အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလေး နှင့် အသင်းပိုင်ရှင်အစုအဖွဲ့ဟာ ၂၀၂၂/ ၂၃ ဘောလုံးရာသီ နွေရာသီအပြောင်းအရွှေ့ ကာလမှာ ကစားသမား ခေါ်ယူမှုတွေအတွက် အပြောင်းအရွှေ့ အသုံးစားရိတ် စတာလင်ပေါင်သန်း (၂၅၀) ကျော် သုံးစွဲခဲ့သလို အခုဇန်နဝါရီလမှာလည်း ယူကရိန်းတောင်ပံ ကစားသမား မိုင်ဟေးလ်လို မူဒရပ်ခ် ကို စတာလင်ပေါင် (၈၈) သန်းနဲ့ ခေါ်ယူမှုအပါအဝင် စတာလင်ပေါင်သန်း (၁၀၀) ကျာ် သုံးစွဲထားပြီး ဖြစ်ပါတယ်..။
ဒီနေ့မနက်မှာပဲ ပြင်သစ်ညာနောက်ခံလူ မာလို ဂတ်စ်တို ကို ထပ်မံခေါ်ယူခဲ့သလို ကွင်းလယ်ကစားသမား တစ်ယောက် ထပ်မံခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်..။ အဲဒီလိုအပြောင်းအရွှေ့ဈေးကွက်မှာ ထင်တိုင်းကြဲနေတဲ့ အနေအထားဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း (Financial Fair Play) သတ်မှတ်ချက်တွေကို ချိုးဖောက်နေပြီလား..? ဆိုတဲ့ မေးခွန်းဟာ ဘောလုံးပရိသတ်တွေကြားမှာ တစ်နေ့တစ်ခြားတိုးလို့ လာနေပါတယ်..။
အဲဒီသံသယစိတ်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းဟာ ကြီးမားတဲ့အပြောင်းအရွှေ့ အသုံးစားရိတ်တွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမား ပြန်လည်ရောင်းချရာက ရရှိလာတဲ့ အမြတ်အစွန်းတွေကြောင့် ဘောလုံးအဖွဲ့ချုပ်တွေက သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း ကန့်သတ်ချက်တွေအတိုင်း အဆင်ပြေသွားအောင် ဘယ်လိုအထောက်အပံ့ ပေးနိုင်ခဲ့တယ်ဆိုတာကို အားကစားအသင်းတွေရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို တစိုက်မတ်မတ် လေ့လာနေတဲ့ The Swiss Ramble က အခုလိုရှင်းပြခဲ့ပါတယ်..။
သူတို့ရဲ့မူရင်းတင်ပြချက်၊ ရှင်းပြချက်တွေမှာ ငွေကြေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အသေးစိတ် တွက်ချက်မှုတွေ အများကြီး ပါဝင်နေခဲ့ပါတယ်..။ ဒါ့ကြောင့်စာရှုသူတွေ ရှုပ်ထွေးမသွားရလေအောင် အသေးစိတ် တွက်ချက်မှုတွေကို ချန်လှပ်ပြီး အရေးပါတဲ့အချက်တွေကိုပဲ ကြိုးစား၊တင်ဆက် ပေးလိုက်ပါတယ်..။ ဒါ့အပြင်ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ၊ ဘာသာပြန်ရာမှာ အမှားအယွင်းရှိခဲ့ရင် စာရေးသူရဲ့ တာဝန်ပဲ ဖြစ်ပါကြောင်း ကြိုတင်၊ အစီရင်ခံလိုက်ပါတယ်..။
(၁) ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ကစားသမားသစ် ခေါ်ယူမှုများ (Players Purchased in Last 2 years)
ချယ်လ်ဆီးအသင်းကို အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလေး နဲ့ Clearlake Capital အဖွဲ့ ဝယ်ယူခဲ့ပြီး လက်ရှိအချိန်ထိ အပြောင်းအရွှေ့တွေအတွက် အသားတင်သုံးစွဲမှု (gross transfer spend) စတာလင်ပေါင် (၃၇၂) သန်းအထိ သုံးစွဲထားပါတယ်..။ အဲဒီပမာဏဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ အများဆုံးပြုလုပ်ခဲ့တဲ့ ၂၀၁၇/၁၈ ဘောလုံးရာသီ (စတာလင်ပေါင်သန်း ၂၉၀) ကို ကျော်ဖြတ်ခဲ့ပါပြီ..(ပုံ- ၁)။
၂၀၂၂/၂၃ ဘောလုံးရာသီ၊ နွေရာသီ အပြောင်းအရွှေ့ကာလမှာ စတာလင်ပေါင် (၂၅၃) သန်း သုံးစွဲခဲ့ပါတယ်..။ အခုဇန်နဝါရီလမှာတော့ မိုင်ဟေးလ်လို မူဒရပ်ခ်၊ ဘင်နွိုက် ဘာဒီယာရှီလေး၊ အင်ဒရေး ဆန်းတို့စ် နဲ့ ဂျာအို ဖဲလစ် အတွက် ခြောက်လအဌား (loan fees) စတာလင်ပေါင် (၁၀) သန်း အပါအဝင် လက်ရှိအချိန်ထိ စတာလင်ပေါင် (၁၁၉) သန်း သုံးစွဲထားပါတယ်..။ (ဆောင်းပါးတွင် နိုနီ မာဒူးကေး နှင့် နောက်ဆုံးခေါ်ယူခဲ့သည့် မာလို ဂတ်စ်တို တို့၏ အပြောင်းအရွှေ့ တွက်ချက်မှုများ မပါဝင်သေးပါ..)
နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အဌားခေါ်ယူခဲ့တဲ့ ဒင်းနစ် ဇာကားရီးယား ရဲ့ loan fees စတာလင်ပေါင် (၃) သန်းနဲ့ အပိုဆုကြေးအရပ်ရပ် (add-ons) အတွက် စတာလင်ပေါင် (၅၁) သန်းကိုပါ ထည့်ပြီးတွက်ချက်မယ်ဆိုရင် လက်ရှိအချိန်ထိ အသုံးစားရိတ်စုစုပေါင်း စတာလင်ပေါင် (၄၃၃.၅) သန်း ရှိပါတယ်..။ (ပုံ- ၂ ပါ အနီရောင် box)
ချယ်လ်ဆီးအသင်းဟာ ၂၀၂၁/၂၂ နဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီ အပြောင်းအရွှေ့ကာလ နှစ်ရာသီပေါင်း စတာလင်ပေါင် (၅၃၇.၅) သန်း သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်.. (ပုံ -၂ ပါ အစိမ်းရောင် box)။ ဒါပေမယ့် အပြောင်းအရွှေ့ (transfers) တွေကြောင့် အသင်းရဲ့ဘဏ္ဍာရေး အရှုံးအမြတ် (profit and loss) အပေါ်သက်ရောက်မှုကို တွက်ချက်တဲ့နေရာမှာ အရေးအကြီးဆုံးက ကစားသမားသစ်တွေအတွက် ပေးချေရတဲ့ တစ်နှစ်စာလခ (annual wages) နဲ့ ကစားသမားရဲ့ စာချုပ်သက်တမ်းအလိုက် တစ်နှစ်ကိုပေးချေရတဲ့ ပြောင်းရွှေ့ကြေးအချိုး (annual amortisation fees) ဖြစ်ပါတယ်..။ (Amortisation ဆိုတာ ကစားသမားတစ်ယောက်ကို ပေးချေရတဲ့ ပြောင်းရွှေ့ကြေး (transfer fees) ကို သူ့ရဲ့စာချုပ်သက်တမ်းနဲ့စားပြီး တစ်နှစ်ကိုအချိုးကျ ပေးချေရတဲ့ ပမာဏပဲ ဖြစ်ပါတယ်..။ ဥပမာ- မူဒရပ်ခ် ဆိုရင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၈) သန်းကို စာချုပ်သက်တမ်း (၈) နှစ်ခွဲနဲ့စားလိုက်ရင် တစ်နှစ်ကို စတာလင်ပေါင် (၇.၃) သန်း ကျခံရမှာ ဖြစ်ပါတယ်.. (ပုံ- ၂ ပါ အပြာရောင် box)။)
ဒါ့ကြောင့် ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်စာ အပြောင်းအရွှေ့ အသုံးစားရိတ်ဟာ စတာလင်ပေါင် (၂၁၅.၆) သန်း ထပ်မံ တိုးတက်သွားမှာ ဖြစ်ပါတယ်.. (ပုံ- ၂ ပါ ပန်းရောင် box)။
(၂) ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ကစားသမားသစ် ရောင်းချမှုများ (Players sales in Last 2 years)
ချယ်လ်ဆီးအသင်းဟာ ၂၀၂၁/၂၂ ဘောလုံးရာသီနဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီတွေမှာ စတာလင်ပေါင် (၂၀၉) သန်းဖိုး ကစားသမား ရောင်းချမှုတွေ ပြုလုပ်ခဲ့ပြီး အမြတ်ငွေ စတာလင်ပေါင် (၁၉၁.၈) သန်း ပြန်လည်ရရှိခဲ့ပါတယ်..။ အဲဒီအထဲမှာ အီဒင် ဟာဇက် အတွက် အပိုဆုကြေး (add ons) စတာလင်ပေါင် (၁၅) သန်းကိုပါ ထည့်သွင်း တွက်ချက်တားပါတယ်..(ပုံ- ၃)။
ကစားသမားတွေကို ရောင်းချတဲ့နေရာမှာ သိထားသင့်တဲ့အချက် (၄) ချက်ရှိပါတယ်..။ အဲဒါတွေကတော့..
(၂.၁) အကယ်ဒမီ ကစားသမားတွေကို ရောင်းချရာမှာ ‘ပြောင်းရွှေ့ကြေးကို သူ့ရဲ့စာချုပ်သက်တမ်း အလိုက် ခွဲခြားစရာ မလို (amortised လုပ်စရာ မလို) ပဲ’ အသင်းရဲ့အကောင့်ထဲမှာ တလုံးတခဲတည်း ဝင်ပါတယ်..။ (ပုံ- ၃ ပါ အကယ်ဒမီထွက် ကစားသမားများရဲ့ ရောင်းချမှု တွက်ချက်ပုံကို ကြည့်ရန်..)
