လိုင်ယွန်အသင်း လူငယ်အကယ်ဒမီမှာ လူငယ်သွေးသစ် ကြယ်ပွင့်ကစားသမားများကို မျိုးဆက်မပြတ်တမ်း မွေးထုတ်ပေးနေရာတွင် ပြင်သစ်ဘောလုံးလောက သာမက ဥရောပဘောလုံးလောကအတွက်ပါ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေခဲ့သည်..။ ထို့ကြောင့်အားကစားနှင့် ပတ်သက်သည့် အချက်အလက်များကို ပုံမှန်ထုတ်ပြန်နေသည့် Centre for Sports Studies (CIES) အဖွဲ့ကြီး၏ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လူငယ်အကယ်ဒမီများစာရင်းတွင် လိုင်ယွန်အသင်း လူငယ်အကယ်ဒမီမှာ တတိယ အကောင်းဆုံးနေရာကို ရရှိခဲ့ပါသည်..။
ဖလောရင့်စ် မာလူဒါ၊ မိုက်ကယ် အက်ဆီယန် တို့မှအစပြုပြီး ကာရင် ဘင်ဇီးမား၊ အလက်ဇန်းဒါး လာကာဇက်၊ နာဘီ ဖာကီးယား တို့အပါအဝင် ဥရောပဘောလုံးလောကနှင့် ချယ်လ်ဆီးအသင်းတို့တွင် သမိုင်းကြောင်း အစဉ်အလာကောင်းခဲ့သည့် ကစားသမားများစွာကို မွေးထုတ်ပေးခဲ့သည့် ပြင်သစ်ချန်ပီယံ (၇) ကြိမ်ဆုရ လိုင်ယွန်အသင်းမှ ယခုတစ်ကြိမ် ထပ်မံစင်တင်ပေးလိုက်သည့် လူငယ်မျိုးဆက်သစ် ကစားသမားလေးကတော့ ‘မာလို ဂတ်စ်တို’ ပဲ ဖြစ်သည်..။ ထို့အပြင် ယခုအချိန်တွင် အသက် (၁၉) နှစ်ရှိနေပြီဖြစ်သည့် ညာတောင်ပံ နောက်ခံလူမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အသင်းအတွက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ထားခဲ့သည်..။
မာလို ဂတ်စ်တို မှာ ၂၀၂၁/၂၂ ဘောလုံးရာသီကြို ခြေစမ်းပွဲများတွင် အထူးခြေစွမ်းပြခဲ့သောကြောင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် လိုင်ယွန်အသင်းကြီးနှင့် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲတွင် ပွဲထွက်ခွင့်ရခဲ့သည်..။ ဂတ်စ်တို မှာ ထိုအချိန်က အသက် (၁၈) နှစ်၊ (၈၀) ရက် သာရှိသေးပြီး ဆယ်မြူရယ် အမ်တီတီ နောက်ပိုင်း လိုင်ယွန်အသင်းအတွက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရခဲ့သည့် ကစားသမား ဖြစ်ခဲ့သည်..။ မာလို ဂတ်စ်တို မှာ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် လိုင်ယွန်အသင်းအတွက် (၂၉) ပွဲ ကစားခွင့်ရခဲ့သလို ယူရိုပါလိဂ် ဖလားပြိုင်ပွဲတွင်လည်း ပွဲစဉ်တိုင်း ပါဝင်ခွင့်ရခဲ့သည်..။
ပြင်သစ်နိုင်ငံတောင်ပိုင်း၊ လိုင်ယွန်မြို့၏ တောင်ဘက် (၁၃) ကီလိုမီတာအကွာရှိ Decines မြို့လေးတွင် မွေးဖွားခဲ့သည့် မာလို ဂတ်စ်တို မှာ တိုက်စစ်အားသန် ကွင်းလယ်ကစားသမားအဖြစ် ဇာတိမြေမှ Villefontaine အသင်းတွင် ကစားသမားဘဝကို စတင်ခဲ့သည်..။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် လိုင်ယွန်အသင်း လူငယ်အကယ်ဒမီသို့ ရောက်ရှိလာခဲ့ပြီး လူငယ်အသင်း (အသက် ၁၇ နှစ်အောက်) သို့ ရောက်ရှိချိန်တွင် ဒဏ်ရာရ ညာနောက်ခံလူ အစား ဝင်ရောက်ကစားပေးရင်း နည်းပြက ညာနောက်ခံလူအဖြစ် သူ့ကိုပဲ စွဲစွဲမြဲမြဲ သုံးစွဲခဲ့သည်..။
