"အသင်းဖော်တစ်ချို့က ကျွန်တော့်ကို မြည်း (Donkey) လို့ ခေါ်ကြပါတယ်..။ အဲဒါက ဘောလုံးနဲ့ မဆိုင်ပါဘူး..။ မြည်းတွေနဲ့ ပထမဆုံး တွေ့တဲ့နေ့ကစပြီး ထူးခြားတဲ့ဆက်သွယ်မှု ရှိခဲ့တယ်လို့ ခံစားခဲ့ပါတယ်..။ မြည်းတွေကလည်း အရမ်းကို အေးဆေး၊ တည်ငြိမ် (calm) သလို ကျွန်တော်ကလည်း မတုန်မလှုပ် နေတတ်တဲ့သူ တစ်ယောက်ပါ..။ ကျွန်တော်ဟာ မြည်းတွေကို အရမ်းချစ်သလို စိတ်ညစ်နေတဲ့အချိန်တိုင်းမှာ တိရိစ္ဆာန် ဘေးမဲ့ဂေဟာ (sanctuary) တွေမှာ အချိန်ကုန်စေခဲ့ပါတယ်..။
တိရိစ္ဆာန်လေးတွေကို သေသေချာချာ ကြည့်မယ်ဆိုရင် လူသားတွေရဲ့ အငွေ့အသက်တွေ ကိုယ်စားပြုနေတာ တွေ့ရပါလိမ့်မယ်..။ ဒါ့ကြောင့်အဲဒီဘေးမဲ့ဂေဟာတွေဟာ ကျွန်တော့်အတွက် ငြိမ်းအေးမှုတွေ ပေးစွမ်းနိုင်တဲ့ နေရာလေးတွေ ဖြစ်ပါတယ်..။"
လန်ဒန်မြို့၊ ဝင်ဘယ်လ်ဒန် အရပ်ဒေသရဲ့ အေးချမ်း၊ စိုစွတ်တဲ့ မနက်ခင်းတစ်ခုမှာ ကိုင် ဟာဗာ့ဇ် ဟာ သူ့ရဲ့ကစားသမား ဘဝအကြောင်း၊ ပြင်ပလူနေမှု ဘဝအကြောင်းတွေ အပါအဝင် အခြားအကြောင်းအရာတွေကိုပါ စုံစုံလင်လင် ပြောဆို၊ ဆွေးနွေးသွားခဲ့ပါတယ်..။ အဲဒီအကြောင်းတွေထဲမှာ ချယ်လ်ဆီးအသင်းမှာ ဖြစ်သွားခဲ့ရတဲ့ အပြောင်းအလဲတွေအကြောင်း၊ ကစားသမားတွေ၊ နည်းပြတွေ..၊ ဝန်ထမ်းတွေ..၊ အသင်းပိုင်ရှင်တွေ အကြောင်းလည်း ပါဝင်ခဲ့ပါတယ်..။
ဒါ့အပြင် သူ့ရဲ့ကစားသမားဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲက သွင်းဂိုးအပြင် ဖိအားတွေ၊ ခံစားမှုတွေ၊ ဖြေလျော့မှုတွေ၊ တောက်ပခဲ့တဲ့ အိပ်မက်တွေ..၊ ပြိုပျက်သွားခဲ့တဲ့ အိပ်မက်တွေအကြောင်းတွေလည်း ပါတာပေါ့..။ ဒါပေမယ့် သူ့ရဲ့ဖွင့်ဟချက်တွေဟာ တိရစ္ဆာန်တွေနဲ့ပဲ စတင်ခဲ့ပြီး ‘တိရိစ္ဆာန်တွေ..’ - အထူးသဖြင့်’မြည်းသတ္တဝါ’ တွေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်..။
ရဲသားတစ်ယောက်ဖြစ်တဲ့ ဖခင်နဲ့ ရှေ့နေဖြစ်သူ မိခင်တို့ကနေ ဖွားမြင်လာခဲ့တဲ့ ကိုင် ဟာဗာ့ဇ် ဟာ ဂျာမနီနိုင်ငံ၊ အာချင်မြို့လေးမှာ ကြီးပြင်းလာခဲ့ပါတယ်..။ မိဘနှစ်ပါးဆီက ရရှိခဲ့တဲ့ ပထမဆုံးလက်ဆောင်မွန်က ချစ်စရာကောင်းလှတဲ့ ‘မြည်းပေါက်’ အရုပ်လေးတစ်ခု ဖြစ်ပါတယ်..။ ဒါ့အပြင် အသက် (၁၈) နှစ် ပြည့်တဲ့အချိန်မှာတော့ နောက်ထပ်မြည်းပေါက်လေး သုံးကောင် လက်ဆောင်ရခဲ့ပြန်ပါတယ်..။
“တကယ့်ကို ထူးရှယ် လက်ဆောင်တွေလို့ ပြောရမှာပါ..။ သူတို့ကို တိရိစ္ဆာန်ဘေးမဲ့ဂေဟာ တစ်ခုဆီကနေ ခေါ်ယူ၊ မွေးစားခဲ့တာပါ..။ ပထမဆုံး တစ်ကောင်ကို ‘တိုနီ’ လို့ ခေါ်ပါတယ်..။ ‘တိုနီ ရူဒီဂါ’ ပေါ့ဗျာ..။ တတိယကောင်လေးကို ‘မျှော်လင့်ချက် (Hope)’ လို့ ခေါ်ပါတယ်..။ သူ့ကိုသားသတ်ရုံကနေ ကြိုးလေးတန်းလန်းနဲ့ ခေါ်လာခဲ့တာ.. လို့ ပြောကြပါတယ်..။ အသတ်ခံရနီးဆဲဆဲကနေ အခုဆိုရင် ကောင်းကောင်းမွန်မွန် နေထိုင်ခွင့် ရနေပြီပေါ့ဗျာ..။”