(၂.၂) ကစားသမား တစ်ယောက်ဟာ အသင်းမှာ အသင်းပြောင်းလာစဉ်က စာချုပ်သက်တမ်းပြည့်ပြီးသွားပြီဆိုရင် အသင်းဟောင်းကို အပြည့်အဝပေးချေပြီး ဖြစ်တဲ့အတွက် ရောင်းချတဲ့အချိန်မှာ အကြွေးကျန် မရှိတော့ပဲ (Net Book value at sale – NBV sale) ကို ထည့်သွင်းတွက်ချက်ရန် မလိုတော့ပါဘူး..။ (ပုံ- ၃ ပါ အီမာဆန် ရဲ့ ရောင်းချမှု တွက်ချက်ပုံကို ကြည့်ရန်..)
(၂.၃) တီမို ဝါနာ ကို ဝယ်ယူစဉ်က စာချုပ်သက်တမ်း (၅) နှစ်ချုပ်ဆိုခဲ့ပြီး သူဟာအသင်းမှာ (၂) နှစ်ပဲ နေရပါသေးတယ်..။ ဒ့ါကြောင့်အသင်းရဲ့အကောင့်ထဲမှာ (၄၇.၅ သန်း /၅ နှစ်= တစ်နှစ်ကို စတာလင်ပေါင် ၉.၅ သန်း) နဲ့ အသင်းမှာ နေခဲ့တဲ့ နှစ်နှစ်အတွက် (၁၉) သန်းပေးချေပြီးပြီလို့ တွက်ချက်ပါတယ်..။ဒ့ါကြောင့် အသင်းရဲ့အကောင့်ထဲမှာ အကြွေးကျန် NBV sale တွက်ရာမှာ (၄၇.၅ သန်း- ၁၉ သန်း= ၂၈.၅သန်း) ရှိနေပြီး RB လိုက်ပ်ဇစ်အသင်းကို စတာလင်ပေါင် (၂၅) သန်းနဲ့ ပြောင်းရွှေ့တာ ဖြစ်တဲ့အတွက် (၂၈.၅ သန်း - ၁၅ သန်း= ၃.၅ သန်း) အနှုတ်ပြပါတယ်..။ (ပုံ - ၃ မှာ တီမို ဗာနာ ရဲ့ ရောင်းချမှု တွက်ချက်ပုံကို ကြည့်ရှုရန်…)
(၂.၄) အန်တိုနီယို ရူဒီဂါ၊ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် နဲ့ မားကို့စ် အလွန်ဆို တိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရပါတယ်..။ ဒါပေမယ့် တွက်ချက်မှုတွေအရ ကစားသမားတွေကို ပေးချရတဲ့ တစ်နှစ်လခ (annaula wages) စတာလင်ပေါင် (၁၀၇.၁) သန်းလောက် သက်သာခဲ့ပါတယ်..။ ဒါ့အပြင် ကစားသမားတွေရဲ့ နှစ်စဉ်ပေးချေရမယ့် (annual amotization fees) စတာလင်ပေါင် (၂၃.၄) သန်း အပါအဝင် စုစုပေါင်း စတာလင်ပေါင် (၁၃၀.၅) သန်း သက်သာခဲ့ပါတယ်.. (ပုံ- ၃ ပါ အစိမ်းရောင် box)။
(၃) အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် ကစားသမား အပြောင်းအရွှေ့တွေရဲ့ သက်ရောက်မှု (Player Trading Accounting)
ကစားသမား ဝယ်ယူတဲ့နေရာမှာ တော့ဒ် ဘိုလေး တို့ရဲ့ စာချုပ်သက်တမ်း ကမ်းလှမ်းတဲ့ပုံစံဟာ အေဘရာမိုဗစ်ခ်ျ လက်ထက်ကနဲ့ ကွဲပြား၊ ခြားနားသွားခဲ့ပါတယ်..။ ဥပမာ- မူဒရပ်ခ် ဆိုရင် စာချုပ်သက်တမ်း (၈) နှစ်ခွဲ၊ ဗဟိုနောက်ခံလူ ဘင်နွိုက် ဘာဒီယာရှီလေး (၇) နှစ်ခွဲနဲ့ ဝက်စ်လေ ဖိုဖားနား (၇) နှစ် အသီးသီး ချုပ်ဆိုခဲ့ပါတယ်..။
အဲဒီလို ကာလရှည်စာချုပ်တွေကြောင့် ဘဏ္ဍာရေးနှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့အချိန် အသင်းရဲ့ အရှုံးအမြတ် (profit and loss) တွက်ချက်ရာမှာ အကျိုးဖြစ်ထွန်းပြီး FFP စည်းမျဉ်းသတ်မှတ်ချက်တွေ လိုက်နာနိုင်ဖို့ အထောက်အကူ ဖြစ်ပါတယ်..။
အသစ်ခေါ်ယူလိုက်တဲ့ ကစားသမားတွေဟာ အသင်းမှာအဆင်ပြေပြေနဲ့ အလုပ်ဖြစ်ခဲ့ရင် တကယ့်ကို ပြောင်မြောက်တဲ့ တွက်ချက်မှု၊ စွမ်းဆောင်ရည် ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အသင်းမှာအဆင်မပြေတဲ့ ကစားသမား တစ်ယောက်ကို နှစ်ရှည်လများ မြင့်မားတဲ့လစာ တောက်လျှောက် ပေးချေနေရမယ့် ဒုက္ခကလည်း မသေးလှပါဘူး..။ အဲဒီလိုကစားသမားတွေကို ရောင်းထုတ်ရတာ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ တီမူယီ ဘာကာယိုကို၊ ဒယ်နီ ဒရင့်ခ်ဝါးတား တို့ကို နမူနာကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်..။
