ချယ်လ်ဆီးအသင်းက ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀၇) သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမား ‘အင်ဇို ဖာနန်ဒက်စ်’ ဟာ ငယ်စဉ်ကတည်းကနေ အခုအချိန်ထိ သူ့ကိုလိုချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်..။ အာဂျင်တီးနားမှာရှိစဉ် ကလေးဘဝတုန်းက သူကစားခဲ့တဲ့ အသင်းဆိုရင်လည်း အင်ဇို အချိန်မှီရောက်လာနိုင်ဖို့အတွက် ပွဲစချိန်နောက်ကျအောင် လျှပ်စစ်မီး မိန်းခလုပ်ကိုချပြီး မီးဖြတ်တဲ့အထိ ဉာဏ်နီဉာဏ်နက်တွေ သုံးစွဲခဲ့ရကြောင်း ပြန်ပြောပြခဲ့ပါတယ်..။
အခုဆိုရင် ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံ၊ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုရှင်၊ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးစံချိန်ရှင် အင်ဇို ဖာနန်ဒက်စ် ဟာ အာင်ဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရိစ် မြို့တော်မှာရှိတဲ့ La Revona အသင်းကနေ ကစားသမားဘဝကို စတင်ခဲ့ပါတယ်..။ အသက် (၅) နှစ်အရွယ်မှာ အာဂျင်တီးနားနိုင်ငံက နာမည်ကျော် ရေးဗား ပလိပ်အသင်းက သူ့ကိုသတိထားမိခဲ့ပါတယ်..။ အဲဒါနဲ့သူဟာ နှစ်သင်းစလုံးအတွက် ကစားပေးခဲ့ပါတယ်..။ ဒ့ါကြောင့်တခါတလေ နှစ်သင်းစလုံး တစ်ညထဲမှာကန်ရဖို့ တိုက်နေပြီဆိုရင် La Revona အသင်းဥက္ကဌ ဆာဂျီယို ကိုဆားရက်စ် က သူ့ရဲ့အသင်းက ပါရမီရှင် ကစားသမားလေးကို ပါဝင်ခွင့်ရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ အကွက်ရွှေ့ခဲ့တဲ့အကြောင်း ယခင်လက ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနား TV တစ်ခုနဲ့ တွေ့ဆုံခန်းမှာ ပြန်ပြောပြခဲ့ပါတယ်..။
ရေးဗား ပလိပ်အသင်းနဲ့ပွဲ ပြီးတာနဲ့ သူ့ရဲ့မိဘတွေဟာ ဖာနန်ဒက်ဇ် လေးကို La Revona အသင်းရဲ့ပွဲရှိတဲ့ ကွင်းဆီကို ကားမောင်းပြီး ချက်ချင်းလိုက်ပို့ရပါတယ်..။ အသင်းက တစ်ယောက်ယောက်က အင်ဖို လေး မရောက်မလာမချင်း ဘောလုံးကွင်းက မီးမောင်းတွေ ခလုပ်ဖွင့်မရအောင် ပြုလုပ်ပြီး ပွဲချိန်နောက်ကျအောင် အချိန်ဆွဲခဲ့တယ်လို့ ပြောပြခဲ့ပါတယ်..။
အခုဆိုရင် သူ့ရဲ့အသင်းဟောင်း ရေးဗား ပလိပ်အသင်းရဲ့ အုတ်နံရံထက်မှာ ဖာနန်ဒက်စ် ရဲ့ လက်မှတ်ထိုးထားတဲ့အင်္ကျီကို အမှတ်တရ ချိတ်ဆွဲပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြသထားပါတယ်..။ ‘အင်ဇို’ ဆိုတဲ့ သူ့ရဲ့နာမည်ကလည်း ရေးဗား ပလိပ်အသင်းရဲ့ ဂန္တဝင်ကစားသမား တစ်ယောက်ဖြစ်ခဲ့တဲ့ ‘အင်ဇို ဖရစ္စကိုလီ' ကို ဂုဏ်ပြုပြီး ထည့်သွင်း၊ မှည့်ခေါ်ထားတာပါ..။ ဖာနန်ဒက်စ် ဟာ La Revona အသင်းမှာ မရှိမဖြစ် ကစားသမားအဖြစ် ပရိသတ်အချစ်တော် ကစားသမားတစ်ယောက် ဖြစ်ခဲ့သလို ရေးဗား ပလိပ်အသင်းမှာလည်း ချစ်ခင်သူတွေ များပြားလှပါတယ်..။ အခုဆိုရင် ချယ်လ်ဆီးအသင်းက ဘင်ဖီကာအသင်းကို ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးရဲ့ (၂၅% ရာခိုင်နှုန်း) နဲ့ အသင်းဟောင်း ရေးဗား ပလိပ်ကို ပြန်လည်ကျေးဇူး ဆပ်နိုင်ခဲ့ပါပြီ..။