၂၀၂၁ ခုနှစ်တုန်းက သူ့ရဲ့မွေးရပ်ဇာတိမြေ.. ဂျာမနီနိုင်ငံမှာ ရေကြီးတဲ့ဒုက္ခနဲ့ ရင်ဆိုင်ရချိန်မှာ သူဟာတတ်နိုင်တဲ့ ဘက်ကနေ လူမှုဂရုဏာ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပါဝင်၊ ဆောင်ရွက်ပေးခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းမှာ ‘the Kai Havertz Stiftung’ လို့ အမည်ရတဲ့ ကိုယ်ပိုင်ဖောင်ဒေးရှင်းတစ်ခု ‘မတည်’ ထူထောင်လိုက်ပြီး တိရိစ္ဆာန်များ ထိန်းသိမ်း၊ စောင့်ရှောက်ရေး လုပ်ငန်းများမှာ ပါဝင်ကူညီပေးခဲ့ပါတယ်..။ အခုနောက်ပိုင်းမှာ သူ့ရဲ့ဖောင်ဒေးရှင်း လုပ်ငန်းများဟာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး လုပ်ငန်းများမှာပါ ပါဝင်၊ ဆောင်ရွက်ခဲ့ပါတယ်..။
ဒါ့ကြောင့်လည်းသူက ‘ဘောလုံးကစားခြင်းဟာ ကျွန်တော့်ဘဝမှာ အရေးအပါဆုံးအရာ မဟုတ်ပါဘူး..။ ဘောလုံးကစားတာထက် အဆတစ်ရာလောက် ပိုပြီးအရေးကြီးတဲ့ အရာတွေ ရှိနိုင်ပါတယ်..။ ကျွန်တော့်လို ကစားသမား တစ်ယောက်ဆီကနေ အဲဒီလိုစကား ကြားရဖို့ လွယ်ကူလိမ့်မှာ မဟုတ်ပါဘူး..။ ဒါ့အပြင် ကျွန်တော်အခုလို ပြောတာကို တခြားလူတွေကလည်း နှစ်သက်ကြလိမ့်မယ် မထင်ပါဘူး..။ ဒါပေမယ့် အဲဒီအတိုင်းပဲ ကျွန်တော်ခံစားရပါတယ်..’ လို့ ပြောပါတယ်..။
ကိုင် ကတော့ ဘောလုံးကစားနည်းကို ‘ဒီကမ္ဘာမြေပေါ်က အကောင်းဆုံးသော အရာတစ်ခု’.. အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုအင်မတန်မှ ချစ်စရာကောင်းပြီး လှပလွန်းတဲ့ ကစားနည်းမှာ ကြီးမားလှတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်..။ ဗြိတိသျှအစိုးရရဲ့ တားဆီး၊ ပိတ်ပင်မှုတွေ၊ ချယ်လ်ဆီးပွဲကစားဖို့အတွက် ဓါတ်ဆီဖိုးအိပ်စိုက်၊ ဟိုတယ်ဖိုး အိပ်စိုက်ခဲ့ရတဲ့ နေ့ရက်တွေ၊ ချယ်လ်ဆီးအသင်း ပိုင်ရှင်သစ်ဆီ ရောက်ရှိခဲ့တဲ့ ကာလတွေ၊ ကစားသမားသစ်တွေ ဝင်လာမစဲ တသဲသဲ အချိန်တွေ၊ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၁၀) က ချယ်လ်ဆီးအသင်း…။
“ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းအတွက် (၁၀၀%) ရာခိုင်နှုန်းပြည့် ပေးဆပ်ခဲ့မှု မရှိပါဘူး.. လို့ ဘယ်သူကမှ စွပ်စွဲလို့မရပါဘူး…။ ကိုယ်ပြောမယ့်အရာအပေါ်မှာ အဲဒီထက်ပိုပြီး ကြီးမား၊ ကျယ်ပြန့်တဲ့ အမြင်တစ်ခုရှိဖို့ လိုပါတယ်..။ အခုအသင်းမှာ ဘာတွေဖြစ်နေလဲ..? စဥ်းစားကြည့်မယ်ဆိုရင် ဖြစ်ရိုးဖြစ်စဥ်အတိုင်း မှန်မှန်ကန်ကန် လျှောက်လှမ်းနေတယ်.. လို့ ပြောနိုင်ပါ့မလား..?
