တနင်္လာနေ့က Optus Sports ရုပ်သံဌာန မှ တင်ဆက်ခဲ့သော ‘Generation xG’ စကားဝိုင်းအစီအစဉ်တွင် အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုး၊ အဲဗာတန်အသင်း တောင်ပံကစားသမားဟောင်း လီယွန် အော့စ်မန် နှင့် ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူးဟောင်းနှင့် ဟူးလ် စီးတီးအသင်း မန်နေဂျာ လီရွိုင်း ရိုစီနား တို့က ချယ်လ်ဆီးအသင်း ကြုံတွေ့နေခဲ့သော တိုက်စစ်ပိုင်းအခက်အခဲနှင့် ပတ်သက်ပြီး နည်းစနစ်ပိုင်း သုံးသပ်ချက်များကို အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။
လီယွန် အော့စ်မန် - ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့မှာဆိုရင် အသင်းမန်နေဂျာ မရှိသေးတဲ့ ဆောက်ပ်သမ်တန်အသင်းကို အိမ်ကွင်းမှာတောင် ရှုံးနိမ့်သွားခဲ့ပါတယ်..။ ဘာတွေ ဖြစ်နေတာလဲဗျ..။
လီရွိုင်း ရိုစီနား - ကျွန်တော့်ရဲ့ မျက်စိထဲမှာတော့ သူတို့ဟာ ခွေးရူးဆော့ပြီး အလှပြကစားနေတဲ့ အသင်းတစ်သင်းလို ဖြစ်နေပါတယ်..။ သူတို့အသင်းမှာ နည်းစနစ်ပိုင်း မြင့်မားပြီး တစ်ဦးချင်းစွမ်းရည် ကောင်းမွန်တဲ့ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်..။ ဒါပေမယ့် လက်ရှိအချိန်မှာ သူတို့ဟာ ဂိုးသွင်းယူနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့ထက်စာရင် ဘောလုံးမဆုံးရှုံးအောင် ခြေထဲမှာထားပြီး ကစားတာကို (possession based play) ပိုပြီးနှစ်ခြိုက်နေပုံ ရပါတယ်..။ နောက်ပြီးရရှိတဲ့ အခွင့်အရေးတွေကိုလည်း ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ဘူးပေ့ါ..။
ချယ်လ်ဆီးအသင်းဟာ အဆုံးသတ်ဂိုးသွင်းယူတဲ့အပိုင်းမှာ ပြဿနာရှိနေတာ အတော်ကြာနေပါပြီ..။ ဂရေဟမ် ပေါ်တာ ရဲ့ လက်ထက်မှာ သူတို့အသင်းဟာ တိုးတက်၊ ပြောင်းလဲလာလား..? ဂရေဟမ် ပေါ်တာ ဟာ အဲဒီပြဿနာကို ဖြေရှင်းနိုင်ပါ့မလား..? ကျွန်တော် မပြောနိုင်ပါဘူး..။ ဒါပေမယ့် အခုအချိန်မှာ သူတို့ဟာ အဲဒီဝဲဂယက်ထဲကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါပြီ..။ အဲဒီလို ဂိုးသွင်းအဆုံးသတ် အားနည်းနေတဲ့ ပြဿနာ ဝဲဂယက်ထဲကနေ ရုန်းထွက်ပေးနိုင်ဖို့ အရည်အသွေးရှိတဲ့ ကစားသမားတွေ သူတို့အသင်းမှာ ရှိနေပါတယ်..။ ဒ့ါကြောင့်အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ အရေးအကြီးဆုံးပါပဲ..။
လီယွန် အော့စ်မန် - မှန်ပါတယ်..။ သူတို့အသင်းမှာ အရည်အသွေးမြင့် ကစားသမားကောင်းတွေ ရှိနေတာ အသေအချာပါပဲ..။ ဒါပေမယ့် အခုကျွန်တော်ပြထားတဲ့ အပေါ်ကပူးတွဲပုံ (ပုံ - ၁) ကို ကြည့်မယ်ဆိုရင် ၂၀၂၂/၂၃ ဘောလုံးရာသီ၊ နည်းပြဂရေဟမ် ပေါ်တာ ရဲ့လက်ထက် ပွဲစဉ်အလိုက် ချယ်လ်ဆီးရဲ့ သွင်းဂိုးအရေအတွက်တွေကို ပြထားပါတယ်..။ အဲဒီထဲမှာ ဘဲဥမကွဲခဲ့တဲ့ပွဲ (၇) ပွဲ ရှိခဲ့ပြီး (၁) ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ပွဲက (၆) ပွဲနဲ့ ရာခိုင်နှုန်းအများဆုံး ဖြစ်နေတာကို တွေ့ရမှာပါ..။ သူတို့အသင်းမှာ ရှိနေတဲ့ တိုက်စစ်ကစားသမားတွေရဲ့ အရည်အသွေးနဲ့ဆိုရင် အဲဒီလိုဂိုးမိုးခေါင်နေတဲ့ အနေအထားမျိုးကို ခင်ဗျားအနေနဲ့ မျှော်လင့်ထားမိပါ့မလား.. ဂျာမိန်း ရေ..