သူဟာဘင်ဖီကာ အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို FC Midtjylland အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ UEFA ချန်ပီယံလိဂ်ပြိုင်ပွဲ၊ တတိယအဆင့် ရှုံးထွက်ပွဲစဉ်မှာ စတင်ပါဝင်ခွင့် ရရှိခဲ့ပါတယ်..။ အဲဒီအချိန်ကနေ ရက်ပေါင်း (၁၃၈) ရက်အကြာမှာတော့ လူငယ်ကွင်းလယ် ကစားကွက် ဖန်တီးရှင်လေးဟာ အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ‘အကောင်းဆုံးလူငယ် ကစားသမားဆု’ ချီးမြှင့်ခံခဲ့ရပါတယ်..။
ဒါ့အပြင် အင်ဇို လေးဟာ ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရောက်နေတဲ့ ဘင်ဖီကာအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ် တို့လို ထိပ်တန်းအသင်းကြီးတွေကို ကျော်ဖြတ်ပြီး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့် အင်ဇို ဖာနန်ဒက်စ် ရဲ့ခြေစွမ်းခြေစ တိုးတက်လာမှုနှုန်းထားဟာ တကယ့်ကို အံ့မခန်းပါပဲ..။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အာဂျင်တီးနား လူငယ်ကွင်းလယ် ကစားသမားလေးကို အနာဂတ်ရဲ့ ‘စွယ်စုံရ ကွင်းလယ် ကစားသမား (all action midfielder)’ တစ်ယောက်အဖြစ် စင်တင်ပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲ ပရိသတ်တွေကတော့ San Martin အရပ်ကလာတဲ့ လူငယ်ကစားသမားလေးရဲ့ ထူးရှယ်ခြေစွမ်းနဲ့ အကျွမ်းတဝင် ရှိနေခဲ့ပြီး ဖြစ်ပါတယ်..။ ဒ့ါကြောင့်လည်း အခုဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဖာနန်ဒက်စ် ဟာ အပြောင်းအရွှေ့ ရာသီတစ်ခုလုံးရဲ့ အာရုံစိုက်မှု အများဆုံးရရှိခဲ့တဲ့ ကွင်းလယ်ကစားသမား ဖြစ်ခဲ့သလို ဘင်ဖီကာအသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဘောလုံးကျွမ်းကျင်သူ အများစုက ပေါ်တူဂီလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် အသိအမှတ်ပြုထားကြပြီး ဖြစ်ပါတယ်..။
အင်ဇို ဖာနန်ဒက်စ် ရဲ့ ကစားဟန်…
နည်းပြ ရော်ဂျာ ရှမစ် ဟာ ၄- ၂- ၃- ၁ ကစားကွက်ကို အများဆုံးသုံးစွဲလေ့ရှိပြီး သူဟာ ဖလော်ရင်တီနို လူးဝစ် နဲ့အတူ နှစ်ယောက်တွဲ ကွင်းလယ်အထိုင် (double pivot) ကစားရလေ့ရှိပါတယ်..။ သူဟာဘောလုံးပေးပို့မှု ကောင်းတယ်.၊ အထက်အောက် အတက်အဆင်း ပြေးလွှားနိုင်တယ်..၊ deep lying playmaker အဖြစ်နဲ့လည်း ကစားနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါ့အပြင် ဘောလုံးဖျက်ထုတ်မှု၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်မှုတွေမှာ ကောင်းမွန်တဲ့သူဖြစ်တာကြောင့် ဘောလုံးခြေထဲရှိနေချိန်သာမက ဘောလုံးဆုံးရှုံးချိန်မှာပါ အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။
