feature-image

ဂျာဂင် ကလော့ပ်၊ မီခေးလ် အာတီးတာ တို့နဲ့ နှိုင်းယှဉ်သင့်ရဲ့လား..? ‘ဂရေဟမ် ပေါ်တာ’

လက်ရှိအချိန် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ဂရေဟမ် ပေါ်တာ ဟာ ချယ်လ်ဆီးအသင်းကို စတင်တာဝန်ယူစဉ်ကတည်းက အသင်းပိုင်ရှင်တွေရဲ့ အားပေးထောက်ခံမှုကို အစဉ်တစိုက် ရရှိခဲ့ပါတယ်..။ ဒါပေမယ့် တနင်္ဂနွေနေ့က တော့တင်ဟမ် အသင်းနဲ့ပွဲအပြီးမှာတော့ အဲဒီလိုအသင်းပိုင်ရှင်တွေရဲ့ အားပေး၊ ထောက်ခံနေမှုတွေဟာ ထာဝရ တည်မြဲနေမှာ မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်..။

တကယ်တော့ အသက် (၄၇) နှစ်အရွယ် အင်္ဂလိပ်နည်းပြကြီးဟာ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိကတည်းက သူ့ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အသင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို၊ဝန်ခံခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုပွင့်လင်း၊ ရိုးသားမှုနဲ့အတူ ကပ်ပါလာခဲ့တဲ့ သူ့ရဲ့နိုင်လိုစိတ် ကင်းမဲ့နေတဲ့ပုံစံ ပြုမူ၊ ပြောဆိုခဲ့ပုံတွေကတော့ ရလဒ်တွေတောက်လျှောက် ဆိုးရွားလာချိန်မှာ အသင်းချစ်ပရိသတ်တွေရဲ့ စိတ်ဆိုးဒေါသကို ပိုပြီးတိုးပွားစေခဲ့ပါတယ်..။



ဒါ့အပြင် စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဂရေဟမ် ပေါ်တာ ဟာ သူကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကြပ်အတည်းကာလကို မီခေးလ် အာတီးတာ အာဆင်နယ်အသင်းကို တာဝန်ယူစဉ်က အခြေအနေ၊ လီဗာပူးလ်အသင်းနဲ့ ရလဒ်တွေ ဆိုးရွားစဉ်က ဂျာဂင် ကလော့ပ် ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး အခုလိုပြောကြားခဲ့ပါတယ်..။

“စပါးအသင်းနဲ့ပွဲ မစခင်မှာ အာဆင်နယ်အသင်းရဲ့ ‘All or Nothing’ မှတ်တမ်းတင် ရုပ်/သံအကြောင်း ကျွန်တော်တို့ ပြောဖြစ်ခဲ့ကြပါသေးတယ်…။ မီခေးလ် အာတီးတာ ရဲ့ အာဆင်နယ်အသင်း နှစ်နှစ်တာ ကာလကို ပြန်ကြည့်လိုက်မယ်ဆိုရင် သူဟာအထုတ်ခံရဖို့ နီးစပ်ခဲ့သလို သူ့ကိုထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြသူတွေ အများကြီးရှိခဲ့ပါတယ်..။ အခုဆိုရင် အခြေအနေတွေဟာ ပြောင်းလဲကုန်ပါပြီ..။ ဒါဟာကျွန်တော်တို့ နည်းပြတွေရဲ့ ဘဝပါပဲ..။

တကယ်လို့ ဂျာဂင် ကလော့ပ် ရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်လည်း လီဗာပူးလ်အသင်း ရလဒ်မကောင်းတာနဲ့ သူ့ကိုထုတ်ပယ်ဖို့ ချက်ချင်းလက်ငင်း တောင်းဆိုခဲ့ကြတာပါပဲ..။ ဒါတွေဟာဘောလုံးလောကရဲ့ သဘော၊ သဘာဝကို ညွှန်ပြနေတာ ဖြစ်ပါတယ်..။”