အထက်မှာပြထားတဲ့ပူးတွဲပုံ (ပုံ- ၄) မှာဆိုရင် အခုနှစ်အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူမှုတွေ များပြားခဲ့ပေမယ့် နှစ်ရာသီပေါင်း တွက်ချက်မှုတွေအရ အမြတ်ငွေ (net profit) စတာလင်ပေါင် (၁၀၆.၇) သန်း ရရှိခဲ့တာ တွေ့ရမှာပါ.. (ပုံ- ၄ ပါ အနီရောင် box)။ ဒါဟာအံ့သြစရာပါပဲ..။
ချယ်လ်ဆီးအသင်းဟာ မိုင်ဟေးလ်လို မူဒရပ်ခ် ဝယ်ယူပြီးအချိန်ထိ နှစ်နှစ်တာကာလ တွက်ချက်မှုတွေအရ ကစားသမားခေါ်ယူမှုတွေ (player purchases) အတွက် စတာလင်ပေါင် (၂၁၅.၆) သန်း (လစာ- ၁၃၂.၁ သန်း + နှစ်စဉ်ပေးချေတဲ့ ပြောင်းရွှေ့ကြေး ၈၃.၆ သန်း) သုံးစွဲထားခဲ့ပေမယ့် ကစားသမားတွေ ပြန်လည်ရောင်းချရာကနေ (player sales) စတာလင်ပေါင် (၁၃၀.၅) သန်း (လစာ- ၁၀၇.၁ သန်း + နှစ်စဉ်ပေးချေတဲ့ ပြောင်းရွှေ့ကြေး ၂၃.၄ သန်း) ပြန်လည်သက်သာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်.. (ပုံ- ၄ ပါ အစိမ်းရောင် box)။
အဲဒါအပြင် ကစားသမားတွေ ရောင်းချရာကနေ ရရှိမယ့် အမြတ်ငွေ (profits on player sales) စတာလင်ပေါင်သန်း (၁၈၀) နဲ့ အဌားချကြေး (loan fees) စတာလင်ပေါင် (၁၁.၈) သန်း (ပုံ- ၄ ပါ အပြာရောင် box) ပြန်လည်ရရှိခဲ့တာနဲ့ ပေါင်းလိုက်မယ်ဆိုရင် အသင်းဟာ ကစားသမား အပြောင်းအရွှေ့ကနေ အမြတ်ငွေ (၁၀၆.၇) သန်း ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်..။
(၄) ချယ်လ်ဆီးအသင်းရဲ့ အထွေထွေ အသုံးစာရိတ် အရှုံးအမြတ် (Operating Profit/ Loss)
ချယ်လ်ဆီးအသင်းရဲ့ စီးပွားရေးပုံစံ (business model) ကို ကြည့်မယ်ဆိုရင် အသင်းကို မောင်းနှင်နေရတဲ့ လုပ်ငန်းအရပ်ရပ်တွေကြောင့် ကုန်ကျစားရိတ် (Operation cost) ဟာ ပြီးခဲ့တဲ့ နောက်ဆုံး (၃) နှစ်မှာ စတာလင်ပေါင် (၄၀၆) သန်း အရှုံးပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အနှုတ်ပြခဲ့တဲ့ စတာလင်ပေါင် (၁၅၉) သန်း (operating loss) ဟာ ပရီးမီးယားလိဂ်မှာအများဆုံး ဖြစ်ခဲ့ပါတယ်..။ အဲဒီလိုအကြီးအကျယ် အရှုံးပြနေပေမယ့် ကစားသမားတွေ ရောင်းချတဲ့နေရာက ပြန်လည်ရရှိတဲ့ အမြတ်ငွေကြောင့်သာ အသင်းဟာ အရှုံးသက်သာနေတာ ဖြစ်ပါတယ်..။
အသင်းဟာ ငါးနှစ်အတွင်း ကစားသမားတွေ ရောင်းချရာကနေ စတာလင်ပေါင် (၄၁၃) သန်း ပြန်လည်ရရှိခဲ့ပါတယ်..။ အထူးသဖြင့် လူငယ်အကယ်ဒမီ ကစားသမားတွေကို ရောင်းချရာမှာ Amortised လုပ်စရာ မလိုတဲ့အတွက် အသင်းရဲ့ ဘဏ္ဍာရေးမျှခြေမှာ အများကြီးအကျိုးရှိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားသမားတွေ ရောင်းချရာကနေ (player sales) အမြတ်အစွန်း အများဆုံးရခဲ့တဲ့ အသင်းဖြစ်ပြီး ဒုတိယအများဆုံး အမြတ်ရခဲ့တဲ့ လီဗာပူးလ်ဟာ စတာလင်ပေါင် (၂၇၄) သန်းပဲ အမြတ်ရခဲ့ပါတယ်.. (ပုံ- ၅)။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကစားသမားတွေအများကြီး ခေါ်ယူထားတာ ဖြစ်တဲ့အတွက် ကစားသမားတွေ တစ်ပြုံကြီးရှင်းထုတ်ရဖို့ ရှိပါသေးတယ်..။ ဒ့ါကြောင့်နောက်လာမယ့်အနာဂတ် ကာလမှာတော့ အသင်းဟာ ကစားသမားတွေ ရောင်းချရာကနေ အမြတ်အစွန်းတွေ ရှာဖွေနိုင်ဖို့ အတော်လေး ခက်ခဲပါလိမ့်မယ်..။
(၅) ၂၀၂၂/၂၃ ရာသီအတွက် ချယ်လ်ဆီးအသင်းရဲ့ ရ/သုံး မှန်းခြေ ခန့်မှန်းချက်..
