အင်္ဂါနေ့က Sky Sports ရုပ်သံဌာန၏ Sky Bet မှ တင်ဆက်ခဲ့သော ‘The Overlap’ စကားဝိုင်းအစီအစဉ်တွင် ဂယ်ရီ နဗီးလ်၊ ဂျေမီ ကာရေဂါ နှင့် ပြိုင်ဘက်အသင်း ပရိသတ်များက ချယ်လ်ဆီးအသင်း၏ ကစားသမား ခေါ်ယူမှုများအတွက် ငွေကြေးအများအပြား သုံးစွဲနေသည့်အပေါ် ဝေဖန်ထိုးနှက်ချက်များကို အပြာရောင်အမာခံပရိသတ် ဆိုင်မွန် ဖီးလစ် က အောက်ပါအတိုင်း ပြန်လည်ချေပ၊ ပြောကြားခဲ့ပါသည်..။
ဂျော့ရှ် ဒန်ဆယ်လ် - အခုကျွန်တော်တို့ ဆွေးနွေးမှာက ငွေကြေးနဲ့ပတ်သက်ရင် အတိုင်းအဆမရှိ သုံးစွဲမယ့်ပုံ မြင်တွေ့နေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ရာသီ လှုပ်ရှားမှုအကြောင်းပါပဲ..။ ချယ်လ်ဆီးအသင်းဟာ အခုဇန်နဝါရီ အပြောင်းအရွှေ့ရာသီ တစ်ခုထဲမှာကို စတာလင်ပေါင်သန်း (၃၀၀).. အဲ.. အတိအကျဆိုရင် စတာလင်ပေါင် (၃၂၃) သန်းပေ့ါဗျာ.. သုံးစွဲခဲ့တာဆိုတော့ တကယ့်ကို မယုံနိုင်စရာ၊ အံ့အားသင့်စရာ ငွေကြေးသုံးစွဲမှုပါပဲ..။ အဲဒီလိုလုပ်လိုက်တော့ သူတို့အသင်း ပိုပြီးတိုးတက်လာခဲ့ပြီလား..?
ဂျေမီ ကာရေဂါ - အခုထိတော့ မတိုးတက်လာသေးပါဘူး..။ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ သူတို့အသင်းရဲ့ ရပ်တည်မှုကို ကြည့်မယ်ဆိုရင် တွေ့နေရတာပဲလေ..။ ယေဘူယျအနေနဲ့ ခြုံငုံပြောရမယ်ဆိုရင် ငွေကြေးသုံးစွဲတာ တစ်ခုထဲနဲ့ ရေရှည်အောင်မြင်မှုကို အာမခံချက် မပေးနိုင်ဘူးဆိုတာ အခုလက်ရှိ မန်ချက်စတာ စီးတီးအသင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကြည့်ရင်တွေ့နိုင်ပါတယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းဆိုရင် ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်း ကစားသမားခေါ်ယူမှုတွေမှာ ငွေကြေးအများအပြား သုံးစွဲခဲ့ပေမယ့် ဒုံရင်းဒုံရင်းလိုပါပဲ..။
ချယ်လ်ဆီးအသင်းရဲ့အကြောင်း ဆက်ပြီးပြောရမယ်ဆိုရင် အခုအချိန်မှာ ဂရေဟမ် ပေါ်တာ ဟာ သူ့ရဲ့များပြား ဖောင်းပွနေတဲ့ အသင်းလူစာရင်းကိုကြည့်ရင်း ‘ဘာတွေဖြစ်နေတာလဲဟ..’ ဆိုတဲ့ ဒွိဟစိတ်တွေ များနေပါလိမ့်မယ်..။ သူဟာ အပြင်ပန်းမှာတော့ ထိပ်တန်းအဆင့် အရည်အသွေးမြင့် လူငယ်ကစားသမားတွေ ရောက်လာတယ်..၊ ထိပ်တန်းကစားသမားကြီးတွေ များပြားနေတဲ့ အသင်းလူစာရင်းကို ကျေနပ်အားရတဲ့ပုံ ဟန်ဆောင်နေရပါလိမ့်မယ်..။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ ချယ်လ်ဆီးအသင်းက သူ့ရဲ့အနာဂတ်အပေါ် စိုးရိမ်စိတ်တွေ ရှိနေပါလိမ့်မယ်..။
တကယ်တော့ အသင်းတွေဟာ အောင်မြင်မှုရရှိဖို့ အပြောင်းအရွှေ့ရာသီတွေမှာ ငွေကြေးသုံးစွဲပြီး ပြန်လည်တည်ဆောက်တယ်.၊ အားဖြည့်တယ်.. ဆိုတာ မဆန်းပါဘူး..။ အာဆင်နယ်၊ တော့တင်ဟမ်တွေအပြင် အရင်အတိတ်ကာလတုန်းက ရွှေထီးဆောင်းခဲ့ကြတဲ့ အဲဗာတန်၊ ဝက်စ်ဟမ်း၊ အက်စ်တွန် ဗီလာ တို့ဆိုရင် ငွေကြေးသုံးစွဲပြီး အောင်မြင်မှုတွေ ဝယ်ယူလို့ရနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြဖူးတာပဲ..။ ဒ့ါကြောင့်တကယ်လို့ တော့ဒ် ဘိုလေး နဲ့ ချယ်လ်ဆီးအသင်းဟာ ငွေကြေးအများကြီးသုံးစွဲပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့မယ်..