feature-image

‘ကစားသမားသစ်တွေကို အချိန်ပေးရမယ်..’ ဆိုတဲ့ ရိစ် ဂျိမ်းစ် နဲ့ တွေ့ဆုံခြင်း

Premier League Production မှ ယခုတစ်ပါတ်တွင် တင်ဆက်ခဲ့သော Kelly and Wrighty Show အစီအစဉ်တွင် အစီအစဉ် တင်ဆက်သူ ကယ်လီ ကိတ်စ် နှင့် အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အီယန် ရိုက် တို့က ချယ်လ်ဆီးအသင်း ညာနောက်ခံလူ ရိစ် ဂျိမ်းစ် နှင့် တွေ့ဆုံခဲ့ရာတွင် ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း ရရှိသင့်သည့် ပင်နယ်တီငြင်းပယ်ခံရသည့်အပေါ် မန်နေဂျာ ဂရေဟမ် ပေါ်တာ ၏ တုံ့ပြန်မှုအပါအဝင် လက်ရှိအသင်း၏ အခြေအနေ၊ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ရောက်ရှိလာခဲ့သည့် ကစားသမားသစ်များနှင့် အနာဂတ်အလားအလာများအပေါ် သူ၏အမြင်များကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်…။

ကယ်လီ ကိတ်စ် - အခုတစ်ပါတ်မှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလာခဲ့သူကတော့ ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမား တစ်ယောက်ဖြစ်တဲ့ ညာနောက်ခံလူ ရိစ် ဂျိမ်းစ် ပဲ ဖြစ်ပါတယ်..။ သူဟာမကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ဖူးလ်ဟမ်းနဲ့ပွဲကစတင်လို့ အသင်းအတွက် အပြည့်အ၀ ပြန်လည်ပါဝင်ပေးနေပါပြီရှင့်..။ ရိစ် ရေ.. အခုလိုမအားလပ်တဲ့ကြားက ကျွန်မတို့ကို အချိန်ပေးပြီး တွေ့ဆုံပေးတာ ကျေးဇူးပါ..။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့စနေနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်နဲ့ပဲ အရင်ဆုံး စကြရအောင်..

ရှင်တို့အသင်း ရရှိသင့်တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ငြင်းပယ်ခံရတဲ့အကြောင်းကို မဆွေးနွေးခင် အဲဒီပွဲစဉ်မှာ အသင်းရဲ့ခြေစွမ်းအပေါ် အရင်ဆုံးသုံးသပ်ပေးပါလား..



ရိစ် ဂျိမ်းစ် - ကျွန်တော်ကတော့ အရမ်းလည်းမကောင်းခဲ့သလို အရမ်းလည်း မဆိုးရွားခဲ့ပဲ သာမာန်အတိုင်း ကစားနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲလို့ပဲ သုံးသပ်ချင်ပါတယ်..။
အီယန် ရိုက် - ပထမပိုင်း ပွဲအစပိုင်းမှာ ခင်ဗျားတို့အသင်း ကစားတာ ကောင်းပါတယ်ဗျ…၊ မဟုတ်ဘူးလား..?
ရိစ် ဂျိမ်းစ် - ပွဲအစပိုင်းမှာ ကျွန်တော်တို့အသင်းရဲ့ ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် နောက်ပိုင်းမှာ ဓါတ်ဆီကုန်သွားတဲ့ မော်တော်ကားတစ်စင်းလို ဖြစ်သွားခဲ့ပါတယ်..။ အထူးသဖြင့် ချေပဂိုးပေးလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ပွဲရဲ့အရှိန် နည်းနည်းမျောသွားသလို ဖြစ်သွားပြီး နှစ်သင်းစလုံး သေချာပေါက် ဂိုးသွင်းခွင့်တွေ သိပ်ပြီးမဖန်တီးနိုင်ကြတော့ပါဘူး..။

မှန်ပါတယ်..။ ပွဲပြီးခါနီးမှာ ဝက်စ်ဟမ်းအသင်းရဲ့ တိုမက်စ် ဆူချက်ခ် ရဲ့ လက်ထိဘောကနေတဆင့် ကျွန်တော်တို့အသင်း ပင်နယ်တီရခဲ့သင့်ပါတယ်..။ အဲဒီဖြစ်ရပ်ဟာ အတော်လေးကို ရှင်းလင်းတာပဲဗျ..