ဂျာမိန်း ဒီဖိုး - သူတို့ရဲ့ကစားသမား အင်အားနဲ့ဆိုရင် တကယ့်ကို အံ့သြစရာ ကောင်းလှတဲ့ အချက်အလက် တင်ပြချက်လို့ ပြောရမှာပါပဲ..။ ဂရေဟမ် ပေါ်တာ ဟာ ထိပ်တန်းအဆင့် နည်းပြတစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် အသင်းရဲ့ကစားကွက်မှာ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထားတယ်..၊ ဘောလုံးအပေးအယူ လုပ်တယ်.. ဆိုရင် အဲဒီပေးပို့မှုတွေဟာ ရည်ရွယ်ချက်ရှိရပါမယ်..။ ပေးပို့တဲ့ဘောလုံးတွေဟာ တိုက်စစ်ဇုန်ကို ပေးပို့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ဖြစ်ရမှာပေါ့..။ ခုနက လီရွိုင်း ပြောသွားသလိုပါပဲ.. သူတို့အသင်း ကစားနေတာကို ကြည့်မယ်ဆိုရင် ဘောလုံးမဆုံးရှုံးအောင် ကြိုးစားနေကြတဲ့ လေ့ကျင့်ခန်း အစီအစဉ်လို ဖြစ်နေပါတယ်..။ ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေ များနေပြီး ဂိုးပေါက်ကို မရောက်ဘူးဗျ..။ ကြည့်နေရတာ အတော်လေးကို ထူးဆန်းနေသလိုပါပဲ..။
လီယွန် အော့စ်မန် - သူတို့အသင်းဟာ လိုအပ်တာထက်ပိုပြီး ဘောလုံးကို ကိုင်ကစားလွန်းတယ်.. လို့ ပြောရမလားပဲဗျ..။ ဒါမှမဟုတ် အရေးကြီးတဲ့ အချိန်တွေမှာ ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းနေတာလား..? ဒါမှမဟုတ်ရင် အဆုံးသတ်ပိုင်း အားနည်းရုံ သက်သက်ပဲလား..? ကဲ… လေ့လာကြည့်ရအောင်…
အခုအပေါ်က ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၂) မှာဆိုရင် ကိုင် ဟာဗာ့ဇ် ဟာ အက်ဇ်ပီလီကွဲတား ရဲ့ ညာတောင်ပံတစ်လျှောက် ချပေးလိုက်တဲ့ ဘောလုံးကိုဆယ်ယူတယ်..၊ ပြီးတော့ နောက်မှာကပ်ပါလာတဲ့ ရာဟင်း စတာလင်း ကို ပေးလိုက်ပါတယ်..။ အဲဒီမှာဘောလုံးရထားတဲ့ စတာလင်း နဲ့အတူ တိုက်စစ်လိုက်ပါလာတဲ့ ကစားသမား ဘယ်နှစ်ယောက်ပဲရှိလဲ.. ကြည့်ပါဦးဗျာ..။ ကျန်တဲ့ကစားသမားတွေ အကုန်လုံး.. ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆… ဘောလုံးရဲ့နောက်မှာ (၆) ယောက်တောင် ကျန်ခဲ့တယ်..။ စတာလင်း နဲ့အတူ တိုက်စစ်မှာ ပါလာတာ (၄) ယောက်ပဲ ရှိပါတယ်..။
ဒါတောင်အဲဒီအချိန်မှာ သူတို့အသင်းဟာ အိမ်ကွင်းမှာရှုံးနေတာဗျ..။ အဲဒီအနေအထားမှာဆိုရင် စတာလင်း အတွက် ဘောလုံးပေးပို့ဖို့ အကောင်းဆုံးဖြစ်မယ့်နေရာ..၊ အလယ်က ဒိုင်လူကြီးနေရာမှာ တစ်ယောက်ယောက် ရှိနေရင် အကောင်းဆုံးပေ့ါဗျာ..။
ဂျာမိန်း ဒီဖိုး - တိုက်စစ်မှူးနေရာမှာ ရှိနေတဲ့ ဂျာအို ဖဲလစ် ဟာ အခုကျွန်တော်ပြထားတဲ့နေရာ (ပုံ - ၃) မှာ ရှိသင့်ပါတယ်..။ အဲဒါဆိုရင် ဘောလုံးကိုင်ထားတဲ့ ရာဟင်း စတာလင်း အတွက် ပေးပို့နိုင်မယ့် တိုက်စစ်လမ်းကြောင်းတွေ ပိုများတာပေ့ါ..။ ဒါမှမဟုတ် သူဟာခံစစ်ကြောင်းရဲ့နောက်ကို ပြေးထွက်ဖို့ အသင့်ရှိနေမယ်လေ…။ အဲဒီလိုဖြန့်ထွက်နေရာယူပေးမယ့်သူတွေ မရှိတာကြောင့် ရာဟင်း စတာလင်း ဟာ နောက်ကိုပဲပြန်တွဲရပြီး အခွင့်အရေးကောင်းတစ်ကြိမ် ဆုံးရှုံးရတာပေ့ါဗျာ..။