လွန်ခဲ့တဲ့ဆယ်နှစ်ကာလ ၂၀၁၂ ခုနှစ်မှာ ချယ်လ်ဆီးအသင်းဟာ ဝင်ငွေစုစုပေါင်း (revenue) စတာလင်ပေါင် (၂၅၈) သန်း ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ပြီးရင် ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ဝင်ငွေအများဆုံး ရရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်..။ ဒါပေမယ့် ၂၀၂၂ ခုနှစ်ရောက်လာချိန်မှာ စတာလင်ပေါင် (၄၈၁) သန်း ဝင်ငွေရရှိခဲ့ပေမယ့် မန်ချက်စတာ စီးတီး၊ လီဗာပူးလ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် အသင်းတွေဟာ ဝင်ငွေရရှိမှုအပိုင်းမှာ ချယ်လ်ဆီးထက် သာလွန်သွားခဲ့ပါပြီ..။
အဲဒီလိုဝင်ငွေရရှိမှုပိုင်း အားနည်းခဲ့သလို ကိုဗစ်ရောဂါကြောင့် အခက်အခဲတွေ့ခဲ့ရတဲ့ ကာလတွေကြောင့် ၂၀၁၈/၁၉ ဘောလုံးရာသီကနေ ၂၀၂၀/၂၁ ဘောလုံးရာသီအထိ သုံးနှစ်ကာလ တွက်ချက်မှုအရ အသင်းဟာ အခွန်မဆောင်ရသေးခင် စတာလင်ပေါင် (၂၂၂) သန်း အရှုံးပြခဲ့ပြီး (profit/ loss before tax) ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် အရှုံးအများဆုံးအသင်း ဖြစ်ခဲ့ပါတယ်.. (ပုံ_ ၆)။
အဲဒီသုံးနှစ်ပေါင်း အရှုံးပြခဲ့တဲ့ စတာလင်ပေါင် (၂၂၂) သန်းဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) တို့ရဲ့ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းသတ်မှတ်ချက် စောင့်ကြည့်ကာလသုံးနှစ် (3- year FFP monitoring period) ထဲမှာ ပါဝင်နေတာကြောင့် အရေးကြီးပါတယ်..။
The Swiss Ramble အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ချယ်လ်ဆီးအသင်းဟာ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ အခွန်မဆောင်ခင် အမြတ်ငွေ (pre-tax profit) စတာလင်ပေါင် (၁၉.၄) သန်း ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်..။ အသေးစိတ် တွက်ချက်မှုတွေကို မဖော်ပြတော့ပေမယ့် အသင်းဟာ အထွေထွေအသုံးစားရိတ် (operation loss) စတာလင်ပေါင် (၁၃၉.၃) သန်းလောက် အရှုံးပြခဲ့ပါတယ်..။ ဒါပေမယ့် ကစားသမားတွေ ရောင်းချရာကနေ အမြတ်ငွေ စတာလင်ပေါင် (၁၅၉.၇ သန်း = profits on player sales - ၁၅၆ သန်း + loan fees - ၃.၇ သန်း) ပြန်လည်ရရှိခဲ့ပါတယ်… (ပူးတွဲပုံ - ၇ အနီရောင် box များ)။
၂၀၂၂/၂၃ ဘောလုံးရာသီမှာတော့ အခုဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မိုင်ဟေးလ်လို မူဒရပ်ခ် ကို ဝယ်ယူပြီးချိန်ထိ ခန့်မှန်းတွက်ချက်မှုတွေအရ ချယ်လ်ဆီးအသင်းဟာ အခွန်မဆောင်ခင် အရှုံးငွေ (pre-tax loss) စတာလင်ပေါင် (၁၆၆.၅) သန်း ဆုံးရှုံးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်..(ပုံ- ၇ အစိမ်းရောင် box)။
အခုနှစ်ဘောလုံးရာသီမှာ အရှုံးများရတဲ့ အဓိကအကြောင်းရင်းက ကစားသမားအရောင်းတွေက အမြတ်ငွေ (၃၂.၁) သန်းသာ (ပုံ- ၇ အစိမ်းရောင် box) ရရှိခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဒ့ါကြောင့်အထွေထွေ အသုံးစားရိတ် (operation loss) စတာလင်ပေါင် (၁၉၇.၆) သန်းလောက် အရှုံးပြခဲ့တာကို ပြန်လည်ကာကွယ်ဖို့ မဖြစ်နိုင်တော့ပါဘူး.. (ပုံ- ၇ အစိမ်းရောင် box)။
ဒါပေမယ့် ၂၀၂၁/၂၂ ဘောလုံးရာသီနဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီတွေရဲ့ ရ/သုံး မှန်းခြေ ခန့်မှန်းချက် (estimated profit/loss) တွေဟာ အသင်းကနေ တရားဝင်ထုတ်ပြန်တဲ့ ငွေစာရင်းအတိုင်း မဟုတ်ပဲ ဖြစ်နိုင်ဖွယ် ဝင်ငွေ/ ထွက်ငွေတွေကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်..။
