး (rehab) လေ့ကျင့်ခန်းတွေကို တစ်ဦးထဲသီးသန့် လေ့ကျင့်ခဲ့ရပါတယ်..။ အခုလိုအသင်းသားတွေနဲ့ အတူမပေါင်းခင် အဲဒီလိုသီးခြား ပြုလုပ်ခဲ့ရတဲ့ လေ့ကျင့်ခန်းတွေဟာ အကျိုးရှိတယ်..၊ ခင်ဗျားအတွက် အထောက်အကူဖြစ်တယ်လို့ ယူဆလား..?

သေချာပေါက် အကျိုးရှိတာပေါ့ဗျာ…။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း gym ထဲမှာပဲ တစ်နေကုန် လေ့ကျင့်နေရတာဆိုတော့ အတော်လေးကို ပင်ပန်းပါတယ်..။ အထူးသဖြင့် အသင်းနဲ့အတူ အမြန်ဆုံးပြန်လည် ါဝင်နိုင်ရမယ်.. ဆိုတဲ့ ရည်မှန်းချက်နဲ့ သတ်မှတ်ရက်အတွင်း ပြန်လည်ကောင်းမွန်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ရတာကြောင့် တစ်ခါတစ်လေမှာ ရုန်းကန်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်..။

ဒါပေမယ့် နောက်ဆုံးမှာတော့ နဂိုမူလအခြေအနေကို ပြန်လည်ရောက်ရှိခဲ့တယ်..၊ ကိုယ့်အတွက် အကောင်းဆုံးအချိန်တွေ ရောက်လာတော့မယ်ဆိုတဲ့ အသိကြောင့် အမှောင်ထုကို ကျော်ဖြတ်ပြီး အလင်းရောင်ကို မြင်တွေ့ရတဲ့ ခံစားမှုကို ရရှိတယ်လို့ပဲ ပြောရမှာပါ..။

မေး - ခင်ဗျားနဲ့ ချီလီ (ဘင် ချီးဝဲလ်) တို့ဟာ မနှစ်ကလည်း တပြိုင်နက်ထဲလိုလို ဒဏ်ရာရခဲ့ကြပါတယ်..။ အတော်လေးကို စိတ်ပျက်ခဲ့ဖို့ကောင်းခဲ့မှာပါ..။ ဒီနှစ်မှာလည်း အဲဒီလိုပုံစံအတိုင်း ခင်ဗျားနှစ်ယောက် ပြိုင်တူလိုလို ဒဏ်ရာရခဲ့တဲ့ တိုက်ဆိုင်မှုကလည်း ထူးဆန်းတယ်လို့ ပြောရမလိုပါပဲ..

Yeah..! ဟုတ်တာပေ့ါ… မနှစ်ကဘောလုံးရာသီမှာလည်း ကျွန်တော်တို့နှစ်ယောက် ပြိုင်တူလိုလို ဒဏ်ရာရခဲ့ကြပါတယ်..။ ဒါပေမယ့် ဒီလိုတိုက်ဆိုင်မှုမျိုး၊ ဒီလိုအခြေအနေမျိုးကိုတော့ ဘယ်သူကမှ လိုချင်မှာ မဟုတ်ပါဘူး..။ အထူးသဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲလို အဓိကရ ပြိုင်ပွဲကြီးကို ကျွန်တော်တို့နှစ်ယောက်စလုံး လွဲချော်ခဲ့ရတာကိုး..။ ဒါပေမယ့် ကျွန်တော်တို့တွေအနေနဲ့က ကိုယ်လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားရင်း ဒဏ်ရာတွေကနေ အမြန်ဆုံးသက်သာလာအောင် ပြင်ဆင်လေ့ကျင့်ဖို့ပဲ ရှိပါတယ်..။ ကျွန်တော်တို့တွေအတွက် ခက်ခဲပါတယ်..။ ဒါပေမယ့် ကြုံလာခဲ့ရတဲ့ အခြေအနေတွေကို လက်ခံရင်း အနာဂတ်မှာ အကောင်းဆုံးတွေ ကြုံလာရမှာကိုပဲ မျှော်လင့်ရမှာပါ..။



မေး - မနေ့က (သောကြာနေ့) ဟာ ခင်ဗျားရဲ့မွေးနေ့လည်း ဖြစ်တယ်ပေ့ါ..။ အဘူဒါဘီ မှာ ဖြတ်သန်းခဲ့ရတဲ့ ခင်ဗျားရဲ့ အမှတ်တရ မွေးနေ့ကိုရော ကျေနပ်မိရဲ့လား..?

ကောင်းပါတယ်..။ ဘယ်နေရာမှာဖြစ်ပါစေ.. မနေ့ကလိုပဲ ပျော်ရွှင်၊ ကြည်နူးစရာ အမှတ်တရ မွေးနေ့လေးတစ်ရက် ဖြစ်လာမှာပါပဲ..။ ဒါပေမယ့်  ကစားသမားတွေကို အားလပ်ရက် (day off) ပေးထားတာကြောင့် လူအများကြီးနဲ့ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ခဲ့ပါဘူး..။ အင်္ဂလန်က သူငယ်ချင်းတွေနဲ့ တစ်နေကုန်နီးပါး စကားပြောရင်းနဲ့ပဲ အချိန်ကုန်ဆုံးခဲ့ရပါတယ်..။

မေး - နောက်ဆုံးအနေနဲ့ ပရိသတ်တွေအတွက် အမှတ်တရနှုတ်ဆက်စကား ပြောကြားပေးပါလား..

ဒီနေ့ကစပြီး ကျွန်တော်ဟာ တစ်ရက်ထက်တစ်ရက် ပိုပြီးကစားနိုင်တော့မှာပါ..။ မြက်ခင်းစိမ်းပေါ်မှာ အပြည့်အ၀ ပြန်လည်ကစားနိုင်လာတာနဲ့ ကျွန်တော်ဟာ ကိုယ့်ရဲ့ခြေစွမ်းအပေါ် အကျေနပ်ဆုံးဖြစ်အောင်၊ အကောင်းဆုံးခြေစွမ်း ရရှိအောင် မကြာခင်မှာ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်၊ မျှော်လင့်ထားပါတယ်..။