ကျွန်တော်တို့အသင်းမှာ ကစားသမား တစ်ယောက်အနေနဲ့ စစချင်းမှာ အသင်းပိုင်ရှင် အပြောင်းအလဲအပေါ် အရမ်းကြီးသတိမထားမိခဲ့ပါဘူး.။ ဒါပေမယ့် အသင်းဟာ အသစ်ဖြစ်လာတယ်…၊ နည်းပြအသစ်..၊ ဝန်ထမ်းအသစ်တွေ ရောက်လာခဲ့ပါတယ်..။ အသင်းရဲ့ အဝတ်လဲခန်းဟာ လုံးဝကို ပြောင်းလဲသွားပါတယ်..။ ဒါ့ကြောင့်ခြားနားတဲ့ အကျင့်စရိုက်တွေ၊ ခြားနားတဲ့ယဥ်ကျေးမှုတွေကို အသစ်တဖန် ပြန်လည်ထိတွေ့၊ ဆက်ဆံရပြန်ပါတယ်..။ နားလည်မှုတွေ ပြန်လည်တည်ဆောက်ရတယ်..၊ ရင်းနှီးမှုတွေ ပြန်လည် တည်ဆောက်ရပါတယ်..။
ကျွန်တော်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲလုံးလုံးမှာ ဂျော်ဂင်ဟို နဲ့ အတူတူ တွဲဖက်ကစားခဲ့သလို သူ့ရဲ့အဝတ်လဲခန်း ဗီရိုဟာ ကျွန်တော့်ရဲ့ကပ်လျှက် ဘေးမှာရှိပါတယ်..။ သူနဲ့အရမ်းကို ရင်းနှီးခင်မင်ခဲ့ပါတယ်…။ ဒါပေမယ့် ရုတ်တရက်…
ဇန်နဝါရီလရဲ့ ညနေခင်းတစ်ခုမှာ ကျွန်တော့်ဆီကို ဖုန်းခေါ်လာပြီး ‘ငါအသင်းပြောင်းတော့မယ်..’လို့ ပြောပါတယ်..။ ကျွန်တော်က ‘ဘာ..? ဟုတ်ပါ့မလား..? လာပြီးနောက်နေတာလား..?’ လို့ ပြန်ပြီးမေးမိတဲ့အထိ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်..။ အပြောင်းအလဲတွေဟာ လျှင်မြန်လွန်းလှပါတယ်..။ ဒါတွေကို ကျွန်တော်တို့ လက်ခံပေးရပါတယ်..။
အခုဆိုရင် ကျွန်တော့်ရဲ့ ကစားသမားဘဝ ခြောက်နှစ်သက်တမ်းမှာ ခုနှစ်ယောက်မြောက် နည်းပြနဲ့ လက်တွဲနေရပါပြီ..။ ဂျာမနီမှာတုန်းက နည်းပြလေးယောက်၊ ချယ်လ်ဆီးမှာ နည်းပြသုံးယောက် ရှိပါပြီ..။ ဒီနှစ်နွေရာသီကနေ စပြီးရေတွက်ကြည့်ရင် ကစားသမားအသစ် (၁၂) ယောက် ရောက်လာခဲ့ပါတယ်..။ သိပ်တော့ လွယ်ကူလှတာ မဟုတ်ပါဘူး..။
အင်ဇို ဖာနန်ဒက်စ်၊ မိုင်ဟေးလ်လို မူဒရပ်ခ် တို့ဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းကို ရောက်လာခဲ့ကြပေမယ့် သူတို့ရဲ့အသက်တွေက (၂၂) နှစ်ပဲ ရှိကြပါသေးတယ်..။ ဒါ့ကြောင့် သူတို့တွေကို စပြီးရောက်လာကတည်းက ‘နေမာ’ ရဲ့ ခြေစွမ်းအတိုင်း မြင်ရမယ်လို့ မျှော်လင့်ထားလို့ မရပါဘူး..။ ကျွန်တော့်လိုပါပဲ..၊ သူတို့တွေလည်း အချိန်တစ်ခု စောင့်ရပါလိမ့်မယ်..။
