feature-image

အပြာရောင်တို့နဲ့ ပွဲပေါင်း (၅၀၀) ပြည့်မြောက်ခဲ့တဲ့ ဆီဇာ အက်ဇ်ပီလီကွဲတား’ နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်း၏ လက်ရှိအသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား အသင်းကိုမရောက်ရှိခင် ၂၀၁၁ ခုနှစ်တွင် ဂန္တဝင်ကစားသမားကြီးများဖြစ်ကြသည့် ဂျွန် တယ်ရီ နှင့် ဖရန့် လမ်းပတ် တို့မှာ အသင်းအတွက် ပွဲပေါင်း (၅၀၀) ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ကြသည်..။ အဆိုပါပွဲ (၅၀၀) ပြည့်မှတ်တိုင် အထိမ်းအမှတ်အဖြစ် ချယ်လ်ဆီးအသင်း Official website က ‘Club of 500’ မေးခွန်းဖြင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့ပါသည်..။

ယခင်အပါတ် လီဗာပူးလ်အသင်းနှင့်ပွဲစဉ်တွင် အသင်းအတွက် ပွဲပေါင်း (၅၀၀) ပြည့်မြောက်ခဲ့သည့် စပိန်အသင်းခေါင်းဆောင်အား အဆိုပါ ‘Club of 500’ မေးခွန်းအတိုင်း ချယ်လ်ဆီးအသင်း Official website  က ထပ်မံတွေ့ဆုံ မေးမြန်းခဲ့ပါသည်..။

မေး - ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က ခင်ဗျားအတွက် အမှတ်တရအဖြစ်ရဆုံး အခိုက်အတန့်ကို ပြောပြပါလား..?

၂၀၁၂ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းလောက်မှာ ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်လာပါတယ်..။ အရင်ဆုံး လေ့ကျင့်ရေးကွင်းကို ရောက်ပြီး ဆေးစစ်တယ်..၊ နည်းပြရော်ဘတ်တို ဒီမက်တီယို နဲ့ တွေ့ပါတယ်..။ ကျန်တဲ့ကစားသမားတွေကတော့ မနက်ပိုင်းလေ့ကျင့်ရေး အစီအစဉ်တွေမှာ ကွင်းထဲကိုရောက်နေတာ ဖြစ်တဲ့အတွက် သူတို့တွေနဲ့ မတွေ့ခဲ့ရပါဘူး..။ နည်းပြရော်ဘတ်တို ဒီမက်တီယို နဲ့ပဲ စကားနည်းနည်းပြောခဲ့ရပါတယ်..။



ချယ်လ်ဆီးအသင်း အဆောက်အဦးထဲကို ရောက်လာတဲ့အချိန် လေ့ကျင့်ကွင်းထဲက ပစ္စည်းကိရိယာတွေဟာ သိပ်ကိုပြည့်စုံ၊ ကောင်းမွန်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်အရမ်းကို ကျေနပ်ခဲ့ရပါတယ်..။ နောက်ရက်မနက်ပိုင်းမှာ လေ့ကျင့်ကွင်းကို နောက်ထပ်တစ်ကြိမ် ထပ်ပြီးရောက်လာတယ်..၊ အသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းတွေ ပြုလုပ်ရပါတယ်..။ ကျွန်တော်ဟာ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်..။

ဂျူအန် မာတာ ကတော့ စပိန်လက်ရွေးစင်အသင်းမှာ အရင်ကတည်းက ရင်းနှီးပြီးသားပါ..။ ပထမဆုံးနေ့မှာ အရမ်းကိုစိတ်လှုပ်ရှားနေတဲ့ ကျွန်တော့်ကို သူကအထူးအကူအညီ ပေးခဲ့ရပါတယ်..။ ဖာနန်ဒို တောရက်စ် ကတော့ ကျွန်တော်အားကျခဲ့ရတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ပေါ့ဗျာ..၊ အခုအချိန်မှာ သူဟာကျွန်တော့်ရဲ့အသင်းဖော် ဖြစ်နေပါပြီ..။ ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်းထဲမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ အပြည့်ပါပဲ..။ သူတို့တွေကလည်း ကျွန်တော့်ကို နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်..။