ကယ်လီ ကိတ်စ် - ကျွန်မကလည်း အဲဒီအကြောင်းကိုပဲ မေးချင်နေတာပါ..။ တနင်္ဂနွေနေ့ပွဲတွေအပြီးမှာ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ (PGMOL) က ဒီတစ်ပါတ်ပွဲစဉ်တွေမှာ VAR ဒိုင်တွေရဲ့ မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်..။ ပွဲချိန် (၈၉) မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်ဟာလည်း သေချာပေါက် ပင်နယ်တီပေးရမယ့် ဖြစ်ရပ်ပါပဲ..။

အဲဒါနဲ့တစ်ဆက်ထဲ ကျွန်မတို့မေးချင်တာက အဲဒီဖြစ်ရပ်အပေါ် ပွဲအပြီးမှာ ရှင်တို့အသင်းနည်းပြ ဂရေဟမ် ပေါ်တာ ပြုလုပ်ခဲ့တဲ့ မှတ်ချက်တွေဟာ အရမ်းကိုတည်ငြိမ် အေးဆေးလွန်းနေခဲ့တာပဲရှင့်..။ အဲဒါကြောင့် နည်းပြအနေနဲ့ ဒီအကြောင်းကို အခုထက်ပိုပြီး ထိထိရောက်ရောက် ဝေဖန်၊ ပြောကြားသင့်တယ်.. ဆိုတဲ့အသံတွေဟာ ကစားသမားဟောင်းကြီးတွေဆီက တညီတညွတ်ထဲ ထွက်ပေါ်လာပါတယ်..။ အဲဒီတော့ ရှင့်အနေနဲ့ အခုလိုဖြစ်ရပ်တွေအပေါ် အေးအေးဆေးတုံ့ပြန်တဲ့ မန်နေဂျာကို နှစ်သက်သလား..? ဒါမှမဟုတ် ကျယ်ကျယ်လောင်လောင် ဝေဖန်တတ်တဲ့ မန်နေဂျာမျိုးကို ပိုပြီးသဘောကျလား..?

ရိစ် ဂျိမ်းစ် - နှစ်မျိုးစလုံးက အဆင်ပြေပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒိုင်လူကြီးက ဆုံးဖြတ်ပြီးသွားပြီ..။ VAR ဒိုင်ကလည်း ဒိုင်လူကြီးကို ကွင်းဘေးက မော်နီတာကိုသွားကြည့်ဖို့ ညွှန်ကြားခဲ့တာ မရှိပါဘူး..။ ဖြစ်သွားပြီးတဲ့ အရာတွေကို နောက်ပြန်လှည့်လို့မှ မရနိုင်တော့တာ…။ ဒ့ါကြောင့်ဖြစ်ပျက်ပြီးသွားခဲ့တဲ့ အရာတွေအပေါ် စိတ်ဆိုး၊ ဒေါသထွက်ပြီး ယူကျုံးမရ ဖြစ်နေလို့ ဘာအကျိုးရှိမှာလဲဗျ..။

အဲဒီအကြောင်းကို ထိထိရောက်ရောက် ဝေဖန်ခဲ့မယ်ဆိုရင်တောင် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်သွားပါပြီ..။ အမှတ်တွေလည်း လျော့သွားခဲ့ပြီလေ..။ သူတို့တွေရဲ့အမှားဟာ အရမ်းကိုရှင်းပါတယ်..။ ဒါ့အပြင် အဲဒီလိုအမှားတွေ မကြာခဏ ဖြစ်ပွားနေတာ ကျွန်တော်တို့တွေလည်း မြင်တွေ့နေရတာပါပဲ..။ ဒ့ါကြောင့်အခုဒီပွဲမှာ မကြုံရင်တောင် နောက်လာမယ့်တစ်ပွဲပွဲကျရင် ထပ်ပြီးကြုံတွေ့နိုင်ပါတယ်..။