အင်ဇို ဟာ အသင်းရဲ့ build up play စတင်ချိန်မှာ ဗဟိုခံစစ်မှူးတွေနဲ့အတူ ဘောလုံးကိုလက်ခံရယူပြီး နောက်ခံလူအစွန်လူတွေကို တိုက်စစ်ကို လိုက်ပါနိုင်အောင် နေရာယူပေးလေ့ ရှိပါတယ်..။ သူဟာဖိအားပေးမှုတွေကြားမှာ ဘောလုံးကို အကောင်းဆုံး ထိန်းထားနိုင်တဲ့သူဖြစ်ပြီး ခံစစ်ဇုန်ထဲကနေ ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်တဲ့သူလည်းဖြစ်တယ်..၊ ကွင်းလယ်နဲ့ တိုက်စစ်ဇုန်တွေဆီ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ပေးပို့မှုတွေ (vertical passes) ကို ပြုလုပ်ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။
၂၀၂၂/၂၃ ဘောလုံးရာသီ၊ ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲတွေက စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် သူဟာဘောလုံး ထိချက်ပေါင်း (touches) (၁၃၉၀) ကြိမ်နဲ့ ဘောလုံးလက်ခံရယူမှု အများဆုံးပြုလုပ်ခဲ့တဲ့ ကစားသမား ဖြစ်သလို ဘောလုံးပေးပို့မှု (passes completed) တွေမှာလည်း (၁၄၃၂) ကြိမ်နဲ့ အများဆုံးပါပဲ..။ ဒါပေမယ့် သူ့ရဲ့ပေးပို့မှု အများစုဟာ ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေ နည်းပါးပြီး အရှေ့မှာနေရာယူထားတဲ့ ကစားသမားတွေဆီကို ပေးပို့မှုတွေ (progressive passes) တွေ များပါတယ်..။
ဘောလုံးပေးပို့မှု တိကျမှုအပိုင်းအနေနဲ့ဆိုရင် ပေးပို့မှုတွေရဲ့ (၉၆..၄ %) ရာခိုင်နှုန်းကျော် အောင်မြင် (average successful passes per 90 min) ခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့ပေးပို့မှုတွေဟာ အရေအတွက်များပြားရုံမက မှန်ကန်တဲ့ ပေးပို့မှုတွေကို မှန်ကန်တဲ့အချိန်၊ အခိုက်အတန့်မှာ အတိအကျ ပေးပို့နိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။ အထူးသဖြင့် ထောင့်ဖြတ် အဝေးဘော ပေးပို့ရာမှာ ထူးချွန်တဲ့သူ ဖြစ်တာကြောင့် အသင်းရဲ့ ထိုးဖောက်မှုလမ်းကြောင်း ရုတ်တရက် ပြောင်းလဲရာမှာ အင်မတန်မှာ အသုံးတည့်ပါတယ်..။
ကွင်းလယ်ဘယ်အခြမ်းကနေ ညာတောင်ပံက ကစားသမားတွေရဲ့ ပြေးလမ်းထဲကို အတိအကျ ချပေးနိုင်တဲ့ ဘောလုံးတွေဟာ သူ့ရဲ့သင်္ကေတလို့တောင် ပြောလို့ရသလို ညာတောင်ပံ တိုက်စစ်မှူး ဒေးဗစ် နီးရက်စ် ဟာ အဲဒီထောင့်ဖြတ်ပေးပို့မှုတွေကတဆင့် တစ်ဘက်ခံစစ်ကြောင်းရဲ့ နေရာလွတ်တွေဆီ အမြန်ဆုံးထိုးဖောက်၊ ဂိုးရယူတဲ့ကစားဟန်ဟာ ဘင်ဖီအာ အသင်းရဲ့ ထိရောက်တဲ့ တိုက်စစ်လက်နက် တစ်ခုလို ဖြစ်နေခဲ့ပါတယ်..။ အချက်အလက်တွေအရ အင်ဇို ဟာ ထောင့်ဖြတ်ပေးပို့မှု (switches) (၂၂) ကြိမ် ပြုလုပ်ခဲ့ရာမှာ (၁၈) ကြိမ် အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၈၂ %) ရာခိုင်နှုန်း ရှိခဲ့ပါတယ်..။
