feature-image

အိပ်မက်တွေကို မရပ်တန့်သေးတဲ့ ‘သီယာဂို ဆေးလ်ဗား’

ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြန်ပြီးအောက်မေ့ကြည့်လိုက်မယ်ဆိုရင် ဂုဏ်ယူဝံ့ကြွားဖို့ကောင်းတဲ့အရာတွေ အများကြီးကျော်ဖြတ်ခဲ့ရပြီးပါပြီ..။ ဒါပေမယ့် ဘဝရဲ့လမ်းကြောင်းကို တစ်ဆစ်ချိုးပြောင်းသွားနိုင်တဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့ခဲ့ရဖူးတယ်.. ဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲ သိရှိထားခဲ့ပါတယ်..။

ကျွန်တော့်ရဲ့ ကစားသမားဘဝတင် မဟုတ်ပါဘူး..၊ ကျွန်တော့်ရဲ့ ဘဝကြီးတစ်ခုလုံးပါ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်..။ အဲဒီလိုအခက်အခဲကြီးကို ကျော်ဖြတ်ဖို့အတွက် အဓိကခွန်အားကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု (belief) နဲ့ ဘာသာတရားအပေါ် သက်ဝင်၊ ယုံကြည်မှု (faith) တို့ပဲ ဖြစ်ပါတယ်..။

ဒီအကြောင်းတွေကို ပြန်ပြောင်းဖို့ဆိုရင် ကျွန်တော့်ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေကို ပြန်သွားကြရအောင်…

အရာရာကို ပြောင်းလဲစေခဲ့တဲ့ အခိုက်အတန့်…

ရုရှပြည်မှာ ခြောက်လလောက် ကျွန်တော်ကုန်ဆုံးခဲ့ဖူးပါတယ်..။ အဲဒီအချိန်တွေဟာ ကျွန်တော့်ဘဝရဲ့ အဆိုးရွားဆုံး အချိန်တွေပဲလို့ ပြောရမှာပါ..။ အဲဒီအချိန်တုန်းကဆိုရင် ဒီတစ်သက်မှာ ဘောလုံးတောင် ပြန်ပြီးကန်နိုင်ပါ့မလား..? ဆိုတောင် မသေချာတော့တဲ့ အထိပါပဲ..။ ကျွန်တော့်မှာ အကောင်အထည်ဖော်ရမယ့် အိပ်မက်တွေ ရှိနေပါတယ်..၊ ဒါပေမယ့် အဲဒီအချိန်တုန်းက ဘာမှမသေချာ.. မရေရာခဲ့ပါဘူး..

ကျွန်တော်ဟာ ပေါ်တိုအသင်းကနေ ဒိုင်နမို မော်စကို အသင်းဆီကို ရာသီကြိုကာလမှာပဲ အဌားထွက်ခွာခဲ့ပါတယ်..။ မော်စကို ရောက်ပြီး မကြာခင်မှာပဲ အပြင်းအထန် နာမကျန်းဖြစ်ပါတယ်..။ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အချိန်မှာ ကျွန်တော်ဟာ ‘အဆုတ်တီဘီရောဂါ (tuberculosis)’ ဖြစ်နေတယ်..၊ ရောဂါအခြေအနေကလည်း အတော်လေးကို ဆိုးရွားနေတယ်ဆိုတာ သိခဲ့ရပါတယ်..။

ပြင်းထန်တဲ့ရောဂါ အခြေအနေကြောင့် ဆေးရုံတက်ပြီး ကုသမှုခံတာဟာ အကောင်းဆုံး ဖြစ်မယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ပါတယ်..။ ရုရှပြည်က ဆရာဝန်တွေက ကျွန်တော့်ရဲ့ အဆုတ်ထဲကအနာကို ခွဲစိတ်၊ ကုသဖို့ အကြံပြုပါတယ်..။ ဒါပေမယ့် အဲဒီလိုသာ ခွဲစိတ်လိုက်မယ်ဆိုရင် ကျွန်တော်ဟာ ဒီတစ်သက်မှာ ဘယ်လိုနည်းနဲ့မှ ဘောလုံးပြန်ပြီး ကစားနိုင်တော့မှာ မဟုတ်ဘူးဆိုတာ သိနေပါတယ်..။ ကျွန်တော့်အတွက် တကယ့်ကို အခက်ခဲဆုံး အချိန်ကာလပါပဲ…။