ကျွန်တော်ဟာ ပထမဆုံးနေ့ကတည်းက အသင်းမှာအဆင်ပြေပြေ အထိုင်ကျခဲ့တာပါ..။ သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းခဲ့တဲ့ ပထမဆုံးနေ့ကို ဖြတ်သန်းခဲ့ပြီး နောက်ရက်မှာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရပါတယ်..။ ကျွန်တော်ဟာ အဲဒီပွဲမှာမပါဝင်ခဲ့ရပေမယ့် အသင်းသားတွေနဲ့အတူတူ အနီးကပ်သင်ယူ လေ့လာခွင့်ရခဲ့ပါတယ်..။



မေး - ခင်ဗျားရဲ့ ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့အကြောင်း ပြောပြပါဦး…

စက်တင်ဘာလ၊ International break မှာ ပြုလုပ်ခဲ့တဲ့ ချာလ်တန်အသင်းနဲ့ ခြေစမ်းပွဲမှာ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်..။ အဲဒီပွဲကို လူငယ်အကယ်ဒမီ လေ့ကျင့်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အသင်းကြီးကိုရောက်နိုင်ဖို့ အတော့်ကိုလိုပါသေးလား..၊ အများကြီးကြိုးစား အားထုတ်ဖို့ လိုနေပါသေးလား.. ဆိုတာ သိမြင်ခဲ့ပါတယ်.။ ကျွန်တော်ဟာ အသင်းကြီးမှာ တခါတည်းပါဝင်နိုင်ဖို့ ခေါ်ယူခဲ့တဲ့ ကစားသမားမဟုတ်မှန်း သိထားခဲ့ပါတယ်..။ ဒ့ါကြောင့်အခုလိုအချိန်ထိ ရောက်ရှိလာအောင် ကိုယ့်ရဲ့လမ်းကြောင်း ကိုယ်တိုင်ဖောက်လာခဲ့ရတာပါပဲ..။

နောက်တော့ စက်တင်ဘာလထဲမှာ ဝုလ်ဖ်အသင်းနဲ့ယှဉ်ပြိုင်ရတဲ့ လိဂ်ဖလားပြိုင်ပွဲကို ရောက်လာပါတယ်..။ အဲဒီပွဲမှာ အသင်းအတွက်စတင်ပြီး လူစားဝင် ကစားခွင့်ရခဲ့ပါတယ်..။ ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေခဲ့ရသလို ကစားလို့လည်း အရမ်းကောင်းနေတာကြောင့် ပွဲပြီးမှာကို ကြောက်နေမိပါတယ်..။ ကျွန်တော်တို့ ၆ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို အဲဒီပွဲဟာ ကျွန်တော့်အတွက် စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ပထမဆုံး ကစားခွင့်ရခဲ့တဲ့ပွဲ၊ သိပ်ကိုကောင်းမွန်ခဲ့တဲ့ ပွဲဦးထွက်ပေါ့ဗျာ..။

မေး - ခင်ဗျားရဲ့ချယ်လ်ဆီးအသင်းအတွက် သွင်းယူပေးခဲ့တဲ့ ပထမဆုံးဂိုးကို အသေးစိတ်ပြန်ပြီး ပုံဖော်ပေးနိုင်မလား..?

Yes.. သိပ်ပြီးမှတ်မိတာပေ့ါ..။ အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားပြိုင်ပွဲမှာပေ့ါဗျာ..။ အဲဒီ ၂၀၁၃/၁၄ ဘောလုံးရာသီမှာ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေပြီး ကျွန်တော်တို့အသင်းဟာ ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲရာမှာ (transitions) သိပ်ကိုမြန်ဆန်သလို တည်ကန်ဘောတွေ (set pieces) အသုံးချရာမှာ သိပ်ကိုကောင်းပါတယ်..။ အဲဒီဘောလုံးရာသီ အစောပိုင်းကာလတွေမှာ ပွဲတိုင်းပါဝင်ခွင့်မရခဲ့ပါဘူး..။ ဒ့ါကြောင့်အသင်းက ဝါရင့်ကစားသမားတွေဆီကနေ သင်ယူနေရတဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်..။



အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားပွဲစဉ်မှာ ကျွန်တော်ရရှိခဲ့တဲ့ ပထမဆုံးဂိုးကတော့ စိတ်ထဲမှာ သံမိုရိုက်ထားသလို စွဲစွဲမြဲမြဲပါပဲ..။ ကျွန်တော်တို့ကွင်းဘက်မှာ ပေးလိုက်ရတဲ့ အာဆင်နယ်အသင်းရဲ့ ထောင့်ကန်ဘောကနေ စတင်ပါတယ်..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ transition ကနေ အခွင့်အရေးကောင်း ရနိုင်လိမ့်မယ်လို့ တွေးထားခဲ့ပါတယ်..။ အာဆင်နယ်အသင်း နောက်တန်းက ဂိုးသမားကို နောက်ပြန်ခေါင်းတိုက်ပြီး ချပေးလိုက်ချိန်မှာ ကျွန်တော်က ဂိုးသမားထက်ဦးအောင် ဖြတ်ပြေးပြီး ခြေထောက်နဲ့ထိုး၊ အရသွင်းယူခဲ့ပါတယ်..။

တကယ်လို့သာ ဂိုးသမားက ဦးသွားခဲ့မယ်ဆိုရင် တိုက်စစ်ကို ကျွံသွားခဲ့တဲ့ ကျွန်တော့်ဘက်ကနေ သူတို့အသင်း တန်ပြန်တိုက်စစ် ပေါက်သွားနိုင်ပါတယ်…။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင်လည်း အဲဒီပွဲဟာ ကျွန်တော့်အတွက် ချယ်လ်ဆီးအသင်းနဲ့ နောက်ဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်သွားနိုင်ပါတယ်။ ဒ့ါကြောင့်တခါတလေမှာ ကိုယ့်ရဲ့မသိစိတ်ရဲ့အလိုကျ (instinct) လိုက်ပြီး စမ်းကြည့်ဖို့ လိုတာပဲဗျ..။ ဂိုးဝင်သွားတဲ့အချိန် အရမ်းကိုပျော်ရွှင်ခဲ့သလို အသင်းဖော်တွေကလည်း ကျွန်တော်နဲ့ဝိုင်းပြီး အောင်ပွဲခံကြတာဟာ တကယ့်ကို ရူးသွပ်လောက်ပါတယ်..။ အရမ်းကိုအမှတ်တရ ဖြစ်ခဲ့ရတဲ့ အခိုက်အတန့်ပေါ့ဗျာ..။

မေး - အဲဒီအချိန်ကနေ ပွဲပေါင်း (၅၀၀) ပြည့်မြောက်ခဲ့တဲ့အထိ ဆယ်နှစ်တာ ကာလအတွက် အကြံကောင်းတစ်ခု ပေးမယ်ဆိုရင်…

အကြံပေးရမယ်ဆိုရင် အများကြီးရှိပါတယ်..။ ဒါပေမယ့် ဘယ်အချက်ဆိုပြီး တိတိပပ ပြောကြားဖို့တော့ ခက်ပါလိမ့်မယ်..။ ကျွန်တော်ဖြတ်သန်းလာခဲ့ရတဲ့ ခရီးတစ်လျှောက် မန်နေဂျာတွေအများကြီး၊ အသင်းတာဝန်ရှိသူတွေ အများကြီး၊ ခြားနားတဲ့ အသင်းဖော်တွေကြောင့် ကြုံလာရတဲ့ အကြောင်းအရာသေးသေးလေးတွေ ပေါင်းစုသွားခဲ့တာလို့ပဲ ပြောရမှာပါ..။

အသင်းအတွက် အမြဲတမ်းအကောင်းဆုံး ပေးဆပ်နေရမယ်..၊ အစွမ်းကုန် ပေးဆပ်ဖို့တော့ လိုအပ်ပါတယ်..။ ဒါဟာကျွန်တော့်ရဲ့ ဘဝအမြင်ပါပဲ..။ နောက်ပြီးဘောလုံးကစားနည်းဆိုတာ ပျော်ရွှင်မှုရှိဖို့ လိုပါတယ်..။ နေ့စဉ်လေ့ကျင့်ခန်းတွေမှာ ပြိုင်ပွဲတွေအတိုင်း အာရုံစိုက်၊ ကြိုးစားဖို့ လိုအပ်ပါလိမ့်မယ်..။ ဒါမှယှဉ်ပြိုင်ရမယ့် ပွဲစဉ်တိုင်းအတွက် အမြဲတမ်းအသင့်ရှိနေမှာပါ..။