၊ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ခြင်းမရှိပဲ ငွေကြေးသုံးစွဲလို့ ရမယ့်နည်းလမ်းကို ရှာဖွေလို့ရခဲ့မယ်ဆိုရင်... ဥပမာ အခုသူတို့ပြုလုပ်နေတဲ့ ကစားသမားတစ်ယောက်ကို စာချုပ်သက်တမ်း ရှစ်နှစ်၊ ကိုးနှစ်ဖြန့်ပြီး ဘဏ္ဍာရေး စည်းမျဉ်းနဲ့ကိုက်ညီအောင် ပြုလုပ်ခဲ့တဲ့နည်းလမ်း အောင်မြင်ခဲ့မယ်ဆိုရင်.. ကျွန်တော်တို့အနေနဲ့ ဘာမှစောဒက တက်နေစရာ မရှိပါဘူး..။ ဒ့ါကြောင့် ‘ကံကောင်းပါစေ..’ လို့ပဲ ဆုတောင်းပေးလိုက်ပါမယ်..။
ဒါဆိုရင်သူဟာ ဘောလုံးကစားနည်းကို အခုမှရောက်လာတယ်..၊ ခြောက်လပဲရှိသေးပေမယ့် တခြားလူတွေထက် ပိုပြီးရှေ့ကိုရောက်နေခဲ့တယ်လို့ ပြောနိုင်တာပေ့ါ..။ ဒါပေမယ့် လက်ရှိဘောလုံးလောကထဲမှာ သူတို့နည်းတူ လူတော်တွေ အများကြီးရှိပါတယ်…။ ဒါ့ကြောင့်အခုလက်ရှိ တော့ဒ် ဘိုလေး ပြုလုပ်ခဲ့တဲ့ နည်းလမ်းကို တခြားလူတွေ လုံးဝမစဉ်းစားမိခဲ့ဘူး.. ဆိုတာ မဖြစ်နိုင်ပါဘူး..။ ကျွန်တော်အဓိက စဉ်းစားနေတာက ဘဏ္ဍာရေးစည်းမျဉ်း (FFP) နဲ့ ကိုက်ညီဖို့အကြောင်း မဟုတ်ပါဘူး..။ ကစားသမား တစ်ယောက်ကို စာချုပ်ရှစ်နှစ် ချုပ်လိုက်ပါတယ်..။ လေးနှစ်လောက်ကြာတဲ့အခါ.. ဒါမှမဟုတ် နှစ်နှစ်ပဲ ထားပါတော့.. ခြေစွမ်းမပြနိုင်ဘူး.. အသင်းနဲ့အံမဝင်ဘူးဆိုရင် အသင်းကနေ ထွက်ခွာအောင်လုပ်ဖို့ အတော်လေးကို ခက်ခဲပါတယ်..။
ကဲ.. ရှစ်နှစ်သက်တမ်းနဲ့ပဲ ချုပ်ထားပါတယ်..၊ ခြေစွမ်းလည်း ပြနိုင်ပါတယ်..။ ဒါပေမယ့်နောက်ထပ် လေးနှစ်လောက်ကြာတဲ့အခါ ငွေကြေးတန်ဖိုးက အခုထက်မြင့်သွားပြီပဲ ဆိုကြပါစို့.. သူတို့တွေဟာ လက်ရှိစာချုပ်တွေနဲ့ မကျေနပ်၊ မတင်းတိမ်နိုင်တော့ဘူး..။ ဒါဆိုရင်နောက်လာမယ့် လေးနှစ်ကို ပိုက်ဆံပိုပေးဖို့ တိုးတောင်းပြီပေ့ါဗျာ..။ အဲဒီလိုသံသရာလည်နေမယ့် ကိစ္စတွေကို ဘယ်လိုပုံစံနဲ့ သူတို့စီမံခန့်ခွဲမယ်ဆိုတာ စဉ်းစားလို့တောင် မရပါဘူး..။
ဟိုးအရင်တုန်းက ချယ်လ်ဆီးမှာပဲ ကစားသမားတစ်ယောက်ရှိခဲ့တယ်.. ‘ဝင်စတန် ဘိုဂတ်’..၊ သူ့ကိုအသင်းကနေ ထွက်သွားအောင် ဘယ်လိုမှလုပ်လို့မရခဲ့ပါဘူး..။ သူဟာအသင်းမှာ လေ့ကျင့်ခန်းတောင် ဆင်းခွင့်မရခဲ့ပဲ နှစ်တွေအကြာကြီး လစာထိုင်ယူသွားခဲ့တဲ့ နမူနာတွေ ရှိခဲ့ပါတယ်..။ အခုဆိုရင် သူတို့အသင်းမှာ ကစားသမားတွေ အများကြီးပါပဲ..။ ဘဏ္ဍာရေးပိုင်းအရ အရှုံးခံနိုင်တယ်.. ဆိုရင်တောင် အဲဒီကစားသမား တစ်သိုက်ကြီးနဲ့ ဘယ်လိုများရှေ့ဆက်မဘ်..၊ ဘယ်လိုပုံစံ စီမံခန့်ခွဲမယ်..? ဆိုတာ စိတ်ဝင်စားစရာပါပဲ..။
ဂျော့ရှ် ဒန်ဆယ်လ် - ဆိုင်မွန် ရေ… ဘယ်ရောက်နေလဲဟ..? လုပ်ပါဦး..။ ခုနက ဂျေမီ တင်ပြခဲ့တဲ့ အချက်အပေါ် ချယ်လ်ဆီးပရိသတ်တွေရဲ့အမြင်၊ ရှုထောင့်ဘက်က ပြန်လည်ချေပပေးဖို့ ဆိုင်မွန် ကို ဖိတ်ခေါ်ပါတယ်…။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီနှစ်ခုအတွင်း အသင်းရဲ့အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ် ခင်ဗျားတို့ချယ်လ်ဆီး ပရိသတ်တွေ အရမ်းကိုစိတ်လှုပ်ရှားနေကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ တော့ဒ် ဘိုလေး ဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားဝယ်ယူမှုတွေအတွက် စတာလင်ပေါင် (၅၈၀) ကျော် သုံးစွဲခဲ့ပြီးပါပြီ..။ ဟုတ်တယ်မလားဗျ..