ကျွန်တော့်ရဲ့ အနီးဆုံးကသူတွေဖြစ်တဲ့ အမေ၊ ကျွန်တော့်ရဲ့ချစ်သူနဲ့ မန်နေဂျာတွေဆီက အကြံဉာဏ်တွေ နားထောင်ခဲ့ရပါတယ်..။ သူတို့အကြံပေးတဲ့အတိုင်းပဲ နာခံရပါတော့မယ်..။ သူတို့တွေဟာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ့် အကြံဉာဏ်တွေပဲ ပေးမှာဖြစ်ပြီး ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်စေချင်တဲ့သူတွေပါပဲ..။ ဒီလိုနဲ့အားလုံး ဝိုင်းဝန်းတိုင်ပင်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ကြပါတယ်..။

ကျွန်တော်ဟာ ရှေ့နေတစ်ယောက်ကနေတဆင့် ရုရှဆေးရုံကနေဆင်းပြီး ပေါ်တူဂီနိုင်ငံမှာ ပြောင်းလဲ၊ ကုသမှုခံယူခွင့်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်..။ ကျွန်တော့်ဘဝအတွက် တကယ့်ကို အရေးကြီးခဲ့တဲ့ ဆုံးဖြတ်ချက်လို့ ပြောရမှာပါပဲ…။

ပေါ်တူဂီမှာ နောက်ထပ်သုံးလဆက်ပြီး ဆေးရုံတက်၊ ကုသမှုခံယူရပါတယ်..။ နေ့တိုင်းဆေးတွေ အများကြီးသောက်ရတယ်..၊ နေ့စဉ်လေ့ကျင့်ခန်းတွေ ပြုလုပ်ရပါတယ်..။ တကယ့်ကို ရှည်လျားလွန်းလှတဲ့ အမိုက်မှောင် ကာလတွေပါပဲ..။ အထူးကုဆရာဝန်ကြီးနဲ့ တွေ့ခွင့်ရတဲ့အခါ သူကစိတ်အေးအေးထားပြီး ကုသမှုကို အဆုံးထိခံယူဖို့ အကြံပေးပါတယ်..။

ကျွန်တော့်အနေနဲ့ ဘယ်လိုလုပ်ပြီး စိတ်အေးအေး ထားနိုင်မှာလဲ..?

စိတ်မရှည်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ကာလတစ်ခုအပြီးမှာ ဆရာဝန်ကြီးက ကျွန်တော်အကြားချင်ဆုံး စကားတစ်ခွန်းကို ပြောခဲ့ပါတယ်…။ ‘ကျွန်တော်ဟာ မြက်ခင်းစိမ်းပေါ်ကို ပြန်လည်ခြေချနိုင်ပြီ ဖြစ်တာကြောင့် အိပ်မက်တွေကိုဆက်ပြီး အကောင်အထည်ဖော်နိုင်ပါပြီ..။’

လူတိုင်းရဲ့ဘဝမှာ အဆိုးရွားဆုံး အခိုက်အတန့်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်… ဆိုတာ ‘အောင်မြင်မှု’ ပါပဲ..။ ကျွန်တော့်ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ရုံ မကပါဘူး..၊ မြက်ခင်းစိမ်းပေါ်မှာ အောင်ပွဲတွေ ရခဲ့တယ်..၊ ဆုဖလားတွေကို ဆွတ်ခူးနိုင်ခွင့်တွေနဲ့ ရည်မှန်းချက်တွေ ပြည့်စုံခွင့်ရခဲ့ပါတယ်…။



ကွင်းလယ် ကစားသမား သီယာဂို ဆေးလ်ဗား..