မန်နေဂျာတွေကို လုံလောက်တဲ့အချိန်ပေးမယ်ဆိုရင် အောင်မြင်မှုတွေ ရရှိနိုင်တယ်.. ဆိုပြီး မီခေးလ် အာတီးတာ၊ ဂျာဂင် ကလော့ပ် တို့နဲ့ နှိုင်းယှဉ်၊ ပြောကြားချက်ဟာ ဂရေဟမ် ပေါ်တာ ကို အစဉ်တစိုက် ထောက်ခံနေခဲ့တဲ့သူတွေရဲ့ လက်သုံးစကားဖြစ်ပါတယ်..။ ဒ့ါကြောင့်အခုလက်ရှိအချိန်မှာ သူဟာအဲဒီစကားကို ပြန်လည်မီးမောင်းထိုး ပြောကြားလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်..။

ဒ့ါကြောင့်အဲဒီလို နှိုင်းယှဉ်လို့ရအောင် အခြေအနေတွေဟာ တူညီမှုတွေရှိရဲ့လား..?

ဂရေဟမ် ပေါ်တာ ဟာ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ပြိုင်ပွဲစုံ (၂၆) ပွဲမှာ (၉) ပွဲသာ အနိုင်ရခဲ့ပါတယ်..။ ဂျာဂင် ကလော့ပ် ကတော့ သူ့ရဲ့လီဗာပူးလ်အသင်း ကနဦးပိုင်းကာလ (၂၆) ပွဲမှာ (၁၂) ပွဲ အနိုင်ရခဲ့ပြီး မီခေးလ် အာတီးတာ ရဲ့ စွမ်းဆောင်ရည် အချက်အလက်ပိုင်းဟာ ပိုပြီးတော့တောင် ကောင်းမွန်ခဲ့ပါတယ်..။ သူဟာ အူနိုင်း အမ်မရီ ဆီကနေ လက်လွှဲယူခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၉/၂၀ ဘောလုံးရာသီကုန်ချိန်အထိ (၂၈) ပွဲမှာ (၁၆) ပွဲ အနိုင်ရရှိခဲ့တဲ့အပြင် FA ဖလား၊ ဗိုလ်လုပွဲမှာပါ အနိုင်ယူ ဗိုလ်စွဲနိုင်ခဲ့ပါတယ်..။



ဒ့ါအပြင် ဂျာမန်နည်းပြကြီးနဲ့ စပိန်နည်းပြတို့ဟာ သူတို့ရဲ့လီဗာပူးလ်အသင်းနဲ့ အာဆင်နယ် အသင်းအစောပိုင်း ကာလတွေမှာ အင်္ဂလိပ်နည်းပြရဲ့ ချယ်လ်ဆီးအသင်းထက် တိုက်စစ်ပိုင်း ထက်မြက်ခဲ့ပြီး ကလော့ပ် ရဲ့အသင်းဟာ သွင်းဂိုး (၄၁) ဂိုးနဲ့ အာတီးတာ ရဲ့ အသင်းကတော့ သွင်းဂိုး (၄၅) ဂိုး ရရှိခဲ့ပါတယ်..။ ဒါပေမယ့် ဂရေဟမ် ပေါ်တာ ရဲ့ အသင်းကတော့ အခုအချိန်အထိ (၂၅) ဂိုးသာ  သွင်းယူထားနိုင်ခဲ့ပါတယ်..။

နောက်ပြီး ဂရေဟမ် ပေါ်တာ ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲကြီးတွေမှာ (statement wins) တစ်ကြိမ်တစ်ခါမှ မရရှိခဲ့သေးပါဘူး..။ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်တွေမှာ (ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့) အေစီ မီလန်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း အနိုင်ရခဲ့တဲ့ ရလဒ်တွေကို ထည့်သွင်းစဉ်းစားနိုင်မှာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ တော့တင်ဟမ် အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့သလို ဖူးလ်ဟမ်း၊ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးတွေ မှတ်ကျောက်အက္ခရာ တင်ထားခဲ့ပြန်ပါတယ်..။

ဂျာဂင် ကလော့ပ် ရဲ့ လီဗာပူးလ်အသင်း ကနဦးကာလ (၂၆) ပွဲအတွင်းမှာ ချယ်လ်ဆီး၊ မန်ချက်စတာ စီးတီးအသင်းတွေကို အဝေးကွင်းမှာ အနိုင်ရခဲ့သလို အဲဗာတန်၊ မန်ချက်စတာ ယူနိုက်တက် တို့လို ခါးသီးတဲ့ မဟာပြိုင်ဘက်တွေကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ပါတယ်..။ ဂျာမန်နည်းပြကြီးရဲ့ ကြိုးကြာနီ အစောပိုင်းနေ့ရက်တွေထဲမှာ အမှတ်အရဆုံး အနိုင်ပွဲကတော့ အသင်းဟောင်း ဘိုရုရှား ဒေ့ါမွန်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲစဉ်ပဲ ဖြစ်ခဲ့ပါတယ်..။



