feature-image

ယူကရိန်းမြေကလာတဲ့ အနာဂတ်ရဲ့ ကြယ်ပွင့်သစ် - ‘မိုင်ဟေးလ်လို မူဒရပ်ခ်’

လွန်ခဲ့တဲ့ ၂၀၂၀/၂၁ ဘောလုံးရာသီ စတင်ချိန်မှာ ‘မိုင်ဟေးလ်လို မူဒရပ်ခ်’ ဆိုတဲ့ လူငယ်ကစားသမားလေးကို ယူကရိန်းပြင်ပမှာ ဘယ်သူမှသိကြမှာ မဟုတ်ပါဘူး..။ ဒ့ါအပြင် အဲဒီအချိန်က သူ့ရဲ့အပြောင်းအရွှေ့တန်ကြေး သတ်မှတ်ချက်ဟာ စတာလင်ပေါင် (၁) သန်းတောင် မရှိခဲ့ပါဘူး..။ ဒါပေမယ့် အခုဆိုရင် သူဟာဥရောပရဲ့ အတိုးတက်ဆုံး လူငယ်ကစားသမား တစ်ယောက်အဖြစ် အဲဒီလိုတရှိန်ထိုး တိုးတက်နေပြီး အင်ဒရေ ရှက်ဖ်ချန်ကို တို့ရဲ့ အရိုက်အရာကို ဆက်ခံမယ့် စူပါစတား ကြယ်ပွင့်တစ်ယေက်အဖြစ် ထင်ကြေးပေးခံနေရပါပြီ..။

အသက် (၂၂) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမားလေးဟာ အခုနှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့် ပွဲစဉ်တွေမှာ သူ့ရဲ့မြန်နှုန်းမြင့် ပြေးလွှားမှုတွေ၊ တစ်ယောက်ချင်းကျော်ဖြတ်မှု စွမ်းရည်တွေကြောင့် ရှက်တာအသင်း အားကစား ဒါရိုက်တာ ဒါရီဂျို ဆာနာ က ‘ကိုင်လီယန် အမ်ဘတ်ပေး၊ ဗီနီးစီးယက်စ် ဂျူနီယာ တို့ပြီးရင် ဥရောပရဲ့ အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား’ လို့ ချီးကျူး၊ ကြွေးကြော်ခဲ့ပါတယ်..။

ခရိုအေးရှား နောက်ခံအစွန်လူဟောင်းရဲ့ ဟစ်ကြွေးသံဟာ ကြွားလုံးနည်းနည်းပါတယ်လို့ ခံစားမိနိုင်မှာ ဖြစ်ပေမယ့် သူ့ကိုခေါ်ယူချင်နေတဲ့ အသင်းတွေရဲ့ နာမည်စာရင်းက အရှည်အလျားပါပဲ..။ အဲဒီအထဲကမှ ယူကရိန်းကြယ်ပွင့် လူငယ်တောင်ပံကစားသမားကို ခေါ်ယူနိုင်လိမ့်မယ်ဆိုပြီး ရေပန်းစားပြီး ထိပ်ဆုံးကို ပြေးတက်လာတဲ့ အာဆင်နယ်အသင်းကို လန်ဒန်တစ်မြို့တည်းက မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းက ပန်းဝင်ချိန်မှာ နှာတစ်ဖျားနဲ့ ကျော်ဖြတ်ပြီး ရှစ်နှစ်ခွဲစာချုပ်နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်..။



‘မိုင်ဟေးလ်လို မူဒရပ်ခ်’ ဆိုတာ…

ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ Krasnohrad မြို့လေးမှာ မွေးဖွားခဲ့တဲ့ မိုင်ဟေးလ်လို လေးဟာ သူ့ရဲ့ကစားသမားဘဝကို ဇာတိမြေက Metalist Kharkiv အသင်းနဲ့အတူ စတင်ခဲ့ပါတယ်..။ အဲဒီကနေတဆင့် FC Dnipro..၊ နောက်တော့ ဥရောပရဲ့ အကောင်းဆုံး လူငယ်အကယ်ဒမီ တစ်ခုဖြစ်တဲ့ ရှက်တာ ဒိုးနက်စ်အသင်းဆီကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ရောက်ရှိသွားခဲ့ပါတယ်..။

လူငယ်အသင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်ခဲ့ပြီး သူ့ရဲ့ပထမအသင်းကြီး ကစားခွင့်ကို မန်နေဂျာ ပေါ်လို ဖွန်ဆက်ကာ ရဲ့ လက်ထက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ လူစားဝင်ကစားသမားအဖြစ်နဲ့ စတင်ခွင့် ရခဲ့ပါတယ်..။