ဆိုင်မွန် ဖီးလစ် - မှန်ပါတယ်..။ ကျွန်တော်တို့ဘက်ကတော့ အရမ်းကိုကျေနပ်၊ အားရခဲ့ပါတယ်..။ ကျေနပ်အားရနေဆဲပါပဲ..။ ကျွန်တော်တို့အသင်း ခေါ်ယူခဲ့တာ ကမ္ဘာ့အဆင့် ကစားသမားတွေပါ..။ စက်သေနတ် ပစ်သလို တွေ့ကရာ ဝယ်နေတာပဲ.. ဘာ.. ညာ.. ဆိုတဲ့ တီးတိုး သဖန်းပိုးစကားတွေ ပြောနေကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို ကြည့်မယ်ဆိုရင် နောင်တစ်ချိန်မှာ တိုးတက်လာမယ့် လူငယ်သွေးသစ် ကစားသမားလေးတွေ ဖြစ်ကြတာကို တွေ့ရမှာပါ..။ မှန်ပါတယ်..သူတို့တွေကို စာချုပ်သက်တမ်း နှစ်အကြာကြီး ဖြန့်ပြီးချုပ်ဆိုရတယ်.. ဆိုတာကလည်း ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက် (FFP) တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်..။
အင်ဇို ဖာနန်ဒက်စ် ကို ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးပမာဏကို သေသေချာချာ ကြည့်မယ်ဆိုရင် အရင်ဆုံးပေးချေရမှာက စတာလင်ပေါင်သန်း (၄၀) ပဲရှိပြီး ကျန်တဲ့ပမာဏကို နောက်ထပ်ငါးနှစ်၊ ခြောက်နှစ် အရစ်ကျခွဲပြီး ပေးချေရမှာ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ခင်ဗျားတို့ပြောတဲ့ စတာလင်ပေါင်သန်း (၃၀၀) ဆိုတဲ့ ပမာဏဟာ အခုဇန်နဝါရီ တစ်လအတွင်း တစ်ထိုင်တည်းနဲ့ အကုန်သုံးပစ်လိုက်တာ မဟုတ်ပါဘူး..။ ဒ့ါကြောင့်ကျွန်တော်တို့အသင်းဟာ FFP သတ်မှတ်ချက်တွေအတိုင်း လိုက်နာနေနိုင်မယ်ဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်..။ တော့ဒ် ဘိုလေး တို့ဟာ သူတို့ဘာတွေ လုပ်နေလဲ.. သူတို့တွေ ကောင်းကောင်းသိပါတယ်..။ ခင်ဗျားတို့ စိတ်ချစမ်းပါဗျာ..
နောက်လာမယ့် နှစ်နှစ်၊ သုံးနှစ်ကျရင် ဒီအခန်းထဲမှာ ခင်ဗျားတို့နဲ့ ပြန်ပြီးဆုံချင်ပါသေးတယ်..။ အဲဒီအချိန်ကျရင် ခင်ဗျားတို့တွေဆီက ဘယ်လိုစကားသံတွေ ထွက်လာမလဲ.. သိချင်ပါသေးရဲ့ဗျာ..။ (ပရိသတ်များက လက်ခုပ်တီး အားပေးသံများ..) ဒါပေမယ့် သူတို့တွေ စနစ်တကျနဲ့ သုတေသန ပြုလုပ်ခဲ့တယ်..၊ ဒေတာတွေ၊ အချက်အလက်တွေကို သေသေချာချာ သုံးသပ်၊ လေ့လာခဲ့ကြပါတယ်..။ နောက်ပြီးကစားသမားတွေ ခေါ်ယူတာကို စနစ်တကျလုပ်နိုင်ဖို့ တကယ့်ကျွမ်းကျင်တဲ့သူ ငါးယောက်၊ ခြောက်ယောက်ပါတဲ့ ကစားသမားသစ် ခေါ်ယူရေးအဖွဲ့ကို (recruitment team) ခိုင်ခိုင်မာမာ ဖွဲ့စည်းခဲ့တယ်..၊ သူတို့လိုချင်တဲ့ ကစားသမားတွေကို သေသေချာချာ ရှာဖွေခဲ့ပါတယ်..။
ဂျော့ရှ် ဒန်ဆယ်လ် - နောက်ဆုံးတော့ Twitter, Space လူမှုကွန်ယက်တွေမှာ ချောင်းကြည့်တာနဲ့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်တွေကို အလစ်သုတ်တာနဲ့ပဲ အဆုံးသတ်သွားတာပဲမလား.. ဟားဟား..