တကယ်တော့ ဒိုင်လူကြီးအဖွဲ့အနေနဲ့ အဲဒီလိုအမှားတွေ မကြာခဏ ဖြစ်ပွားနေတာကို ရှောင်လွှဲနိုင်အောင် ဘယ်လိုပြုလုပ်ရမလဲ..? ဆိုတာကို စဉ်းစားဖို့ကောင်းနေပါပြီ..။ သူတို့တွေကြောင့် ထိခိုက်၊ နစ်နာတဲ့သူတွေ အတော်များနေပြီဆိုတော့ အသင်းတွေဘက်ကကြည့်ရင် နစ်နာတာပေ့ါဗျာ…



အီယန် ရိုက် - ခုနက ကယ်လီ ရဲ့ မေးခွန်းကိုပြန်ပြီး ဆက်ရမယ်ဆိုရင် ချယ်လ်ဆီးအသင်းမှာ ခင်ဗျားကြုံတွေ့ခဲ့ရတဲ့ မန်နေဂျာတွေရဲ့ အပြုအမူတွေဟာ ဆန့်ကျင်ဘက်လို ဖြစ်နေတာကိုးဗျ..။ တူခယ်လ် ကတော့ ကွင်းဘေးမှာ အမြဲတမ်းလှုပ်ရှားနေပြီး တစ်ချိန်လုံး ခင်ဗျားတို့ကို ညွှန်ကြားချက်တွေ ပေးနေတယ်..၊ ဂရေဟမ် ပေါ်တာ ကျတော့ အမြဲတမ်းလိုလို ငုတ်တုတ်ကြီးပဲ ထိုင်နေပြီး အရမ်းကို တည်ငြိမ်၊ အေးဆေးလွန်းပါတယ်..။ အဲဒီလိုသူတို့နှစ်ယောက်ရဲ့ ဆန့်ကျင်ဘက် အပြုအမူတွေ၊ ပုံစံတွေဟာ ခင်ဗျားတို့အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိခဲ့လဲ..

ရိစ် ဂျိမ်းစ် - ကျွန်တော်ကတော့ အရမ်းကြီးခြားနားတယ်လို့ မထင်မိပါဘူး..။ နည်းပြတွေရဲ့ technical area နား ရောက်သွားပြီဆိုရင် သူတို့တွေရဲ့ ညွှန်ကြားချက်တွေကို နားထောင်ရပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ ပွဲအပေါ်မှာ အဓိကအာရုံစူးစိုက်ထားရတာ ဖြစ်တာကြောင့် သူတို့တွေ ဘာတွေပြောတယ်..၊ ဘယ်လိုပုံစံတွေ ပြောခဲ့တယ်..၊ သူတို့တွေ ဘယ်လိုပုံစံ ပြုမူကြတယ်.. ဆိုတဲ့အပေါ် အရမ်းကြီးအလေးအနက် မထားနိုင်ကြပါဘူး..။ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့အကောင်းဆုံး ခြေစွမ်းရရှိအောင် ဘယ်လိုကြိုးစားမယ်..၊ အသင်းရဲ့အနိုင်ပွဲကို ဘယ်လိုကူညီပေးနိုင်မယ်.. ဆိုတဲ့အပေါ်မှာပဲ အလေးထား၊ အာရုံစိုက်ကြပါတယ်..။



အီယန် ရိုက် - ဒါဆိုရင်သူတို့နှစ်ယောက်စလုံးက ခင်ဗျားကို ကိုယ့်ရဲ့စိတ်ထဲမှာ ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ကစားဖို့ ညွှန်ကြားခဲ့လို့ပဲလားဗျ..။ တကယ်တော့ ခင်ဗျားကိုအသုံးချတဲ့ နေရာမှာ သူတို့နှစ်ယောက်ရဲ့အမြင်နဲ့ အယူအဆ ခြားနားနေသလိုပါပဲ…

