feature-image

ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ရာသီ နောက်ဆုံးလအတွက် လှုပ်ရှားမှုများ..

၂၀၂၃/၂၄ ဘောလုံးရာသီ၏ နွေရာသီအပြောင်းအရွှေ့ကာလမှာ စက်တင်ဘာလ (၁) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သောကြောင့် ယနေ့ဩဂုတ်လ (၁) ရက်နေ့သို့ ရောက်ရှိချိန်တွင် အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းရန် နောက်ဆုံးလသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ..။ လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ကစားသမား အဝင်၊ အထွက် လှုပ်ရှားမှု အများအပြားကို ညှိနှိုင်း၊ ဆောင်ရွက်လျှက်ရှိရာ ယခုနောက်ဆုံးလအတွင်း ကစားသမား အဝင်အထွက် အများအပြား ဖြစ်မြောက်သွားဖွယ်ရာ ရှိနေပါသည်..။

ဂိုးသမားနေရာတွင် အသင်းမှထွက်ခွာသွားသော ဆီနီဂေါဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ၏ နေရာကို အစားထိုးနိုင်ရန် ဘရိုက်တန်အသင်းမှ စပိန်ဂိုးသမား ရောဘတ် ဆန်းချက်ဇ် အား ဉီးစားပေး ပစ်မှတ်အနေဖြင့် ထားရှိခဲ့သည်..။ အသက် (၂၅) နှစ်အရွယ် ဂိုးသမားမှာ နည်းပြဂရေဟမ် ပေါ်တာ နှင့်အတူ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် ဂိုးနည်းပြ ဘင် ရောဘတ် ၏ တိုက်တွန်းမှုကြောင့် အသင်းက ခေါ်ယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး နည်းပြ ပိုချက်တီနို ရောက်ရှိလာချိန်တွင် ဘင် ရောဘတ် ၏ အဓိကတာဝန်မှာ ကစားသမား ခေါ်ယူမှုအပိုင်း (recruitment) ကို ပိုမိုအာရုံစိုက်ရန် ဖြစ်လာခဲ့သည်..။

ဂိုးသမား ဆန်းချက်ဇ် မှာ နည်းပြဒီ ဇာဘီ နှင့် အဆင်မပြေခဲ့သောကြောင့် ပထမဂိုးသမားနေရာကို စွန့်လွှတ်ခဲ့ရသလို အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် ရာသီကြိုခရီးစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိပေ..။ ဘရိုက်တန်အသင်းမှာ စပိန်ဂိုးသမား ဆန်းချက်ဇ် အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၂၀) ခန့် အလိုရှိနေသလို အဌားစေလွှတ်ရန် ကမ်းလှမ်းမှုများကိုလည်း စဉ်းစားသွားဖွယ် ရှိနေသည်..။



နောက်တန်းခံစစ်ကြောင်းတွင် မိုနာကိုအသင်းမှ ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ အက်ဆယ် ဒီဆာဆီ အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၈.၆) သန်းဖြင့် ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်..။ အသက် (၂၅) နှစ်အရွယ် နောက်ခံလူမှာ ချယ်လ်ဆီးအသင်းနှင့် ငါးနှစ်သက်တမ်းစာချုပ် (+ တစ်နှစ်ထပ်မံ သက်တိုးခွင့် အပါအဝင်) ချုပ်ဆိုနိုင်ရန် သဘောတူညီမှု ရရှိခဲ့ပြီး ဆေးစစ်မှုခံယူရန် လန်ဒန်မြို့သို့ အင်္ဂါနေ့တွင် လာရောက်ပါမည်..။

