feature-image

ရိစ် ဂျိမ်းစ် - Kew Park Rangers မှ စတန်းဖို့ဒ် ဘရစ်ချ်သို့

ဘောလုံးကစားတာနဲ့ ပတ်သက်ရင် ကျွန်တော်ပထမဆုံး မှတ်မိခဲ့တာက အဖေရယ်.. အစ်ကိုဖြစ်တဲ့ ဂျော့ရှ် နဲ့ ညီမလေး လော်ရင် တို့နဲ့အတူ ပန်းခြံထဲမှာ ပျော်ပျော်ပါးပါး ကစားခဲ့ကြတဲ့ နေ့ရက်တွေပဲ ဖြစ်ပါလိမ့်မယ်..။ ကျောင်းကနေ ပြန်ရောက်လာတာနဲ့ Mortlake အရပ်မှာရှိတဲ့ ကျွန်တော်တို့အိမ်နောက်က ပန်းခြံလေးထဲမှာ နေ့စဥ်နေ့တိုင်း အတူတူကစားဖြစ်ခဲ့ကြပါတယ်..။

ကျွန်တော်တို့ မောင်နှမသုံးယောက်စလုံးဟာ ပရော်ဖက်ရှင်နယ် ကစားသမားတွေ ဖြစ်ချင်တဲ့ အိပ်မက်ကိုယ်စီ ရှိခဲ့ကြပါတယ်..။ ဒ့ါကြောင့်ပန်းခြံလေးထဲမှာ အပျော်ကစားကြတယ်.. ဆိုပေမယ့် တစ်ယောက်ထက်တစ်ယောက် ပိုပြီးကောင်းအောင် အစွမ်းကုန် ကြိုးစားခဲ့ကြတာပါပဲ..။ အသက်တွေကြီးလာတာနဲ့အမျှ ကျွန်တော်တို့နဲ့အတူ လာပြီးကစားကြတဲ့ ကလေးတွေတဖြည်းဖြည်း များလာကြပြီး တကယ့်ပွဲကြီးပွဲကောင်းတွေ ဖြစ်လာခဲ့ကြပါတယ်..။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အသင်း အဖြစ်နဲ့တောင် ရှိလာခဲ့သလို အခုအချိန်ထိလည်း အချိန်ရရင် သူတို့တွေနဲ့ ကစားဖြစ်တုန်းပါပဲ..။



ကျွန်တော်တို့တတွေ ကစားသမားတစ်ယောက်အဖြစ် တိုးတက်လာခဲ့တဲ့ ခရီးလမ်းတစ်လျှောက်မှာ အဖေ့ရဲ့အခန်းကဏ္ဍဟာ အရေးကြီးတဲ့နေရာက ပါ၀င်ခဲ့ပါတယ်..။ ငယ်ငယ်တုန်းကတော့ ကစားရရင် ပျော်နေတာပဲ ရှိပါတယ်..။ ဘာကြောင့်မလို့ ဒီလိုကစားရတယ်.. ဆိုတဲ့ အဓိပ္ပါယ်တွေကို နားမလည်သေးပါဘူး..။ အဖေပြောတဲ့အတိုင်းပဲ လိုက်ပြီးကစားခဲ့ကြပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ ပြန်ပြီးစဥ်းစားမိတဲ့အခါ ကျွန်တော်တို့ရဲ့ ကစားသမား ဘ၀လမ်းတစ်လျှောက်မှာ သူ့ရဲ့ပံ့ပိုးမှုတွေ ဘယ်လောက်တောင် အရေးပါတယ်.. ဆိုတာ တွေးမိခဲ့သလို အခုအချိန်ထိလည်း ကျွန်တော်တို့ကို အကောင်းဆုံး ကူညီပေးနေဆဲ ဖြစ်ပါတယ်..။

အဖေဟာ သူ့ရဲ့ကိုယ်ပိုင်အသင်း ရှိပေမယ့် အခုအချိန်အထိ ကျွန်တော်တို့ရဲ့အသင်းတွေကို နည်းပြအဖြစ် တာ၀န်ယူခဲ့တာ မရှိသေးပါဘူး..။ တခါတလေ နွေရာသီပြိုင်ပွဲတွေမှာ ကျွန်တော်လည်း အဖေ့ရဲ့အသင်းမှာ ၀င်ပြီးကစားပေးတာတွေ ရှိခဲ့ပါတယ်..။