ဆိုင်မွန် ဖီးလစ် - တော့ဒ် ဘိုလေး ဟာ Twitter ပေါ်မှာ အားလုံးကို အနိုင်ကြဲသွားခဲ့တာပါဗျာ… ဟားဟား..။ ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တွေကလည်း သူတို့တွေ လုပ်သွားခဲ့တဲ့ပုံစံကို နှစ်သက်တယ်လေဗျာ..။ တော့ဒ် ဘိုလေး ဟာ ချယ်လ်ဆီး ပရိသတ်တွေရဲ့ အသံကိုနားထောင်တယ်..။ Conn ရဲ့ Space ဖိုရမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်၊ နားထောင်ခဲ့သလို ကျွန်တော်တို့ရဲ့ မှတ်ချက်တွေ၊ ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေလည်း ဖတ်ခဲ့ပါတယ်..။ အဲဒီအလေ့အထကတော့ ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်ကနဲ့ သိသိသာသာကြီး ကွဲပြားခဲ့တယ်လို့ ထင်တာပဲ..။
ကစားသမားခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ခုနက ဂျေမီ ပြောခဲ့တဲ့ နှစ်ရှည်စာချုပ်တွေပေ့ါဗျာ..။ ခင်ဗျားရဲ့ထောက်ပြချက်က တကယ့်ကိုကောင်းပါတယ်..။ ရေရှည်ကိုကြည့်မယ်ဆိုရင် စဉ်းစားရမယ့်အချက်ပါ..။ နောင်တစ်ချိန်ကျရင် အဲဒီအကြောင်းတွေကို ထပ်ပြီးပြောရမှာ အသေအချာပဲ..။ ဒါပေမယ့် အဲဒီနှစ်ရှည်စာချုပ်တွေမှာ သိပ်ပြီးမများလှတဲ့ အခြေခံလစာ (basic fees) တစ်ခုအပေါ်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အပိုဆုကြေး (bonuses) တွေကို ထပ်ဆောင်းပေးသွားတာ ဖြစ်တဲ့အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တာ..၊ ပရီးမီးယားလိဂ် ဗိုလ်စွဲခဲ့ရင်.. စသဖြင့် အောင်မြင်မှုတွေအပေါ် မူတည်ပြီး သူတို့တွေရဲ့ လစာဟာ မြင့်မားသွားပါလိမ့်မယ်..။ ဒါ့အပြင်အခုလို စာချုပ်ပါအချက်တွေဟာ ကစားသမားတွေကို ပိုပြီးစိတ်အား တက်ကြွလာစေမယ်..၊ ကြိုးစားချင်စိတ် ပိုမိုဖြစ်ထွန်းလာစေမှာ ဖြစ်ပါတယ်..။
ဂျော့ရှ် ဒန်ဇယ်လ် - ဆိုင်မွန် ရေ.. ခဏလေး… ကစားသမား တစ်ယောက်ကို ရှစ်နှစ်၊ ကိုးနှစ်စသဖြင့် နှစ်ရှည်စာချုပ်တွေ ချုပ်ခြင်းဖြင့် ဘယ်လိုလုပ်ပြီး အခြားပြင်ပ စိတ်အားတက်ကြွမှုတွေ ရှိလာနိုင်ဦးမှာလဲ..?
ဂယ်ရီ နဗီးလ် - ကျွန်တော်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ခုနှစ်နှစ်သက်တမ်း စာချုပ်ချုပ်ဖူးပါတယ်..။ ဒါပေမယ့် အခုလိုပုံစံနဲ့တော့ မတူပါဘူး..။ ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်မှာမဟုတ်သလို အသင်းကထွက်ဖို့ စိတ်ကူးလည်းမရှိပါဘူး..။ ဒါ့အပြင် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာကြည့်ပြီး အသင်းဘက်က ပြန်ပြီးညှိပေးလိမ့်မယ်ဆိုတာ ယုံကြည်ခဲ့ပါတယ်..။ အခုချယ်လ်ဆီးအသင်းက စာချုပ်တွေမှာတော့ အဲဒီလို ကစားသမားတွေကို စိတ်အားတက်ကြွေစေဖို့ အကြောင်းတွေ ထည့်ပြီးစဉ်းစားကြလိမ့်မှာ မဟုတ်ပါဘူး..။ ကျွန်တော်တို့တုန်းက ခြောက်နှစ်တစ်ကြိမ်၊ ခုနှစ်နှစ်တစ်ကြိမ်.. နှစ်ရှည်စာချုပ်တွေ ချုပ်ခဲ့ပေမယ့် စိတ်ထဲမှာ ဘာမှပူပန်နေခဲ့တာ၊ အရှည်ကိုတွေးတောခဲ့တာ မရှိခဲ့ပါဘူး.။
မှန်ပါတယ်…၊ ခင်ဗျားတို့အသင်းဟာ ကစားသမားတွေ ခေါ်ယူဖို့ ငွေကြေးအများကြီး သုံးစွဲခဲ့တယ်..၊ လူငယ်ကစားသမားတွေကို နှစ်ရှည်စာချုပ်တွေနဲ့ သဘောတူနိုင်ခဲ့ပါတယ်…။ အဲဒီလှုပ်ရှားမှုတွေဟာ စိတ်လှုပ်ရှားဖို့ တကယ်ကောင်းပါတယ်..။ ဒါပေမယ့် ခင်ဗျားတို့သွားနေတဲ့ လမ်းကြောင်းဟာ တစ်ခုခုလွဲနေတယ်လို့ မထင်မိဘူးလား..? ‘မှန်ကန်တဲ့လမ်းကြောင်း ဟုတ်ရဲ့လား..?’ ပြန်စဉ်းစားဖို့ လိုတာပေ့ါ..။