မိုနာကိုအသင်းမှ ချယ်လ်ဆီးအသင်းသို့ အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် လောရင့်စ် ဝင်စတန်လေ မှာ အက်ဆယ် ဒီဆာဆီ အား ဧပြီလကတည်းက ခေါ်ယူနိုင်ရန် ဆက်သွယ်ခဲ့သည်..။ ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက် နှင့် နယူးကာဆယ် အသင်းများက ပြင်သစ်နောက်ခံလူအား ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသော်လည်း ဝက်စ်လေ ဖိုဖားနား ၏ ဒူးအရွတ်ကြော ကာလရှည်ဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းက အလျှင်အမြန် ခေါ်ယူနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်..။ ဒီဆာဆီ အား ခေါ်ယူခဲ့ခြင်းကြောင့် အသင်းမှာ ကော့ဘ်ဟမ် အကယ်ဒမီထွက် နောက်ခံလူ ထရေဗာ ချာလိုဘာ အား ရောင်းချရန် စဉ်းစားနေပြီး ကမ်းလှမ်းမှုများကို လက်ခံသွားပါမည်..။



တစ်ချိန်ထဲတွင် ချယ်လ်ဆီးအသင်းမှာ လူငယ်နောက်ခံလူ လီဗိုင်း ကော်ဝီးလ် အား ၂၀၂၉ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်..။ အသက် (၂၀) နှစ်အရွယ် နောက်ခံလူမှာ မနှစ်ကဘောလုံးရာသီတွင် ဘရိုက်တန်အသင်းသို့ အဌားသွားရောက်ပြီး ခြေစွမ်းပြနိုင်ခဲ့သည်..။ ထို့ကြောင့် Seagulls တို့က စတာလင်ပေါင်သန်း (၃၀) ဖြင့် ခေါ်ယူနိုင်ရန် ကမ်းလှမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ပယ်ချခဲ့သည်..။

ဘရိုက်တန်အသင်းမှာ ချယ်လ်ဆီးအသင်းက ခေါ်ယူလိုနေသည့် ကွင်းလယ်ကစားသမား မွိုင်ဆက်စ် ကိုင်ဆီဒို ၏ အပြောင်းအရွှေ့တွင် ကော်ဝီးလ် အား ပါဝင်လိုသော်လည်း ချယ်လ်ဆီးအသင်းက လူငယ်နောက်ခံလူအား ရောင်းချရန် လုံးဝအစီအစဉ် မရှိခဲ့ပေ..။

လက်ရှိအသင်းတွင် ဘယ်နောက်ခံလူနေရာအတွက် ဆုံးဖြတ်ရခက်ခဲလိမ့်မည်ဟု မှန်းဆခဲ့ကြသော်လည်း အသင်းမှတာဝန်ရှိသူများမှာ လူငယ်အကယ်ဒမီ ကစားသမားတစ်ဉီးဖြစ်သော လူးဝစ်စ် ဟောလ် အား အဌားစေလွှတ်ရန် ဆုံးဖြတ်ချက်ချမှတ်ထားဖွယ် ရှိနေသည်..။

ထို့အပြင် စပိန်နောက်ခံလူ မာ့စ် ကူကူရယ်လာ အား ခေါ်ယူရန် ကမ်းလှမ်းမှုများကိုလည်း လက်ခံစဉ်းစားသွားရန် အသင့်ရှိနေပါသည်..။



မနှစ်ကဘောလုံးရာသီ၊ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘန်လေအသင်းသို့ အဌားသွားရောက်ခဲ့ပြီး ဘယ်နောက်ခံလူ နေရာမှ အထူးခြေစွမ်းပြခဲ့သည့် ဟော်လန် နောက်ခံလူ အီယန် မတ်ဆန် အား နည်းပြပိုချက်တီနို က တောင်ပံကစားသမား (winger) အဖြစ် အသုံးပြုရန် စိတ်အားထက်သန်နေပုံ ရပါသည်..။ အသင်းတွင် နေရာစုံ ကစားပေးနိုင်သည့် အီယန် မတ်ဆန် အား နည်းပြပိုချက်တီနို က လာမည့်ဘောလုံးရာသီ သူ၏အသင်းတွင် နေရာပေးသွားဖွယ် ရှိနေပါသည်..။