လူငယ်ကစားသမားဘဝမှာ ကျွန်တော်ဟာ နည်းပြတစ်ယောက်နဲ့ ဆုံခဲ့ပါသေးတယ်..။ သူကကျွန်တော့်ကို ကွင်းလယ်မှာ ကစားစေချင်ပါတယ်..။ ကွင်းလယ်မှာ ကျွန်တော်ကစားရမယ်..? ဟုတ်လား..? No… ကျွန်တော်မကစားနိုင်ပါဘူး..။

အခြားနည်ပြတွေကတော့ ကျွန်တော့်ဆီမှာရှိနေတဲ့ အခြားစွမ်းရည်တွေကို သိမြင်ကြပါတယ်..။ ဒီလိုနဲ့ပဲ ‘ဗဟိုနောက်ခံလူ (center back)’ တစ်ယောက် ဖြစ်လာခဲ့ပါတယ်..။ ကျွန်တော်ဟာ ဗဟိုခံစစ်မှူးဘဝနဲ့ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းခွင့်ရခဲ့တယ်..၊ ထိပ်ဆုံးအဆင့်မှာ နှစ်ပေါင်းများစွာ ကစားခဲ့ရပြီး ဆုဖလားကြီးတွေ အများကြီးရရှိခဲ့တယ်..၊ ကျွန်တော့်ရဲ့နိုင်ငံအသင်းကိုလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်..။ တကယ်လို့ ကျွန်တော်သာ အဲဒီနည်းပြရဲ့ စကားကိုနားထောင်ပြီး ကွင်းလယ်ကိုဆင်း ကစားခဲ့မယ်ဆိုရင် ဘယ်လိုများ ဖြစ်သွားမလဲ..?

ခံစစ်ကြောင်းမှာ ကြမ်းတမ်းတဲ့ သားရဲတိရစ္ဆာန်ကြီး တစ်ကောင်လို ကျားကုတ်၊ ကျားခဲ ကစားတတ်တာကြောင့် ကျွန်တော်ဟာ ‘Monster (O Monstro)’ လို့ နာမည်ပြောင် ရခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ ရှုသိုးသိုး သွင်ပြင်ကြောင့် အဲဒီနာမည်ပြောင်ရခဲ့တာ မဟုတ်ပါဘူး..။ ကျွန်တော့်ရဲ့ တာဝန်ကျရ‌ေနေရာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် အဲဒီနာမည်ပြောင်ရရှိခဲ့တာ ဖြစ်ပါတယ်..။ ‘O Monstro’ ဆိုတဲ့ အမည်ဟာ ကျွန်တော်နဲ့အတူ တွဲဆက်လို့ ကစားသမားဘဝတစ်လျှောက်လုံး တည်ရှိနေပါလိမ့်မယ်..

‘Monster (O Monstro)’ ဆိုတာနဲ့ ကျွန်တော့်ကိုပဲ ပြေးပြီးမြင်မိကြပါလိမ့်မယ်..။ ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီး ရှိပါတယ်..။ ဂုဏ်လည်းယူမိပါတယ်..။



အိပ်မက်တွေရဲ့နောက်ကို လိုက်ပါရင်း…

ကျွန်တော်ဟာ စိတ်ကူးယဉ်တတ်ပါတယ်..။ အိပ်မက်တွေကိုလည်း နှစ်ခြိုက်ပါတယ်..။ အဲဒီအတွက် ကျွန်တော်လိုချင်တာကို မရမက အစွမ်းကုန် တိုက်ပွဲဝင်တတ်ပါတယ်..။

ရည်မှန်းချက်တွေရဲ့နောက်ကို တစိုက်မတ်မတ် လိုက်ပါရင်း တူရှုရာကို မယိမ်းမယိုင် အားထုတ် ကြိုးပမ်းလေ့ရှိပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ ကျေနပ်ဖို့ကောင်းတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားပါပြီ..။ အောင်မြင်မှုတွေ အထိုက်အလျောက် ရရှိခဲ့တယ်..။ အဲဒီလိုအိပ်မက်တွေကို ဆွတ်ခူးခွင့်ရရှိအောင် လမ်းပြ၊ ပို့ဆောင်ပေးခဲ့တဲ့ ဘုရားသခင် ကိုယ်တော်ရဲ့ ကျေးဇူးကို အထူးချီးမွမ်းလိုက်ပါတယ်..။

အဲဒီလိုအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်၊ မရပ်တန့်သေးတဲ့ အိပ်မက်တွေရဲ့နောက်ကို ဆက်လက် လိုက်ပါခွင့်တွေဟာ ရုရှပြည်၊ မော်စကိုမြို့တော်ရဲ့ ဆေးရုံကုတင်တစ်ခုပေါ်ကနေ စတင်ခဲ့တာပါ….

သီယာဂို ဆေးလ်ဗား