လီရွိုင်း ရိုစီနား - မှန်ပါတယ်..။ ခုနကအနေအထားကို ပြန်ကြည့်ရအောင်..။ ရာဟင်း စတာလင်း ဟာ နေရာလွတ် (space) ခပ်ကြီးကြီး ရထားတာဗျ..(ပုံ- ၄)။ သူဟာထိပ်တန်း ကစားသမားပါ..။ အခုခင်ဗျားတို့ ပြောခဲ့တဲ့ ဘောလုံးပေးပို့မယ့် နေရာတွေမှာ အသင်းဖော်တွေ မရှိခဲ့ရင်တောင် သူ့အနေနဲ့ နောက်တန်းလူတွေကြားကနေ တစ်ကိုယ်တော် ထိုးဖောက်ပြီး ဆွဲထွက်သွားနိုင်ပါတယ်..။
ဒါပေမယ့် ကျန်တဲ့အသင်းဖော်တွေရဲ့ ရွှေ့လျားမှုက ကောင်းမွန်ရမယ်..၊ မြန်ဆန်ရပါမယ်.. (dynamic)။ ဒါမှလည်း လွတ်နေတဲ့ နေရာလွတ်တွေကို ချက်ချင်းပြန်ဖြည့်နိုင်ပြီး တိုက်စစ်အရှိန်ကို ထိန်းထားနိုင်မှာပါ..။ ဥပမာဗျာ.. အခုအနေအထားမှာ ရာဟင်း က အတွင်းကို ဆွဲဝင်သွားမယ်ဆိုရင် သူ့ရဲ့နေရာကို ဆီဇာ အက်ဇ်ပီလီကွဲတား က ချက်ချင်းဝင်ယူမယ်..၊ ဆီဇာ ရဲ့ နေရာကို နောက်တန်းက ဖိုဖားနား က ဝင်ဖြည့်ပေးမယ်.. စသဖြင့်ပေါ့ဗျာ..။ အဲဒီလို အဆက်မပြတ် ရွှေ့လျား ကစားနိုင်မှလည်း တစ်ဘက်နောက်တန်းအထိုင် အခြေပျက်မှာပါ..။
အခုဆိုရင် ဆောက်ပ်သမ်တန်အသင်း နောက်တန်းက အေးအေးဆေးဆေးပဲ ထိုင်စောင့်နေရုံပဲဗျ..။ မဟုတ်ဘူးလား..?
လီယွန် အော့စ်မန် - မှန်တာပေ့ါ.. ဟိုး ဘယ်တောင်ပံက မူဒရပ်ခ် ဆိုရင် သူ့ရဲ့နေရာကနေ ရွေ့ရော၊ ရွေ့ရဲ့လား.. တောင် ထင်ရတယ်..။ အသေကြီး ရပ်နေသလိုပါပဲ..(ပုံ - ၅)။ အခုအနေအထားမှာဆိုရင် သူဟာ တောင်ပံတစ်လျှောက် ပြေးတက်၊ နေရာယူမလား..? ဒါမှမဟုတ် သူဟာ အတွင်းကိုဝင်ပြီး ဘောလုံးလက်ခံ ယူမယ်ဆိုရင် ရပါတယ်..။ မူဒရပ်ခ် အတွင်းကိုဝင်လိုက်မယ်ဆိုရင် ဘင် ချီးဝဲလ် ဟာ ဘယ်တောင်ပံတစ်လျှောက် down the line ပြေးတက်ပြီး နေရာယူလို့ ရပါတယ်..။ လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းထိုးဖောက်ပုံ၊ နေရာယူ ရွေ့လျားပုံတွေဟာ အချိတ်အဆက်မရှိပဲ (disjointed) ကစဉ့်ကလျား ဖြစ်နေပါတယ်.။
သူတို့အသင်းဟာ အခုမှတစ်ယောက်နဲ့တစ်ယောက် နားလည်မှု တည်ဆောက်ရင်း တိုးတက်အောင် ကြိုးစားနေရတယ်.. ဆိုတာ နားလည်ပါတယ်..။ ဒါပေမယ့် အခုလိုရွေ့လျားမှုမရှိပဲ အသေကြီးတွေ ရပ်ကစားနေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှု အားနည်းနေတာတွေကို အမြဲတမ်းလိုလို မြင်တွေ့နေရတာ အဆင်မပြေပါဘူး..။