ကျွန်တော့်အတွက် ‘ပြောင်းရွှေကြေး’ ဆိုတဲ့ အရာကနေ သက်ရောက်လာခဲ့တဲ့ ဝဲဂယက် လှိုင်းလုံးဟာ ကြီးမားခဲ့ပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကြေးအကြီးဆုံး ခေါ်ယူမှု ဖြစ်ခဲ့သလို ဘယ်လိုအကြောင်းနဲ့ အဲဒီလောက်များပြားတဲ့ ပြောင်းရွှေ့ကြေးကို ပေးခဲ့လဲ.. ဆိုတာ နားမလည်မိပါဘူး..။ ဒါပေမယ့် ဘောလုံးလောကမှာတော့ အဲဒီလို ကြေးကြီးပေးပြီး ခေါ်ယူတာဟာ ဘာမှမထူးဆန်းပါဘူးဆိုတာ အခုလက်ရှိ အသင်းက ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကိုကြည့်ရင် တွေ့နိုင်မှာပါ..။
အဲဒီပြောင်းရွှေ့ကြေးကြောင့် လူတွေက ကျွန်တော့်ကို ‘မက်ဆီ’ လိုပဲ တွေးလာကြပါတယ်..။ ကျွန်တော်ဟာ အသက် (၂၀)၊ (၂၁) နှစ်ပဲ ရှိပါသေးတယ်..။ ဒါပေမယ့် လူတွေက အဲဒီလိုမစဉ်းစားကြပါဘူး..။ မင်းကိုကြေးအများကြီး ပေးထားရတယ်..၊ ဒါ့ကြောင့်ပထမဆုံးနေ့ကတည်းက ပျံ.. လန်.. နေတဲ့ ခြေစွမ်းကို ပြနိုင်ရပါမယ်..။ ဒါ့ကြောင့်အမြဲတမ်း တောင်းဆိုမှု.. ဆိုတဲ့ ဖိအားကြီးကို ခံစားနေရပါတယ်..။ ကျွန်တော်ကြားတယ်..၊ ဖတ်လည်းဖတ်မိပါတယ်..။ ချယ်လ်ဆီးကို ကိုဗစ်ကာလအတွင်းမှာ ကျွန်တော်ရောက်လာခဲ့ပါတယ်..။
အသင်းကိုရောက်လာခါစ ပထမခြောက်လမှာ အဆင်မပြေလှပါဘူး..။ ပရိသတ်တွေကလည်း Boo… လုပ်ကြပါတယ်..။ မီဒီယာတွေ၊ ကင်မရာတွေကလည်း အရမ်းကိုအာရုံစိုက်လာပါတယ်..။ အဲဒီလိုအခြေအနေတွေအတွက် ကျွန်တော်ဟာ အသင့်မဖြစ်သေးပါဘူး..။ လူတကာရဲ့ အာရုံစိုက်တဲ့ ဗဟိုချက်အဖြစ် ကျွန်တော်မရှိချင်ပါဘူး..။
ဒါ့ကြောင့်အရမ်းကိုခက်ခဲခဲ့တဲ့ ကာလတွေလို့ပဲ ပြောရမှာပါ..။ လေဗာကူဆင် အသင်းမှာလည်း ပရိသတ်တွေက ကျွန်တော့်အပေါ် အာရုံစိုက်ကြပေမယ့် ပြောင်းရွှေ့ကြေးတန်ဖိုးက ဝန်ထုတ်ဝန်ပိုးတစ်ခုလို အပိုသက်ရောက်မှု ဖြစ်လာပါတယ်..။”
ကိုင် ဟာဗာ့ဇ် က သူ့ရဲ့ခေါင်းကို လက်ညှိုးနဲ့ ပြန်ထိုးရင်း…
“အဲဒီအရာတွေကို ကျွန်တော်ခံစားခဲ့ရ..၊ ခံစားနေရဆဲပါပဲ..။
ဒါပေမယ့် ဒီလိုအကြောင်းအရာတွေဟာ ရွှေ့လျားနေတဲ့ ဖြစ်စဥ်တစ်ခုလို့ ပြောရမှာပါ။ (၁၇) နှစ်၊ (၁၈) နှစ်သား အရွယ်လောက်က ဘောလုံးကစားခြင်းဟာ ကျွန်တော့်ရဲ့ဘဝကို လွှမ်းမိုးခဲ့ပါတယ်..။ တကယ်လို့ တစ်ပွဲတစ်လေလောက် ခြေစွမ်းမပြနိုင်ခဲ့ရင်၊ ဆိုးဆိုးရွားရွား ကစားမိခဲ့ရင် အဲဒီတစ်ပါတ်လုံးလုံး ဘာမှဆက်လုပ်လို့ မရတော့ပဲ စိတ်ညစ်နေခဲ့ပါတယ်..။”
အဲဒီလိုအရမ်းစိတ်ညစ်နေတဲ့အချိန်..၊ အရမ်းကိုစိတ်ဆင်းရဲပြီး ဖိအားတွေ များနေတဲ့အချိန်တွေမှာ ‘မြည်း’ တွေကို သွားကြည့်ဖြစ်ခဲ့သေးလား..?