တစ်ချို့ကစားသမားတွေဟာ လေ့ကျင့်ကွင်းမှာ သေသေချာချာ မကြိုးစားပေမယ့် တကယ့်ပွဲတွေကျရင် ခြေစွမ်းသိပ်ကောင်းတဲ့သူတွေလည်း ရှိကြပါတယ်..။ ဒါပေမယ့် အဲဒါဟာ ဘောလုံးပွဲတွေမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး..။ တစ်ချို့တွေကတော့ တကယ့်ကို ပင်ကိုယ်ပါရမီ အရမ်းထူးချွန်တဲ့ ကစားသမားတွေပါ..။ ကျွန်တော်ကတော့ နေ့စဉ်နေ့တိုင်း အကောင်းဆုံး ကြိုးစား၊ ပေးဆပ်ဖို့၊ အသင်းမှာပျော်ရွှင်နေဖို့၊ အသင်းကို ရောက်လာပြီ ဆိုတာနဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အပြင်းထန်ဆုံး လေ့ကျင့်နေဖို့ ရည်မှန်းပါတယ်..။ ကျွန်တော်ဟာ အသင်းအတွက် အမြဲတမ်းအစွမ်းကုန် ပေးဆပ်ခဲ့သလို နောက်လာမယ့် စိန်ခေါ်မှုတွေအတွက် အမြဲတမ်းအသင့် ရှိနေပါတယ်..။

မေး - အမြဲတမ်း အမှတ်ရနေမယ့် အခိုက်အတန့်..?

မျက်မှောက်ကာလ.. ဆိုရင်တော့ ‘အမြဲတမ်း ကစားခွင့်ရနေဖို့’ အရေးကြီးတာပေ့ါ…။ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တဲ့ ဆယ်နှစ်တာကာလမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်ပြီးကြည့်မယ်ဆိုရင် ကြည်နူးစရာတွေ အများကြီးပါပဲ..။ ကျွန်တော်စပြီး ရောက်လာခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ အသင်းဟာ ချန်ပီယံလိဂ် ဆုဖလာကြီးကို ပူပူနွေးနွေး ရရှိလာတဲ့ အသင်းဖြစ်သလို ကျွန်တော်တို့အသင်းဟာ ဆုဖလားတွေ ဘယ်လိုဆွတ်ခူးခဲ့လဲ.. ပြန်ပြောင်းကြည့်လိုက်ရင် ကြည်နူးစရာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ အဲဒီအစဉ်အလာကောင်းတွေကို ဆက်လက်သယ်ဆောင်ချင်တယ်..၊ အောင်မြင်ခဲ့တဲ့ ကစားသမားကြီးတွေ၊ အသင်းဖော်တွေရဲ့ အောင်ပွဲဆာလောင်စိတ်တွေကို ဆက်လက်သယ်ဆောင်ချင်ပါတယ်..။

ဆုဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တာနဲ့ နောက်ထပ်ဒုတိယအကြိမ် ဆက်ပြီးရချင်တာပါပဲ..။ ‘တော်လောက်ပါပြီကွာ..’ ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ အလျော့ပေးတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းမှာဆိုရင် ‘ဆုဖလားတွေ ဆွတ်ခူးရမယ်..’ ဆိုတဲ့စိတ်ပဲ ရှိပါတယ်..။ ကျွန်တော်တို့တွေ အမြဲတမ်းလိုချင်နေတာက ‘နောက်ထပ် ဆုဖလားတွေ၊’ ‘အောင်မြင်မှုတွေ’ ပဲ ဖြစ်ပါတယ်..။ ဘယ်လိုဆုဖလားတွေ ဖြစ်ပါစေ..၊ ကိုယ့်ရဲ့ရှေ့မှာ ရှိနေတဲ့ ဆုဖလားကိုတော့ ကိုင်မြှောက်ချင်တာပါပဲ..။



မေး - အသင်းရဲ့ခြေစွမ်း အရမ်းကိုကောင်းမွန်နေတဲ့ အချိန်ကာလ၊ အပိုင်းတခြားတစ်ခုခု ရှိခဲ့ဖူးလား..? ဥပမာဗျာ.. ကွင်းထဲကို ဝင်သွားတာနဲ့ အနည်းဆုံးမရှုံးဖို့တော့ သေချာတယ်.. ဆိုတဲ့ စိတ်ဓါတ်၊ ယုံကြည်မှု ရှိခဲ့တဲ့ အချိန်ကာလတွေပေ့ါ..