တိုက်စစ်ပိုင်းပံ့ပိုးမှုအပိုင်းကို ကြည့်မယ်ဆိုရင် သူဟာ ဂိုးဖန်တီးမှု (assists)(၅) ကြိမ်၊ ဂိုးသွင်းခွင့် (chances) ဖန်တီးပေးနိုင်မှု (၅) ကြိမ်နဲ့ အပိုင်ဂိုးသွင်းခွင့် ဖန်တီးပေးနိုင်မှု (big chances) (၄) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်..။ သူဟာပိတ်ဆို့ထားတဲ့ ခံစစ်ကြောင်း (low block) တွေကို ထိုးဖောက်ရာမှာ တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်ပေးနိုင်တဲ့သူ ဖြစ်တာကြောင့်လည်း အထက်က ဖော်ပြခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် တစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးတွေ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်..။
ကွင်းလယ်အဖျက် ဒိုင်နမိုစက်…
အင်ဇို ဖာနန်ဒက်စ် ဟာ ဘောလုံးပေးပို့မှုအပိုင်းမှာ ကောင်းမွန်တဲ့သူ ဖြစ်သလို ဘောလုံးခြေထဲ မရှိတဲ့အချိန် (without the ball) မှာလည်း အမြင့်ဆုံးအဆင့်ပွဲစဉ်တွေမှာပါ အကောင်းဆုံး ကစားနိုင်တဲ့သူ ဖြစ်ပါတယ်..။ အထူးသဖြင့် ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာဆိုရင် သူဟာကွင်းလယ် အဖျက်ကစားသမား တစ်ယောက်အဖြစ် အလွယ်တကူ အရောင်ပြောင်းလဲနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ ဘင်ဖီကာအသင်းဟာ ပီအက်စ်ဂျီ လို အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ဘောလုံးပိုင်ဆိုင်မှုကို အသားမပေးတော့ပဲ ခံစစ်ထိုင်ပြီး တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ဖို့သာ ကြိုးစားခဲ့ပါတယ်..။
အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် သူဟာချန်ပီယံလိဂ်ပွဲစဉ်တွေမှာ တစ်ပွဲကိုပျမ်းမျှ (၄) ကြိမ်လောက် ဘောလုံးဖျက်ထုတ်မှုတွေ (tackles) ပြုလုပ်နိုင်ခဲ့ပေမယ့် ပေါ်တူဂီအမှတ်ပေး ပွဲစဉ်တွေမှာ တစ်ပွဲကိုပျမ်းမျှ (၂.၂) ကြိမ်လောက်ပဲ ဖျက်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်..။ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) အပိုင်းမှာဆိုရင်လည်း ဥရောပပွဲစဉ်တွေမှာ တစ်ပွဲကိုပျမ်းမျှ (၂) ကြိမ်နီးပါးလောက် interceptions ပြုလုပ်နိုင်ခဲ့ပေမယ့် ပြည်တွင်းလိဂ်ပွဲစဉ်တွေမှာ တစ်ပွဲကိုပျမ်းမျှ (၁.) ကြိမ်သာ ရှိပါတယ်..။
အင်ဇို ဟာ ဘောလုံးလုယူတဲ့ နေရာမှာကောင်းမွန်ပြီး ပြိုင်ဘက်ကစားသမား အခြေမတည်နိုင်ခင် လျှင်လျှင်မြန်မြန်နဲ့ အမြန်ဆုံးလုယူနိုင်အောင် ကြိုးစားလေ့ရှိတယ်..၊ ပြိုင်ဘက်ကစားသမားကို အတင်းလိုက် ဖိအားပေး ကစားရာမှာ (aggressive pressing) လည်း ထူးချွန်တဲ့သူ ဖြစ်ပါတယ်..။ သူ့ရဲ့ခွန်အားနှုန်း၊ အမြန်နှုန်းနဲ့ အလျှင်မြန်ဆုံး လမ်းကြောင်းပြောင်းလဲ (agility) ကစားနိုင်စွမ်းကလည်း 50/50 ဘောလုံးတွေကို အရယူရာမှာ အားသာမှုကို ရရှိစေပါတယ်..။
မိမိအသင်းက ခံစစ်ထိုင်ပြီး ကစားချိန်မှာ သူဟာဗဟိုခံစစ်ကြောင်းရဲ့ရှေ့က နေရာလွတ်တွေကို အကောင်းဆုံး ကာကွယ်နိုင်စွမ်း ရှိပါတယ်..။ အင်ဇို ဟာ အမြင့်ဘော ဖျက်ထုတ်မှုအပိုင်းမှာ အားနည်းချက် ရှိပေမယ့် ပြန်ကျလာတဲ့ ဘောလုံး (second balls) တွေကို အရယူပြီး အသင်းရဲ့တိုက်စစ်ကို အမြန်ဆုံးပြောင်းလဲနိုင်တဲ့ နေရာမှာ အသင်းဖော်သစ် ဖြစ်လာမယ့် ‘အန်ဂိုလို ကန်တေး’ နဲ့ ပုံစံဆင်တူပါတယ်..။