“Exactly..!! အသေအချာပါပဲ..။ ငယ်စဥ်အချိန်တုန်းကတော့ မီဒီယာတွေက ပြောသမျှကို လိုက်ပြီးဖတ်ဖြစ်တယ်..၊ လိုက်ပြီးခံစား ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်တခါတလေမှာ သူတို့တွေပြောနေတာ မှန်နိုင်တယ်..၊ ငါကိုယ်တိုင်ကိုယ်က တကယ့်ငတုံးတစ်ကောင်ပဲ… ဆိုတဲ့ ခံစားချက်တွေ ရိုက်ခတ်လာခဲ့ပါတယ်..။
ပရိသတ်တွေကတော့ ကျွန်တော်ဟာ တခြားအရာတွေအပေါ် အာရုံများနေလို့ ဘောလုံးအပေါ်မှာ အာရုံမစိုက်နိုင်တာလား..? ဆိုပြီး ထင်မြင်စရာတွေ ရှိလာပါတယ်..။ သူတို့ဟာ နာမည်ကျော် ကစားသမားတွေကို တန်ဖိုးကြီး ဖန်စီပစ္စည်းတွေ၊ စိန်ရွှေရတနာတွေကို တက်မက်၊ ခုံမင်တဲ့သူတွေအဖြစ် ပုံဖော်ကြပါတယ်..။ တချို့ကစားသမားတွေဟာ တန်ဖိုးကြီးအရာတွေကို ခုံမင်ကြပါတယ်..။ ဒါပေမယ့် အဲဒီလိုပကာသနတွေကို မမက်မောတဲ့သူတွေလည်း ရှိတာပါပဲ..။ လူတိုင်းမှာ ခြားနားတဲ့အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေ ရှိကြပါတယ်..။
တိုနီ ခရူးစ် ဆိုရင် အရမ်းကိုအေးဆေး တည်ငြိမ်တယ်..၊ မြေကြီးလိုပဲ ကျင့်ကြံပါတယ်..။ ပြိုးပြိုးပျက်ပျက်.. တောက်တောက်ပြောင်ပြောင် အရာတွေကို သူစိတ်မဝင်စားပါဘူး..။ ဘဝဆိုတာ ဘောလုံးကန်တာ တစ်ခုထဲမဟုတ်ဘူး’ လို့.. သူအမြဲတမ်း ပြောပါတယ်..။ အန်ဂိုလို ကန်တေး ဆိုရင် ဖုန်းတစ်လုံးထဲကိုပဲ သုံးခဲ့တာ ဆယ်နှစ်ရှိသွားပြီ..။ တန်ဖိုးကြီးကားတွေ..၊ အဖိုးတန် အဝတ်အစားတွေကိုလည်း မက်မောတဲ့သူ မဟုတ်ပါဘူး..။
ဒါ့ကြောင့်နာမည်ကျော် ကစားသမားတိုင်းကို အသုံးအဖြုန်း ကြီးကြတယ်လို့ တင်ကြို၊ သတ်မှတ်လို့ မရပါဘူး..။ အဓိကအရေးကြီးတာက 'ပျော်ရွှင်မှုကို ရရှိဖို့ပဲ' ဖြစ်ပါတယ်..။ ကျွန်တော်လည်း အပေါ်ယံ ပကာသနတွေကို ဂရုမစိုက်သလို အဲဒီလိုအသုံးအစွဲ ကြီးမားတဲ့သူတွေဟာ သူတို့ရဲ့စိတ်နှလုံး အေးချမ်းမှုအတွက် အကာအကွယ် ရယူထားတာ ဖြစ်နိုင်ပါတယ်..။"
ကိုင် ဟာဗာ့ဇ် ဟာ လာမယ့် ဇွန်လဆိုရင် အသက် (၂၄) နှစ်ပြည့်ပါပြီ..။ သူဟာလွန်ခဲ့တဲ့ အသက် (၁၇) နှစ်အရွယ်တုန်းက တန်ဖိုးကြီးဖန်စီအိတ်တစ်လုံး ဝယ်ဖူးတဲ့အကြောင်း ပြောပြပါတယ်..။ အဲဒီအိတ်ကလေးဟာ အဖြူရောင်ဖြစ်ပြီး ရွှေအစစ်နဲ့ကွတ်ထားတာကြောင့် တဖျက်ဖျက် လက်နေပါတယ်..။ “အဲဒီအိတ်ကလေးကို ဝယ်ဖြစ်ခဲ့ပေမယ့် ကြည့်နေရင်း နှစ်ခြိုက်လာခဲ့တာ မရှိပါဘူး..။ ဒါတွေဟာ ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက်မဟုတ်ပါဘူး..။ အမေတို့နဲ့ တိုင်ပင်ကြည့်တဲ့အခါ သူတို့က ကျွန်တော့်ဆီမှာ အဲဒီလိုအကျင့်မျိုး မရှိတာကြောင့် နောက်ပိုင်းမှာ ဆက်မလုပ်ဖို့ အကြံပေးပါတယ်..။ အဲဒီအိတ်ကလေးကိုလည်း ညီမလေးကို လက်ဆောင်ပေးလိုက်ပါတယ်..။”
“ကျွန်တော်တို့တွေဟာ တည်တည်ငြိမ်ငြိမ် နေထိုင်၊ ပြုမူနိုင်သင့်ပါတယ်..။ တခါတလေ ခြေစွမ်းမပြနိုင်တာ ရှိနိုင်သလို အဲဒီလိုခြေစွမ်းမပြနိုင်တာနဲ့ ကမ္ဘာပျက်မသွားပါဘူး..။ ဒါ့အပြင် ခြေစွမ်းတွေ အထူးပြသနေတဲ့အပေါ် ချီးမြှောက်မှုတွေကလည်း အမှန်တရားတွေ မပါပါဘူး.။ အရာရာဟာ အမြဲတမ်းအလျှင်အမြန် ပြောင်းလဲနေပါတယ်..။ ပြီးခဲ့တဲ့လပိုင်းက အဖြစ်အပျက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်တောင် သင်ခန်းစာတွေ အများကြီးရပါတယ်..။
