မော်ရစ်စ်စီယို ပိုချက်တီနို ဟာ လွန်ခဲ့တဲ့ (၈) လမှာ ချယ်လ်ဆီးအသင်းနဲ့ စတင်ရေစက်ဆုံခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်း၊ အင်တာဗျူးဟာ အဓိကဇာတ်ကောင်တစ်ယောက်ကို အိမ်ဖြည့်၊ အားဖြည့်ပေးတဲ့ ဇာတ်ရံတစ်ယောက်ထက် မပိုခဲ့ဘူး.. လို့ အားလုံးက ယူဆခဲ့ကြပါတယ်..။ အဲဒီအချိန်က အသင်းပိုင်ရှင် တော့ဒ် ဘိုလေး နဲ့ Clearlake Capital တို့ဟာ နည်းပြဂရေဟမ် ပေါ်တာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ..။ ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားနည်းပြအပြင် ပေါ်တူဂီလိဂ်က စပိုးတင်း လစ်စ်ဘွန်းအသင်းနည်းပြ ရူဘင် အမိုရင် ကိုလည်း တွေ့ဆုံခဲ့ပါသေးတယ်..။ ဒါဟာလည်း သူတို့ရဲ့ နည်းပြသစ် ခေါ်ယူခြင်းအဆင့်တွေကို ပြည့်စုံသွားအောင် မေးမြန်းတဲ့သဘောလောက်ပဲ ဖြစ်ပါလိမ့်မယ်..။
ဒါပေမယ့် ပိုချက်တီနို ရဲ့ အတွေးအမြင်၊ အယူအဆတွေနဲ့ အနာဂတ်အကြံအစည်တွေဟာ အသင်းပိုင်ရှင်တွေ လိုချင်တဲ့ရည်မှန်းချက်တွေနဲ့ ထပ်တူကျခဲ့တယ်လို့ သိခဲ့ရပါတယ်..။ အသင်းကြီးအပေါ် ထားရှိတဲ့ သူ့ရဲ့အမြင်၊ အယူအဆတွေ၊ လူငယ်သွေးသစ်တွေ၊ လူငယ်အကယ်ဒမီထွက် ကစားသမားတွေကို အသင်းကြီးမှာ မြေတောင်မြှောက်ပေးမယ့် အစီအစဥ်တွေဟာ အသင်းပိုင်ရှင်တွေကို ကျေနပ်အားရစေခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ပိုချက်တီနို ကို နည်းပြသစ်အဖြစ် မရွေးချယ်ခဲ့သလို အဲဒီနောက်ပိုင်းကာလတွေမှာ စတန်းဖို့ဒ် ဘရစ်ချ် တံတားအောက်က ရေစီးကြောင်းတွေ လှိုင်းလှေထန် ကြမ်းတမ်းခဲ့ပြီး အပြောင်းအလဲတွေ များပြားခဲ့ပါတယ်…။ အသင်းပိုင်ရှင်သစ်တွေဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသစ်ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အပါအဝင် အပြောင်းအရွှေ့ နှစ်ရာသီအတွင်း စတာလင်ပေါင်သန်း (၆၀၀) ကျော် သုံးစွဲခဲ့ပါတယ်..။ ဒါပေမယ့်အသင်းဟာ နောက်ပြန်ဆုတ်သွားခဲ့တဲ့အပြင် နည်းပြဂရေဟမ် ပေါ်တာ ဟာ သူ့ရဲ့ရာထူးနဲ့ ပေးဆပ်ခဲ့ရပါတယ်…။
အခုဆိုရင် အသင်းပိုင်ရှင် အပြောင်းအလဲ တစ်နှစ်ပြည့်ချိန်မှာ ချယ်လ်ဆီးအသင်းဟာ ‘မော်ရစ်စ်စီယို ပိုချက်တီနို နဲ့အတူ ခြေလှမ်းအသစ်တွေ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်…။’
ချယ်လ်ဆီးအသင်းဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ အားလုံးသိနှင့်ပြီးသား မဟာလျှို့ဝှက်ချက်ကြီးတစ်ခုကို ဘောလုံးရာသီကုန်ပြီး နောက်တစ်ရက်… မနေ့ကမှ အတည်ပြုလိုက်ပါတယ်..။ ဒါပေမယ့် အာဂျင်တီနား နည်းပြကြီးကတော့ သူ့ရဲ့ခြေလှမ်းသစ် အစီအစဥ်အသစ်တွေကို လွန်ခဲ့တဲ့အပါတ်တွေမှာကတည်းက စတင်နေခဲ့ပါပြီ..။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းက အလိုရှိနေတဲ့ ‘မေဆန် မောင့်’ ကို အသင်းနဲ့ဆက်ပြီး စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပါတယ်..။ အဲဒီအလုပ်ဟာ အပြောလွယ်သလောက် အကောင်အထည်ပေါ်နိုင်ဖို့ ခက်ခဲနေတဲ့ပုံ ရှိနေပါတယ်..။