ဆိုင်မွန် ဖီးလစ် - ၂၀၀၃ ခုနှစ်.. ချယ်လ်ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ခ်ျ ဝယ်ယူတုန်းကအချိန်ကို ပြန်စဉ်းစားကြည့်ဖို့ လိုပါမယ်..။ အဲဒီအချိန်တုန်းက ရိုမန် ကလည်း အချိန်တိုအတွင်းမှာ အသင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့တာဆိုတော့ အခုအတိုင်း တစ်ပုံစံထဲ ပြုလုပ်ခဲ့တာပါပဲ..။ အခုနှစ်ပေါင်း (၂၀) ကြာသွားတဲ့အချိန်ကျ ပြောင်းရွှေ့ကြေးတွေ၊ လခတွေ အများကြီး မြင့်သွားခဲ့ပြီပေ့ါ..။ တကယ်တော့ ဘယ်ကစားသမားမှ စတာလင်ပေါင်သန်း (၁၀၀) တန်တယ်လို့ မထင်မိပါဘူး..။ အင်ဇို ဖာနန်ဒက်စ် ဟာ အခုပေါက်ဈေးနဲ့တန်ရဲ့လားလို့ မေးလာရင် သူဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုပထမဆုံးပွဲမှာတောင် ကစားခွင့်မရခဲ့ပါဘူး..။
ဒါပေမယ့်သူဟာ ကျွန်တော်တို့အသင်း အမှန်တကယ်လိုအပ်နေတဲ့..၊ ဦးစားပေး ခေါ်ယူရမယ့် ကစားသမား ဖြစ်နေပါတယ်..။ သူ့ရဲ့အရည်အချင်း (profile) နဲ့ ကစားတဲ့နေရာ (position) ဟာ ကျွန်တော်တို့အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေပါတယ်..။ ဒ့ါကြောင့်အခုလိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ မျက်စိမှိတ် ခေါ်ယူလိုက်ရတဲ့ပုံစံ ဖြစ်နေပါတယ်..။
တကယ်လို့ ဂျုဒ် ဘယ်လင်ဂမ် ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကျရင် အသင်းပြောင်းမယ်.. ဆိုပါတော့..၊ သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ စတာလင်ပေါင်သန်း (၁၅၀) အနည်းဆုံး ရှိပါလိမ့်မယ်..။ ဒ့ါကြောင့်အင်ဇို ဖာနန်ဒက်စ် လို အရည်အသွေးမျိုးရှိတဲ့ ကွင်းလယ် ကစားသမားတစ်ယောက်ကို လက်ရှိအပြောင်းအရွှေ့ ဈေးကွက်မှာ စတာလင်ပေါင်သန်း (၁၀၀) လောက် မပေးပဲနဲ့ မရနိုင်ပါဘူး..။
ဂျေမီ ကာရေဂါ - ခင်ဗျားပြောနေတဲ့ အချက်တွေကို ကျွန်တော်နားလည်ပါတယ်..။ ဒါပေမယ့် ခင်ဗျားတို့ အခုခေါ်လိုက်တဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေဟာ လက်ကုန်ပဲလား..? နာက်ထပ်အားဖြည့်တာတွေ မလုပ်တော့ဘူးလား..? ဒီအသင်းအပေါ်ပဲအခြေခံပြီး အနာဂတ်ကို တည်ဆောက်မှာဆိုတာ သေချာနေလို့လားဗျ..။ အဲဒါဆိုရင် ခင်ဗျားတို့ပြောတဲ့ပုံစံ.. အခြေခံလစာတစ်ခုအပေါ် တစ်နှစ်ကို (၁၀%) ရာခိုင်နှုန်းနဲ့ပဲ တိုးသွားတယ်ပေါ့ဗျာ..။ ဒါဆိုရင် အဆင်ပြေပါတယ်..။
ဒါပေမယ့် အခုဝယ်ယူထားတာ (၁၀) ယောက်လောက် ရှိပါမယ်..။ ကစားသမားတွေကို စာချုပ်သက်တမ်း (၈) နှစ် ဝန်းကျင်လောက်နဲ့ ချုပ်ထားတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အစဉ်အလာအတိုင်းဆိုရင် အနည်းဆုံး မန်နေဂျာ သုံးယောက်၊ လေးယောက်လောက် ပြောင်းလဲသွားဦးမယ်လို့ ဆိုကြပါစို့…။ မန်နေဂျာတွေဟာ တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေ မတူကြသလို ကစားနည်းစနစ်တွေ မတူညီကြပါဘူး.။ ဒ့ါကြောင့် ခင်ဗျားပြောသလို အင်ဇို ဖာနန်ဒက်စ် ကို တစ်နှစ်ကို စတာလင်ပေါင် (၁၀) သန်းနဲ့ နောက်ထပ် (၈) နှစ် ဆက်ပြီးပေးချေရဦးမယ်လို့ပဲ ဆိုကြပါစို့..။ ဒါပေမယ့် နောက်လာမယ့် နှစ်နှစ်၊ သုံးနှစ်လောက်ကျရင် ကစားသမားတွေထပ်ပြီး အားဖြည့်ရဦးမှာပါ..။
အဲဒီလိုပုံစံနဲ့ ကစားသမားတွေ အပုံကြီးဖြစ်လာမယ်..၊ ရောင်းချဦးမယ်..၊ ထပ်ပြီးဝယ်ယူဦးမယ်..။ နောက်ထပ် မန်နေဂျာအသစ် ရောက်လာပါဦးမယ်..။ ဒါ့ကြောင့်ခင်ဗျားပြောသလို ကစားသမားတစ်ယောက်ချင်းစီကို (၁၀) နှစ် စာချုပ်နဲ့ဖြန့်ပြီး ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အံဝင်အောင် ပြုလုပ်တဲ့ပုံစံ မဟုတ်ပါဘူး..။ ကစားသမားသစ်တွေ ထပ်ပြီး ရောက်လာဦးမယ်..၊ မန်နေဂျာသစ်တွေ ထပ်ပြီးရောက်လာဦးမယ်..။ အဲဒီလိုနဲ့ သံသရာ ပြန်ပြီးလည်နေဦးမှာပါ..