လူတိုင်းက ကျွန်တော့်ကို စိတ်ပျက်နေကြတယ်..၊ ကျွန်တော်ဂိုးတွေ မသွင်းပေးနိုင်ဘူး..၊ ကွင်းထဲမှာ ဘာတွေလုပ်နေမှန်း မသိဘူး.. ဒီကောင်လေးကို ရောင်းထုတ်လိုက်ကြ.. လို့ အားလုံးကဝိုင်းပြောကြပါတယ်..။ အခုဆိုရင် ဂိုးတွေသွင်းပေးနိုင်တာနဲ့ ကျွန်တော်ဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ပြန်ဖြစ်လာခဲ့ပါတယ်..။
အခုအချိန်မှာ ‘ကျွန်တော်မှကျွန်တော်..’ ဆိုပြီး ဝိုင်းချစ်နေကြပေမယ့် နောက်ထပ်နှစ်ပါတ်လောက် ကြာတဲ့အချိန် သူတို့တွေကျွန်တော့်ကို ပြန်ပြီးမုန်းသွားနိုင်ပါတယ်..။ ကွင်းထဲမှာ ဘယ်လိုပဲခြေစွမ်းပြပြ.. အိမ်ပြန်ရောက်လာတာနဲ့ ပန်းကန်ဆေးရတာပါပဲ..။”
တကယ်လို့ ကိုယ့်ရဲ့အသင်းဟာ တည်ငြိမ်မှုရှိမယ်ဆိုရင် အောင်မြင်မှူတွေအတွက် အကောင်းမြင်ပေးဖို့ လွယ်ကူပေမယ့် တကယ်တမ်းမှာ အောင်မြင်မှုတွေဟာ ခဏတာနဲ့ ပျောက်ကွယ်သွားနိုင်တဲ့ ရေပွက်လေးတွေလိုပဲလို့ သူကခံယူထားပါတယ်…။ ဒီနှစ်ဘောလုံးရာသီမှာတော့ လိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ မရရှိနေပေမယ့် ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ မျှော်လင့်နိုင်သေးတာကြောင့် ၂၀၂၁ ခုနှစ်ကပုံစံအတိုင်း မန်နေဂျာသစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကြီးနဲ့ ပြန်လည်ရှင်သန် ထမြောက်ခွင့် ရနိုင်မလား..? လို့ မေးမြန်းရာမှာ သူက “ဘာလို့မဖြစ်နိုင်ရမှာလဲ..? (၁၀၀%) ရာခိုင်နှုန်းပြည့် ဖြစ်နိုင်ခြေ ရှိတာပေါ့” လို့ ချက်ချင်းတုံ့ပြန်ပါတယ်..။
တစ်ဆက်စပ်ထဲမှာပဲ အဲဒီ ၂၀၂၁ ခုနှစ်က ချန်ပီယံလိဂ်ဖလားကြောင့် ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ပထမဆုံး ဘောလုံးရာသီဟာ ရာသီကုန်ချိန်မှာ စိတ်သက်သာရာ ရခဲ့တဲ့အကြောင်း အခုလိုပြန်ပြောင်း ပြောပြပါတယ်..။
“ဖရန့် လမ်းပတ် ဟာ ကျွန်တော့်ကို ခေါ်ယူခဲ့ပါတယ်..။ သူနဲ့အတူ အရမ်းကိုနွေးထွေးခဲ့တဲ့ ပြောဆို၊ ဆွေးနွေးမှုတွေ ရှိခဲ့သလို သူ့အတွက် ကျွန်တော်အကောင်းဆုံး မပေးဆပ်နိုင်ခဲ့ပေမယ့် သူဟာကျွန်တော့်ကို အများကြီး အကူအညီ ပေးခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ဖရန့် ကို အထူးကျေးဇူးတင်ရပါတယ်..။
နောက်တော့ သောမတ်စ် တူခယ်လ် ဟာ ကျွန်တော့်ကို အတွေးသစ်၊ အမြင်သစ်တွေ သင်ကြားပေးခဲ့ပါတယ်..။ တကယ့်ကို အသေးစိတ် အချက်လေးတွေ၊ ကွင်းထဲမှာ စင်တီမီတာတိုင်းရဲ့ အရေးပါပုံတွေ၊ ဘောလုံးကို ဘယ်လိုထိန်းသိမ်းရပုံတွေ၊ ဘယ်လိုပေးပို့ရပုံတွေ၊ နေရာလွတ် ဖန်တီးပုံတွေနဲ့ အသင်းလိုက် ရွှေ့လျားမှုတွေကို သင်ယူခဲ့ရပါတယ်..။ သူကတော့ တကယ့် ထိပ်တန်းအဆင့်နည်းပြ တစ်ယောက်ပါ…။ အသင်းကိုရောက်လာပြီး ခြောက်လအတွင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့တာ သူ့ရဲ့အရည်အသွေးကို သက်သေပြနေခဲ့တာပါပဲ..။
ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပွဲစဥ်တိုင်းကို မပျက်မကွက် အားပေးခဲ့ပါတယ်..။ ဒါ့ကြောင့်ချန်ပီယံလိဂ် ဆုဖလားကြီးကို မြက်ခင်းစိမ်းထက်မှာ မိသားစုဝင်တွေနဲ့အတူတူ ကိုင်မြှောက်ခွင့်ရတဲ့ အခိုက်အတန့်ဟာ အရမ်းကိုကြည်နူးဖို့ ကောင်းပါတယ်..။ အဲဒီအနိုင်ဂိုးကို ကျွန်တော်သွင်းယူပေးတာပါ..၊ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ပျော်ရွှင်ဖို့ ထိုက်တန်ခဲ့ပါတယ်..။ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးခဲ့ခြင်းဟာ ကျွန်တော့်ရဲ့ ငယ်စဥ◌်ကတည်းက အိပ်မက်တစ်ခု အကောင်အထည် ပေါ်ခဲ့ခြင်းပါပဲ..။
ဒါပေမယ့် လိဂ်ပြိုင်ပွဲမှာ အခုထက်ပိုပြီး ကောင်းမွန်ဖို့ လိုအပ်နေပါသေးတယ်..။ အဲဒီအတွက် ပရိသတ်တွေကို အားနာခဲ့ရပါတယ်..။ သူတို့တွေကတော့ ကျွန်တော်တို့ကို အမြဲတမ်း ထောက်ခံ၊ အားပေးနေခဲ့ပြီး ဒေါ့မွန်အသင်းနဲ့ပွဲမှာဆိုရင် ကြုံခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးသော အားပေးမှုမျိုးကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်..။ အဲဒီအတွက် အရမ်းကိုစိတ်အားတက်ရသလို အရမ်းစိတ်လှုပ်ရှားရပါတယ်..။
ပရီးမီးယားလိဂ် ဆုဖလားဟာ သိပ်ကိုကြီးကျယ်၊ ခမ်းနားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်သလို ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အရမ်းကိုခက်ခဲပါတယ်..။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း တစ်မျိုး၊ တစ်ဘာသာ ဖြစ်ပါလိမ့်မယ်..။ ချန်ပီယံလိဂ် တေးသွားနဲ့အတူ ကျော်ဖြတ်ခဲ့ရတဲ့ အဲဒီချန်ပီယံလိဂ် ညချမ်းတွေဟာ တကယ့်ကို အမှတ်ရဖို့ကောင်းတဲ့ ထူးရှယ်အခိုက်အတန့်တွေ.. လို့ပဲ ပြောရမှာပါ..။”
လက်ရှိအသင်းနည်းပြ ဂရေဟမ် ပေါ်တာ ဟာလည်း ထူးချွန်တဲ့နည်းပြတစ်ယောက် ဖြစ်တဲ့အကြောင်း သူကအခုလိုမှတ်ချက် ပေးခဲ့ပါတယ်…။
“နည်းပြဂရေဟမ် ပေါ်တာ ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ချယ်လ်ဆီးအသင်းအတွက် သိပ်ကိုကောင်းမွန်တဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်..။ ကျွန်တော်တို့အသင်းသားတွေအားလုံး သူ့ရဲ့အရည်အချင်းကို ကောင်းကောင်းသိကြပါတယ်..။” ဒါပေမယ့် လက်ရှိအသင်းမှာ သူကစားနေရတဲ့ နေရာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဂျာမနီလူငယ် တိုက်စစ်မှူးလေးက..
“အသင်းမှာ ကျွန်တော်ကစားနေရတဲ့ နေရာအကြောင်း မေးခံရရင် အရမ်းကို စိတ်ပျက်မိတာပါပဲ.. ဟားဟား..။ အထောင်တိုက်စစ်မှူးစစ်စစ် ‘No.9’ မဟုတ်တာတော့ သေချာပါတယ်..။ ကျွန်တော်နဲ့လည်း အဆင်ပြေတယ်လို့ ထင်ပါတယ်..။ ဒီလောက်ပါပဲ..။”
ကျွန်တော်တို့ စကားကောင်းနေဆဲမှာပဲ ကိုင် ရဲ့ အမျိုးသမီး သူငယ်ချင်းဖြစ်သူ ဆိုဖီယာ ဟာ သူမရဲ့ ခွေးလေးနဲ့အတူ ရောက်လာခဲ့ပါတယ်..။ အဲဒါနဲ့ပဲ ကျွန်တော်တို့ရဲ့ စကားလမ်းကြောင်း ပြောင်းသွားခဲ့ပြီး တူရကီငလျင်ဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ခွေးလေးတွေကို ကယ်တင်ပေးဖို့ သူတို့ဖောင်ဒေးရှင်းရဲ့ ဆောင်ရွက်ချက်တွေ၊ သူ့ရဲ့မြည်းလေးတစ်ကောင်ဖြစ်တဲ့ ‘Hope’ ရဲ့အကြောင်းကို ပြောပြခဲ့ပါတယ်..။ ကိုင် ဟာဗာ့ဇ် တို့ရဲ့ ကမ္ဘာလေးဟာ ဘောလုံးကစားတာအပြင် သူချစ်တဲ့ တိရိစ္ဆာန်လေးတွေရဲ့ နောက်ထပ်ကမ္ဘာတစ်ခြမ်းနဲ့ ပြီးပြည့်စုံ၊ လှပခဲ့ပါတယ်..။ မြည်းတွေကတော့ သူ့အတွက် ‘ငြိမ်းချမ်းခြင်း၊ အေးမြခြင်း’ တို့ရဲ့ သင်္ကေတပါပဲ..။