မန်နေဂျာ ဖွန်ဆက်ကာ ဟာ သူ့ရဲ့ပင်ကိုယ်ပါရမီအရည်အချင်းကို သိပေမယ့် သူ့ရဲ့နာခံတတ်မှုနဲ့ စိတ်ဓါတ်အပေါ် သံသယရှိခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့ရ့တိုးတက်မှုအတွက် ယူကရိန်း ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ အာဆင်နယ် ကိယက်ဗ်၊ Desna Chernihiv အသင်းများကို အဌားချပြီး အတွေ့အကြုံနဲ့ ရင့်ကျက်မှုတွေ ရရှိလောအောင် ပျိုးထောင်ခဲ့ပါတယ်..။

ရှက်တာ ဒိုးနက်စ်အသင်းဟာ ၂၀၂၁/၂၂ ဘောလုံးရာသီ မစတင်ခင်မှာ မန်နေဂျာ ရော်ဘတ်တို ဒီ ဇာဘီ (လက်ရှိဘရိုက်တန် အသင်းမန်နေဂျာ) ကို မန်နေဂျာသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်..။ အီတလီနည်းပြကြီးဟာ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ကစားဟန်ကို နှစ်သက်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်ကိုးစားမှု အပြည့်ရှိတာကြောင့် အဲဒီဆုံးဖြတ်ချက်ဟာ မိုင်ဟေးလ်လို အတွက် အများကြီးအကျိုးဖြစ်ထွန်းခဲ့ပါတယ်..။ ဒီ ဇာဘီ ဟာ ရှက်တာ အသင်းကို ရောက်တာနဲ့ အဌားထွက်နေတဲ့ လူငယ်ကစားသမားလေး မိုင်ဟေးလ်လို ဆီကို ချက်ချင်းဖုန်းဆက်ပါတယ်.. လို့ အားကစား ဒါရိုက်တာ ဆာနာ က ရှင်းပြခဲ့ပါတယ်..။



“မင်းဟာငါ့ရဲ့လက်အောက်မှာ ကစားသမားကောင်း တစ်ယောက်အဖြစ် တိုးတက်လာမှာ သေချာတယ်..။ ဒီလိုမှမဟုတ်ပဲ တခြားနေရာတွေမှာ ယောင်ဝါးဝါး လုပ်နေရင် ဘယ်တော့မှ ဖြစ်ထွန်းမှာမဟုတ်ဘူး..” ဆိုပြီး ဒီ ဇာဘီ က ပြောလိုက်တယ်လို့ ဒါရိုက်တာ ဆာနာ က ပြန်ပြောပြခဲ့ပါတယ်..။ “အဲဒီနေ့ကစပြီး မူဒရပ်ခ် ဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်..။”

ဒီ ဇာဘီ ဟာ မူဒရပ်ခ် ရဲ့ တိုးတက်မှုအတွက် သီးခြားစီမံချက်တစ်ခုအနေနဲ့ စိတ်ရှည်လက်ရှည် ပြုစုပျိုးထောင်ခဲ့ပါတယ်..။
“ကျွန်တော်ဟာ ရှက်တာအသင်းမှာ အမှတ်ပေးချန်ပီယံ၊ ဖလားချန်ပီယံတွေ ဆွတ်ခူးနိုင်ဖို့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဆင့်အတန်းမှီမှီ ကစားနိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်..။ ဒါ့အပြင် လူငယ်ကစားသမားတွေကိုလည်း ပြုစုပျိုးထောင်ရပါမယ်..။ မူဒရပ်ခ် ဟာ ဥရောပရဲ့အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ယောက်ပါ..။ တကယ်လို့ သူ့ကိုအမြင့်ဆုံးအဆင့်ထိ တိုးတက်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ဘူးဆိုရင် ကိုယ့်ကိုယ်ကို ရှုံးနိမ့်တယ်လို့ သဘောထားမှာပါ..။”

သူ့ရဲ့တဟုန်ထိုး တိုးတက်မှုတွေဟာ မနှစ်ကဘောလုံးရာသီမှာ စတင်ခဲ့ပြီး မူဒရပ်ခ် ဟာ ယူကရိန်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၃) ပွဲကစား၊ (၉) ဂိုးသွင်း၊ (၁၃) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီတိုက်စစ်ပိုင်း အချက်အလက်တွေဟာ ကောင်းမွန်တဲ့အထဲမှာ ပါဝင်ပေမယ့် သူ့ရဲ့ခြေစွမ်းကို ဥရောပထိပ်တန်း အသင်းကြီးတွေ သတိထားမိခဲ့တာက ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ဖြစ်ပါတယ်..။