မီခေးလ် အာတီးတာ ရဲ့ အမြောက်ကြီးတွေနဲ့ အစောပိုင်းနေ့ရက်တွေဟာ ငရဲခန်းဆန်ခဲ့တယ်.. ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီးအသင်းတွေကို အင်းမရိတ်ကွင်းမှာ အနိုင်ကန်နိုင်ခဲ့ပါတယ်..။ ဂျာဂင် ကလော့ပ် နဲ့ မီခေးလ် အာတီးတာ တို့ဟာ အဲဒီလိုအသင်းကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းအားဖြင့် အစဉ်အလာ ပြိုင်ဘက်၊ ထိပ်သီးအသင်းတွေကို ရင်ဆိုင်၊ ကျော်ဖြတ်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။ ဂရေဟမ် ပေါ်တာ ကတော့ အခုအချိန်ထိ ထိပ်သီးအသင်းတွေကို အသာစီးယူပြမယ့် နည်းစနစ်ပိုင်း စွမ်းဆောင်ရည်မျိုးကို သက်သေပြသဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်..။

ဒါတွေအပြင် အာတီးတာ နဲ့ ကလော့ပ် တို့ စတင်တာဝန်ယူချိန်တွေမှာ သူတို့အသင်းတွေဟာ ဂရေဟမ် ပေါ်တာ လက်လွှဲရယူစက ချယ်လ်ဆီးအသင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရှိန်အဝါ (ebb) တွေ ကျဆင်းနေပါတယ်..။ သောမတ်စ် တူခယ်လ် ရဲ့ ရုံးခန်းသော့ကို လက်လွဲယူလိုက်ချိန်က ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) ရရှိထားခဲ့ပြီး ဥရောပ စူပါဖလား၊ ကမ္ဘာ့ကလပ် ချန်ပီယံဖလားတွေကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ရှိသမျှပြည်တွင်းဖလားတိုင်းမှာ ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သလို လွန်ခဲ့တဲ့ (၁၆) လကပဲ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးထားခဲ့တဲ့ အသင်းလည်း ဖြစ်ခဲ့ပါတယ်..။

အာတီးတာ လက်လွှဲရယူခဲ့တဲ့အချိန်မှာ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ဖလားလက်မဲ့ ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နေခဲ့တာ သုံးနှစ်ဆက်တိုက် ရှိနေခဲ့ပြီး ဖြစ်ပါတယ်..။ ဂျာဂင် ကလော့ပ် တာဝန်ယူချိန်မှာ လီဗာပူးလ်အသင်းဟာ ဖလားလက်မဲ့ ဖြစ်ခဲ့တဲ့ သုံးနှစ်၊ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် တစ်ကြိမ်သာ ရရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်..။

ဒ့ါကြောင့်ပေါ်တာ အနေနဲ့ မီခေးလ် အာတီးတာ ရဲ့ အာဆင်နယ်အသင်းနဲ့ ဒုတိယရာသီ/ ဒါမှမဟုတ် တတိယရာသီမှာ ကြုံတွေ့ခဲ့ရတဲ့ အကျပ်အတည်းကာလကို ရည်ညွှန်းပြောတာ ဖြစ်နိုင်သလို လက်ရှိအချိန်မှာ ကြိုးကြာနီတွေနဲ့အတူ ရုန်းကန်နေရတဲ့ ဂျာဂင် ကလော့ပ် ရဲ့ အခုလက်ရှိဘောလုံးရာသီ အခက်အခဲတွေနဲ့ နှိုင်းယှဉ်ချင်တာလည်း ဖြစ်နိုင်ပါတယ်..။