ချယ်လ်ဆီးအသင်းဘက်က အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တာတော့ မဟုတ်ပါဘူး..။ အခွင့်အရေးတစ်ချို့ ရခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအခွင့်အရေးတွေဟာ အသင်းရဲ့ကစားကွက်ကြောင့်ထက်စာရင် တစ်ယောက်ကောင်း ထိုးဖောက်မှု၊ တစ်ကိုယ်တော် အစွမ်းအစ (individual brilliance) ကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်..။
ဆောက်ပ်သမ်တန်အသင်းနဲ့ပွဲမှာဆိုရင် ရာဟင်း စတာလင်း ဟာ ပွဲချိန် (၆၈) မိနစ်မှာ ကိုင် ဟာဗာ့ဇ် ရဲ့ ပေးပို့မှုကနေ အပိုင်ကန်သွင်းနိုင်ခဲ့ပေမယ့် ဆောက်ပ်သမ်တန်အသင်း နောက်တန်းက မိတ်လန် နိုင်းလ် ပိတ်ဆို့နိုင်ခဲ့ပါတယ်..။
ဂျာမိန်း ဒီဖိုး - မိတ်လန် နိုင်းလ် ရဲ့ ပိတ်ဆို့ခဲ့မှုက တကယ့်ကို မယုံနိုင်စရာပါပဲ..။ ပုံမှန်အတိုင်းဆိုရင် ရာဟင်း ဟာ အဲဒီလို အခွင့်အရေးမျိုးကို အဆုံးသတ်ဂိုးသွင်းနေကျပါ..။ အခုဒီတစ်ကြိမ်မှာလည်း မိတ်လန် နိုင်းလ် ကသာ မပိတ်ဆို့နိုင်ခဲ့ဘူးဆိုရင် ဂိုးရနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်…။
လီယွန် အော့စ်မန်း - ပွဲချိန် (၇၁) မိနစ်မှာ ကိုင် ဟာဗာ့ဇ် က မိတ်လန် နိုင်းလ် ကို တွန်းတိုက်ပြီး ဘယ်တောင်ပံ တစ်လျှောက် ဆွဲထွက်လာတယ်..။ ဂိုးဧရိယာထဲကို ဖြတ်တင်လိုက်ပါတယ်..။ အခုပူးတွဲပုံ (ပုံ - ၆) မှာ ပြထားတဲ့အတိုင်း ချယ်လ်ဆီးအသင်း တိုက်စစ်မှူး (၃) ယောက်တောင် ရှိနေပြီး 3 vs 2 အနေအထားနဲ့ အသာစီး ရထားပါတယ်..။ ရာဟင်း စတာလင်း ဟာ အနီးကပ်အပိုင် ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါတယ်..။ ဂိုးသမား ဂါဗင် ဘာဇန်နူး ကို မကာကွယ်နိုင်ခဲ့ပေမယ့် ဆောက်ပ်သမ်တန် နောက်တန်းက ရိုမိန်း ပါရော့ဒ် က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပါတယ်..။
ဂျာမိန်း ရေ.. အဲဒီခေါင်းတိုက်ချက် ဂိုးမရခဲ့တာဟာ အဆုံးသတ် ဂိုးသွင်းညံ့ခဲ့လို့လား..? ခံစစ်ကစားသမားတွေ ဖျက်ထုတ်ပုံ ကောင်းလွန်းခဲ့တာလား..? ကံမကောင်းခဲ့လို့လား…
ဂျာမိန်း ဒီဖိုး - ရာဟင်း စတာလင်း ရဲ့ ခေါင်းတိုက်ချက်ဟာ အနည်းဆုံးတော့ ဂိုးပေါက်တည့်ခဲ့တာပဲလေ..။ ဒါ့ကြောင့်ခံစစ်ပိုင်း ကာကွယ်ဖျက်ထုတ်ပုံ ကောင်းမွန်ခဲ့တာလို့ပဲ ပြောရမှာပါ.။ ဒါပေမယ့် သူ့ရဲ့ခေါင်းတိုက်ပုံ နည်းနည်းတော့ လိုသွားတယ်ထင်တယ်..။ အခုကျွန်တော်ပြထားတဲ့ပုံ (ပုံ - ၇) ကအတိုင်း သူ့ရဲ့အနီးတိုင်ဘက်ကို ရှပ်ပြီးခေါင်းတိုက်လိုက်ရင် အေးအေးဆေးဆေး ဂိုးဝင်သွားမှာပါ..။ တကယ်တော့ ဂိုးရသင့်တဲ့ အခွင့်အရေးလို့ ကျွန်တော်ပြောချင်ပါတယ်..။