ရိစ် ဂျိမ်းစ် - ကျွန်တော့်ရဲ့စိတ်ထဲမှာ ရှိနေတဲ့အတိုင်း လွတ်လွတ်လပ်လပ် ကစားဖို့ဆိုတာ ကျွန်တော့်အတွက် အသက်သာဆုံးနဲ့ အလွယ်ကူဆုံး ဖြစ်ခဲ့သလို အဲဒီလိုကစားခွင့်ရတဲ့အချိန်တိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ပါတယ်..။ နောက်ပြီးကျွန်တော်က ပွဲချိန်အတွင်းမှာ ကစားပွဲအပေါ်ပဲ အထူးအာရုံစိုက်တယ်..၊ အရမ်းကိုအတွေးလွန်တာ..၊ စဉ်းစားလွန်းတာ (over thinking) မရှိပါဘူး…။

ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်ဟာ ကိုယ့်ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်အနားယူနေခဲ့ရတာ အတော်ကြာနေပြီဖြစ်သလို ပြီးခဲ့တဲ့ နောက်ဆုံအကြိမ် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာစဉ်ကလည်း တစ်ပွဲပဲ ကစားနိုင်ခဲ့ပြီး ပြန်လည်ဒဏ်ရာရရှိခဲ့ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရအောင် ကြိုးစားဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်..။

ကျွန်တော်ဟာ ပထမဆုံးကန်ရတဲ့ပွဲမှာ မိနစ် (၆၀) လောက်ပဲ ကစားဖို့ ရည်မှန်းထားခဲ့ပါတယ်..။ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ အဲဒီထက်ပိုပြီး ကြာကြာကစားနိုင်ဖို့ ဖြစ်ပါတယ်..။ အခုအချိန်မှာ ကြံ့ခိုင်မှုအကောင်းဆုံး အခြေအနေ ရောက်နေပြီဖြစ်တာကြောင့် မကြာင်ခင်မှာပဲ ကျွန်တော့်ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိပါမယ်..။



အီယန် ရိုက် - အင်းပေ့ါ.. အရင်တစ်ခေါက် ဒဏ်ရာကနေ ပြန်လည်သက်သာလာတုန်းက ခင်ဗျားဟာတစ်ပွဲထဲ ကစားခဲ့ရပြီး ဒဏ်ရာပြန်ရသွားခဲ့ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ အသင်းအတွက် အပြည့်အ၀ ပြန်လည်ကစားပေးနိုင်ဖို့ ခင်ဗျားတို့ဘက်က အလောတကြီး မတိုက်တွန်းပဲ အသင်းမှာ ဖြည်းဖြည်းချင်းတိုးပြီး ကစားခွင့်ပေးခြင်းအားဖြင့် ခင်ဗျားအတွက် သက်တောင့်သက်သာ ပိုရှိနိုင်တာပေါ့…

ရိစ် ဂျိမ်းစ် - Yeah..! အဲဒီအချက်ကိုလည်း ထည့်ပြီးစဉ်းစားဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းရဲ့ကန်သမျှ ပွဲစဉ်တိုင်း၊ မိနစ်တိုင်း ပါဝင်ရမယ်.. ဆိုပြီး ရည်မှန်းထားတာ မရှိခဲ့ပါဘူး..။ အဲဒီလိုစဉ်းစားမယ်ဆိုရင် အဓိပ္ပါယ်လည်း မရှိပါဘူး..။ အခုအချိန်မှာတော့ ရာသီကုန်ချိန်ထိ ဒဏ်ရာပြဿနာမရှိပဲ ကျော်ဖြတ်နိုင်ဖို့ အဓိကရည်မှန်းထားပါတယ်..။ ဒီလိုနည်းအားဖြင့် ကျွန်တော်ဟာ အသင်းအပေါ် အကောင်းဆုံး အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်..။ အဲဒီလိုရာသီလက်ကျန်ကာလကို ဒဏ်ရာပြဿနာမရှိပဲ ကျော်ဖြတ်နိုင်ဖို့ဆိုရင် ဉာဏ်ကိုလွှာသုံးပြီး စနစ်တကျ ပြင်ဆင်၊ ကစားနိုင်ဖို့လည်း လိုအပ်ပါတယ်..။