ဒါ့အပြင် ဂိုးသမားအသစ်၊ ကွင်းလယ် ကစားသမား အသစ်တစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက် အားဖြည့်ပေးဖို့ အလိုရှိတဲ့အကြောင်း အသင်းရဲ့ recruitment team ကို မှတ်ချက်ပေးပြီးသား ဖြစ်ပါတယ်..။ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲစဥ်ပြီးတဲ့အချိန် ချယ်လ်ဆီးအသင်းကို ပြန်လာပါ့မယ်..။ ပိုချက်တီနို ကတော့ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးရဲ့ အနာဂတ်ကို အဆုံးအဖြတ် မပေးခင် သူနဲ့သေသေချာချာ ဆွေးနွေးကြည့်ချင်တဲ့ဆန္ဒ ရှိနေပါတယ်..။
ဒါပေမယ့် ရိုမီလူ လူကာကူ အသင်းမှာဆက်ပြီး ရှိနေခဲ့ရင်တောင်မှ နည်းပြသစ်ဟာ နောက်ထပ်တိုက်စစ်မှူး အသစ်တစ်ယောက် ထပ်မံအားဖြည့်ပေးဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်..။ လက်ရှိချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ထက်မြက်မှုကင်းမဲ့နေပြီး အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေများနေတယ်ဆိုတာ သူသိထားပါတယ်..။ အဲဒီအတွက် အသင်းကိုအားဖြည့်ရာမှာ ပရီးမီးယားလိဂ် အကြောင်းသိပြီးသား၊ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတွေကိုပဲ ဦးစားပေး ရှာဖွေပေးဖို့ အသင်းကို ပြောထားပါတယ်..။
တကယ်တော့ အခုနှစ်ဘောလုံးရာသီဟာ အပြာရောင်တွေရဲ့ အခြေအနေ အဆိုးရွားဆုံး ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် လက်ရှိအသင်းကို ထိပ်တန်းဆင့်ရောက်အောင် ပြန်လည်ထွန်းတောက်၊ တက်လှမ်းနိုင်ဖို့ ခြေလှမ်းတွေအများကြီး လျှောက်လှမ်းနေစရာ မလိုအပ်ဘူးလို့ သူကသိထားပါတယ်..။ ကျွန်တော်တို့ဟာ သူ့ရဲ့နှုတ်ဖျားက ထွက်ပေါ်လာမယ့် အနာဂတ်အတွက် အစီအမံတွေအကြောင်းကို အသင်းနဲ့တရားဝင် စတင်လက်တွဲမယ့် ဇူလိုင်လ (၁) ရက်နေ့ မတိုင်ခင် သိကြားခွင့်ရရှိဦးမှာ မဟုတ်ပါဘူး..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေနဲ့ ပြည့်စုံပြီးဖြစ်တဲ့ အသင်းတစ်သင်းဆိုတာ သူကသိနှင့်ပြီး ဖြစ်ပါတယ်..။
အသင်းမှာ ကမ္ဘာ့အဆင့်မှီ ထောက်ကူကိရိယာ၊ လေ့ကျင့်ကွင်း၊ ကစားကွင်းတွေ ရှိပြီးသားဖြစ်တာကြောင့် အခြေခံ အဆောက်အဦးအပိုင်းမှာ ဘာမှလိုအပ်ချက် မရှိပါဘူး..။ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီကလည်း အသင်းကြီးအတွက် ထုသားပေသား ကျပြီးသား ကစားသမးသစ်တွေ စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်နေပါတယ်..။ ပိုပြီးရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် လက်ရှိအသင်းမှာ ပါရမီရှင် အရည်အသွေးမြင့် ကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ ပြည့်နှက်နေပါတယ်..။ အပေါ်ယံမျက်နှာသွင်ပြင်မှာ အပြောင်းအလဲကြီးတစ်ခုသာ လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်..။