လီယွန် အော့စ်မန်း - ဆောက်ပ်သမ်တန် အသင်းဘက်က ပြောမယ်ဆိုရင် တကယ့်ကို ကောင်းမွန်ခဲ့တဲ့ ဂိုးစည်းပေါ်က ဖျက်ထုတ်မှု တစ်ခုပေါ့ဗျာ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းအနေနဲ့က သွင်းဂိုးတွေရဖို့ ရုန်းကန်နေရတယ်..၊ အဲဒီလိုဂိုးမိုးခေါင်နေတာဟာ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့လို့ဆိုတဲ့ အဆိုပြုချက် အပြည့်အ၀ မမှန်ကန်ဘူးလို့ ပြသနေပါတယ်..။ နောက်ပြီးဂိုးရမယ်.. ဆိုတဲ့ ယုံကြည်မှုတွေနဲ့ တကယ့်အရေးကြီးတဲ့ အချိန်မှာ အဆုံးအဖြတ်တွေမှာလည်း လိုအပ်ချက်တွေ ရှိနေလားလို့ပါ..။
အခုကျွန်တော်ပြထားတဲ့ပုံ (ပုံ - ၈) မှာဆိုရင် ကိုင် ဟာဗာ့ဇ် ဟာ အကောင်းဆုံး အခွင့်အရေး ဖန်တီးပေးနိုင်ဖို့ ရွေးချယ်စရာတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူကဘယ်သူ့ကိုမှ မပေးဘူးဗျ..။ ဆက်ဆွဲလာတယ်..။ အခုအောက်ကပုံ (၉) မှာဆိုရင် ရှေ့တည့်တည့်ကို ထိုးပေးလို့ မရတော့ပါဘူး..။ ဘယ်ဘက်ကနေ အသင့်ပြေးတက် နေရာယူထားတဲ့ မူဒရပ်ခ် ကို ထိုးပေးဖို့ အခွင့်အရေး ကောင်းနေဆဲပဲဗျ..။ ဒါပေမယ့် ကိုင် ဟာဗာ့ဇ် ဟာ ဘယ်သူ့ကိုမှ ထိုးမပေးပဲ အတွင်းကိုချိုးဝင်ပြီး လိမ်ခေါက်၊ ဆွဲပြေးနေတာနဲ့ ပျက်ရောပဲ..။
ဂျာမိန်း ရေ.. ခင်ဗျားဟာ မူဒရပ်ခ် နေရာမှာပေ့ါ..။ ကိုင် ဟာဗာ့ဇ် ဆီကနေ ဘောလုံးရောက်မလာခဲ့ဘူးဆိုရင်..
ဂျာမိန်း ဒီဖိုး - ကျွန်တော်သာဆိုရင် ပွဲပြီးတာနဲ့ မန်နေဂျာကို သွားပြောမှာပဲ..။ ဆိုလိုချင်တာက ကစားသမားတွေ ကိုယ်တိုင်က ဆန္ဒပြင်းပြနေဖို့ လိုပါတယ်..။ ဝတ်ကျေတန်းကြေ ကစားတာ မဟုတ်ပဲ ဘောလုံးကိုရဲရဲတောင်း ရဲရပါမယ်..။ ဘောလုံးမရရင် အကျယ်ကြီးအော်ပြာပြီး တောင်းရပါမယ်..။ တကယ်တော့ ကိုင် ဟာဗာ့ဇ် ဆိုရင် အဲဒီဘောလုံးကို ခင်းပေးလိုက်ဖို့ အလွယ်လေးပါဗျာ…
လီရွိုင်း ရိုစီနား - ခင်ဗျားပြောတာ အတော်လေးကို ကောင်းပါတယ်..။ တကယ်တော့ အဲဒီလို လွတ်လွတ်ကျွတ်ကျွတ်အလုံးကို ပေးပြီးမကစားဘူးဆိုတာဟာ ကိုယ့်ရဲ့အသင်းဖော် တစ်ယောက်ကို ယုံကြည်၊ စိတ်ချမှုမရှိဘူး.. ဆိုတာ ပြသနေရာ ရောက်သလို ခွဲခြားဆက်ဆံတယ်.. ဆိုတဲ့ပုံစံ ဖြစ်နေတာပေါ့..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းကို ကြည့်လိုက်ရင် ကစားသမား (၃၄) ယောက် ရှိနေပါတယ်…။ ဒ့ါကြောင့်အပါတ်စဉ်တိုင်းမှာ သူတို့ကို ဘယ်လိုပုံစံ ပွဲထုတ်မယ်..၊ ဘယ်လိုပုံစံ စီမံခန့်ခွဲမယ်.. ကျွန်တော်လည်း မပြောနိုင်ပါဘူး..။ မူဒရပ်ခ် ဆိုရင်လည်း ဝင်ပြီးကစားနေတာသာ ရှိပါတယ်..။ အသင်းဖော်တွေနဲ့ အချိတ်အဆက်မိ၊ နားလည်မှု ကောင်းနေတဲ့ပုံစံလည်း မရှိပါဘူး..။ အသင်းဖော်တွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အချိတ်အဆက်၊ ဆက်သွယ်မှုတွေဟာ အင်မတန် အရေးကြီးပါတယ်…။
လီယွန် အော့စ်မန်း - ဂျာမိန်း ရေ.. ဒီလောက်လူအများကြီးနဲ့ အသင်းမှာ ကစားခဲ့ဖူးလား..?