ဂတ်စ်တို မှာ ဘောလုံးပညာ တစ်ဦးချင်းစွမ်းရည် ထူးချွန်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်သူဖြစ်သည်..။ ထို့အပြင် အရပ်အမောင်း (၅)ပေ၊ (၁၁) လက်မရှိပြီး ညာနောက်ခံလူတစ်ယောက်အနေဖြင့် အလုံးအထည် ကောင်းသူဟု ပြောနိုင်ပါသည်..။ အသက် (၁၉) နှစ်သာ ရှိနေသေးသော်လည်း ပြင်သစ်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် (၅) ပွဲ ပါဝင်ကစားခွင့် ရရှိပြီးဖြစ်သည်..။
ဂတ်စ်တို ၏ ကစားဟန်
အသက် (၁၉) နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူမှာ ညာတောင်ပံတစ်လျှောက် အတက်အဆင်း ပြုလုပ်ရင်း အသင်း၏ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်သည့် ‘ခေတ်သစ် တောင်ပံနောက်ခံလူ (modern full back)’ တစ်ယောက်ဖြစ်သည်..။ ထို့အပြင် ခံစစ်ပိုင်း ကူညီမှုတွေ ထူးချွန်သူဖြစ်ပြီး ပြင်သစ်လီဂူး (၁) ပြိုင်ပွဲတွင် သူ့အား တစ်ဦးချင်းကျော်ဖြတ်မှု (1 vs 1 duel) ပြုလုပ်နိုင်သူ နည်းပါးလှသည်ဟု သိရသည်..။
မနှစ်ကဘောလုံးရာသီတွင် လိုင်ယွန်အသင်းကို ကိုင်တွယ်ခဲ့သော နည်းပြပီတာ ဘော့ဇ် မှာ ၄- ၂- ၃- ၁ (သို့မဟုတ်) ၄- ၃- ၃ ပုံစံကစားကွက် ခင်းကျင်းလေ့ရှိပြီး ဂတ်စ်တို မှာ လီဗာပူးလ်အသင်း တောင်ပံကစားသမားဟောင်း ဇာဒန် ရှီကွီရီ နှင့်အတူ တွဲဖက်၍ လိုင်ယွန်အသင်း၏ ညတောင်ပံတိုက်စစ်ကို အသက်ဝင်စေခဲ့သည်..။ ယခင်နှစ်မတ်လတွင် ဘရာဇီးလ် တောင်ပံတိုက်စစ်မှူး ‘တက်တီ’ ရောက်လာချိန်တွင်လည်း ညာတောငပံတစ်လျှောက် အတွဲအဖက်ညီခဲ့သည်..။ နည်းပြပီတာ ဘော့ဇ် မှာ တခါတရံ ၃- ၄- ၃ ကစားကွက်ကို ခင်းကျင်းလေ့ရှိရာ ဂတ်စ်တို မှာ wing back နေရာတွင်လည်း အကောင်းဆုံး ကစားနိုင်ခဲ့သည်..။
ပြင်သစ်လူငယ် နောက်ခံလူမှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် အသင်း၏ ပထမဦးစားပေး ညာနောက်ခံလူ ဖြစ်လာခဲ့ပြီး ပီတာ ဘော့ဇ် နေရာ အစားထိုးခန့်အပ်ခံရသော နည်းပြသစ် လောရင့် ဘလန့် လက်ထက် အပါအဝင် ပထမရာသီဝက် (၁၉) ပွဲတွင် (၁၅) ပွဲ ပါဝင်ကစားခွင့်ရခဲ့သည်..။ ဂတ်စ်တို ၏ ယခုနှစ်ဘောလုံးရာသီ စွမ်းဆောင်ရည်အချက်အလက်များကို အခြားဥရောပ လိဂ်ပြိုင်ပွဲများမှာ ညာနောက်ခံလူများ၏ စွမ်းဆောင်ရည်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် တစ်ပွဲလျှင်ပျမ်းမျှ ဂိုးဖန်တီပေးနိုင်ခြေ (expected assists per 90) (ဝ.၂၅) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ထိပ်ဆုံး (၆) ဦးစာရင်းတွင် ပါဝင်ခဲ့သည်..။ ဝါရင့်နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွဲတား ၏ expected assists per 90 မှာ (ဝ.၀၈) သာ ရှိခဲ့သည်..။