(၆) ဘဏ္ဍာရေးမျှခြေ သတ်မှတ်ချက်တွေ (FFP) နဲ့ ချိန်ထိုးကြည့်ပါမယ်…
ပရိသတ်တွေအတွက် စိတ်ဝင်စားဆုံးဖြစ်မယ့် ‘ချယ်လ်ဆီးအသင်းရဲ့ လက်ရှိအပြောင်းအရွှေ့ရာသီ အသုံးစားရိတ်တွေဟာ ဘဏ္ဍာရေးမျှခြေ သတ်မှတ်ချက်တွေအတိုင်း (financial fair play) ကိုက်ညီမှု ရှိနိုင်မလား..?’ ဆိုတဲ့ မေးခွန်းအတွက် (၁) ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် သတ်မှတ်ချက်စည်းမျဉ်း (Premier League’s Profitability and Sustainability regulations) (၂) ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ စည်းမျဉ်း (UEFA’s Financial Sustainability rules) နှစ်မျိုးခွဲခြား စဉ်းစားရမှာဖြစ်ပါတယ်..။ ဒါ့အပြင် မကြာခင်မှာ ပြဌာန်းတော့မယ့် (၃) အသင်းရဲ့ ကစားသမားအသုံးစားရိတ်နဲ့ အသင်းရဲ့အထွေထွေ ကုန်ကျစားရိတ်မျှခြေ (Squad Cost Control ratio) ကိုလည်း သတိထားဖို့လိုပါတယ်..။
(၆. ၁) ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်း (Premier League Profitability & Sustainability) တွေအတိုင်း လိုက်နာရန် လိုအပ်ပါတယ်…။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ အသင်းတစ်သင်းကို တစ်နှစ်ကိုအများဆုံး စတာလင်ပေါင် (၅) သန်းအထိပဲ အရှုံးပြခွင့် ပေးပါတယ်..။ တကယ်လို့ အသင်းပိုင်ရှင်တွေဘက်က ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်မယ်ဆိုရင် (Equity Injection) တစ်နှစ်ကို စတာလင်ပေါင်သန်း (၃၀) အထိပဲ ခွင့်ပြုပေးထားပါတယ်..။ ဒါ့ကြောင့်အသင်းတစ်သင်းဟာ တစ်နှစ်ကို စတာလင်ပေါင် (၃၅) သန်းအထိ အရှုံးပေါ်ခွင့်ရှိပါတယ်..။
ဒါပေမယ့် အသင်းတစ်သင်းရဲ့ Profitability & Sustainability ကို ကြည့်တဲ့အခါမှာ (၃) နှစ်ကို တစ်ဖြတ်နှုန်းနဲ့ စောင့်ကြည့်ကာလ (3 years monitoring period) သတ်မှတ် တွက်ချက်သွားမှာပါ..။ ဒ့ါကြောင့်တစ်နှစ်ကို စတာလင်ပေါင် (၃၅) သန်းနဲ့ (၃) နှစ်အတွက် စတာလင်ပေါင် (၁၀၅) သန်း အရှုံးပေါ်ခွင့်ရှိပါတယ်…။ The Swiss Ramble အဖွဲ့က ချယ်လ်ဆီးအသင်းဟာ ၂၀၂၂/၂၃ ဘောလုံးရာသီမှာ စတာလင်ပေါင် (၁၆၆) သန်း အရှုံးပေါ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်..။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းရဲ့ (၃) နှစ်တာ စုစုပေါင်း အရှုံးပြငွေ (3 years total loss) ဟာ စတာလင်ပေါင် (၂၀၇) သန်း ရှိသွားမှာ ဖြစ်ပါတယ်..(ပူးတွဲပုံ- ၈ အနီရောင် box)။
ဂယ်ပေါက်တစ်ခုအနေနဲ့ဆိုရင် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း၊ အမျိုးသမီးဘောလုံး ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ အခြားလူမှုဂရုဏာလုပ်ငန်းတွေအတွက် ကုန်ကျငွေတွေကို စောင့်ကြည့်ကာလ (3 years monitoring period) တွက်ချက်မှုတွေမှာ ပါဝင်စရာ မလိုပါဘူး..။ The Swiss Ramble အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ချယ်လ်ဆီးအသင်းဟာ အဲဒီလုပ်ငန်းတွေမှာ ကုန်ကျခဲ့တဲ့ စတာလင်ပေါင် (၈၈) သန်းလောက် သက်သာသွားဖို့ ရှိနေပါတယ်..။ ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် လျော့ပေးခဲ့တဲ့ ကုန်ကျစရိတ် စတာလင်ပေါင် (၃၅) သန်းကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ သုံးနှစ်စောင့်ကြည့်ကာလ တွက်ချက်မှု (Profit & Sustainability Net Result) ဟာ စတာလင်ပေါင် (၈၄) သန်း အနှုတ်ပြခဲ့ပါတယ်..(ပုံ- ၈ အစိမ်းရောင် box များ)။