ကျွန်တော့်ရဲ့ ပထမဆုံးအသင်းကတော့ Kew Park Rangers အသင်းဖြစ်ပြီး ငါးနှစ်သား၊ ခြောက်နှစ်သား အရွယ်မှာ အဲဒီအသင်းကို စတင်ရောက်ရှိခဲ့ပါတယ်..။ တစ်နှစ်၊ နှစ်နှစ်လောက် ကစားပြီးတဲ့နောက် ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို ခေါ်ယူခဲ့ပါတယ်..။ Epsom Eagles အသင်းမှာ ကစားခဲ့ဖူးတာကို မှတ်မိနေပေမယ့် အဲဒီအချိန်က ဘယ်နှစ်သားအရွယ်မှန်း သေသေချာချာ စဥ်းစားမရတော့ပါဘူး..။ ဒါပေမယ့် အဲဒီမှာလည်း Kew Park Rangers အသင်းမှာ ကစားခဲ့သလို တစ်ရာသီ၊ နှစ်ရာသီလောက်ပဲဖြစ်မယ်လို့ ထင်ပါတယ်..။

Epsom Eagles အသင်းမှာ ကစားခဲ့တုန်းက ကော်နာ ဂါလက်ချာ၊ အယ်လ်ဖီ ဒေါ့တီ တို့လည်း အဲဒီအသင်းမှာ ကျွန်တော်နဲ့အတူ ကစားခဲ့ကြပါတယ်..။ နောက်ပြီး ချာလ်တန်အသင်းကို ရောက်နေတဲ့ ဘင် ဒမ့်ဆေးလ် လည်း ကျွန်တော်တို့ အသင်းဖော်တစ်ယောက်ပါပဲ..။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ Epsom Eagles အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ယှဥ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်းကို အသက် (၈) နှစ်၊ (၉) နှစ်လောက်မှာ ရောက်ရှိခဲ့ပါတယ်..။ ကျွန်တော်နဲ့အတူတူ ရောက်လာတဲ့ လူငယ်လေးတွေထဲမှာ ဒူဂျွန် စတာလင်း၊ မာ့တဲလ် တေလာ ခရော့စ်ဒေးလ်၊ ရီယန် ဘရူးစတား၊ ဂျေမီ ကမ်းမင်း၊ မာ့စ် ဂူဟီ နဲ့ ကော်နာ ဂါလက်ချာ တို့ ပါ၀င်ခဲ့ပါတယ်..။ ကျွန်တော်တို့အားလုံးရဲ့ ရည်မှန်းချက် အိပ်မက်ဟာ ချယ်လ်ဆီးအသင်းမှာ ကစားခွင့်ရဖို့ ဖြစ်ပါတယ်..။

ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ကျွန်တော်တို့ရောက်လာခဲ့တဲ့အချိန်တုန်းက ပထမအသင်းကြီးကို ရောက်ရှိနိုင်ဖို့ အင်မတန်မှကို ခက်ခဲတယ်ဆိုတာ သိထားကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ စီနီယာတွေဖြစ်တဲ့ နေသန်နီယယ်လ် ချာလိုဘာ၊ ဂျော့ရှ် မက်ခ်ျအိယန် တို့လို အနည်းစုလောက်ပဲ အသင်းကြီးကို ရောက်ရှိခဲ့ပြီး အများစုက လမ်းတစ်၀က်နဲ့တင် ကျေနပ်လိုက်ရတာများပါတယ်..။