ကယ်လီ ကိတ်စ် - ဖူးလ်ဟမ်းနဲ့ပွဲ လူစာရင်းမှာ ပြန်လည်ပါဝင်လာတဲ့အချိန်မှာ ကစားသမားအသစ်တွေ၊ မျက်နှာသစ်တွေ အတော်များများ ပါဝင်လာခဲ့တာကို ရှင်သတိပြုမိမှာပါ..။ ဒါဟာရှင့်အတွက် အတော်လေးကို ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာနိုင်မှာပေ့ါ..။ အဲဒီပွဲမတိုင်ခင် လေ့ကျင့်ကွင်းထဲမှာရော ကစားသမား အသစ်တွေနဲ့ အတူတွဲဖက် လေ့ကျင့်ရတာ၊ ပွဲအတွက် ပြင်ဆင်ရတာ ဘယ်လိုနေလဲရှင့်..? ကစားသမား အသစ်တွေဆိုတာ ရှင်တို့အတွက် အတွေးသစ်၊ အမြင်သစ်တွေ၊ အတွေ့အကြုံသစ်တွေ၊ ခွန်အားသစ်တွေ ယူဆောင်ပေးလာနိုင်တာပေ့ါ..၊ ဟုတ်တယ်မလားရှင့်..?

ရိစ် ဂျိမ်းစ် - အပြောင်းအရွှေ့ရာသီကာလမှာ အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်လွန်းခဲ့ပါတယ်..။ ကျွန်တော်တို့အသင်းကို ကစားသမားသစ်တွေ အများကြီးရောက်ရှိလာခဲ့ပါတယ်..။ သူတို့တွေဟာ ခြားနားတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ ရေခြားမြေခြားကနေ အသီးသီးရောက်ရှိလာခဲ့ကြပါတယ်..။ ဒါ့ကြောင့်သူတို့တွေဟာ ကျွန်တော်တို့အသင်းမှာ အထိုင်ကျဖို့ ကြိုးစားရဦးမယ်..၊ ချယ်လ်ဆီးအသင်းရဲ့ အစဉ်အလာ.. Chelsea Way တွကို သင်ယူရပါဦးမယ်..။ လူသစ်တွေကို ပြောင်းရွှေ့ကြေး (x) ပမာဏတစ်ခု အကုန်ခံ အားဖြည့်လိုက်တာနဲ့ ကျွန်တော်တို့အသင်းဟာ နေ့ချင်းညချင်း ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်မှန်းခဲ့ကြပါဘူး..။



ကျွန်တော်တို့အားလုံးဟာ ရလဒ်ကောင်းတွေ ရရှိဖို့ မျှော်မှန်းထားပါတယ်..။ ဒါပေမယ့် ဘောလုံးကစားနည်းမှာ အဲဒီလိုဖော်မြူလာတွေ၊ ပုံသေနည်းတွေနဲ့ အတိအကျ တွက်ချက်ကြည့်လို့ မရပါဘူး..။ တစ်ချို့အရာတွေဟာ အချိန်ယူဖို့ လိုပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်..။ ကျွန်တော်တို့အသင်းမှာရှိနေတဲ့ အင်အားတွေ၊ ရင်းနှီးမြုပ်နှံမှုတွေကြောင့် ကျွန်တော်တို့ဟာ ကိုယ်နဲ့ထိုက်တန်တဲ့..၊ ချယ်လ်ဆီးအသင်းနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုကို ဧကန်မုချ ပြန်လည်ရောက်ရှိလိမ့်မယ်.. ဆိုတဲ့အကြောင်းကို ကျွန်တော်သေသေချာချာ ပြောရဲပါတယ်..။

အီယန် ရိုက် - အင်းဗျ..။ ခင်ဗျားတို့အသင်းကို ရောက်ရှိလာတဲ့ လူငယ်ကစားသမားသစ်တွေဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ လူငယ်သွေးသစ် အကောင်းစား ကစားသမားတွေ ဖြစ်ကြပါတယ်..။ အချိန်တစ်ခုပေးပြီး လေ့ကျင့်လိုက်မယ်ဆိုရင် မကြာခင်မှာ အသင်းနဲ့အသားကျသွားလိမ့်မယ်ဆိုတာ အသေအချာပါပဲ..။ ဒ့ါကြောင့်ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲ.. ပထမပိုင်း (၂၅) မိနစ်လောက်အထိ မြင်တွေ့ခဲ့ရတဲ့ အကောင်းစား တိုက်စစ်ကစားပုံမျိုးကို ကျွန်တော်တို့တွေ မြင်တွေ့ခွင့်ရဖို့ နီးစပ်နေပြီလား…