ဂျာမိန်း ဒီဖိုး - ဟင့်အင်း… မကြုံခဲ့ဖူးပါဘူး.။ ခုနက လီရွိုင်း ထောက်ပြခဲ့တဲ့ အသင်းဖော်တွေ တစ်ယောက်နဲ့တစ်ယောက်ကြားက နားလည်မှု၊ အချိတ်အဆက်တွေဆိုတာ ဘောလုံးကစားနည်းမှာ အင်မတန်မှ အရေးပါပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် တွဲကစားလာတာ ကြာခဲ့ရင် စကားပြောစရာ မလိုပဲ ဘယ်သူက ဘယ်လိုပုံစံ နှစ်သက်တယ်ဆိုတာ စိတ်ထဲကနေ သိနေခဲ့ပါတယ်..။ အဲဒါမှလည်း ဘောလုံးတွေ ပေးပို့တဲ့နေရာ၊ လက်ခံတဲ့နေရာမှာ သက်တောင့်သက်သာ ရှိပါတယ်..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ အဲဒီလိုအခြေအနေတွေ မတွေ့ရှိရပါဘူး..။
လီရွိုင်း ရိုစီနား - ဂရေဟမ် ပေါ်တာ အနေနဲ့ အသင်းသားတွေကြားထဲမှာ နားလည်မှုကောင်းတွေ၊ အသင်းလိုက် အချိတ်အဆက်တွေ တည်ဆောက်နိုင်ဖို့ဆိုရင် သူ့ရဲ့အသင်းလူစာရင်းကို နည်းနည်းတော့ လူလျှော့မှ ရပါလိမ့်မယ်..။
လီယွန် အော့စ်မန်း - ကဲ.. ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်း အခက်အခဲနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်လေးပွဲက အသင်းရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်ရအောင်.. (ပူးတွဲပုံ - ၁၀)
အဲဒီလေးပွဲမှာ ဂိုးကန်သွင်းချက် (၅၂) ကြိမ် ရရှိခဲ့ပြီး (၃၃) ကြိမ်က ဂိုးဧရိယာထဲကနေ ကန်သွင်းခွင့်ရခဲ့တာပါ..။ အပိုင်ဂိုးသွင်းခွင့် (big chances) (၉) ကြိမ် ရရှိခဲ့ပြီး သွင်းဂိုး (၁) ဂိုးပဲ ရခဲ့ပါတယ်..။ ဂျာမိန်း ရေ.. ခင်ဗျားသားဆိုရင် အဲဒီလို အပိုင်အခွင့်အရေး (၉) ကြိမ်ထဲကနေ ဘယ်နှစ်ဂိုးလောက်ရရှိမယ်လို့ မှန်းထားလဲ..?
ဂျာမိန်း ဒီဖိုး - (၄) ဂိုးပေ့ါဗျာ..
လီယွန် အော့စ်မန်း - ဟုတ်ပါတယ်..။ ထိပ်တန်းအသင်းကြီးက တိုက်စစ်မှူးတစ်ယောက်အနေနဲ့ဆိုရင် အဲဒီလို အပိုင်အခွင့်အရေးတွေထဲက အနည်းဆုံး (၄) ဂိုးလောက်တော့ ရသင့်တာပေ့ါ..။
ဂျာမိန်း ဒီဖိုး - အဲဒီမှာ သူတို့တွေ ဖိအားတွေ ပိုများလာတာပဲဗျ..။ တိုက်စစ်မှူးတွေအနေနဲ့ အခွင့်အရေးတွေရခဲ့ရင် ရဲရဲဝံ့ဝံ့ ကန်သွင်းရဲရမယ်..၊ ဂိုးရရမယ်.. ဆိုတဲ့ ယုံကြည်ချက် ရှိရပါမယ်..။
လီရွိုင်း ရိုစီနား - ဒါကလည်း သူတို့အသင်းမှာ ‘No.10’ တွေပဲ များနေပြီး တိုက်စစ်မှူးစစ်စစ် မရှိတာကြောင့်များ သက်ဆိုင်နေမလားပဲဗျ..။ မှန်ပါတယ်.. အဲဒီ ‘No.10’ တွေဟာ ဂိုးတွေဖန်တီးပေးသလို ဂိုးသွင်းယူပေးမယ့် တာဝန်လည်း ရှိတာပေါ့..။ အဲဒီလိုအဆုံးသတ်ကောင်းမွန်တဲ့ အထောင်တိုက်စစ်မှူး မရှိတာကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်နေမလား..?