ဒ့ါကြောင့်ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို တွေ့ရှိထားပေမယ့် အကောင်အထည် ပေါ်နိုင်ဖို့ ခက်ခဲနေတယ်ဆိုတာ သိထားခဲ့ပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် နည်းပြအဖြစ် ရောက်ရှိလာချိန်မှာ အသင်းရဲ့ဂန္တ၀င် ကွင်းလယ် ကစားသမားကြီးဟာ လူငယ်အကယ်ဒမီနဲ့ အသင်းကြီးကို ပေါင်းကူးပေးခဲ့ပါတယ်..။ အခုအချိန်မှာ သူမရှိတော့ပေမယ့် သူချန်ထားခဲ့တဲ့ ခြေရာလက်ရာတွေ ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သလို မနှစ်ကဘောလုံးရာသီမှာလည်း လူငယ်ကစားသမား တစ်ချို့ဟာ အသင်းကြီးမှာ ပါ၀င်ခွင့်ရခဲ့ပါတယ်..။ သူတို့တွေအတွက် အခွင့်အရေး ရခဲ့တယ်..၊ အသင်းကြီး ပွဲထွက်ခွင့်တွေလည်း ရခဲ့ပါတယ်..။ အဲဒီအတွက် ကစားသမားတွေနဲ့ အသင်းက နည်းပြအဖွဲ့၊ ၀န်ထမ်းတွေကို ချီးကျူး၊ ဂုဏ်ပြုရမှာ ဖြစ်ပါတယ်..။



ကျွန်တော်ဟာ ငယ်စဥ်ကတည်းက တိုက်စစ်မှူးနေရာကနေ အများဆုံးကစားခဲ့ပြီး ဒီဒီယာ ဒရော့ဘာ ကို စံပြု၊ အားကျခဲ့ပါတယ်..။ သူ့လိုတိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်ချင်ခဲ့ပြီး သူ့ရဲ့ပုံစံအတိုင်း ဂိုးတွေသွင်းပေးချင်တယ်..၊ သူ့ရဲ့အောင်ပွဲခံတဲ့ပုံစံအတိုင်း အတုခိုးချင်ခဲ့ပါတယ်..။ ဒါပေမယ့် အသက် (၁၁) နှစ်၊ (၁၂) နှစ်သားလောက်မှာ တိုက်စစ်မှူးတစ်ယောက်အဖြစ် အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရပြီး ကွင်းလယ်ကို ပြန်ဆင်းခဲ့ရပါတယ်..။ အဲဒီနေရာမှာ သုံးနှစ်လောက် ကစားခဲ့ပြီး အသက် (၁၅) နှစ်လောက်မှာ ညာနောက်ခံလူနေရာကို ရောက်သွားပါတယ်..။

ညာနောက်ခံလူနေရာမှာ စပြီးကစားရတဲ့ ပထမနှစ်နှစ်၊ သုံးနှစ်လောက်အထိ အဲဒီနေရာမှာ ကစားရတာကို မုန်းတီးခဲ့ပါတယ်..။ ဒါပေမယ့် တစ်နေ့မှာတော့ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့ပြီး အဲဒီနေရာမှာ ကစားရတာကို စတင်သဘောတွေ့ခဲ့ပါတယ်..။ အဲဒီအချိန်က ကျွန်တော်ဟာ အသက် (၁၇) နှစ်လောက် ရောက်နေပြီလို့ ထင်ပါတယ်..။ ဒါပေမယ့် ညာနောက်ခံလူနေရာမှာ အံ၀င်ပြီးအသားကျဖို့ အချိန်အကြာကြီး ယူခဲ့ရပါတယ်..။ အထူးသဖြင့် ကိုယ်မနှစ်သက်တဲ့နေရာမှာ ကစားရတာကို စိတ်ပျက်နေခဲ့တာကြောင့်လည်း လိုအပ်တာထက် ပိုပြီးအချိန်ယူခဲ့ရတာ ဖြစ်နိုင်ပါတယ်..။ အခုအချိန်မှာတော့ ညာနောက်ခံလူနေရာမှာ အများဆုံး ကစားနေရသလို ကျွန်တော်အနှစ်သက်ဆုံး နေရာတစ်ခု ဖြစ်နေပါပြီ..။