ဒါ့ကြောင့်လူငယ်သွေးသစ် ကစားသမားတွေကို ပြုစု၊ ပျိုးထောင်ရာမှာ သမိုင်းကြောင်းကောင်းခဲ့တဲ့ ပိုချက်တီနို ဟာ အဲဒီလို အပြောင်းအလဲကြီးကို အမြန်ဆုံးပြုလုပ်နိုင်မယ့်သူဆိုတာ အပြည့်အဝ ယုံကြည်ထားပါတယ်..။ တကယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက သောမတ်စ် တူခယ်လ် ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အချိန် သူ့ကိုသာ ခန့်အပ်လိုက်မယ်ဆိုရင် အခုလောက်ထိ အခြေအနေတွေအထိ ဆိုးရွားလာနိုင်မှာ မဟုတ်ပါဘူး..။
ဒါပေမယ့်နည်းပြဂရေဟမ် ပေါ်တာ ကို ဆက်ခံမယ့်သူ ရွေးချယ်ရာမှာ သူဟာ အသင်းပိုင်ရှင်တွေရဲ့ ပထမဦးစားပေး မဟုတ်ခဲ့ပါဘူး..။ အသင်းပိုင်ရှင် တော့ဒ် ဘိုလေး တို့ဟာ ဘေယန် မြူးနစ်အသင်းကနေ ပူပူနွေးနွေး ထွက်လာခဲ့ရတဲ့ ဂျာမနီနည်းပြ ဂျူလီယန် နာဂယ်စ်မန်း ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်အားထက်သန်ခဲ့ကြတယ်.. လို့ အားလုံးက ပြောဆိုခဲ့ကြပါတယ်..။ ဂျူလီယန် နာဂယ်စ်မန်း ထုတ်ပယ်ခံရပြီး ဘာမှမကြာခင်မှာပဲ နည်းပြဂရေဟမ် ပေါ်တာ ထုတ်ပယ်ခံခဲ့ရပါတယ်..။ ဒါဟာတိုက်ဆိုင်မှုပဲလား..? အများစုကတော့ ‘တိုက်ဆိုင်မှု’ လို့ မယုံကြည်ခဲ့ကြပါဘူး..။
ချယ်လ်ဆီးအသင်းဘက်ကတော့ ‘မော်ရစ်စ်စီယို ပိုချက်တီနို’ သာလျှင် သူတို့ရဲ့ပထမဦးစားပေး ပစ်မှတ် ဖြစ်ပါတယ်.. ဆိုပြီး တစိုက်မတ်မတ် ပြောခဲ့ကြပေမယ့် လူတွေအများစု ယုံကြည်၊ လက်ခံခဲ့ကြတဲ့ သတင်းတွေက အဲဒီလိုမဟုတ်ခဲ့ပါဘူး..။ တကယ်တမ်း လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ရာထူးဟာ နာဂယ်စ်မန်း ထက်စာရင် ပိုချက်တီနို နဲ့သာ ပိုပြီးသင့်တော်ပါလိမ့်မယ်..။
သူဟာအင်္ဂလိပ် ဘောလုံးအကြောင်းကို ကောင်းကောင်းသိထားတယ်..၊ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို စိန်ခေါ်ဖူးတဲ့ အသင်းကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံလည်း ရှိပါတယ်..။ ဆုဖလားတွေ၊ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ဘယ်လိုအရာတွေ လိုအပ်လဲ… ကောင်းကောင်းသိထားသူ ဖြစ်ပါတယ်..။ ဒါပေမယ့် အမေရိကန် အသင်းပိုင်ရှင်တွေအနေနဲ့ မော်ရစ်စ်စီယို ပိုချက်တီနို ကို သူ့ရဲ့အစီအမံတွေအတိုင်း လွတ်လွတ်လပ်လပ် ဆောက်ရွက်နိုင်ဖို့ ယုံကြည်ပေးမှ ဖြစ်ပါလိမ့်မယ်..။ အဲဒီအချက်ဟာ အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်…။