ဂယ်ရီ နဗီးလ် - အခုဘောလုံးရာသီစတဲ့အချိန် ကျွန်တော်တို့ရဲ့ The Overlap စကားဝိုင်း အစီအစဉ်မှာပဲ တော့ဒ် ဘိုလေး ရဲ့ ကစားသမား ခေါ်ယူမှုပုံစံဟာ ကစဉ့်ကလျားနဲ့ အတော်လေးကို အစီအစဉ်မကျဘူးလို့ (chaotic) ကျွန်တော် ဝေဖန်ခဲ့ဖူးပါတယ်..။ အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြုလုပ်ခဲ့တဲ့ ခေါ်ယူမှုတွေက အဲဒီလောက် ကစဉ့်ကလျား မဖြစ်တော့ပါဘူး..။ သူတို့တွေလျှောက်လှမ်းချင်တဲ့ မဟာဗျူဟာလမ်းကြောင်းကို မြင်နေရပါတယ်..။
ဒါပေမယ့် မာ့စ် ကူကူရယ်လာ ကို စတာလင်ပေါင် (၆၄) သန်း၊ ဖာနန်ဒက်စ် ကို စတာလင်ပေါင် (၁၀၅) သန်း ပေးပြီးဝယ်ယူခဲ့ပါတယ်..။ သူတို့တွေဟာ နောက်ခံအစွန်လူ၊ နောက်တစ်ယောက်က ဗဟိုခံစစ်မှူးတွေရဲ့ရှေ့မှာ နေရာယူတဲ့ ကွင်းလယ်အဖျက် ကစားသမား..။ အဲဒီလိုနေရာက ကစားသမားတွေရဲ့ အမြင့်ဆုံးဈေးက ရိုဒရီဂို၊ ဖာဘင်ဟို၊ ကက်စ်မီးရို တို့ကို ပေးချေရတဲ့ စတာလင်ပေါင်သန်း (၅၀)၊ သန်း (၆၀) လောက်ပဲ ဖြစ်သင့်ပါတယ်..။ သူတို့တွေကို ပေးချေရတဲ့ ပြောင်းရွှေ့ကြေးဟာ တစ်နှစ်ကိုသွင်းဂိုး (၃၀) လောက် အာမခံနိုင်တဲ့ အကောင်းစား ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ကို ပေးချေရတဲ့တန်ဖိုးမျိုး မဖြစ်သင့်ပါဘူး..။
ဒ့ါကြောင့်ခင်ဗျားတို့အသင်းမှာ လိုအပ်နေတဲ့ နေရာတွေအတွက် ခေါ်ယူခဲ့တဲ့အခါမှာ ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးတွေဟာ ထူးဆန်းနေပါတယ်..။ ထူးဆန်းတဲ့ အပြောင်းအရွှေ့တွေပေ့ါဗျာ..။ ခင်ဗျားတို့ ခေါ်ယူလိုက်တဲ့ ကစားသမားတွေဟာ မကောင်းဘူး..၊ အလားအလာ မရှိပါဘူး.. လို့ ပြောတာ မဟုတ်ပါဘူး..။ ဒါပေမယ့် ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးတွေက တကယ့်ကို ရူးရူးမိုက်မိုက် ပေးပစ်လိုက်တာလို့ပဲ မြင်မိပါတယ်..။
ဆိုင်မွန် ဖီးလစ် - ကူကူရယ်လာ နဲ့ ပတ်သက်ရင်တော့ ခင်ဗျားရဲ့အမြင်ကို ငြင်းစရာ မရှိပါဘူး…။ နွေရာသီမှာတုန်းက တော့ဒ် ဘိုလေး နဲ့ Clearlake အဖွဲ့ဟာ ချယ်လ်ဆီးကို ရောက်လာခါစပဲ ရှိပါသေးတယ်..။ သူတို့ဟာ အမေရိကန် အားကစားလောက အတွေ့အကြုံ အများကြီးရှိခဲ့တယ်..၊ LA Dodgers အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပေမယ့် ဘောလုံးလောက အတွေ့အကြုံ လုံးဝမရှိခဲ့သလို ဘောလုံးအသင်းတစ်သင်းဟာ အမေရိကန် အားကစား အသင်းတွေနဲ့ မတူပါဘူး..။
ဒ့ါကြောင့်သူတို့ဟာ အကောင်းဆုံးဆိုတဲ့ ဘောလုံးကင်းထောက်တွေကို ရအောင်ခေါ်ယူပြီး အသင်းရဲ့ကစားသမား ခေါ်မယ့်အဖွဲ့ (recruitment team) ကို ဖွဲ့စည်းခဲ့ပါတယ်..။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သူတို့ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ အရည်အသွေး၊ အဆင့်အတန်းနဲ့ ခေါ်ယူခဲ့တဲ့ပုံစံတွေဟာ နွေရာသီတုန်းကနဲ့ ဘာမှမဆိုင်ပါဘူး..။ အင်ဇို ဖာနန်ဒက်စ် ဆိုရင် ကျွန်တော်တို့အသင်းမှာ အမှန်တကယ် လိုအပ်နေတဲ့ ကစားသမားပါ..။ မူဒရစ်ခ် ဆိုရင် အဲဒီလိုကစားသမားမျိုး ကျွန်တော်တို့ လိုအပ်နေခဲ့တာပါ..