ချယ်လ်ဆီးအသင်းကို စပြီးရောက်ရှိခဲ့တဲ့ အချိန်ကတည်းက ဒီအသင်းကနေ ဘယ်ကိုမှ မရောက်သွားတော့ပါဘူး..။ ဒါပေမယ့် အသက် (၁၅) နှစ်၊ (၁၆) နှစ်အရွယ်လောက်တုန်းက အသင်းကနေ စာချုပ်ဖျက်သိမ်း ခံရတဲ့အဖွဲ့ထဲ ပါတော့မလို့ နည်းနည်းလေးပဲ လိုပါတော့တယ်..။ ကျွန်တော်တို့ လူငယ်ကစားသမား အုပ်စုထဲမှာ ကျွန်တော်က အမြဲတမ်းလိုလို အညံ့ဆုံးဖြစ်နေပါတယ်..။ ဒါ့ကြောင့် အသင်းက ကျွန်တော့်ကို ဘာဆက်လုပ်ရမလဲ..ဝေခွဲမရ ဖြစ်နေပါတယ်..။ ဒါပေမယ့် အသင်းကစွန့်စားပြီး ကျွန်တော့်ကို စာချုပ်ဆက်ချုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း ပြသနိုင်ဖို့ အစွမ်းကုန် ကြိုးစားပြီး အသင်းအတွက် ပေးဆပ်၊ သက်သေပြခဲ့ပါတယ်..။



ကျွန်တော်ဟာ ကျောင်းသားဘ၀တုန်းက အစားအသောက်လို တခြားအရာတွေရဲ့ အရေးပါမှု၊ အခန်းကဏ္ဍတွေကို နားမလည်ခဲ့ပါဘူး..။ သူငယ်ချင်းတွေနဲ့အတူ ရှိနေစဥ်မှာဆိုရင် သူငယ်ချင်းတွေ စားတဲ့အတိုင်း လိုက်ပြီးစားသောက်လေ့ ရှိသလို စိတ်ထဲမှာ ဆန္ဒရှိတဲ့အတိုင်း စားဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်..။ သူတို့တွေနဲ့အတူတူ တသားထဲရှိနေတယ်ဆိုတာ ပြသလိုနေတဲ့စိတ် တစ်ခုထဲသာ ရှိခဲ့ပြီး ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ၊ ကိုယ်သွားချင်တဲ့ နေရာ၊ လမ်းကြောင်းတွေကို ထည့်သွင်းမစဥ်းစားဖြစ်ခဲ့တာ၊ သတိမမူနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်..။ တစ်နေ့မှာတော့ ကျွန်တော် ကွင်းထဲမှာ၀င်ပြီး ကစားလို့ မရနိုင်တော့အထိ ကြံ့ခိုင်မှုမရှိတော့တဲ့အပြင် ခြေတွေလက်တွေ မသယ်ချင်၊ လုံး၀ကို မလှုပ်ချင်၊ မရှားချင်တော့ပါဘူး..။ ဒ့ါကြောင့်ကျွန်တော်ဟာ ကိုယ်လျှောက်ချင်တဲ့လမ်း၊ ကိုယ့်ရဲ့ဆန္ဒ၊ အိပ်မက်တွေကို ဖြည့်စွမ်းနိုင်ဖို့ဆိုရင် အဲဒီလို အသောက်အစားကိစ္စတွေကို လုံး၀စွန့်လွှတ်၊ ရှောင်ကြဥ်လိုက်မှဖြစ်မယ်ဆိုတာ နားလည်ခဲ့ပါတယ်..။

အဖေကတော့ ကျွန်တော့်ကို မှန်ကန်တဲ့လမ်းညွှန်မှုတွေ ပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်…။ ဒါပေမယ့် အလယ်တန်း ကျောင်းသားအရွယ်လောက်စပြီး ကျွန်တော်တို့ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိုပြီးခုံမင်၊ မက်မောလာခဲ့ပါတယ်..။ ဗိုက်ဆာလာရင် တွေ့တဲ့အရာကို စားလိုက်မှာပါပဲ..။ ဒါတွေဟာ ကိုယ့်အတွက် ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်..။