ရိစ် ဂျိမ်းစ် - Yeah..! သိပ်ပြီးသေချာတာပေ့ါဗျာ…။ တကယ့်ကို ပင်ကိုယ်ပါရမီ ထူးချွန်လှတဲ့ လူငယ်သွေးသစ် ကစားသမားလေးတွေ ကျွန်တော်တို့အသင်းကို ရောက်ရှိလာပါတယ်..။ ကစားသမားတိုင်းဟာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းနဲ့ အစွမ်းရှိသမျှ ပေးဆပ်ကြိုးစားဖို့ စိတ်အားထက်သန်နေကြပါတယ်..။ ကျွန်တော်တို့ လက်ရှိကြုံတွေ့နေရတဲ့ ကာလဟာ ခက်ခဲကြမ်းတမ်းတာ မှန်ပါတယ်..။ ဒါပေမယ့် အခုလာမယ့် ဗုဒ္ဓဟူးနေ့…၊ မနက်ဖြန်ကျရင် ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲကတစ်သင်း၊ ဥရောပ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တယ်ဆိုတာ ပြသနိုင်မယ့် အခွင့်အရေး ရလာခဲ့ပါပြီ..။ ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရှိနေဆဲပါပဲ..။



ကယ်လီ ကိတ်စ် - ဒါပေါ့.. ဘိုရုရှား ဒေ့ါမွန်အသင်းနဲ့ မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဟာ အခုနှစ်ဘောလုံးရာသီမှာ ရှင်တို့အသင်းရဲ့ တကယ့်ကို အရေးကြီးတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်ရှင့်..။ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာ ရှင်တို့အသင်းရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ခုနက ရှင်ပြောခဲ့တဲ့ အပြောင်းအလဲတွေ၊ မျှော်လင့်ချက်တွေဟာ ဖြစ်မလာသေးဘူး..၊ အားရကျေနပ်စရာ မကောင်းဘူးဆိုတဲ့သဘော ဖြစ်နေတာပေ့ါ..။

ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ရှင်တို့အအသင်းအတွက် ချယ်လ်ဆီးအသင်းရဲ့နေရာ၊ ချယ်လ်ဆီးအသင်းရဲ့ ဂုဏ်သိက္ခာကို ထပ်မံမှတ်ကျောက်တင်ခွင့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်..။

ရိစ် ဂျိမ်းစ် - မှန်ပါတယ်..။ ၂၀၂၁ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့နှစ်တုန်းကလည်း အမှတ်ပေးပြိုင်ပွဲမှာ အခြေအနေ မကောင်းခဲ့ပါဘူး.။ ဒ့ါကြောင့်အခုဒီနှစ် အနေအထားနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ဆင်တူနေသလို ဖြစ်နေတာပေ့ါ..။ Yeah..! ခင်ဗျားပြောသလိုပဲ.. ကျွန်တော်တို့ဟာ လိဂ်ပြိုင်ပွဲက အခြေအနေတွေကို ခေတ္တ၊ ခဏတော့ မေ့ထားဖို့ လိုအပ်ပါလိမ့်မယ်..။ အခုအခြေအနေမှာဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲဟာ တကယ့်ကို ပြိုင်ပွဲအသစ်စက်စက်တစ်ခုကို ရင်ဆိုင်၊ တိုက်ပွဲဝင်ရသလို ဖြစ်နေတာပေ့ါ..။

ဒ့ါကြောင့်ကျွန်တော်တို့ဟာ တစ်ပွဲချင်း.. တစ်ပွဲချင်းကို အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်၊ ကျော်ဖြတ်သွားနိုင်အောင် ကြိုးစားရမှာပါ..။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ အသင်းသားအင်အား၊ လူသစ်ကစားသမားတွေရဲ့ အတွေ့အကြုံသစ်တွေ၊ ခွန်အားသစ်တွေနဲ့ ပေါင်းစပ်ရင်း နောက်ထပ်တစ်ဆင့်ပြီးတစ်ဆင့် အကောင်းဆုံး ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်၊ မျှော်လင့်ထားပါတယ်..။