အထူးသဖြင့်ကမ္ဘာကျော်တိုက်စစ်မှူးတွေ အများအပြား ရှိနေတဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ သူ့ရဲ့ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို အကောင်းဆုံး ပြသနိုင်ခဲ့တယ်လို့ ပြောရမှာပါ..။ အဲဒီပွဲစဉ်တွေမှာ သူဟာကွင်းလယ်အဖျက် ကစားသမားအဖြစ် back four ခံစစ်ကြောင်းရဲ့ ရှေ့ကနေ အကာအကွယ် ပေးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲတွေမှာ ဘင်ဖီကာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု (၃၈%) ရာခိုင်နှုန်းလောက်သာ ရှိခဲ့ပေမယ့် အင်ဇို ဟာ ဘောလုံးလမ်းကြောင်း ဖျက်တောက်မှုတွေ၊ ဖျက်ထုတ်မှုတွေ၊ ဘောလုံးယှဉ်လုမှုတွေ (duels) တွေမှာ အသာရယူနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။
အထူးသဖြင့် ပီအက်စ်ဂျီအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ အိမ်ရှင်အသင်းရဲ့ ဖိအားပေးမှုကြားထဲကနေ သူဟာအဝေးဘော ပေးပို့မှု (၇) ကြိမ် ပြုလုပ်ခဲ့ရာမှာ (၆) ကြိမ် အောင်မြင်ခဲ့ပြီး အနီးအဝေး ပေးပို့တွေရဲ့ (၉၁ %) ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပြီး ဘင်ဖီကာအသင်း အဖိုးတန်တစ်မှတ် အရယူနိုင်ခဲ့တဲ့ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။ ဒ့ါအပြင် ဂျူဗင်တပ်စ် အသင်းကို တူရင်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆိုရင်လည်း သူဟာစွယ်စုံရ ကွင်းလယ် ကစားသမားတစ်ယောက်အဖြစ် အသင်းရဲ့တိုက်စစ်ရော၊ ခံစစ်ကူညီမှု အပိုင်းတွေမှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။
အဲဒီပွဲစဉ်ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေအရ သူဟာဘောလုံးဖျက်ထုတ်မှု (၇) ကြိမ်နဲ့ အများဆုံးဖျက်ထုတ်မှု ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့သလို ဘောလုံးပေးပို့မှု (၇၁) ကြိမ်နဲ့ ဘောလုံးဖြန့်ဝေမှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား၊ ဘောလုံးပေးပို့မှုတွေရဲ့ (၉၅.၇%) ကျော် အောင်မြင်ခဲ့ပြီး ဘောလုံးထိချက် (၉၁) ကြိမ်နဲ့ အများဆုံးဘောလုံးလက်ခံရယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။
ဖာနန်ဒက်စ် ရဲ့ အမြင့်ဆုံးအဆင့်ကို တက်လှမ်းခဲ့တဲ့ အရှိန်အဟုန်ဟာ မြန်ဆန်လွန်းခဲ့တယ်လို့ ပြောရမှာပါ..။ သူဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကစားခွင့်မရခဲ့သေးပါဘူး..။ ဘင်ဖီကာ အသင်းနဲ့အတူ ပြသခဲ့တဲ့ခြေစွမ်းကြောင့် လီယွန်နယ် စကာလိုနီ ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် La Albiceleste အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်..။ အာဂျင်တီးနား အသင်းအတွက် သူ့ရဲ့ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ မက္ကဆီကို အသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအနေနဲ့ နိုင်ငံလက်ရွေးစင် အသင်းအတွက် သူ့ရဲ့ပထမဆုံးသွင်းဂိုးကို ရရှိခဲ့ပါတယ်..။ အဲဒီပွဲကနေစတင်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ချန်ပီယံဆု ကိုင်မြှောက်ခဲ့တဲ့အထိ ပွဲစဉ်တိုင်းမှာ ပါဝင်ခွင့်ရခဲ့ပါတော့တယ်..။
ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာဆိုရင် ဖာနန်ဒက်စ် ဟာ ရိုဒရီဂို ဒီ ပေါလ်၊ အလက်စစ် မက်ခ်ကဲလစ္စတာ တို့နဲ့အတူ တွဲဖက်ခါ အာဂျင်တီးနားအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာဆိုရင် ပွဲစဉ်ရဲ့ဘောလုံးလက်ခံမှု အများဆုံး ကစားသမားအဖြစ် ဘောလုံးထိချက် (၁၁၈) ကြိမ်၊ ဘောလုံးပေးပို့မှု အများဆုံး ပြုလုပ်ခဲ့တဲ့ ကစားသမားအဖြစ် ဘောလုံးပေးပို့မှု (၉၁) ကြိမ်၊ ဘောလုံးဖျက်ထုတ်မှု အများဆုံး ပြုလုပ်ခဲ့တဲ့ ကစားသမားအဖြစ် ဖျက်ထုတ်မှု (၁၀) ကြိမ် ပြုလုပ်နိုင်ခဲ့သလို တိကျတဲ့ အဝေးဘောပေးပို့မှု (၅) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။
နိုင်ငံတကာ ဘောလုံးစင်မြင့်ထက်ကို အခုမှရောက်ရှိလာခဲ့တဲ့ လူငယ်သွေးသစ် ကစားသမားလေး တစ်ယောက်အနေနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲလို အရှိန်အဟုန် ကြီးမားလွန်းတဲ့ ပွဲစဉ်ကြီးမှာ ယုံကြည်မှုအပြည့်နဲ့ သက်တောင့်သက်သာ ကစားပြနိုင်ခဲ့မှုတွေကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ဝိုင်းဝိုင်းလည် စိတ်ဝင်စားမှုကို ရရှိလာပါတော့တယ်..။
အင်ဇို ဖာနန်ဒက်စ် ရဲ့ အနာဂတ်…
အာဂျင်တီးနားနိုင်ငံ၊ ရေးဗား ပလိပ်အသင်းကနေ ဘင်ဖီကာအသင်းကို ရောက်လာခဲ့ပြီး ပေါ်တူဂီပြိုင်ပွဲတွေ၊ ဥရောပပြိုင်ပွဲတွေမှာ လွယ်လွယ်ကူကူနဲ့ အသားကျခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့်အသင်းမှာ ပါဝင်လာခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် ကို ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားလာကြပါတယ်..။ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲက ခြေစွမ်းကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေကို ဆထက်တပိုး တိုးပွားစေခဲ့ပါတယ်..။ အဲဒီအသင်းတွေကြားထဲမှာ အပြာရောင်တွေကတော့ သူ့ရဲ့အနာဂတ်ကို ဖမ်းဆုပ်နိုင်ဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပါတယ်..။
ဘင်ဖီကာအသင်းဥက္ကဌ ရူအီ ကော်စ်တာ က မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရုပ်သံတွေ့ဆုံခန်းတစ်ခုမှာ အနည်းဆုံး လာမယ့်နွေရာသီအထိတော့ အင်ဇို ဖာနန်ဒက်စ် ကို ထိန်းထားနိုင်ဖို့ အာမခံချက်ပေးခဲ့ပါတယ်..။ “ကျွန်တော်တို့ဟာ စီမံချက်တစ်ခု အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်..။ အဲဒီစီမံချက်ဟာ အားကစား စီမံချက်ပါ..။ အမြတ်အစွန်းရဖို့ မဟုတ်ပါဘူး..။ ကံကောင်းတာက ကျွန်တော်တို့မှာ ငွေကြေးပြဿနာ ရှိမနေပါဘူး..။ ဒ့ါကြောင့်အခုအချိန်မှာ ဘယ်ကစားသမားကိုမှ ရောင်းချဖို့ မလိုအပ်သေးပါဘူး..”
