ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် မိုနာကိုအသင်းမှ အသက် (၂၁) နှစ်အရွယ် ပြင်သစ်နောက်ခံလူ ‘ဘင်နွိုက် ဘာဒီယာရှီလေး’ အား ပြောင်းရွှေ့ကြေးစတာလင်ပေါင် (၃၅) သန်းဖြင့် ခေါ်ယူခဲ့ပါသည်..။ စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းနှင့် ၂၀၃၀ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆို ထားခဲ့သော လူငယ်နောက်ခံလူမှာ မြို့ခံပြိုင်ဘက် ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် စတင်ပါဝင် ကစားခွင့်ရခဲ့သည်..။
လူငယ်ပြင်သစ် နောက်ခံလူမှာ ဝါရင့်နောက်ခံလူကြီး သီယာဂို ဆေးလ်ဗား နှင့် အတွဲအဖက်မိခဲ့ပြီး လီဗာပူးလ်အသင်းနှင့် ပွဲစဉ်တွင်ပါ နှစ်ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့သလို နှစ်ပွဲစလုံးကို ပေးဂိုးမရှိ (clean sheet) ရအောင် စွမ်းဆောင်နိုင်ခဲ့သည်..။ ထို့အပြင် ပွဲချိန် (၃၂) မိနစ်တွင် ဟာကင် ဇီးယက်ခ်ျ ၏ ပြစ်ဒဏ်ဘောမှတဆင့် အနီးကပ်ခေါင်းတိုက်ပြီး ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးရရှိရန်ပါ နီးစပ်ခဲ့သေးသည်..။
ထို့ကြောင့်နယ်မြေသစ် ပရီးမီးယားလိဂ်ရပ်ဝန်းတွင် မြန်မြန်ဆန်ဆန် အထိုင်ကျပြီး ဝါရင့်နောက်ခံလူ ကာလီဒူ ကူလီဘာလေ ကို အရန်ခုံသို့ တွန်းပို့နိုင်ခဲ့သည့် ပြင်သစ်နောက်ခံလူအား talkSPORT သတင်းဌာနက တွေ့ဆုံခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ရသည့် ခံစားချက်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ် သူ၏အမြင်များကို မေးမြန်းခဲ့ပါသည်..။
မေး - ပထမဆုံးအနေနဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ စတင်ခြေချရတဲ့ အတွေ့အကြုံလေးတွေကို ဝေမျှပေးပါလား..?
“အရမ်း.. အရမ်းကို ပျော်ရွှင်ရပါတယ်..။ အထူးသဖြင့် ငယ်ငယ်ကတည်းက ကျွန်တော်အားပေးခဲ့ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို ဆင်မြန်းပြီး ပွဲထွက်ခွင့်ရခဲ့တဲ့အပေါ် အထူးဂုဏ်ယူမိပါတယ်..။ ပါဝင်ခွင့်ရခဲ့တဲ့ပွဲတွေမှာ ကျွန်တော်ဟာ အပြာရောင်အင်္ကျီနဲ့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်..။ ဒါပေမယ့် အရေးအကြီးဆုံးက ကျွန်တော်လည်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်..၊ အသင်းကလည်း အနိုင်ပွဲနဲ့ ပေးဂိုးမရှိ (clean sheet) ရရှိခဲ့ပါတယ်..။ ဒါကအဓိကပါပဲ..။
အခုလိအနိုင်ပွဲတွေ၊ clean sheet တွေဟာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ချီတက်ရတဲ့ ခရီးလမ်းကြောင်းမှာ အရေးပါတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ပါလိမ့်မယ်..။”
မေး - ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဘယ်လိုအရာတွေက ဆွဲဆောင်နိုင်ခဲ့တာလဲ..? နောက်ပြီးအခုလို ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရာမှာ နည်းပြဂရေဟမ် ပေါ်တာ ဟာ ဘယ်လိုနေရာ၊ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ..?
“ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာရတဲ့ အဓိကအကြောင်းရင်းက သူတို့တွေချပြခဲ့တဲ့ အနာဂတ်စီမံချက်ဟာ အရမ်းကိုစိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့တာကြောင့် ဖြစ်ပါတယ်..။ ကျွန်တော်ဟာ အဲဒီအနာဂတ်ကာလ ရောက်မယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ သူတို့တွေရဲ့ အနာဂတ်အစီအမံဟာ သိပ်ကိုကောင်းလွန်းပါတယ်..။
သူတို့ဟာ အရည်အသွေးမြင့် လူငယ်တွေအပေါ် အထူးယုံကြည်ကိုးစားမှု ရှိနေတဲ့အကြောင်း ထင်ထင်ရှားရှား ပြသနိုင်ခဲ့တာကြောင့် ဒီအသင်းဟာ ကျွန်တော်တို့လို လူငယ်ကစားသမားတွေအတွက် အသင့်တော်ဆုံး အသင်းတစ်သင်းပါပဲ..။ သူတို့နဲ့စပြီး ဆွေးနွေးတဲ့အချိန်ကတည်းက သူတို့တွေချမှတ်ထားတဲ့ အနာဂတ်စီမံကိန်း အကြောင်းဟာ ကျွန်တော့်ကို လုံးဝဖမ်းစား၊ ဆွဲဆောင်နိုင်ခဲ့ပါတယ်..။
ဒါပေမယ့် အသင်းနဲ့သဘောတူစာချုပ် လက်မှတ်ထိုးပြီးတဲ့အချိန်အထိ နည်းပြဂရေဟမ် ပေါ်တာ နဲ့ စကားမပြောခဲ့ရပါဘူး..။”
မေး - ဒါဆိုရင် အခုရာသီကုန်ချိန်ထိ ခင်ဗျားရဲ့ရည်မှန်းချက်က ဘာဖြစ်မလဲ..?
“အသင်းကို တစ်ရက်ထက်တစ်ရက် ပိုပြီးတိုးတက်အောင် ကူညီပေးနိုင်ဖို့က ပထမဦးဆုံး ရည်မှန်းချက် ဖြစ်ပါမယ်..။ ချယ်လ်ဆီးအသင်းလို ထိပ်တန်းအသင်းကြီးတစ်သင်းဟာ ဆုဖလားတိုင်းကို စိန်ခေါ်ချင်တဲ့ အသင်းဖြစ်ပါတယ်..။ အဲဒီလိုအောင်မြင်မှု လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိဖို့ဆိုရင် အမှတ်ပေးဇယားမှာ အခြေအနေကောင်းတွေ ရရှိအောင် စွမ်းဆောင်နိုင်ဖို့ ပထမဆုံး ဆောင်ရွက်ရပါမယ်..။
ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားဟာ အကောင်းဆုံးအခြေအနေမှာ မရှိပါဘူး..။ ဒ့ါကြောင့်အခုအချိန်ကနေစပြီး ရာသီကုန်ချိန်အထိ ကန်ရသမျှပွဲတိုင်းကို အနိုင်ရရှိအောင် အစွမ်းကုန်ကြိုးစား၊ တိုက်ပွဲဝင်သွားဖို့ပဲ ရှိပါတယ်..။”
မေး - ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင် ပြောင်းပြီးကတည်းက အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်တွေ အများကြီးခေါ်ယူနေတဲ့အပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလား..?
“ကျွန်တော့်ရဲ့ ဦးစားပေးရည်မှန်းချက်က အမြဲတမ်းအစွမ်းကုန် ကြိုးစားအားထုတ်နေဖို့ ဖြစ်ပါတယ်..။ ကျွန်တော်ဟာ ကစားသမားတစ်ယောက်အဖြစ် အမြဲတမ်းတိုးတက်နေအောင် ကြိုးစားရမယ်..၊ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ရင်း ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် ကြိုးစားရပါမယ်..။
အသင်းပိုင်ရှင်တွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ဒ် ဘိုလေး တို့ဟာ ချယ်လ်ဆီးအသင်းကို တိုးတက်အောင် ကြိုးစားဆောင်ရွက်နေကြတာပါ..။ ဒ့ါကြောင့်အစစအရာရာဟာ သူတို့အပေါ်မှာ မူတည်နေသလို သူတို့ရဲ့များပြားလှတဲ့ ငွေကြေးတွေကို ဘယ်လိုသုံးစွဲမလဲ..? ဆိုတာကလည်း သူတို့ရဲ့ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေမှာပါ..။ အဲဒီရွေးချယ်မှုတွေဟာ အသင်းကို အမှန်တကယ် တိုးတက်စေလိမ့်မယ်ဆိုရင် သိပ်ကိုကောင်းမွန်ပါလိမ့်မယ်..။”
မေး - ခင်ဗျားဆီမှာ စတာလင်ပေါင် (၃၅) သန်း.. ဆိုတဲ့ ပြောင်းရွှေ့ကြေးကို ထိုက်တန်ကြောင်း ပြသဖို့ ဖိအားတွေ ရှိနေခဲ့လား…?
“ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျွန်တော့်ဆီမှာ ဘာဖိအားမှ မရှိပါဘူး..။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဘောလုံးကစားရဖို့ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ မြက်ခင်းစိမ်းပေါ်မှာ ခြေချခွင့်ရနေသရွှေ့ အစစအရာရာ အဆင်ပြေပါတယ်..။ ကျွန်တော်ဟာ အသင်းမှာကစားခွင့်ရဖို့ တစ်ခုတည်းကိုပဲ အာရုံစိုက်ထားတာကြောင့် အခုလက်ရှိအနေအထားအပေါ် ကျေနပ်ပါတယ်..။
လေ့ကျင့်ကွင်းမှာလည်း အခြားဝါရင့် ကစားသမားတွေဆီက သင်ယူခွင့်ရနေသလို သူတို့တွေနဲ့ နေ့စဉ်နေ့တိုင်း အတူတူကစားခွင့်ရတယ်..၊ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ပြောဆို၊ ဆက်ဆံခွင့်တွေလည်း ရနေပါတယ်..။ ဒီအသင်းမှာ ကျွန်တော်အတုယူ၊ အားကျရမယ့် တကယ့်ထိပ်တန်း ကစားသမားကြီးတွေ ရှိနေပါတယ်..။ ကျွန်တော်ဟာ သူတို့ဆီကနေ သင်ယူရင်း ကစားသမားတစ်ယောက်အဖြစ် ဆက်လက်တိုးတက်နေအောင် အမြဲတမ်းအာရုံစိုက် ကြိုးစားနေပါတယ်..။”
မေး - သီယာဂို ဆေးလ်ဗား နဲ့အတူ တွဲဖက်ကစားရတာ ဘယ်လိုနေလဲဗျ..။ သူ့ဆီကနေ ဘယ်လိုအရာတွေ သင်ယူခွင့်ရဖို့ မျှော်လင့်ထားပါလဲ..?
“ပထမဆုံးအနေနဲ့ သူ့လိုကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားကြီးတစ်ယောက်နဲ့ တွဲဖက်ကစားခွင့် ရခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ..။ နောက်ပြီးကျွန်တော်တို့လို လူငယ်ကစားသမားလေးတွေအတွက် သူတို့လိုကစားသမားတွေဟာ အရာရာကို အင်မတန်လွယ်ကူစေခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ တကယ့်ကို ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ပါတယ်..။ အတွေ့အကြုံတွေလည်း အများကြီးရှိပါတယ်..။
ဒါ့ကြောင့်သူဆီက ရရှိလာတဲ့ အကြံပေးချက်တိုင်းကို လက်ခံရမှာပါ..။ ချယ်လ်ဆီးအသင်းကို ရောက်ရှိကတည်းက လေ့ကျင့်ကွင်းမှာရော၊ ပွဲကစားနေချိန်တွေမှာပါ သူ့ဆီက အကြံပေး၊ လမ်းညွှန်ချက်တွေ အမြဲမပြတ် ရရှိနေခဲ့ပါတယ်..။ တကယ်တော့ သူနဲ့အတူ တွဲဖက်ကစားခွင့်ရနေတာကိုက သိပ်ကိုဂုဏ်ယူဖို့ ကောင်းနေပါပြီ..။”
မေး - ခင်ဗျားဟာ ချယ်လ်ဆီးအသင်းမှာ အောင်မြင်မှုတွေ၊ မှတ်တိုင်ကောင်းတွေ ရယူသွားနိုင်ခဲ့တဲ့ မာဆယ်လ် ဒက်ဆေးလီ၊ ဝီလီယံ ဂါးလက်စ်၊ ဖရန့် လီဘော့ဖ် တို့ရဲ့ အပြာရောင်သမိုင်ကြောင်း အစဉ်အလာကောင်းတွေကို ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ထားရဲ့လား.?