ကွင်းလယ်တွင် အင်အားဖြည့်တင်းရန် လိုအပ်နေသည့် ချယ်လ်ဆီးအသင်းမှာ ဘရိုက်တန်အသင်းမှ အီကွေဒေါ ကွင်းလယ် ကစားသမား မွိုင်ဆက်စ် ကိုင်ဆီဒို အား ဉီးစားပေးပစ်မှတ်အဖြစ် ခေါ်ယူနိုင်ရန် ကြိုးစားလျှက်ရှိပါသည်..။ ဘရိုက်တန်အသင်းမှာ ချယ်လ်ဆီးအသင်း၏ စတာလင်ပေါင်သန်း (၈၀) ဖြင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု အပါအဝင် ကမ်းလှမ်းမှုလေးကြိမ်အား ပယ်ချခဲ့သည်..။

ဘရိုက်တန်အသင်းမှာ ကိုင်ဆီဒို အတွက် အလိုရှိနေသည့် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) ထက် လျော့နည်းသည့် ကမ်းလှမ်းမှုများကို လက်ခံသွားဖွယ် မရှိပေ..။ လွန်ခဲ့သည့်စနေနေ့က ဘရိုက်တန်အသင်းမှာ ကိုင်ဆီဒို နှင့် သူ၏အေးဂျင့်တို့နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်အား အသိပေးခဲ့ပြီးဖြစ်သည်..။

အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပါက ကိုင်ဆီဒို ၏ အသင်းဟောင်း Independiente del Valle မှာ ပြောင်းရွှေ့ကြေး စုစုပေါင်း၏ (၂၀ %) ရာခိုင်နှုန်းကို ရရှိပါမည်..။



တစ်ချိန်တည်းမှာပင် ချယ်လ်ဆီးအသင်းမှာ လိဒ် ယူနိုက်တက်အသင်းမှ အမေရိကန် လက်ရွေးစင် ကွင်းလယ် ကစားသမား တိုင်လာ အဒမ်စ် နှင့် အိုင်းယက်စ် အသင်းမှ မက္ကဆီကို ကွင်းလယ် ကစားသမား အက်ဒ်ဆန် အယ်လ်ဗာရက်ဇ် တို့အား အစားထိုး ခေါ်ယူနိုင်ရန်ကိုလည်း စဉ်းစားလျှက်ရှိပါသည်..။

တိုင်လာ အဒမ်စ် ၏ စာချုပ်တွင် ‘တန်းဆင်းခဲ့ပါက အဌားထွက်ခွာခွင့်ပြုမည်’ ဆိုသည့် အချက် (loan clause) ထည့်သွင်းခဲ့သဖြင့် လိဒ် ယူနိုက်တက် အသင်းမှာ ကစားသမား၏လစာအား အပြည့်ပေးချေရန် ကမ်းလှမ်းလာမည့် အသင်းအား အဌားစေလွှတ်ရန် သဘောတူညီရမည် ဖြစ်ပါသည်..။

ချယ်လ်ဆီးအသင်း၏ အချက်အလက် သုံးသပ်ချက်များအရ အက်ဒ်ဆန် အယ်လ်ဗာရက်ဇ် အား အင်ဇို ဖာနန်ဒက်စ် နှင့် တွဲဖက်ကစားမည့် ကွင်းလယ် ကစားသမားအဖြစ် သတ်မှတ်ထားပါသည်..။ ထို့အပြင် ရာသီကြို ခြေစမ်းပွဲစဉ်များတွင် ခြေစွမ်းပြခဲ့သည့် ဘရာဇီးလ် ကွင်းလယ် ကစားသမား အင်ဒရေ ဆန်းတို့စ် မှာ ချယ်လ်ဆီးအသင်းတွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး အီတလီ ကွင်းလယ် ကစားသမား ဆီဇာရီ ကာဆာဒီ အား အဌားစေလွှတ်သွားပါမည်..။