ပရီးမီးယားလိဂ်က ခွင့်ပြုထားတဲ့ သုံးနှစ်ကာလ အရှုံးခံနိုင်ခွင့် ပမာဏဟာ စတာလင်ပေါင် (၁၀၅) သန်း ဖြစ်ပါတယ်..။ ဒါ့ကြောင့် ချယ်လ်ဆီအသင်းဟာ အခုဘောလုံးရာသီကုန်မယ့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ နောက်ထပ် စတာလင်ပေါင် (၂၁) သန်းလောက် ထပ်ပြီးအရှုံးပေါ်လို့ ရနေသေးတယ်လို့ အဓိပ္ပါယ်ရနေပါတယ်..။ အဲဒီတွက်ချက်မှုဟာ ခန့်မှန်းတွက်ကျမှုသာဖြစ်ပြီး ချယ်လ်ဆီးအသင်းလို အသင်းကြီးတွေမှာ လူတွေမသိတဲ့ မြုပ်ကွက်တွေ အများကြီးရှိနေတာကြောင့် စိုးရိမ်စရာ မရှိတဲ့အနေအထားလို့ ပြောရမှာပါ..(ပုံ- ၈)။
(၆.၂) ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ FFP စည်းမျဉ်းသတ်မှတ်ချက်တွေဟာ ပရီးမီးယားလိဂ်ထက် ပိုပြီးတင်းကျပ်တာကြောင့် ပိုပြီးသတိထားဖို့ လိုအပ်ပါတယ်..။ UEFA က ၃ နှစ်တစ်ဖြတ် စောင့်ကြည့်ကာလ (3 years monitoring period) သတ်မှတ်ရာမှာ စတာလင်ပေါင်သန်း (၃၀) အထိပဲ အရှုံးပြခွင့် ပြုထားပါတယ်..။
ဒါ့အပြင်ပရီးမီးယားလိဂ် အဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့အကြား ကုန်ကျစားရိတ်တွေ ခွင့်ပြုတဲ့နေရာမှာ ကွာခြားချက်ရှိပါတယ်..။ ဒ့ါကြောင့် UEFA ရဲ့ (3 years monitoring period) တွက်ချက်ပုံအရ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ စတာလင်ပေါင် (၂၄) သန်း အရှုံးပြပါတယ်.. ။ ဒါပေမယ့် UEFA က စတာလင်ပေါင်သန်း (၃၀) အထိ အရှုံးပြခွင့် ရှိနေတာကြောင့် (ပူးတွဲပုံ- ၉ အပြာရောင် box) ချယ်လ်ဆီးအသင်းအတွက် ပြဿနာမရှိပါဘူး..။ (ပူးတွဲပုံ- ၉ တွင် တွက်ချက်ပုံ ကြည့်ရှုနိုင်ပါတယ်..။) တကယ်လို့ သူတို့ရဲ့သတ်မှတ်ထားတဲ့ ပမာဏကို ကျော်သွားခဲ့ရင်တောင် ဒဏ်ကြေးဆောင်ရတဲ့ ပြစ်ဒဏ်ပဲ ရှိပါတယ်..။
နောက်ပြီး UEFA ဟာ လာမယ့် ၂၀၂၃/၂၄ ဘောလုံးရာသီကနေ စတင်ပြီး သုံးနှစ်တာကာလအတွက် အများဆုံး သတ်မှတ်ထားတဲ့ အရှုံးပြနိုင်ခွင့်ပမာဏကို စတာလင်ပေါင်သန်း (၃၀) ကနေ သန်း (၆၀) အထိ တိုးမြှင့်၊ ခွင့်ပြုသွားဖို့ ရှိပါတယ်..။ အပိုဆုအနေနဲ့ ဘဏ္ဍာရေးမျှခြေ အခြေအနေကောင်းတဲ့ အသင်းတွေဆိုရင် စတာလင်ပေါင်သန်း (၉၀) အထိ အရှုံးပြနိုင်ဖို့ကိုလည်း ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်..။
UEFA ရဲ့ စောင့်ကြည့်ကာလ တွက်ချက်ပုံအရဆိုရင် ချယ်လ်ဆီးအသင်းဟာ ၂၀၂၂/၂၃ ဘောလုံးရာသီကုန်ချိန်မှာ စတာလင်ပေါင် (၉၆) သန်း အနှုတ်ပြနေပြီး အများဆုံးခွင့်ပြုထားတဲ့ စတာလင်ပေါင်သန်း (၉၀) ကို ကျော်သွားဖို့ ရှိပါတယ်..( (ပူးတွဲပုံ- ၁၀ အနီရောင် box))။
အခုတွက်ချက်မှုတွေမှာ နောက်ဆုံးဝယ်ယူထားတဲ့ နိုနီ မာဒူကေး၊ မာလို ဂတ်စ်တို တို့ မပါဝင်သေးသလို ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ မကုန်ခင်မှာ နောက်ထပ် ကစားသမားသစ်တွေ ထပ်ပြီးရောက်လာဖို့ ရှိနေပါသေးတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းဟာ UEFA ရဲ့ FFP စည်းမျဉ်းအတိုင်း ကိုက်ညီဖို့ဆိုရင် ကစားသမားတစ်ချို့ ရောင်းချဖို့ လိုအပ်နေပါတယ်..။
(၆.၃) UEFA ဟာ အခုလာမယ့် ၂၀၂၃/၂၄ ဘောလုံးရာသီကနေစတင်ပြီး အသင်းကုန်ကျစားရိတ်/ ဝင်ငွေမျှခြေအချိုး (Squad Cost Control ratio) ဆိုတဲ့ စည်းမျဉ်းသစ်ကိုပါ ကျင့်သုံးဖို့ ပြင်ဆင်ထားပါတယ်…။ ကစားသမားတွေရဲ့လစာ (wages)၊ အပြောင်းအရွှေ့ အသုံးစားရိတ် (transfers fees)၊ အေးဂျင့်ခ (agent fees) တွေကို အသင်းဝင်ငွေစုစုပေါင်းရဲ့ (revenues) (၇၀% ရာခိုင်နှုန်း) အထိပဲ ခွင့်ပြုဖို့ ကန့်သတ်သွားမှာပါ..။