အာဂျင်တီနား နည်းပြဟာ ကစားသမားဘဝတုန်းက စိတ်ကြမ်း၊ လူကြမ်း ဗဟိုနောက်ခံကစားသမား ဖြစ်ခဲ့ပေမယ့် ယဥ်ကျေး၊ သိမ်မွေ့ပြီး တစ်ဘက်သားအပေါ် လေးစားမှုအပြည့်ရှိတဲ့သူ ဖြစ်ပါတယ်..။ သူဟာအသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ ရုံးခန်းတံခါးကို တဒုန်းဒုန်းခေါက်ပြီး လိုအပ်ချက်တွေကို အတင်းရော၊ အဓမ္မရော တောင်းဆိုမယ့်သူ မဟုတ်ပါဘူး..။ သူ့ရဲ့အမြင်၊ လိုအပ်ချက်တွေကို ပြောပြပါမယ်..၊ ဖြည့်ဆည်းပေးဖို့၊ သေသေချာချာ နားထောင်ပေးဖို့က အထက်က တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ တာဝန်.. မော်ရစ်စ်စီယို ဟာ အဲဒီလို လူစားမျိုး ဖြစ်ပါတယ်...။
တော့တင်ဟမ် အသင်းဟာ သွေးသစ်လောင်းဖို့ လိုအပ်လာတဲ့ အခြေအနေ ကြုံလာချိန်မှာ ပိုချက်တီနို ဟာ အသင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဥက္ကဌ ဒယ်နီ လီဗိုင်း က သူ့ရဲ့အကြံပေးချက်တွေကို နားမထောင်ခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်းက တော့ဒ် ဘိုလေး နဲ့ ဘီဒက် အက်ဂ်ဘာလေ တို့ကတော့ အသင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမြဲတမ်းစိတ်အားထက်သန် နေတဲ့သူတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသင်းမှာပိုလျှံနေတဲ့ တန်ဖိုးမြင့် ကစားသမားတွေရဲ့ အနေအထားကြောင့် သူ့ရဲ့တောင်းဆိုချက်တွေကို ချက်ချင်းလက်ငင်း အတိုင်းအဆမရှိ ဖြည့်ဆည်းပေးနိုင်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်..။
ပိုချက်တီနို ကလည်း အဲဒီအချက်ကို ကောင်းကောင်းသိထားပါတယ်..။ လာမယ့်ရာသီကြို ပြင်ဆင်မှုအနေနဲ့ အသင်းမှာ ပိုလျှံနေတဲ့၊ အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့အရေးဟာ ကစားသမားသစ် ခေါ်ယူရေးထက်ပိုပြီး ဦးစားပေးရမယ့်အရာ ဖြစ်နေတယ်ဆိုတာ သဘောပေါက်ထားပါတယ်..။ ဒါ့အပြင် အခြားအသင်းတွေကလည်း ကစားသမားတွေကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်း အနေအထားကို သိရှိထားတာကြောင့် ကစားသမားတွေကို ခေါ်ယူရာမှာ တတ်နိုင်သမျှ အောက်ကြေးနဲ့ရနိုင်ဖို့ စေ◌ျးဆစ်ခံရမယ့် စိန်ခေါ်မှုကလည်း ရှိနေပါသေးတယ်..။
အဲဒီအရာတွေဟာ တော့ဒ် ဘိုလေး- Clearlake Capital တို့ရဲ့ ချယ်လ်ဆီးအသင်း ပထမဆုံးနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားတွေရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာပြီးနောက်ပိုင်း တော့ဒ် ဘိုလေး တို့ရဲ့ ဆုံးဖြတ်ချက်အများစုဟာ စောင့်ကြည့်နေသူများကို မျက်လုံးပြူး၊ ခေါင်းကုတ်စေခဲ့ပါတယ်..။ ဒါပေမယ့် ပိုချက်တီနို ကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို အသင်းပရိသတ်နဲ့ လေ့လာသူအများစုက လက်ခံခဲ့ကြပါတယ်..။
သဘောထားတင်းမာတဲ့ ချယ်လ်ဆီးပရိသတ်တစ်ချို့ကတော့ ခါးသီးတဲ့မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းနဲ့ ဒုက္ခပေးခဲ့ဖူးတဲ့ နည်းပြတစ်ယောက်ကို ခေါ်ယူခဲ့တဲ့အပေါ် နှာခေါင်းရှုံ့၊ ဝေဖန်မှုတစ်ချို့ ရှိနိုင်ပေမယ့် ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး..။ အပြန်အလှန်အနေနဲ့ဆိုရင် ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ တော့တင်ဟမ် အသင်းရဲ့ အအောင်မြင်ဆုံး နည်းပြတစ်ယောက်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာကြောင့် အာဂျင်တီးနားနည်းပြရဲ့ ဂန္တဝင်၊ အရှိန်အဝါကို ထိခိုက်စေမယ်လို့ တွေးကြမှာပါပဲ..။