ဂျော့ရှ် ဒန်ဇယ်လ် - ဒါဆိုရင် ဘာဖြစ်လို့ အရည်အသွေးမြင့် တိုက်စစ်မှူးကောင်းတစ်ယောက် မဝယ်ခဲ့တာလဲဗျ..?
ဆိုင်မွန် ဖီးလစ် - သိပါတယ်..။ လာပါလိမ့်မယ်.. (ပရိသတ်များ၏ ရယ်သံများ..)
ဂျေမီ ကာရေဂါ - နေပါဦး.. မူဒရစ်ခ် က မင်းတို့အမှန်တကယ် လိုအပ်နေတယ်လို့ ပြောခဲ့တယ်နော်..။ နွေရာသီတုန်းကမှ ရာဟင်း စတာလင်း ကို ခေါ်ထားတာ မဟုတ်ဘူးလား..
ဆိုင်မွန် ဖီးလစ် - နွေရာသီတုန်းက ပြုလုပ်ခဲ့တဲ့ ခေါ်ယူတွေဟာ ဒွိဟဖြစ်စရာတွေ၊ မေးခွန်းထုတ်စရာတွေ အများကြီးပါ..။ ချယ်လ်ဆီးပရိသတ်အများစုဟာ ကျွန်တော်တို့နဲ့ သဘောထားတူကြပါတယ်..။ ကူလီဘာလေ ရောက်လာတယ်..။ သူဟာအသင်းမှာ ရုန်းကန်နေရတဲ့ ဆိုပေမယ့် ရောက်လာတဲ့ အချိန်တုန်းက အီတလီ စီးရီးအေပြိုင်ပွဲက ရောက်လာတဲ့ ကမ္ဘာ့အဆင့် နောက်ခံလူဆိုပြီး အားလုံးက လက်ခံခဲ့ကြပါတယ်..။ ရာဟင်း စတာလင်း ဆိုရင်လည်း အကုန်လုံးက လက်ခံခဲ့ကြတာပါပဲ..။ ကူကူရယ်လာ နဲ့ တစ်ချို့ကစားသမားတွေကိုတော့ သံသယရှိခဲ့ကြပါတယ်..။
ဒါပေမယ့် နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေနဲ့ အခုဇန်နဝါရီမှာ ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အခုဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ အမှန်တကယ်လိုအပ်တဲ့ နေရာတွေကို အားဖြည့်ခဲ့တယ်လို့ပဲ မြင်မိပါတယ်…။
အာဆင်နယ် ပရိသတ်တစ်ဦး - ခင်ဗျားတို့အသင်းပိုင်ရှင်တွေဟာ နွေရာသီတုန်း ဘောလုံးအသင်းတစ်သင်းကို ဘာလိုမောင်းနှင်ရမယ်ဆိုတာ သေသေချာချာ မသိခဲ့တဲ့သူတွေအဖြစ်ကနေ ခြောက်လအတွင်း အခုဇန်နဝါရီလဲရောက်ရော ဘယ်လိုလုပ်ပြီး ကစားသမား ခေါ်ယူတဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်တွေ (experts) အဖြစ် ချက်ချင်းပြောင်းလဲသွားကြတာလဲဗျ..?