Yeah..! နှစ်ခါလောက်တော့ ရှိခဲ့ဖူးပါတယ်..။ ဟိုဆေး မော်ရင်ဟို နဲ့ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့အချိန်တုန်းက အသင်းရဲ့ခြေစွမ်း အရမ်းကိုကောင်းမွန်ခဲ့သလို အသင်းသားတွေရဲ့ အင်အားကလည်း တောင့်တင်းခဲ့ပါတယ်..။ တကယ့်ပွဲကြီးပွဲကောင်းတွေအတွက် အမြဲတမ်းအသင့်ရှိခဲ့တယ်..၊ ကျွန်တော်တို့အသင်းဟာ အရမ်းကို အားကောင်းခဲ့ပါတယ်..။

အန်တိုနီယို ကွန်တီ လက်ထက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဗိုလ်စွဲစဉ်တုန်းကလည်း ကျွန်တော်တို့ဟာ တောက်လျှောက်နိုင်ပွဲတွေ ဆက်တိုက်ရခဲ့ပါတယ်..။ ပေးဂိုးတွေ ခွင့်ပြုတာ နည်းပါးခဲ့သလို အသင်းဟာ အရမ်းတောင့်တင်းခဲ့ပါတယ်..။ သွင်းဂိုးတွေ အများကြီးရခဲ့ပြီး ကျစ်လျစ်၊ မာကျောတဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်..။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ၂၀၂၁ ခုနှစ်အကြောင်း ထည့်ပြောရင်လည်း ရနိုင်ပါတယ်..။ အဲဒီအချိန်တုန်းကလည်း အရမ်းကိုတောင့်တင်းတဲ့ အသင်းတစ်သင်းအဖြစ် ခံစားမိခဲ့ပါတယ်..။

အဲဒီလိုတစ်သင်းလုံး စုစုစည်းစည်းနဲ့ တောင့်တင်းတဲ့အသင်း ဖြစ်ဖို့ဆိုတာ သိပ်ကိုခက်ခဲပါတယ်..။ ဒါပေမယ့် အဲဒီလိုအခြေအနေကို ရရှိခဲ့ပြီဆိုရင် အသင်းဟာ သိပ်ကိုအင်အား ကြီးမားသွားပြီး ကွင်းထဲကို ခြေချလိုက်တာနဲ့ ပြိုင်ဘက်အသင်းတွေကလည်း လေးစားကြတာပါပဲ..။ တောင့်တင်းတယ်..၊ အချင်းချင်း နားလည်မှုနဲ့ ဆက်သွယ်ကောင်းနေတယ်လို့ ခံစားရပါတယ်..။ အဲဒီလိုအစစ၊ အရာရာ ပြည့်စုံနေတဲ့ ခံစားမှုမျိုးဟာ သိပ်ကိုကောင်းပေမယ့် အခြေအနေကောင်းတွေ ဆက်လက်ထိန်းထားနိုင်ဖို့ နေ့စဉ်နေ့တိုင်း အစွမ်းကုန် ကြိုးစား၊ လေ့ကျင့်ရပါတယ်..။ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး..။

တောင့်တင်းတဲ့အသင်း ဖြစ်လာအောင် တည်ဆောက်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်..။ ကွဲပြားခြားနားတဲ့ ကစားသမားတွေ၊ မတူညီတဲ့ မန်နေဂျာတွေ၊ မတူညီတဲ့ ကစားဟန်တွေ ရှိကြပါတယ်..။ ဘောလုံးကစားနည်းမှာ ဘယ်လိုနည်းလမ်းနဲ့ အနိုင်ရအောင် လုပ်ရမယ်ဆိုတဲ့ ပုံသေနည်း၊ ထာဝရ အမှန်တရား မရှိပါဘူး..။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းတစ်လျှောက် အနိုင်ရအောင် ကြံဆခဲ့ရတဲ့ နည်းလမ်းတွေ အများကြီးရှိခဲ့ပါတယ်..။ သေချာတာကတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့အကောင်းဆုံး အစွမ်းအစကို ထုတ်ပြနိုင်ဖို့ အခွင့်အရေး၊ နည်းလမ်းရှိရပါမယ်..။ ကျွန်တော်ဟာ မန်နေဂျာတွေ အများကြီးနဲ့ လက်တွဲခဲ့ရပါတယ်..။ မန်နေဂျာတိုင်းမှာ ကန်သမျှ ပွဲစဉ်တိုင်းကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားမယ်.. ဆိုတဲ့စိတ် ရှိကြတဲ့နေရာမှာ တူညီပါတယ်…။



မေး - ခင်ဗျားရဲ့စိတ်ထဲမှာ အမှတ်ရနေတဲ့ ချယ်လ်ဆီးအသင်းဖော်တွေထဲက ပြုလုပ်ခဲ့တဲ့ အကောင်းဆုံး စွမ်းဆောက်ရည် အခိုက်အတန့်..?