ဂျာမိန်း ဒီဖိုး - အခုလက်ရှိ ဂိုးတွေတလစပ် သွင်းယူနေတဲ့ ‘မားကပ်စ် ရှက်ရှ်ဖို့ဒ်’ ဆိုရင်လည်း အခုလိုဖြစ်ဖူးတာပါပဲ..။ ဒါပေမယ့် သူတို့တွေဟာ ‘No.9’ ပဲဖြစ်ဖြစ်၊ ‘No.10’ ပဲဖြစ်ဖြစ် ဂိုးဧရိယာထဲကို ရောက်အောင်သွားဖို့ကိုပဲ အာရုံစိုက်ရမယ်..၊ ထိချက်တွေအများကြီးနဲ့ ဘောလုံးကိုလျှောက်ဆွဲနေပြီး ရှုပ်ထွေးသွားအောင် မလုပ်ရဘူး..၊ ဂိုးရနိုင်ဖို့ အလားအလာများတဲ့ နေရာတွေမှာ ရှိနေဖို့ လိုအပ်ပါတယ်..။ ပြီးရင်ရအောင် သွင်းပေ့ါဗျာ..။
ခုနကကျွန်တော်တို့ ကြည့်ခဲ့ကြတဲ့ အခြေအနေတွေမှာဆိုရင် ဥပမာ- ဟာဗာ့ဇ် ပေ့ါဗျာ..။ ဘောလုံးပေးရမယ့်အချိန်၊ ဘောလုံးပေးသင့်တဲ့ အချိန်မှာမပေးခဲ့တာကြောင့် အခွင့်အရေးကောင်းတွေ ဆုံးရှုံးရသလိုမျိုးပေ့ါဗျာ..။ တကယ့်အသေးစိတ် (details) လေးတွေမှာ ပြင်ဆင်စရာတွေ အများကြီးရှိနေပါတယ်..။ တိုက်စစ်မှူးတွေအနေနဲ့ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန် (final third) ထဲကို ရောက်လာပြီဆိုရင် တဒင်္ဂဆုံးဖြတ်ချက်တွေ မှန်ကန်နေဖို့ လိုအပ်ပါတယ်..။
လီယွန် အော့စ်မန်း - အခုအပေါ်က ပြထားတဲ့ပုံ (ပုံ- ၁၁) မှာဆိုရင် ချယ်လ်ဆီးအသင်းကို နည်းပြ ဂရေဟမ် ပေါ်တာ ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) ပွဲမှာ (၅) ပွဲပဲ အနိုင်ရခဲ့သလို ပျမ်းမျှ ရမှတ်အနေနဲ့ (၁.၂၄) မှတ်ပဲ ရှိပါတယ်..။ အသင်းပိုင်ရှင်တွေဟာ ဂရေဟမ် ပေါ်တာ ဆီကနေ အခုထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရရှိဖို့ မျှော်လင့်ခဲ့မှာပဲ..။ မှန်ပါတယ်… ဂရေဟမ် ပေါ်တာ ဟာ အသင်းကို တိုးတက်အောင် ဆောင်ရွက်နေရဆဲ ဖြစ်တယ်ဆိုပေမယ့် အခုထက်ပိုပြီး ကောင်းမွန်တဲ့ရလဒ်တွေ ရရှိသင့်တယ်လို့ မထင်မိဘူးလားဗျ..?