ထို့အပြင် တစ်ပွဲကိုပျမ်းမျှ တိုက်စစ်ဇုန်ထဲသို့ ဖြတ်တင်ဘော ပေးပို့နိုင်မှု (crosses into the final third per 90) တွင်လည်း (၁.၄၃) ကြိမ် ရှိခဲ့ပြီး ထိပ်ဆုံး (၁၀) ဦးစာရင်းတွင် ပါဝင်ခဲ့သည်..။ ဆီဇာ အက်ဇ်ပီလီကွဲတား ၏ expected assists per 90 မှာ (ဝ.၃၃) သာ ရှိသောကြောင့် မာလို ဂတ်စ်တို မှာ ချယ်လ်ဆီးအသင်း၏ ညာတောင်ပံ တိုက်စစ်ပိုင်းကို ပံ့ပိုးရန် ထိရောက်သည့်အားဖြည့်မှု ဖြစ်လာနိုင်ပါသည်..။
ချယ်လ်ဆီးအသင်း၏ ပထမဦးစားပေး ညာနောက်ခံလူ ရိစ် ဂျိမ်းစ် မှာ တိုက်စစ်မှူးများအတွက် ထိရောက်သည့် ပေးပို့မှုများကို ညာတောင်ပံတစ်လျှောက်မှ ပေးပို့၊ ဖန်တီးပေးလျှက်ရှိရာ မာလို ဂတ်စ်တို မှာ အင်္ဂလန် ညာနောက်ခံလူ၏နေရာကို တိုက်စစ်ပိုင်းပံ့ပိုးမှု အရည်အသွေး မလျော့ကျပဲ အစားထိုးပေးနိုင်မည့် အလားအလာ ရှိနေပါသည်..။
အသက် (၁၉) နှစ်အရွယ် ပြင်သစ်လူငယ် နောက်ခံလူမှာ တိုက်စစ်ပိုင်း ပံ့ပိုးမှု၊ ထိရောက်သည့် ဖန်တီးပေးပို့မှုများ ပြုလုပ်ပေးရာတွင် ထူးချွန်ရုံသာမက ခံစစ်ပိုင်းကူညီပေမှု အပိုင်းတွင်လည်း ပြိုင်ဘက်တိုက်စစ်မှူးများ၏ တစ်ဦးချင်း ကျော်ဖြတ်ရန် ကြိုးပမ်းမှုများကို တားဆီးရာတွင် (1 vs 1 defending) စိတ်ချရသူဖြစ်ပါသည်..။ အထူးသဖြင့် ပြိုင်ဘက်အသင်း၏ တိုက်စစ်ဇုန်ထဲတွင် ဘောလုံးဖျက်ထုတ်နိုင်မှု (is tackles in the final third) မှာ တစ်ပွဲလျှင်ပျမ်းမျှ (ဝ.၃၆) ကြိမ် ဘောလုံးလမ်းကြောင်း ဖြတ်တောက်မှု (interception) တစ်ပွဲကို ပျမ်းမျှ (၁.၄၇) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဥရောပလိဂ်ပြိုင်ပွဲဝင် အသင်းများ၏ ညာနောက်ခံလူများအနက် ထိပ်ဆုံး (၁၀) ယောက်ထဲတွင် ပါဝင်ခဲ့သည်..။
ထို့အပြင် ဂတ်စ်တို မှာ လျှင်မြန်မှုနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်သည့်အတွက် ခံစစ်မှတိုက်စစ် (သို့မဟုတ်) တိုက်စစ်မှ ခံစစ်သို့ ပြောင်းလဲသည့် (transitions) များတွင် ပြိုင်ဘက်ကစားသမားဆီမှ ဘောလုံးအရ ပြန်ယူရာတွင် ထူးချွန်သူလည်း ဖြစ်ပါသည်..။