အသင်းဖော်တွေရဲ့ အံ့မခန်း တစ်ကိုယ်တော် စွမ်းရည်ပြကွက်တွေကို မြက်ခင်းစိမ်းပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရခဲ့တာ ကံကောင်းတယ်လို့ ပြောရမှာပဲ..။ ဒါပေမယ့် အီဒင် ဟာဇက် ရဲ့ လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ်ကွင်းပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုး (၂၀၁၈ ခုနှစ်၊ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်) ကတော့ ကျွန်တော့်ရဲ့ခေါင်းထဲမှာ အမြဲတမ်းရှိနေပါတယ်..။ အဲဒီဂိုးသွင်းယူသွားတဲ့အချိန် ကျွန်တော်ကလည်း အီဒင် နဲ့ အနီးဆုံးမှာ ရှိနေပါတယ်..။

အီဒင် က ကျွန်တော့်ကို ဘောလုံးပေးတယ်..၊ ကျွန်တော်က သူ့ကိုချက်ချင်းပြန်ပြီး ပေးလိုက်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ တစ်ကိုယ်တော် အစွမ်းပြပြီး အယိမ်းအနွဲ့တွေနဲ့ သွင်းယူသွားခဲ့တာကို ကျွန်တော်က အကောင်းဆုံးမြင်ကွင်းကနေ တွေ့ခဲ့ရတာပေ့ါဗျာ..။ အဲဒီသွင်းဂိုးမှာ သူ့ရဲ့လှုပ်ရှားမှုတွေဟာ အရမ်းကို ကောင်းလွန်းခဲ့ပါတယ်…။ အမြန်ဆုံးနှုန်းနဲ့ ပြေးလွှားရင်း အဆုံးသတ်သွားခဲ့တဲ့ အရည်အသွေးဟာ ဘာမှအပြစ်ပြောစရာ မရှိခဲ့ပါဘူး..။ အဲဒီအခိုက်အတန့်မျိုးကတော့ ကြည့်မြင်ခွင့်ရခဲ့တဲ့သူတွေရဲ့ နေရာ၊ အနီးအဝေးပေါ်ပဲ မူတည်မှာပါ..။ တကယ့်ကို အံ့အားသင့်ဖို့ကောင်းတာ အသေအချာပါပဲ..။

မေး - ခင်ဗျားရဲ့ ပွဲပေါင်း (၅၀၀) အတွင်း အခက်အခဲဆုံး ပြိုင်ဘက်..?

လန်ဒန်ဒါဘီ ပွဲစဉ်တွေပဲပေ့ါဗျာ.။ အာဆင်နယ်နဲ့ တော့တင်ဟမ်..။ ချယ်လ်ဆီးအသင်းကို ရောက်လာကတည်းက လန်ဒန်ဒါဘီ ပွဲစဉ်တွေဟာ ကျွန်တော့်အတွက် တကယ့်ကို ထူးခြားလှတဲ့ ပွဲစဉ်တွေ ဖြစ်ကြပါတယ်..။ ကျွန်တော့်ရဲ့ ပထမဆုံး လန်ဒန်ဒါဘီ ပွဲစဉ်ဟာ ကျူပီအာအသင်းနဲ့ပွဲ ဖြစ်ပါတယ်..။ လန်ဒန်ဒါဘီပွဲစဉ် ကန်ရမယ့်နေ့ဆိုရင် ကျွန်တော်တို့တွေရဲ့ စိတ်ထဲမှာ တခြားနေ့တွေနဲ့မတူပဲ ထူးခြားတဲ့ခံစားမှုတွေ ရှိခဲ့ပါတယ်..။

လန်ဒန်ဒါဘီ ပွဲစဉ်တိုင်းကို အနိုင်ရရှိချင်ပါတယ်..။ ဒါဟာပရိသတ်တွေအတွက်လည်း ရည်ရွယ်ပါတယ်..။ အဲဒီပွဲစဉ်တွေမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း ထူးခြားပါတယ်..။ ဒ့ါကြောင့်အိမ်ကွင်းပဲဖြစ်ဖြစ်၊ အဝေးကွင်းပဲဖြစ်ဖြစ်.. အနိုင်ရခဲ့မယ်ဆိုရင် နှစ်ဆပိုပြီး ပျော်ရွှင်ရပါတယ်..။



မေး - ချယ်လ်ဆီးအသင်းအတွက် ခင်ဗျားရဲ့ အကောင်းဆုံးသွင်းဂိုး..?

