ယနေ့မနက်အစောပိုင်းက ချယ်လ်ဆီးအသင်းမှာ အင်္ဂလိပ်နည်းပြ ဂရေဟမ် ပေါ်တာ အား ရာထူးမှ ထုတ်ပယ်ပြီး ယာယီနည်းပြအဖြစ် ‘ဘရူနို ဆော်လ်တာ ဂရူး’ အား တာဝန်ပေးအပ်ခဲ့ကြောင်း အတည်ပြု ကြေငြာခဲ့သည်..။ ထို့ကြောင့်နည်းပြ ဘရူနို ဆော်လ်တာ မှာ သူ၏ချယ်လ်ဆီးအသင်းနည်းပြ ပထမဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် စတန်းဖို့ဒ် ဘရစ်ခ်ျတွင် ရင်ဆိုင်ရမယ့်ပွဲအား စတင်တာဝန်ယူရပါမည်..။
နည်းပြသောမတ်စ် တူခယ်လ် ထုတ်ပယ်ခံရစဉ်က ယာယီနည်းပြအဖြစ် လက်ထောက်နည်းပြ ‘အန်တော်နီ ဘယ်ရီ’ က တာဝန်ယူခဲ့သော်လည်း လက်ရှိအချိန်တွင် ဘေယန် မြူးနစ်အသင်း၏ နည်းပြအဖွဲ့တွင် ပါဝင်ရန် ဆွေးနွေးနေသောကြောင့် နည်းပြဂရေဟမ် ပေါ်တာ ၏ လက်ထောက်နည်းပြ တစ်ဦးဖြစ်သူ ဘရူနို က တာဝန်ယူခဲ့ခြင်းဖြစ်သည်..။
ဘရူနို ဆော်လ်တာ မှာ လူငယ်ကစားသမားဘဝကို အက်စ်ပါညိုအသင်း လူငယ်အကယ်ဒမီမှ ဖြတ်သန်းလာခဲ့ပြီး စပိန်လာလီဂါ ပြိုင်ပွဲဝင် အယ်လ်လိုင်းဒါး၊ အယ်လ်မီးယား နှင့် ဗလင်စီယာအသင်းများတွင် နောက်ခံလူတစ်ယောက်အဖြစ် အောင်မြင်စွာ ဖြတ်သန်းခဲ့သည်..။ ဘရူနို မှာ ဗလင်စီယာအသင်းတွင် ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ဂျူအန် မာတာ နှင့်အတူ တွဲဖက်ညီညီ ကစားနိုင်ခဲ့သည်..။
၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဘရိုက်တန်အသင်းအား ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်း ဂက်စ်တာဗို ပိုယက် ကိုင်တွယ်နေစဉ်က ဘရူနို အား ဗလင်စီယာအသင်းမှ အလွတ်ပြောင်းရွှေကြေးဖြင့် ခေါ်ယူခဲ့သည်..။ စပိန်နောက်ခံလူမှာ ဘရိုက်တန်အသင်းအား ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခွင့်ရအောင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင် မောင်းနှင်ပေးခဲ့ပြီး အသင်းအတွက် ပွဲပေါင်း (၂၀၀) ကျော် ကစားပေးခဲ့သည်..။ ဘရိုက်တန်အသင်းတွင် ခုနှစ်နှစ် ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သည်..။
ဘရိုက်တန်အသင်းမှာ ဘရူနို ဆော်လ်တာ အား ကစားသမား ဖွံ့ဖြိုးရေးနည်းပြ (senior player development coach) အဖြစ် အသင်းကြီးနည်းပြအဖွဲ့တွင် ဆက်လက်တာဝန်ပေးခဲ့ပြီး နည်းပြဂရေဟမ် ပေါ်တာ မှာ Amex ကစားကွင်းသို့ ရောက်လာချိန် ဘရူနို နှင့် တွဲဖက်ညီခဲ့သည်..။
ထိုမှတဆင့် ဂရေဟမ် ပေါ်တာ ၏ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် စတန်းဖို့ဒ် ဘရစ်ခ်ျသို့ လိုက်ပါလာခဲ့ပြီး အသက် (၄၂) နှစ်အရွယ် စပိန်နည်းပြမှာ ချယ်လ်ဆီးအသင်းအား နောက်ထပ်နည်းပြသစ် မခန့်အပ်ခင်အထိ တာဝန်ယူကိုင်တွယ်ရပါတော့မည်..။ နည်းပြဘရူနို မှာ သူ၏နည်းပြဘဝ ပထမဆုံးပွဲအဖြစ် နာမည်ကျော်နည်းပြ ဂျာဂင် ကလော့ပ် ၏ လီဗာပူးလ်အသင်းအား စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် စတင်ဧည့်ခံရပါတော့မည်…။
စပိန်နည်းပြမှာ ယခုကဲ့သို့ အဆင့်မြင့်ပွဲစဉ်မျိုးကို တစ်ခါမှ တာဝန်ယူကိုင်တွယ်ဖူးသည့် အတွေ့အကြုံ မရှိခဲ့ဖူးသည့်အတွက် နည်းပြပေါ်တာ ၏ လက်ထောက်နည်းပြ တစ်ဦးဖြစ်သူ ဘရွန် ဟမ်းဘတ် က တွဲဖက်နည်းပြအဖြစ် အကောင်းဆုံး ကူညီပေးရပေလိမ့်မည်..။ ထို့အပြင်လက်ရှိအသင်း၏ နည်းပြအဖွဲ့တွင် ဝါအရင့်ဆုံးနည်းပြတစ်ဦးဖြစ်သည့် အန်တော်နီ ဘယ်ရီ မှာလည်း ယနေ့ပွဲတွင် အသင်းနှင့်အတူ ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိနေပါသည်..။
(Absolute Chelsea မှ ဆောင်းပါးရှင် Nick Emms ၏ ‘Who is Chelsea interim boss Bruno Saltor and when will he take charge of his first game after Graham Potter sacking?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)