မီခေးလ် အာတီးတာ ဟာ အာဆင်နယ်အသင်းနဲ့ တတိယရာသီမှာ တာထွက်အလွန်ဆိုးရွားခဲ့ပြီး ပထမဆုံးသုံးပွဲစလုံးကို သွင်းဂိုးမရှိ၊ ပေးဂိုးစုစုပေါင်း (၉) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအခြေအနေကို ထိန်းနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်း ဆယ်ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ ဒ့ါအပြင်သူတာဝန်ယူခဲ့တဲ့ ပထမဆုံးရာသီမှာ FA ဖလားရရှိခဲ့တဲ့ အောင်မြင်မှုကလည်း သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းကို သက်သေပြနိုင်ဖို့ အထောက်အကူ ဖြစ်ခဲ့ပုံရပါတယ်..။

ဂျာမန်နည်းပြကြီး ဂျာဂင် ကလော့ပ် ဟာ အခုနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရတယ် ဆိုပေမယ့် အန်ဖီးလ်ကွင်းမှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ‘တစ်ခေတ်ကိုတစ်ယောက်’ လို့ ညွှန်းရလောက်တဲ့အထဲမှာ ပါဝင်ပါတယ်..။ သူဟာအန်ဖီးလ်အသင်းနဲ့ ရှစ်နှစ်တာ ကာလအတွင်းမှာ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ကလပ် ချန်ပီယံဖလား၊ ဥရောပ စူပါဖလား၊ FA ဖလား၊ လိဂ်ဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်..။

အဲဒီဖလားတွေကို ထည့်မတွက်ခဲ့ဘူး ဆိုရင်တောင် ဂျာဂင် ကလော့ပ် ဟာ ကြိုးကြာနီတို့နဲ့ လက်မတွဲခင်မှာ ဘိုရုရှား ဒေါ့မွန်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို နှစ်ကြိမ်ဆွတ်ခူးခဲ့ပါတယ်..။ ဂရေဟမ် ပေါ်တာ ရဲ့ နည်းပြဘ၀ လောက်လောက်လားလား အောင်မြင်မှုကတော့ Ostersunds အသင်းနဲ့ ဆွတ်ခူးခဲ့တဲ့ ဆွီဒင်ဖလား တစ်လုံးပဲ ရှိပါတယ်..။

ဂရေဟမ် ပေါ်တာ ဟာ သူကိုင်တွယ်ခဲ့တဲ့ အရင်အသင်းတွေမှာ ဆုဖလား မဆွတ်ခူးနိုင်ခဲ့ပေမယ့် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် ပရိသတ်တွေရဲ့ လက်ခံမှု၊ ပြိုင်ဘက်တွေရဲ့ အထင်ကြီးလေးစားမှုတွေကို ရရှိခဲ့ပေမယ့် နည်းပြဘဝမှာ လက်ညိုးထိုးပြစရာ အောင်မြင်မှုကြီးကြီးမားမား မရှိခဲသေးပါဘူး..။ အဲဒီလိုနောက်ခံအောင်မြင်မှုကြီးတွေ မရှိခဲ့ခြင်းကြောင့် ရလဒ်တွေဆိုးရွားလာချိန်မှာ သူဟာချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီးတစ်သင်းကို တာဝန်ယူဖို့ လုံလောက်တဲ့ အတွေ့အကြုံနဲ့ အရှိန်အဝါ မရှိသေးဘူး.. ဆိုတဲ့ ကောက်ချက်ဆွဲ၊ စွပ်စွဲချက်များကို ချေဖျက်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်..။



ဒ့ါအပြင် အာဆင်နယ်အသင်း၊ လီဗာပူးလ်အသင်း ပရိသတ်တွေဟာ မီခေးလ် အာတီးတာ နဲ့ ဂျာဂင် ကလော့ပ် တို့ရဲ့ ပထမဆုံး ဘောလုံးရာသီတွေမှာ ငွေကြေးသုံးစွဲမှု နည်းပါးခဲ့တဲ့အချက်ကိုလည်း ထောက်ပြကြပါလိမ့်မယ်..။ ဂရေဟမ် ပေါ်တာ ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၂၃.၃) သန်းဖိုး ကစားသမား ဖြည့်တင်း၊ ပံ့ပိုးပေးမှု ရရှိခဲ့ပါတယ်..။ မီခေးလ် အာတီးတာ စတင်တာဝန်ယူအပြီး အာဆင်နယ်အသင်းရဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့ ကစားသမား ခေါ်ယူမှုဟာ ဆီးဒရစ်ခ် ဆိုးရက်စ် နဲ့ ပါဘလို မာရီ တို့နှစ်ယောက်သာ ရှိခဲ့ပါတယ်..။ ဂျာဂင် ကလော့ပ် ကတော့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မာကို ဂရူးဂျစ်ခ် နဲ့ စတိဗ် ကော်ကား တို့နှစ်ယောက်ကိုသာ ရရှိခဲ့ပါတယ်..။