လက်စ်တာ စီးတီးအသင်းဘက်ကို (၂၀၁၆/၁၇ ဘောလုံးရာသီ၊ လိဂ်ဖလားပြိုင်ပွဲတွင်) သွင်းယူပေးခဲ့တဲ့ဂိုး ဖြစ်ပါတယ်..။ အဲဒီဂိုးက ကျွန်တော်သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ နည်းနည်းကွာခြားပါတယ်..။ ဒ့ါကြောင့်ကျွန်တော် နှစ်သက်မိပါတယ်..။

မေး - ချယ်လ်ဆီးအသင်းမှာ ခင်ဗျားစိုက်ထူခဲ့တဲ့ မှတ်တိုင်တွေ အများကြီးရှိခဲ့ပါတယ်..။ ဒါပေမယ့် အခုလိုချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၅၀၀) ပြည့်မြောက်ခဲ့ပြီး အပြာရောင်တွေရဲ့ ‘Club of 500’ မှာ ခြောက်ဦးမြောက် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ စံချိန်မှတ်တမ်းဟာ ဘယ်လိုတွေ ထူးခြားမှုရှိနိုင်လဲ..?

အခုလောလောလတ်လတ် နောက်ဆုံးရထားတဲ့ စံချိန်မှတ်တမ်းဆိုတော့ ထူးခြားတာပေ့ါဗျာ..။ ဒါပေမယ့် ကျွန်တော်ဟာ ပွဲအရေအတွက်တွေ.. ဘာတွေကို ကြည့်မနေပါဘူး..။ ကစားခွင့်ရနေဖို့ အဓိကပါပဲ..။ တစ်ပွဲပြီးသွားရင် နောက်လာမယ့်ပွဲအတွက် အမြန်ဆုံးပြန်လည် အားပြည့်အောင် ကြိုးစားရပါမယ်..။ ခြေစွမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ တသမှတ်ထဲ ရှိနေအောင် ပြင်ဆင်ရတယ်..၊ အမြန်ဆုံး ပြန်လည်အားပြည့်အောင် ကြိုးစားရတယ်..၊ ဒဏ်ရာပြဿနာ နည်းပါးအောင် ကြိုးစားရပြီး အသင်းမှာ ကိုယ့်ရဲ့နေရာ ရှိနေအောင် အမြဲတမ်း ကြိုးပမ်း၊ အားထုတ်နေရပါတယ်..။



ဒါဟာအခုလိုပွဲပေါင်း (၅၀၀) ပြည့်ခဲ့တဲ့ အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးတစ်လျှောက်မှာ ထားရှိခဲ့တဲ့ ကျွန်တော့်ရဲ့ စိတ်ဓါတ်၊ ခံယူချက်ပဲ ဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးရင် အဲဒီဖလားတွေ နောက်ထပ်ပြီး ရချင်နေတာပါပဲ..။ ဒါပေမယ့် အခုလိုစံချိန်မျိုးကျတော့ ကျွန်တော်ဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ဒီလိုမျိုး စွမ်းဆောင်နိုင်ခဲ့တာ ခြောက်ဦးပဲရှိသေးတယ်.. ဆိုတဲ့ ခံစားချက်ဟာ အရမ်းကို ဂုဏ်ယူဖို့ကောင်းပါတယ်..။

ချယ်လ်ဆီးအသင်းကို ရောက်လာကတည်းက ပွဲဘယ်လောက်ထိ ကစားခွင့်ရရမယ်.. ဆိုတဲ့ရည်မှန်းချက် ထားခဲ့တာမျိုး မရှိခဲ့ပါဘူး..။ ဒါ့ကြောင့်အခုလိုစံချိန်၊ မှတ်တမ်းအတွက် အထူးဂုဏ်ယူနေမှာ ဖြစ်သလို ကျွန်တော်ဟာ အခုထက်ပိုပြီး အသင်းအတွက် ပေးဆပ်ခွင့် ရချင်ပါသေးတယ်..။