သူဟာ ရှက်တာအသင်းရဲ့ မနှစ်ကဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့် ပွဲစဉ်တွေမှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပြီး ရီးရဲလ် မက်ဒရစ်အသင်းကို ၂ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘာနေဗျူးကွင်းက ပွဲစဉ်မှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာပြသနိုင်ခဲ့တဲ့ ခြေစွမ်းကြောင့် ဒုတိယပိုင်းမှာ သူ့ကိုလူစားလဲတဲ့အချိန် ရီးရဲလ်အသင်းပရိသတ်တွေက မတ်တပ်ရပ်၊ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်..။

မူဒရပ်ခ် ဟာ အဲဒီတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး အခုနှစ်ဘောလုံးရာသီ ရှက်တာ အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ သူဟာအုပ်စုအဆင့် ပွဲစဉ် (၆) ပွဲစလုံးမှာ ပါဝင်ခွင့်ရခဲ့ပြီး (၃) ဂိုးသွင်း၊ (၂) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်..။



မိုင်ဟေးလ်လို မူဒရပ်ခ် ရဲ့ ကစားဟန်…

သူဟာ ဘယ်တောင်ပံမှာ အများဆုံးနေရာယူလေ့ရှိပြီး ညာခြေကို အများဆုံးအားပြု ကစားပါတယ်..။ လျှင်မြန်မှု အထူးကောင်းမွန်တယ်..၊ ကွင်းထဲမှာ လွတ်လွတ်လပ်လပ်နဲ့ နေရာစုံရွှေ့လျား ကစားလေ့ရှိပြီး ပြိုင်ဘက်ကစားသမားတွေကို တစ်ယောက်ချင်း 1 vs 1 ကျော်ဖြတ်ရာမှာ အားသန်ပါတယ်..။ သူ့ရဲ့ထူးခြားတဲ့ အမြန်နှုန်းအတွက် မူဒရပ်ခ် ဟာ ကိုယ်ပိုင်နည်းပြ တစ်ယောက် သီးခြားဌားရမ်းပြီး တာတိုပြေးရာမှာ စက္ကန့်ကို (၄၀ km/h) နှုန်းအထိ မြန်နှုန်းမြင့် ပြေးနိုင်အောင် ရည်မှန်းချက်ထားရှိ လေ့ကျင့်ခဲ့ကြောင်း ဗြိတိသျှ- ယူကရိန်း ဂျာနယ်လစ် အင်ဒရူး တိုဒို့စ် က talkSPORT သတင်းဌာနနဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောပြခဲ့ပါတယ်..။

ဒါ့အပြင် အဲဒီအမြန်မှုန်းကို အတင်အလျော့ (tempo) ထိန်းချုပ်ကစားတဲ့ပုံစံဟာ သူ့ရဲ့ကစားပုံမှာ ထူးခြားတဲ့အချက် ဖြစ်ခဲ့တယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်..။ သူဟာမြန်နှုန်းမြင့် ပြေးနေရာကနေ ချက်ချင်းရပ်..၊ ပြီးရင်ချက်ချင်း အရှိန်ပြန်ပြီး အမြန်ဆုံးပြေးထွက်နိုင်စွမ်း ရှိပါတယ်..။ ဒါ့အပြင် ဟန်ချက်ထိန်းညှိနိုင်မှု (balance) နဲ့ ခွန်အားသုံးစွဲနိုင်မှု (power) တွေကို အသုံးချရာမှာ လိမ္မာပါးနပ်တာကြောင့် ဘောလုံးဆွဲထုတ်တဲ့ လမ်းကြောင်းကို ရုတ်ချည်းပြောင်းလဲပြီး ပြိုင်ဘက်ကစားသမားတွေကို လှည့်စားနိုင်မှု၊ ပြိုင်ဘက်တွေ လိုက်မမှီနိုင်အောင် ရုတ်တရက် အရှိန်တင် ပြေးလွှားမှုတွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်..။