ထို့ကြောင့် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ official website က ဂတ်စ်တို အား အနာဂတ်တွင် စောင့်ကြည့်ရမယ့် လူငယ်သွေးသစ် ကစားသမားအဖြစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ဖော်ပြခဲ့သည်..။ ထို့အပြင် ပီအက်စ်ဂျီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် နာမည်ကျော် ဘရာဇီးလ် တိုက်စစ်မှူး နေမာ အား မလှုပ်နိုင်အောင် ထိန်းချုပ်နိုင်ခဲ့သည့်အတွက် နည်းပြဟောင်း ပီတာ ဘော့ဇ် က “မာလို ဟာ ဒီပွဲမှာ သိပ်ကိုခြေစွမ်းကောင်းခဲ့ပါတယ်..။ ‘ကောင်လေးဟာ တစ်နာရီကို မိုင်တစ်ရာနှုန်းနဲ့ ပြေးလွှားရင်း ပွဲပြီးသွားမလား..’ လို့ ပထမပိုင်းပြီးခါနီးမှာ ကိုယ့်ကိုယ်ကို ရေရွှတ်မိသေးတယ်ဗျ..။ သူဟာနေရာအနှံ့မှာ ရောက်နေတာပဲ..” ဟူ၍ ထုတ်ဖော်၊ ချီးမွမ်းသွားခဲ့သည်..။
နိဂုံးချုပ် သုံးသပ်ချက်
မာလို ဂတ်စ်တို မှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၂၆) သန်းဖြင့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သော်လည်း ရာသီကုန်ချိန်ထိ လိုင်ယွန်အသင်းတွင် ဆက်လက်ရှိနေပါဦးမည်..။ ထို့ကြောင့်ဥရောပ ဘောလုံးလောက၏ အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ယောက်အပါအဝင် ဖြစ်လာဖို့ အလားအလာကောင်းများ ရှိနေသည့် ဂတ်စ်တို အတွက် လိုအပ်နေသေးသည့် ပွဲထွက်အတွေ့အကြုံများ ဆက်လက် ဆည်းပူးခွင့်ရဦးမည်ဖြစ်သည်..။
ထိုမှတဆင့် လာမည့်ဘောလုံးရာသီတွင် စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းနှင့် ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပါက မာလို မှာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ပြောင်မြောက်ခဲ့သည့် ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါမည်..။ ထို့အပြင် တစ်နိုင်ငံတည်းသား လူငယ်အသင်းဖော်များဖြစ်သည့် ဝက်စ်လေ ဖိုဖားနား၊ ဘင်နွိုက် ဘာဒီယာရှီလေး၊ အသင်းသို့ ရောက်လာမည်ဟု မျှော်လင့်ရသော ခရစ်စ်တိုဖာ အန်ကန်းကူး တို့နှင့်အတူ တွဲဖက်၍ ပြင်သစ်လက်ရွေးစင်အသင်း၊ ပြင်သစ်ဘောလုံးလောက၏ အနာဂတ်ဒေါက်တိုင်များအဖြစ် သာမက ပြင်သစ်ကစားသမားများနှင့် အကျိုးပေးခဲ့သော အပြာရောင်ခြင်္သေ့တို့၏ အစဉ်အလာကောင်း၊ ရေခံမြေခံကောင်းများကို ဆက်လက်သယ်ဆောင်သွားနိုင်မည်ဟု ယုံကြည်မိပါသည်..။
Reference
=======
- Player Profile: Who is Malo Gusto and what can he bring to Chelsea?, by Finn Wiliiams, Absolute Chelsea
- Mykhaylo Mudryk: Shakhtar’s Budding Superstar in Attack, by Vuyo Regálo II, Breaking the Line
- Malo Gusto: The young right-back at Lyon, by Lee Scott, Total Football Analysis
- Malo Gusto: Lyon's 'powerful' teenage right-back earning rave reviews, by Elyes Khouaja, Goal.com