ကစားသမားတစ်ယောက်အဖြစ် တိုးတက်လာခဲ့တဲ့ လမ်းကြောင်းတစ်လျှာက် ပြန်ကြည့်မယ်ဆိုရင် အဖေနဲ့အတူ ကျွန်တော့်ကို အထူးကူညီပေးခဲ့ကြတဲ့ တခြားနည်းပြတွေလည်း ရှိပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးအကယ်ဒမီက နည်းပြတစ်ယောက်ဖြစ်တဲ့ ‘ဖရန့်ခ် အို ဘရိုင်ယန်’ ကို ချန်ထားခဲ့လို့ မဖြစ်ပါဘူး.။ ချယ်လ်ဆီးလူငယ် အသက် (၁၄) နှစ်အောက်နဲ့ (၁၆) နှစ်အောက် အသင်းတွေမှာ သူနဲ့အတူ ဆုံစည်းခွင့်ရခဲ့ပြီး သူဟာကျွန်တော့်ကို အချိန်ပိုလေ့ကျင့်ခန်းတွေ ဆင်းဖြစ်အောင် တွန်းအားပေး၊ ဂရုတစိုက် ကူညီပေးခဲ့ပါတယ်..။ ဒါ့အပြင်အမြဲတမ်း အစွမ်းကုန်ကြိုးစားဖို့ လိုအပ်တဲ့အကြောင်း ကျွန်တော့်ကိုတွန်းအားပေးခဲ့ပါတယ်..။



အသင်းကနေ သူထွက်သွားခဲ့ပြီးတဲ့နောက် ဂျိုဒီ မောရစ်စ်၊ ဂျိုး အက်ဒ်၀ဒ် တို့နဲ့ ဆက်ပြီးလက်တွဲခဲ့ရပါတယ်…။ ကျွန်တော်ဟာ အခုလို ‘ရိစ် ဂျိမ်းစ်’ ဆိုတဲ့ ကစားသမားတစ်ယောက်အဖြစ် ရောက်ရှိလာတာဟာ သူတို့တွေရဲ့ကူညီ၊ ဖေးမမှု အများကြီးပါ၀င်ခဲ့ပါတယ်..။

ကျောင်းကစားပွဲတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ဟာ ကျောင်းသားအဆင့်ပွဲတွေမှာ တစ်ပွဲ၊ နှစ်ပွဲလောက်ပဲ ကစားခဲ့ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ပါတ်မှာ ရက်အတော်များများကို ချယ်လ်ဆီးအသင်းနဲ့ လေ့ကျင့်နေရတာ ဖြစ်တဲ့အတွက် ကျောင်းအသင်းတွေကို အချိန်မပေးနိုင်ခဲ့ပါဘူး..။ အသက် (၉) နှစ်မှာ Epsom အရပ်မှာရှိတဲ့ Glynn School ကျောင်းကို ပြောင်းခဲ့ရပါတယ်…။ အဲဒီကျောင်းဟာ ချယ်လ်ဆီးအသင်းနဲ့ အဆက်အသွယ်ရှိနေပြီး ချယ်လ်ဆီးအသင်းက ဆရာတွေကလည်း မကြာမကြာလာရောက် သင်ခန်းစာတွေ သင်ကြားပေးလေ့ ရှိပါတယ်..။

ကျွန်တော့်ရဲ့ ငယ်စဥ်ကလေးဘ၀က အကြောင်းတွေကို ပြန်ပြောင်းစဥ်းစားလိုက်မယ်ဆိုရင် အရမ်းကိုငယ်ရွယ်စဥ်တုန်းမှာတော့ ပျော်ရွင်ဖို့တစ်ခုထဲပဲ စိတ်ထဲမှာရှိနေပြီး တခြားအကြောင်းတွေ အရမ်းကြီးမစဥ်းစားခဲ့ပါဘူး..။ ဒါပေမယ့် အခုခေတ်မှာ လူငယ်ကစားသမားတွေဆီမှာ စဥ်းစားစရာ၊ တွေးတောစရာ အကြောင်းအရာတွေ အများကြီးရှိနေတာကြောင့် အတွေးတွေ ထွေပြားနေကြသလို ရှေ့အဝေးကြီးကို ကြိုတင်စဥ်းစားကြလေ့ ရှိပါတယ်..။ တကယ်တော့ ကစားသမားတွေဆိုတာ ကိုယ့်အတွက် အခွင့်အရေးရရင် ပျော်ရွှင်ဖို့ပါပဲ..။ ကစားပွဲတိုင်းကို ကိုယ့်ရဲ့နောက်ဆုံးပွဲလို သဘောထားပြီး ပျော်ပျော်ရွှင်ရွင်နဲ့ ကျေကျေနပ်နပ်ကြီး ကစားဖို့ပဲ မှာလိုက်ချင်ပါတယ်..။

(England Football မှ ဆောင်းပါးရှင် Reece James ၏ ‘Reece James' grassroots story’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)