မနှစ်ကဘောလုံးရာသီ ယူကရိန်းပရီးမီးယားလိဂ် ပြိုင်ပွဲက အချက်အလက်တွေအရ သူဟာတစ်ပွဲကိုဘောလုံး သယ်ယူနိုင်မှု (progressive carries per 90 min) (၃.၇) ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့သူ ဖြစ်ခဲ့ပြီး လိဂ်ပြိုင်ပွဲတစ်ခုလုံးမှာ ထိပ်ဆုံးပါပဲ..။ ဒ့ါအပြင် ပြိုင်ဘက်ကို တစ်ဦးချင်းကျော်ဖြတ်မှု တစ်ပွဲကို (၁၀) ကြိမ် (dribbles 90 min) လောက် ပြုလုပ်ခဲ့ရာမှာ အဲဒီကျော်ဖြတ် ဆွဲပြေးမှုတွေရဲ့ တစ်ဝက်နီးပါး (၅၀% ရာခိုင်နှုန်း) လောက် အောင်မြင်ခဲ့ပါတယ်..။

မူဒရပ်ခ် ဟာ ချိန်သားကိုက် ပြေးထွက်မှုတွေ ပြုလုပ်ရာမှာလည်း ပါးနပ်တဲ့အပြင် သူ့ရဲ့မြန်နှုန်းမြှင့် ပြေးလွှားနိုင်မှုက ခံစစ်ကနေ တိုက်စစ်ကို ရုတ်ခြည်းပြောင်းလဲမှု (transition) တွေမှာ အရမ်းကိုအထောက်အကူ ဖြစ်ခဲ့ပါတယ်..။ သူဟာ ဘယ်တောင်ပံမှာအများဆုံး နေရာယူပေမယ့် ရုတ်တရက် အတွင်းဘက် (inside channel) ကို ချိုးဝင်ပြီးတော့ပဲဖြစ်ဖြစ်၊ အလယ်ဗဟိုကနေပဲဖြစ်ဖြစ် ဂိုးပေါက်ကို ခြိမ်းခြောက်၊ ကိုယ်တိုင်ဂိုးသွင်းယူနိုင်စွမ်း ရှိတဲ့သူဖြစ်ပါတယ်..။ သွင်းဂိုးတွေကို ပူးတွဲပုံမှာ ပြထားတဲ့အတိုင်း ခြေခွင်အတွင်းဘက်နဲ့ အဝေးဂိုးတိုင်ဘက်ကို ဝှေ့ဝှိုက်ကန်သွင်း ရယူလေ့ရှိပါတယ်..။

ဒါမှမဟုတ် အတိုလေးတွေ ဆွဲထုတ်ပြီး အနီးကပ်ကန်သွင်းတာ၊ နောက်ခံလူတွေရဲ့ ခြေထောက်တွေကြားကနေ ကန်သွင်းတာမျိုးတွေ ပြုလုပ်တတ်ပေမယ့် အဝေးကန်ချက်တွေနဲ့ အပြင်းကန်သွင်းတာမျိုးကို ပြုလုပ်လေ့ မရှိပါဘူး.။ ဘောလုံးအကဲဖြတ်တွေကတော့ သူ့ရဲ့အဆုံးသတ် ဂိုးသွင်းယူနိုင်မှု စွမ်းရည်ဟာ အခုထက်ပိုပြီး တိကျ၊ ထက်မြက်ဖို့ လိုအပ်နေသေးတယ်လို့ သုံးသပ်ကြပါတယ်..။



မူဒရပ်ခ် ကို ချယ်လ်ဆီးအသင်းက ဘာကြောင့်စိတ်ဝင်စားခဲ့ရတာလဲ..?

တိုက်စစ်ပိုင်းထိုးဖောက်မှုတွေနဲ့ သွင်းဂိုးတွေ အရနည်းနေတဲ့ ချယ်လ်ဆီးအသင်းဟာ အက်တလက်တီကို မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကြယ်ပွင့် ဂျာအို ဖဲလစ် ကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့ပါတယ်..။ ဒါပေမယ့် စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းဟာ မူဒရပ်ခ် ကို အပြောင်းအရွှေ့ရာသီ ဖွင့်လှစ်စဉ်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်..။ အဲဒီလိုစိတ်ဝင်စားရတဲ့ အဓိကအကြောင်းရင်းက သူဟာဘယ်၊ ညာတောင်ပံ နှစ်ဘက်စလုံးမှာ ကစားနိုင်တာကြောင့် ဖြစ်ပါတယ်..။ အစောကဖော်ပြခဲ့သလို ဘယ်တောင်ပံကနေ အတွင်းကိုချိုးဝင်တတ်တဲ့ တောင်ပံကစားသမား (inverted winger) အဖြစ် အများဆုံးကစားလေ့ ရှိပေမယ့် ညာတောင်ပံမှာပါ ကစားပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။