“ဘောလုံးပွဲရှုံးလာရင် အမြဲတမ်းဒေါသထွက်ရပါတယ်..။ ဒါပေမယ့် စိတ်ကိုအမြန်ဆုံး လျော့ချရတာပါပဲ..။ ကျွန်တော်တို့ဟာ ရင့်ကျက်လာရပါတော့မယ်..။ ကျွန်တော့်ရဲ့ ကောင်မလေးဟာ ဂျာမနီမှာရှိတဲ့ သူမရဲ့အရာအားလုံးကို စွန့်လွှတ်ပြီး ကျွန်တော်နဲ့အတူ မျှဝေနိုင်ဖို့ ဒီကိုလိုက်လာခဲ့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ရှုံးပွဲနဲ့ ကြုံခဲ့ရလို့ စိတ်ဆိုးဆိုးနဲ့ ပြန်လာခဲ့ပြီး သူမအပေါ် ပေါက်ကွဲတာမျိုးတွေ မဖြစ်ချင်ပါဘူး..။
ချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီးမှာ နေ့စဥ်နေ့တိုင်း ဖိအားတွေ ရှိပါတယ်..။ ဒါပေမယ့် ဒေါ့မွန်အသင်းနဲ့ပွဲတုန်းကလို အဆုံးအဖြတ် ပင်နယ်တီ ကန်သွင်းပြီးချိန်မှာ အသင်းနဲ့အတူ အောင်ပွဲခံနေတဲ့ ပရိသတ်ကြီးကို ကြည့်နေရင်း ‘ငယ်ငယ်ကတည်းက ဒီလိုအခိုက်အတန့်တွေအတွက် မွေးဖွားလာခဲ့တာ..’ ဆိုပြီး တွေးမိခဲ့ပါတယ်..။ လွန်ခဲ့တဲ့ ဆယ်နှစ်ကဆိုရင် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်စေမယ့် ပင်နယ်တီကန်ချက်ကို ကန်သွင်းခွင့်ရလိမ့်မယ်.. လို့ ဘယ်လိုလုပ်ပြီး တွေးမိနိုင်မှာလဲ..?
အဲဒီလို အခိုက်အတန့်တွေဟာ အရမ်းကိုစိတ်လှုပ်ရှားခဲ့ရပေမယ့် ဖိအားတွေကို တုန်လှုပ်တာထက်စာရင် ဂိုးဝင်အပြီး ကျေနပ်အားရ၊ ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေကို ပိုပြီးတမ်းတမိပါတယ်..။ ဒါဟာအရေးအကြီးဆုံးပါ..။ ကျွန်တော်တို့တွေ ဘောလုံးကစားတာဟာ ဘောလုံးကစားနည်းကို ချစ်မြတ်နိုးလို့ပဲ ဖြစ်ရပါမယ်..။
ကျွန်တော်ဟာလည်း ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်..။ အရင်တုန်းကဆိုရင် အခုလိုပုံစံ မဟုတ်ပါဘူး..။ ဒါ့ကြောင့်ပွဲပြီးတဲ့အချိန်တိုင်းမှာ မြည်းလေးတွေနဲ့အတူ အချိန်ကုန်ရင်း ကျွန်တော့်ရဲ့စိတ်နဲ့ခန္ဓာ ငြိမ်းချမ်းမှုကို မျှဝေ၊ ခံစားခဲ့ပါတယ်..။ ဒါဟာကျွန်တော့်အတွက် အမြန်ဆုံးပြန်လည် အားပြည့်စေတဲ့ နည်းလမ်းတစ်ခုပါပဲ..။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေမှာ လောကကြီးအတွက် တစ်ခုခုတော့ ပြန်လည်နိုင်ရမယ်.. ဆိုပြီး နားလည်ခဲ့ပါတယ်..။ ဒါဟာလည်း အရေးကြီးတာပါပဲ..။ ကျွန်တော်ဟာ ဘောလုံးကစားတယ်..၊ ဘောလုံးကစားနည်းဟာ လူတွေကို စိတ်ချမ်းသာ၊ စိတ်ပျော်ရွှင်စေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်..။ လူတွေကို ပျော်ရွှင်မှုရရှိစေတယ်..၊ ထွက်ပေါက်တစ်ခု ရရှိစေတယ်..၊ စိတ်အေးချမ်းသာဖို့ အကူအညီ ပေးနိုင်ပါတယ်..။ ဒါပေမယ့် တခြားနည်းလမ်းတွေကိုလည်း ရှာဖွေနိုင်ရပါမယ်..။
ဘောလုံးကိုပဲ တစ်ချိန်လုံး 24/7 အာရုံစိုက်နေတာဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး..။”
(The Guardian မှ ဆောင်းပါးရှင် Sid Lowe ၏ ‘Chelsea’s Kai Havertz: ‘From day one I felt a special relationship with donkeys’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)