“သေချာတာပေ့ါဗျာ..။ သူတို့တွေဟာ သမိုင်းကြောင်းကောင်းခဲ့ကြတဲ့ တကယ့်ဂန္တဝင်ကစားသမားကြီးတွေ ဖြစ်ခဲ့ကြသလို ကျွန်တော်အတုယူ၊ အားကျခဲ့ရတဲ့ ကစားသမားတွေလည်း ဖြစ်ကြပါတယ်..။ ဒါပေမယ့် ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဖြတ်သန်းလာခဲ့ရတဲ့ အခြေအနေတွေ၊ သမိုင်းကြောင်းတွေ မတူညီကြပါဘူး..။ ဒ့ါကြောင့်တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မတူညီတဲ့ ခြားနားချက်တွေ ရှိကြပါတယ်..။”
မေး - ဒါဆိုရင် ချယ်လ်ဆီးအသင်းကို မရောက်ခင်က ခင်ဗျားရဲ့ကစားသမားဘဝအကြောင်း နည်းနည်းလောက် ပြောပြပေးလို့ရမလား..?
“အသက် (၆) နှစ်အရွယ်မှာ Limoges လူငယ်အသင်းနဲ့ စပြီးကစားခဲ့ပါတယ်..။ အသက် (၈) နှစ်အရွယ် ရောက်တဲအချိန် Malesherbes အသင်းကိုရောက်ပြီး အဲဒီကနေတဆင့် မိုနာကိုအသင်းဆီကို အသက် (၁၂) နှစ်အရွယ်မှာ ရောက်ရှိခဲ့ပါတယ်..။ မိုနာကို လူငယ်အသင်းအဆင့်အဆင့်ကို ဖြတ်သန်းခဲ့ပြီး အသက် (၁၆) နှစ်အရွယ်မှာ ပထမဆုံး ကစားသမားစာချုပ် စတင်ချုပ်ဆိုဖြစ်ပါတယ်..။ အသင်းကြီးကို စတင်ရောက်ရှိတာကတော့ အသက် (၁၇) နှစ်အရွယ်မှာ ဖြစ်ပါတယ်..။”
မေး - ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရချိန်မှာ အသင်းပရိသတ်တွေရဲ့ အားပေးမှုအပေါ် ဘယ်လိုခံစားမိလဲဗျ..?
“အပြာရောင်ပရိသတ်တွေရဲ့ ယုံကြည်မှုကို ရရှိလာအောင် ကျွန်တော့်ရဲ့ခြေစွမ်းကို အမြဲတမ်း အကောင်းဆုံးအနေအထားမှာ ရှိနေအောင် အစွမ်းကုန်ကြိုးစားသွားပါမယ်..။ ကျွန်တော်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အမြဲတမ်းရှိနေတဲ့သူ မဟုတ်ပေမယ့် ကျွန်တော်နဲ့ပတ်သက်ပြီး အကောင်းမြင်တဲ့၊ အားပေးတဲ့ ကွန်မန့်တစ်ချို့ကို ဖတ်မိပါတယ်..။ ပရိသတ်တွေရဲ့ တုံ့ပြန်မှုဟာ ကျွန်တော့်အတွက် ယုံကြည်မှုပိုပြီး ရရှိစေသလို ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေ ရရှိလာအောင် ထောက်ပံ့ပေးမယ့် တွန်းအားတွေ ဖြစ်လာစေပါတယ်…။”
(TalkSPORT မှ ဆောင်းပါးရှင် Jake Lamborne ၏ ‘‘I’m very, very happy’ – Benoit Badiashile opens up after £35million Chelsea transfer as he heaps praise on Todd Boehly’s vision, Blues fans, Thiago Silva and high-profile signings' တွေ့ဆုံမေးမြန်းခန်း ဆောင်းပါးကို ပြန်ဆိုပါသည်..။)