“ကျွန်တော်ဟာ ဘေးစည်းတစ်လျှောက် ကပ်ပြီးကစားရတာကို ပိုပြီးနှစ်ခြိုက်ပါတယ်..။ အဲဒီနေရာမှာ 1 vs 1 တစ်ယောက်ချင်း ကျော်ဖြတ်မှုပြုလုပ်ပြီး ကျွန်တော့်ရဲ့ခြေစွမ်းကို ပိုပြီးပြသနိုင်ပါတယ်..။ တောင်ပံဘေးစည်းနားကမှာ ကပ်ပြီးနေရာယူခြင်းအားဖြင့် ရှေ့ကိုတိုက်စစ်ဆင်ဖို့ နေရာလွတ်တွေ ရသလို အခွင့်အရေးလည်း ပိုပြီးဖန်တီးပေးနိုင်ပါတယ်..။ အလယ်မှာကျ လူတွေပိုပြီးများပါတယ်..။ ဒါပေမယ့် ကျွန်တော့်ကို အတွင်းဝင်ပြီး ကစားခိုင်းရင်လည်း အဆင်ပြေပါတယ်..။

ခရစ်စ်တီယာနို ရော်နယ်လ်ဒို ဟာ ကြိုးစားအားထုတ်မှုကောင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်စိတ် ပြင်းပြတယ်ဆိုရင် အောင်မြင်မှုတွေ ရရှိနိုင်တယ်ဆိုတာ သက်သေပြခဲ့တာကြောင့် ကျွန်တော်ဟာ သူ့ကိုစံပြု အားကျခဲ့ပါတယ်..။ သူ့ရဲ့ကစားဟန်ကိုလည်း နှစ်သက်ပြီး ကိုယ့်ကိုယ်ကို တောင်ပံကစားသမား တစ်ယောက်အနေနဲ့ပဲ ရှုမြင်ထားပါတယ်..။”



မူဒရပ်ခ် က The Times သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ သူ့ရဲ့ကစားပုံနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် အလယ်ကိုဝင်ပြီး တိုက်စစ်မှူးအနေနဲ့ ကစားရမယ်ဆိုရင်လည်း မဖြစ်နိုင်စရာ မရှိကြောင်းကို အခုလိုထပ်လောင်း ဖြည့်စွက်ခဲ့ပါသေးတယ်..။ “ကျွန်တော်ဟာ အခုအချိန်မှာတော့ ဘယ်တောင်ပံ တိုက်စစ်မှူး..’N0.11’ ပေ့ါဗျာ..၊ ဒါမှမဟုတ် ညာတောင်ပံမှာဆိုရင် ‘No.7’ နေရာ ကစားသမားပါ..။ ဒါပေမယ့် အထောင်တိုက်စစ်မှူး ‘No.9’ နေရာကို ပြောင်းလဲ၊ ကစားရမယ်ဆိုလည်း မဖြစ်နိုင်စရာ မရှိပါဘူး..။ အချိန်တော့ ယူရမှာပေ့ါ..။”

ဒါပေမယ့် လက်ရှိအချိန်မှာ သူဟာ ပြိုင်ဘက်အသင်းကို တောင်ပံတစ်လျှောက်ကနေ ခြိမ်းခြောက်မှု အပေးနိုင်ဆုံး ကစားသမားတစ်ယောက် ဖြစ်နေပါတယ်..။ ဒ့ါကြောင့်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ..? စောင့်ကြည့်ရပါဦးမယ်..။ အခုအချိန်မှာတော့ လွန်ခဲ့တဲ့တစ်နှစ်က ယူကရိန်းပြင်ပမှာ ဘယ်သူမှ သတိမထားမိခဲ့ကြတဲ့ လူငယ်တောင်ပံ ကစားသမားလေးဟာ အခုဆိုရင် အပြာရောင်တို့ရဲ့ နောက်ထပ်ကြယ်ပွင့် ကစားသမားတစ်ယောက် အဖြစ် တောက်ပတဲ့အနာဂတ်နဲ့အတူ ရှေ့ဆက်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်..။

Reference
=======

- Mykhailo Mudryk: Chelsea signing's rapid rise to prominence with Shakhtar Donetsk, by Nick Wright, Sky Sports
- Mykhaylo Mudryk: Shakhtar’s Budding Superstar in Attack, by Vuyo Regálo II, Breaking the Line
- Mykhailo Mudryk: Champions League player watch, Ali Tweedale, The Coaches’ Voice
- New Chelsea man Mykhailo Mudryk wowed the Bernabeu, has ‘Cristiano Ronaldo-esque dedication’ and ‘has potential to be the next Eden Hazard’, by Jackson Cole, talkSPORT