၂၀၂၃/၂၄ ဘောလုံးရာသီကနေ နောက်လာမယ့် ဘောလုံးရာသီ (၃) ခုကို စတင် အကောင်အထည် ဖော်တဲ့ကာလအဖြစ် (implementation period) သတ်မှတ်သွားမှာဖြစ်ပြီး ၂၀၂၃/၂၄ ဘောလုံးရာသီမှာ ဝင်ငွေစုစုပေါင်းရဲ့ (၉၀%)၊ ၂၀၂၄/၂၅ ဘောလုံးရာသီမှာ (၈၀%) နဲ့ ၂၀၂၅/၂၆ ဘောလုံးရာသီကျရင် (၇၀%) အထိ တဖြည်းဖြည်း လျော့ချသွားဖို့ ရှိနေပါတယ်..။
UEFA ရဲ့ (Squad Cost Control ratio) စည်းမျဉ်းသစ်အတိုင်း တွက်ချက်ကြည့်တဲ့အခါ ၂၀၂၂/၂၃ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အသင်းကုန်ကျစားရိတ်/ ဝင်ငွေအချိုးဟာ (၉၂% ရာခိုင်နှုန်း) ရှိနေပါတယ်..(ပူးတွဲပုံ- ၁၁)။ ဒါ့အပြင်နောက်လာမယ့် ဘောလုံးနှစ်ရာသီ ကုန်ဆုံးချိန်မှာ (၇၀% ရာခိုင်နှုန်း) အထိ လျော့ချဖို့ လိုအပ်နေတာကို သတိထားဖို့ လိုအပ်ပါတယ်..။
(၇) နိဂုံးချုပ် သုံးသပ်ချက်
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်တွေကို သတိထားဖို့ လိုအပ်နေတာ အမှန်ပါပဲ..။ ဒါပေမယ့် လက်ရှိအချိန်မှာ ကစားသမားတွေ အများကြီးခေါ်ယူနေခြင်းဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ချိုးဖောက်နေပြီလို့ ပြောလို့မရနိုင်သေးပါဘူး..။
ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေ ရောင်းချရာကနေ ဘဏ္ဍာရေးမျှခြေ၊ အမြတ်အစွန်း ရရှိအောင် စီစဉ်ဆောင်ရွက်တဲ့ပုံစံနဲ့ (profitable player trading model) အသင်းကိုမောင်းနှင်ခဲ့ပါတယ်..။ အခုအသင်းပိုင်ရှင်သစ်တွေဟာ အဲဒီ business model ကို အပြောင်းအလဲပြုလုပ်ဖို့ အစီအစဉ်ရှိနေလား..? ဒါဆိုရင်အသင်းရဲ့အနာဂတ်ကို ဘယ်လိုစီးပွားရေးပုံစံ (business model) နဲ့ မောင်းနှင်မှာလဲ..? ဆိုတာက စိတ်ဝင်စားစရာပါ..။
လက်ရှိအနေအထားအရ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာနေနိုင်ဆဲ ဖြစ်ပါတယ်..။ ဒါပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ Financial Sustainability rules တွေနဲ့ ကိုက်ညီနိုင်ဖို့ကိုတော့ အခက်အခဲနည်းနည်း ရှိနိုင်ပါတယ်..။ ကံကောင်းတာက လာမယ့် ၂၀၂၃/၂၄ ဘောလုံးရာသီမှာ UEFA ရဲ့ စည်းမျဉ်းကန့်သတ်ချက် ဖြေလျော့မှုတစ်ချို့ကြောင့် အသင်းဟာ စည်းမျဉ်းအတိုင်း လိုက်နာနိုင်ဖို့ ပိုပြီးလူးသာလွန့်သာ ဖြစ်လာပါလိမ့်မယ်..။
အခုလက်ရှိ ၂၀၂၂/၂၃ ဘောလုံးရာသီထဲမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဦးမယ်ဆိုရင် FFP စည်းမျဉ်းလိုက်နာနိုင်မှု အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်..။ ဒါပေမယ့် လစာမြင့် ကစားသမားတစ်ချို့ကို အချိန်မှီရောင်းချ နိုင်ခဲ့မယ်ဆိုရင်တော့ အခြေအနေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်..။
နောက်ဆုံးတစ်ချက်အနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ခွင့်၊ အထူးသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ဟာ အသင်းရဲ့ဘဏ္ဍာရေး အရှုံးအမြတ် မျှခြေအပေါ်မှာ သက်ရောက်မှု ကြီးမားနိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(The Swiss Ramble မှ ဆောင်းပါးရှင် Dancing Shoes ၏ ‘‘Will Chelsea's Transfer Spend Break Financial Fair Play Rules?' ဆောင်းပါးကို ပြန်ဆိုပါသည်..။)