တိုက်စစ်မှူး ရိုမီလူ လူကာကူ ၏ အပြောင်းအရွှေ့ကိစ္စ အကျပ်အတည်းမှာ ဆက်လက်ရှိနေဆဲဖြစ်သည်..။ အသက် (၃၀) နှစ်အရွယ် တိုက်စစ်မှူးမှာ အင်တာ မီလန်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းမှာ သူ့အားခေါ်ယူလိုသည့်အသင်း ရှာဖွေရန် အခက်အခဲ ရှိနေခဲ့သည်..။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဂျူဗင်တပ်စ်အသင်းမှ ဆားဗီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် အား လူကာကူ နှင့် ငွေသားအလိုက်ပေးပြီး အလိုက်ပေးပြီး ကမ်းလှမ်းရန် ဆွေးနွေးမှုများ စတင်ခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ရာသီ အစောပိုင်းကာလများက ဗလာဟိုဗစ် အား ခေါ်ယူရန် အကြံပေးမှုများကို ငြင်းခဲ့သည်..။ သို့သော် လက်ရှိအချိန်တွင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျားစ် ၏ ကြံ့ခိုင်မှုအနေအထားကြောင့် အယ်လ်ဘေးနီးယား တိုက်စစ်မှူးအား အဌားစေလွှတ်ပြီး နီကိုလပ်စ် ဂျက်ဆန် နှင့် တွဲဖက်ရန် တိုက်စစ်မှူးတစ်ဉီး ခေါ်ယူရန်ကိုလည်း စဉ်းစားလျှက်ရှိပါသည်..။

ထို့အပြင် ချယ်လ်ဆီးအသင်းမှာ ခရစ္စတယ် ပဲလေ့စ်အသင်းမှ မိုက်ကယ် အိုလီဆေး အား ကွင်းလယ်ဖန်တီးရှင် တစ်ဉီးအဖြစ် အသင်းတွင်အားဖြည့်ရန် စောင့်ကြည့်လျှက်ရှိပါသည်..။ ချယ်လ်ဆီးအသင်းအနေဖြင့် လူငယ်အကယ်ဒမီ ကစားသမားဟောင်းတစ်ဉီးဖြစ်သော မိုက်ကယ် အိုလီဆေး နှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိရန် အခက်အခဲမရှိနိုင်ဟု ယုံကြည်ထားလျှက်ရှိပါသည်..။ သို့သော် ဝီးလ်ဖရက်ဒ် ဇာဟာ အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခဲ့ရသည့် ပဲလေ့စ်အသင်းမှာ မိုက်ကယ် အိုလီဆေး အား အလွယ်တကူ ရောင်းချရန် ဆုံးဖြတ်ပါ့မလား.? ဆိုသည့်မေးခွန်းများ ရှိနေသလို ပြင်သစ်ကစားသမားမှာ အသင်းနှင့် စာချုပ်သက်မ်း သုံးနှစ်ကျန်ရှိနေသေးသည်..။

ဆန်းတို့စ်အသင်းမှ ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းဖြင့် ရောက်ရှိလာခဲ့သည့် ဘရာဇီးလ် တောင်ပံ ကစားသမား အန်ဂျယ်လို ဂါဘရီယယ် မှာ မူလက မိတ်ဖက်အသင်းဖြစ်သည့် စထရာ့ဘာ့ဂ်အသင်သို့ အဌားချထားရန် ဖြစ်သော်လည်း ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် နည်းပြပိုချက်တီနို က သူ၏အသင်းတွင် ဆက်လက်ထားရှိသွားရန် စဉ်းစားလျှက်ရှိကြောင်း သိရသည်..။

(ချယ်လ်ဆီးသတင်းထောက် Nathan Gissing ၏ သတင်းများကို စုစည်း၍ အပြောင်းအရွှေ့ဂုရု Gianluca di Marzio ၏ website မှ ဆောင်းပါးရှင် Redazione ရေးသားခဲ့သော An overview of Chelsea’s market: Sanchez, Caicedo, Olise, & more သတင်းဆောင်းပါးကို ပြန်ဆိုပါသည်..။)