ဆိုင်မွန် ဖီးလစ် - သူတို့ဟာ ကစားသမား ခေါ်ယူတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေကို ဌားရမ်းလိုက်တယ်လေဗျာ..။ အခုဆိုရင်အသင်းရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့ကို အဲဒီလိုကျွမ်းကျင်ပညာရှင် ငါးယောက်နဲ့ ဖွဲ့စည်းထားပါတယ်..။
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ဦး - ဟုတ်ပါပြီ..။ အသင်းပိုင်ရှင်သစ်တွေဟာ ခင်ဗျားတို့အသင်းကို ကင်းထောက်အသစ်တွေ၊ ကစားသမား ခေါ်ယူတဲ့အဖွဲ့အသစ်တွေနဲ့ ဖွဲ့စည်းထားတယ်..။ နောက်ပြီးပရိသတ်တွေ ဆန္ဒပြုတဲ့၊ ပရိသတ်တွေ နှစ်ခြိုက်တဲ့ ကစားသမားတွေကိုလည်း စိတ်ကျေနပ်မှုရအောင် ခေါ်ယူပေးပါတယ်..။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေကျေနပ်အောင် ဖယ်လ်ကာအို၊ ဒီ မာရီယာ၊ လူကာကူ တို့ကို ခေါ်ယူပေးခဲ့တဲ့ ကျွန်တော်တို့အသင်းက အက်ဒ် ဝုဒ်ဝါ့ဒ် ရဲ့ လုပ်ရပ်နဲ့ထပ်တူပါပဲ..။ စီ ရော်နယ်လ်ဒို.. ဆိုတော့လည်း ရအောင်ပြန်ခေါ်ပေးတာပါပဲ..။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး..။
ဆုဖလားတွေ ဆွတ်ခူးနိုင်မယ့်အသင်းကို တည်ဆောက်တဲ့နေရာမှာ နာမည်ကြီး ထိပ်တန်းကစားသမားကြီးတွေကိုပဲ ခေါ်ယူရမယ်ဆိုတာမျိုး မရှိပါဘူး..။ ရေရှည်မှာငွေကြေးတွေကို အကျိုးရှိရှိ ဘယ်လိုသုံးစွဲတယ်..၊ ဘယ်လိုနည်းလမ်းနဲ့ မှန်မှန်ကန်ကန် သုံးစွဲခဲ့တယ်.. ဆိုတာကပဲ အရေးကြီးပါတယ်..။ တကယ်တော့ နွေရာသီတုန်းက ဘောလုံးအကြောင်း ဘာမှမသိတဲ့သူတွေ..၊ ဘာ.. ညာ.. အဲဒါတွေက အရေးမကြီးဘူးပဲ ထားလိုက်ပါတော့…၊ ခြောက်လလည်းရောက်ရော ဇန်နဝါရီကျ ခင်ဗျားတို့ ခေါ်ယူခဲ့တဲ့သူတွေဟာ တကယ့်ကို မှန်ကန်တဲ့သူတွေ၊ ခေါ်သင့်ခေါ်ထိုက်တဲ့သူတွေဆိုပြီး ချက်ချင်းလက်ငင်း ခေါင်းစဉ်တွေပြောင်းကုန်တာဟာလည်း သိပ်တော့အဓိပ္ပါယ် မရှိသလိုပါပဲ..။
ဆိုင်မွန် ဖီးလစ် - ဟာ့.. အဓိပ္ပါယ်ရှိတာပေ့ါ..။ မှန်ပါတယ်..။ တော့ဒ် ဘိုလေး၊ ဘာဒက် အက်ဂ်ဘာလေ တို့ဟာ ဘောလုံးအကြောင်း နက်နက်နဲနဲ မသိပါဘူး..။ သိစရာလည်း မလိုပါဘူး..။ ဒါပေမယ့် ကစားသမားတွေ ခေါ်ယူဖို့ သူတို့ဌားရမ်းလိုက်တဲ့သူတွေက ကျွမ်းကျင်ပညာရှင်တွေပါ..။ အဲဒီလူအများစုက ဘရိုက်တန်အသင်းကနေ လာခဲ့တယ်..၊ ဂရေဟမ် ပေါ်တာ နဲ့ အချိန်အကြာကြီး လက်တွဲခဲ့တဲ့သူတွေ ဖြစ်ခဲ့တာကြောင့် နည်းပြအကြိုက်၊ နည်းပြရဲ့ ကစားကွက်နဲ့ ကိုက်ညီမယ့်သူတွေကို သူတို့ကောင်းကောင်းသိပါတယ်..။
ဂရေဟမ် ပေါ်တာ ဟာ အသင်းရဲ့အနာဂတ် ရေရှည်စီမံချက်အတွက် ခန့်အပ်ထားတဲ့ နည်းပြဖြစ်ပါတယ်..။ သူ့ကိုဝန်းရံပေးမယ့် ကစားသမား ရှာဖွေရေး၊ လူငယ်သွေးသစ် ရှာဖွေရေး အဖွဲ့ဝင်တွေဟာ သူ့ရဲ့အကြောင်း ကောင်းကောင်းသိထားပြီးသားသူတွေ ဖြစ်ကြပါတယ်..။ ဂရေဟမ် ပေါ်တာ အတွက် ဘယ်လိုကစားသမားတွေ ရှာဖွေပေးရမယ်ဆိုတာ သိထားပါတယ်..။ သူတို့တွေဟာ အသင်းတစ်သင်းလို စုစုစည်းစည်းနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်..။
ဂျေမီ ကာရေဂါ - ဂရေဟမ် ပေါ်တာ ဟာ ကစားသမားခေါ်ယူတဲ့နေရာမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်လို့ ခင်ဗျားထင်လို့လား..? ကစားသမားတွေ ခေါ်ယူဖို့ သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့ရှိတယ်ဆိုပေမယ့် ဘရိုက်တန်အသင်းမှာ သူတို့ဆောက်ရွက်ခဲ့တဲ့ စီမံချက်ဟာ အခုချယ်လ်ဆီးအသင်းမှာ ကြုံနေတဲ့စိန်ခေါ်မှုတွေနဲ့ လုံးဝခြားနားတယ်နော်..။
ဂျော့ရှ် ဒန်ဇယ်လ် - မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းကို ပြန်လည်တည်ဆောက်တဲ့အခါ ဘရိုက်တန်အသင်းတုန်းက အယူအဆတွေနဲ့ တည်ဆောက်လို့မရမှာ အမှန်ပါပဲ..။ ကဲ… အချိန်လင့်နေပြီမို့ ချယ်လ်ဆီးအသင်းရဲ့ ငွေကြေးသုံးစွဲမှုနဲ့ အနာဂတ်အကြောင်း ဆွေးနွေးမှုကို ဒီမှာပဲ တစ်ခန်းရပ်ခွင့်ပြုပါခင်ဗျား.။