တကယ်တော့ တော့တင်ဟမ် အသင်းဟာ မော်ရစ်စ်စီယို ပိုချက်တီနို တစ်ယောက် နည်းပြလောကကို ပြန်လည်အခြေချမှာကို သိထားခဲ့ပေမယ့်လည်း လုံလောက်တဲ့ အလေးထားမှုနဲ့ ကြိုးစား၊ အားထုတ်မှု မရှိခဲ့တာကြောင့် ‘မိမိမပြု၊ မိမိအမှု’ လို့ပဲ ပြောရမှာပါ..။ ဒါ့အပြင်အသင်းဟာ ကျရိပ်နည်းနည်းပြလာတာနဲ့ ပိုချက်တီနို ကို အချိန်မပေးပဲ ချက်ချင်းထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် တကယ်တမ်း သစ္စာမရှိတာက ဒယ်နီ လီဗိုင်း နဲ့ သူ့ရဲ့အသင်းပဲ ဖြစ်ပါလိမ့်မယ်..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ… ‘မော်ရစ်စ်စီယို ပိုချက်တီနို’ ဟာ တော့တင်ဟမ်အသင်းနဲ့ သူ့ရဲ့ပရိသတ်အတွက်တော့ ပျော့ကွက်တစ်ခုအနေနဲ့ ဆက်ပြီးရှိနေပါလိမ့်မယ်..။
လက်ရှိအချိန်မှာတော့ ကိုယ့်ရဲ့အလုပ်ကို အင်မတန် ကြိုးကြိုးစားစား ထမ်းရွက်လေ့ရှိတတ်တဲ့ အာဂျင်တီးနား နည်းပြကြီးဟာ သူ့ရဲ့ပရီးမီးယားလိဂ် တစ်ကျော့ပြန်ခရီးရဲ့ ခြေလှမ်းတွေကို ခပ်မြန်မြန်ပဲ စတင်နေခဲ့ပြီ ဖြစ်ပါတယ်..။ တော့တင်ဟမ် အသင်းဟာ မော်ရစ်စ်စီယို ပိုချက်တီနို နဲ့အတူ အမြင့်မားဆုံး အောင်မြင်မှုတွေနဲ့ အနီးဆုံးကို ရောက်ခဲ့ပါတယ်..။ ဒါပေမယ့် သူတို့ဟာ အာဂျင်တီးနား နည်းပြကို ဆက်လက်ထောက်ခံ၊ ထောက်ပံ့ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်…။ ချယ်လ်ဆီးအသင်းနဲ့ အသင်းပိုင်ရှင်တွေဟာ အဲဒီလို အမှားတွေကို သင်ခန်းစာယူပြီး ရှောင်ရှားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။
ဒါ့အပြင်တော့ဒ် ဘိုလေး၊ Clearlake Capital နဲ့ အမေရိကန် အသင်းပိုင်ရှင်တွေဟာ အပြာရောင်တွေနဲ့အတူ ပရီးမီးယားလိဂ်ရပ်ဝန်းကို မြေစမ်းခရမ်းပျိုး စတင်ခဲ့တဲ့ တစ်နှစ်တာကာလမှာ အမှားအယွင်းတွေ အများကြီး ကျူးလွန်ခဲ့ပါတယ်…။ ဒါ့ကြောင့်အခုတစ်ကြိမ်မှာ မော်ရစ်စ်စီယို ပိုချက်တီနို ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူတို့အတွက်တော့ နောက်ထပ်တစ်ကြိမ် မှားယွင်းခွင့်မရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောနိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်…။
(The Daily Mail မှ ဆောင်းပါးရှင် Sami Mokbel ၏ ‘The hard work starts NOW for Mauricio Pochettino as he tries to keep Mason Mount, seeks talks with Romelu Lukaku and targets three new signings… but was he even Chelsea’s first-choice after they flirted with Julian Nagelsmann?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)