ဘင်ဖီကာအသင်းဟာ ပေါ်တူဂီ အမှတ်ပေးပြိုင်ပွဲမှာ ထိပ်ဆုံးနေရာကို ရောက်ရှိနေသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ရှုံးထွက်ပွဲစဉ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်လည်း သူတို့ရဲ့အသင်းမှာ အခုနှစ်ရာသီ အောင်မြင်မှုတွေအတွက် အဓိကအရေးပါတဲ့ ဒေါက်တိုက်တစ်ခု နေရာကနေ ပါဝင်နေတဲ့ အင်ဇို ဖာနန်ဒက်စ် ကို ရာသီတစ်ဝက်တစ်ပျက်နဲ့ လုံးဝရောင်းချလိုစိတ် မရှိတဲ့အပေါ် နားလည်ပေးနိုင်ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ သူ့ရဲ့စာချုပ်ပါ ဖျက်သိမ်းခ (release clause) ယူရိုသန်း (၁၂၀) ထက်ကို ပိုပေးပြီး အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်၊ နောက်ဆုံးမိနစ်ပိုင်းမှာ မရမက ကြိုးစားခေါ်ယူသွားခဲ့ပါတယ်..။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ သူ့ကိုခေါ်ယူနိုင်ဖို့ ညှိနှိုင်းမှုတွေမှာ ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေနဲ့ ဘင်ဖီကာ အသင်းတာဝန်ရှိသူတွေဟာ ‘တုတ်တပြတ်၊ ဒါးတပြတ်’ ဖြစ်ပွားလုနီးနီး အငြင်းအခုန်တွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်..။
ဒ့ါကြောင့် ‘အင်ဇို.. အင်ဇို’ နဲ့ တစ်မိုးလုံးဖျောက်ဆိပ်ကြီးပဲလိုလို ဖြစ်နေတဲ့အနေအထားတွေရယ်၊ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး.. ဖိအားတွေဟာ အသက် (၂၂) နှစ်သား အာဂျင်တီးနား ကွင်းလယ် ကစားသမားလေးအပေါ် ကြီးမားစွာ သက်ရောက်နေမှာပါ..။
ဒါပေမယ့် ပေါ်တူဂီလိဂ်ပြိုင်ပွဲ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ.. ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အလျှင်အမြန် အထိုင်ကျပြီး အမြင့်ဆုံးအဆင့်ကို အမြန်ဆုံးနည်းနဲ့ တဟုန်ထိုး တက်လှမ်းနေခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် ဟာ ချယ်လ်ဆီးအသင်းက ဘာကြောင့်မလို့ ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေးကို မျက်တောင်တစ်ချက် မခပ်ပဲနဲ့ ပေးချေခဲ့ရတယ်.. ဆိုတဲ့အကြောင်းကို သက်သေပြပြီး သံသယတွေကို ချေဖျက်ပြနိုင်ပါလိမ့်မယ်..။
Reference
=======
- How Good is Enzo Fernandez?, by Aaron Burton, Opta Analyst
- Enzo Fernández scout report: Chelsea’s new signing analysed, by The Coaches’ Voices
- PETE JENSON: Chelsea's £107m man Enzo Fernandez would often play twice on the same night at the age of 5 in Argentina - and he was so talented that his local boys' club would FAKE power cuts to delay kick-off after he had turned out for River Plate, by Pete Jenson, The Daily Mail
- Enzo Fernandez: Chelsea's record-breaking desire for Argentina star with 'hints of Luka Modric', by Ron Walker, Sky Sports