ဒါကြောင့်အထက်ကဖော်ပြခဲ့တဲ့ နောက်ခံအခြေအနေ၊ အကြောင်းအချက်တွေကို ကြည့်မယ်ဆိုရင် ဂရေဟမ် ပေါ်တာ ဟာ ဂျာဂင် ကလော့ပ်၊ မီခေးလ် အာတီးတာ တို့နဲ့ နှိုင်းယှဉ်ရလောက်အောင် အခြေအနေချင်း၊ စွမ်းဆောင်ရည်ပိုင်းချင်း ကွာခြားနေပါတယ်..။ ဒါပေမယ့်သူဟာချယ်လ်ဆီးအသင်းမှာ အောင်မြင်မှုရရှိမှာ မဟုတ်ပါဘူးလို့ စိတ်ကိုဒုန်းဒုန်းချ၊ တစ်ထစ်ချ မပြောနိုင်သေးပါဘူး…။ အင်္ဂလိပ်နည်းပြဟာ ရာသီတစ်ဝက်ကျမှ ရောက်လာခဲ့တဲ့ ကစားသမားသစ် အမြောက်အမြားကို အသင်းနဲ့အံဝင်အောင် ကြိုးစားနေရတဲ့အပြင် အရင်အသင်းတွေမှာလည်း ကစားသမားတွေဟာ ဂရေဟမ် ပေါ်တာ ရဲ့ နည်းစနစ်တွေ အလုံးစုံ၊ အပြည့်အ၀ နားလည်နိုင်ဖို့ အချိန်ယူရလေ့ရှိတယ်.. ဆိုတဲ့အချက်ကို သူ့ကိုထောက်ခံနေတဲ့သူတွေက ထောက်ပြကြပါတယ်..။

ဘရိုက်တန်အသင်းမှာ သူတာဝန်ယူခဲ့ရတဲ့ ပထမဆုံးနှစ်မှာ အဆင့် (၁၅)၊ ဒုတိယရာသီမှာ အဆင့် (၁၆) နဲ့ တတိယရာသီမှာ အဆင့် (၉) ဆိုတဲ့ စွမ်းဆောင်ရည် ရလဒ်တွေကလည်း အဲဒီအချက်ကို သက်သေပြ၊ ထောက်ခံနေပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း.. အထူးသဖြင့် အောင်မြင်မှုတွေနဲ့ အသားကျလာခဲ့တဲ့ ချယ်လ်ဆီးပရိသတ်ကတော့ အောင်မြင်မှုတွေရရှိဖို့ အဲဒီလောက် အချိန်အကြာကြီး စောင့်ဆိုင်းရမှာကို စိတ်ရှည်နိုင်ကြမှာ မဟုတ်ပါဘူး..။ ဒ့ါကြောင့်ဂရေဟမ် ပေါ်တာ အနေနဲ့ သူ့ရဲ့ခေါင်းပေါ်မှာ ကျရောက်နေတဲ့ ဖိအားထုတ်ကြီးရဲ့ သက်ရောက်မှုကနေ သက်သာသွားဖို့ဆိုရင် အသင်းရဲ့ရလဒ်ပိုင်းနဲ့ အသင်းလိုက် စွမ်းဆောင်ရည်၊ ခြေစွမ်းပိုင်းမှာ အမြန်ဆုံးကောင်းမွန်လာဖို့နဲ့ အသင်းပရိသတ်တွေရဲ့ မျှော်မှန်းချက်၊ မြင့်မားတဲ့ ပေတံစံနှုန်းတွေကို လျော့ချပေးဖို့ သွေးဆောင်၊ ဆွဲဆောင်နိုင်ဖို့ လိုအပ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky Sports မှ ဆောင်းပါးရှင် Joe Shread ၏ ‘Graham Potter: Chelsea boss highlighted Mikel Arteta and Jurgen Klopp's struggles - but do they compare?' ဆောင်းပါးကို ပြန်ဆိုပါသည်..။)