ကယ်လီ ကိတ်စ် - ရှင့်ရဲ့ချစ်ညီမတော် လော်ရန် ဂျိမ်းစ် ဆိုရင် ရှင်နဲ့အတူတူနီးပါးလောက်မှာပဲ ဒဏ်ရာရရှိခဲ့တယ်..၊ အခုဆိုရင် အပြည့်အ၀ ပြန်လည်ကောင်းမွန်လာပြီး လက်ရှိကျင်းပနေတဲ့ အမျိုးသမီး စူပါလိဂ် (WSL) ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပါတယ်..။ ဒ့ါကြောင့်လည်း ရှင်ဟာဒဏ်ရာကနေ ပြန်လည်သက်သာပြီး အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့တဲ့ ဖူးလ်ဟမ်းအသင်းနဲ့ပွဲမှာ ချယ်လ်ဆီးပရိသတ်တွေဟာလည်း မျှော်လင့်တကြီးနဲ့ ရှင့်ရဲ့စတန်းဖို့ဒ် ဘရစ်ခ်ျ အပြန်ခရီးမှာ ရှင့်အတွက်သီးသန့် ဂုဏ်ပြုခဲ့တဲ့ banner တစ်ခု လွှင့်ထူ၊ ခမ်းခမ်းနားနား ကြိုဆိုကြတာပေ့ါ..။ အဲဒီလိုပရိသတ်တွေရဲ့ တခဲနက်အားပေးမှု၊ မျှော်လင့်ချက်ကြီးမားမှုတွေ ရရှိခဲ့ပြီး ရှင့်အပေါ် အလေးထား၊ တန်ဖိုးထား ဂုဏ်ပြုခဲ့တဲ့အပေါ် ဘယ်လိုခံစားမိလဲ..? ပြောပြပေးနိုင်မလား..?

ရိစ် ဂျိမ်းစ် - အဲဒီ banner ကို မြင်လိုက်တဲ့အချိန် ကျွန်တော့်ရဲ့စိတ်ထဲမှာ စတန်းဖို့ဒ် ဘရစ်ခ်ျ မြက်ခင်းစိမ်းပေါ်ကို ပထမဆုံး ခြေချခွင့်ရခဲ့တဲ့ ကလေးဘဝနေ့ရက်ဆီကို ချက်ချင်းပြန်ရောက်သွားပါတယ်..။ အဲဒီအချိန်က ကျွန်တော့်ရဲ့စိတ်ထဲမှာ ဒီအသင်းကို အမြဲတမ်းအားပေးရမယ်..၊ ဒီအသင်းဟာ ကျွန်တော့်ရဲ့အသင်း.. ဆိုတဲ့ စိတ်ပဲ ရှိခဲ့ပါတယ်..။

အခုဆိုရင် ကျွန်တော့်ရဲ့နှလုံးသားထဲက အပြာရောင်အသင်းအတွက် ကိုယ်စားပြုခွင့်၊ ကစားပေးခွင့်ရခဲ့ပါပြီ..။ အဲဒီလိုအချိန်မှာ ကျွန်တော့်ရဲ့အိပ်မက် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းထဲမှာ ကျွန်တော့်ကို ရည်ရွယ်၊ ဂုဏ်ပြုတဲ့ banner နှစ်ခု လွှင့်တင်နေတာ မြင်တွေ့လိုက်ရချိန်မှာ အရာရာပြီးပြည့်စုံသွားတဲ့ ခံစားမှုကို ရရှိခဲ့ပါတယ်..။ အိပ်မက်တွေ အကောင်အထည် ပေါ်တယ်ပေ့ါဗျာ..။ ကျွန်တော်ဟာ အပြာရောင်အသင်းကို ကိုယ်စားပြုခွင့်ရတဲ့ ပွဲတိုင်းအတွက် အမြဲတမ်း ဂုဏ်ယူနေမှာ ဖြစ်သလို အပြာရောင်ပရိသတ်တိုင်းကို အမြဲတမ်းလေးစားမှုထား၊ တန်ဖိုးထားနေမှာပါ..။