လီရွိုင်း ရိုစီနား - သူတို့တွေဟာ ဂရေဟမ် ပေါ်တာ ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိခဲ့လို့သာ ဒီလိုတာဝန်ကြီးမျိုးကို ပေးအပ်ခဲ့တာပေါ့ဗျာ..။ သူတို့ထုတ်ပယ်လိုက်တဲ့ မန်နေဂျာ သောမတ်စ် တူခယ်လ် ဟာ ကမ္ဘာ့အဆင့် မန်နေဂျာ တစ်ယောက်ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူတို့အနေနဲ့ ဂရေဟမ် ပေါ်တာ အပေါ်မှာ ယုံကြည်ချက် ကြီးကြီးမားမား ရှိခဲ့ပါလိမ့်မယ်..။
အခုအချိန်မှာတော့ သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်ဖို့ပဲ ရှိပါတယ်..။ ဒါပေမယ့် နိုင်ပွဲပျောက်ဆုံးနေတဲ့ ကာလတွေ ကြာမြင့်လာလေလေ၊ ပိုပြီးအခက်အခဲတွေ့လေလေ ဖြစ်မှာပါပဲ..။ သူ့အနေနဲ့ အသင်းကိုအမြန်ဆုံး အပြောင်းအလဲတွေ ပြုလုပ်ပြီး ရလဒ်ကောင်းတွေ ဆောင်ယူပေးဖို့ လိုအပ်နေပါပြီ..။
လီယွန် အော့စ်မန်း - ခင်ဗျားတို့ကို စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းဆောင်ရည်အချက်အလက်တစ်ခုကို ပြဦးမယ်..။ အခုပြထားတဲ့ပုံ (ပုံ - ၁၂) မှာဆိုရင် ၂၀၁၉ ခုနှစ်ကစပြီး ပရီးမီးယားလိဂ် အသင်းတွေထဲက ရသင့်တဲ့ဂိုး (expected goals- xG) နဲ့ အမှန်တကယ် ရရှိခဲ့တဲ့ဂိုး (actual goals) ခြားနားချက် အဆိုးရွားဆုံး၊ တစ်နည်းအားဖြင့် xG နဲ့ ပတ်သက်ပြီး စွမ်းဆောင်ရည် အဆိုးရွားဆုံး အသင်းတွေကို ဆွဲထုတ်လိုက်တဲ့အခါ ဂရေဟမ် ပေါ်တာ ရဲ့ ဘရိုက်တန်အသင်းဟာ ရသင့်တဲ့ဂိုးတွေထက် (၂၄) ဂိုး နည်းပါးပြီး သွင်းဂိုးရရှိခဲ့တာကြောင့် စွမ်းဆောင်ရည် အဆိုးဆုံးဖြစ်နေပါတယ်..။
အဲ.. သူကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းဟာလည်း xG စွမ်းဆောင်ရည် အဆိုးရွားဆုံး အသင်းတွေထဲမှာ ပါလာတာပဲဗျ..။ ဒါ့ကြောင့်တိုက်စစ်ပိုင်း ဂိုးမိုးခေါင်တဲ့ကိစ္စရပ်ဟာ နည်းပြဂရေဟမ် ပေါ်တာ ‘မူပိုင်’ ယူထားတဲ့ စွမ်းဆောင်ရည်တစ်ခုလို ဖြစ်နေပြီလား..?
လီရွိုင်း ရိုစီနား - အဲ.. အဲဒီလိုတော့ ကျွန်တော်မပြောတတ်ဘူး..။ ဒါပေမယ့် ခင်ဗျားပြထားတဲ့ xG စွမ်းဆောင်ရည် အဆိုးရွားဆုံး အသင်းတွေမှာ ပါဝင်နေတဲ့ အသင်းတွေကို မလေးစားတာတော့ မဟုတ်ပါဘူး..။ သူတို့အသင်းတွေရဲ့ အနေအထားနဲ့ဆိုရင် ဖြစ်သင့်တယ်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ပါနေတာကျတော့ သိပ်ပြီးဟန်မကျဘူးလားလို့ပါ..
ဂျာမိန်း ဒီဖိုး - ဒါပေ့ါဗျာ..။ သူတို့ဆီမှာရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ဆိုရင် ချယ်လ်ဆီးလို အသင်းဆီကနေ သွင်းဂိုးတွေပိုပြီး မျှော်လင့်မိမှာပေ့ါ..။ ဒါ့အပြင် သူတို့ဟာ ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး ရည်ရွယ်ချက်မရှိတဲ့ ဘောလုံးပေးပို့မှုတွေ များပြားနေတဲ့ အသင်းတစ်သင်း ဖြစ်နေပေမယ့် ခုနက ပြုလုပ်ခဲ့တဲ့ သုံးသပ်ချက်တွေအရဆိုရင် အခွင့်အရေးတွေ မဖန်တီးနိုင်လို့ ဂိုးအရနည်းနေတာ.. ဆိုတဲ့ ယူဆချက်ဟာ အပြည့်အ၀ မှန်ကန်မှုမရှိတာကို တွေ့ရမှာပါ..။
ဒ့ါကြောင့်သူတို့အသင်းမှာ ဂိုးသွင်းအဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူး ‘No.9’ မရှိလို့ဆိုတဲ့ ပြဿနာက ပိုပြီးရှေ့ရောက်လာသလို ဖြစ်လာပါတယ်..။ မန်နေဂျာတစ်ယောက်၊ နည်းပြတစ်ယောက် ကောင်းတယ်..၊ ဆိုးတယ်.. ဆိုတဲ့ အကဲဖြတ် သုံးသပ်ချက်တွေကို နေ့ချင်းညချင်း ဆုံးဖြတ်လို့တော့ မရနိုင်ပါဘူး..။ ဂရေဟမ် ပေါ်တာ ဟာ ထိပ်တန်းနည်းပြ တစ်ယောက်ပါ..၊ ဒါပေမယ့် ဘယ်လိုအကြောင်းတွေနဲ့ပဲ ဖြစ်နေပါစေ.. သူဟာ ချယ်လ်ဆီးအသင်းမှာ အလုပ်ဖြစ်မနေတာတော့ အမှန်ပါပဲ..။