feature-image

‘မေဆန် ဘားစတိုး’ – Non-League မှ ချယ်လ်ဆီးအသင်းကြီး သွင်းဂိုးရှင်သို့…

မေဆန် ဘားစတိုး ဆိုတဲ့ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီက ကစားသမားလေးဟာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ မတိုင်ခင်အထိ တကယ့် professional ပွဲကြီးတွေ ကစားခွင့်မရခဲ့ပါဘူး..။ သူဟာ London Borough မှာ အခြေစိုက်တဲ့ Welling United အသင်း လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းကနေတဆင့် Maidstone United အသင်းမှာ ရက်သတ္တပါတ် ဆယ်ပါတ်ကြာ စခန်းသွင်းလေ့ကျင့် စမ်းသပ်မှုခံယူခဲ့ပါတယ်..။ အဲဒီစမ်းသပ်၊ စစ်ဆေးမှုအပြီးမှာတော့ ချာလ်တန် အက်တလက်တစ် အသင်းက သူ့ကိုစကော်လာရှစ် ကမ်းလှမ်းပြီး ခေါ်ယူခဲ့ပါတယ်..။

 

ဒီလိုနဲ့သူဟာ ချာလ်တန်အသင်းနဲ့အတူ လိဂ်ဝမ်းပြိုင်ပွဲတွေမှာ စတင်ပါဝင်နိုင်ဖို့ အခွင့်အရေး ရလာခဲ့ပါတယ်..။ “အဲဒီအချိန်က ကျွန်တော်ဟာ အသက် (၁၆) နှစ်ပဲ ရှိသေးသလို ပထမအသင်းကြီး အတွေ့အကြုံဆိုလို့ Maidstone နဲ့အတူ လေ့ကျင့်ဖူးခဲ့တာပဲ ရှိပါသေးတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ လိဂ်ဝမ်းပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ယုံကြည်ခဲ့ပါတယ်..။”

 

ဘားစတိုး ဟာ ချာလ်တန်အသင်းမှာ တစ်နှစ်ကျော် လေ့ကျင့်ပြီးနောက်မှာ အသင်းကြီးမှာ ပါဝင်ခွင့် စတင်ရရှိခဲ့ပါတယ်..။ သူဟာ EFL Trophy ဖလားပြိုင်ပွဲအဖြစ် Crawley Town အသင်းနဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် စတင် ပါဝင်ခွင့်ရခဲ့ပြီး သူ့ရဲ့  professional ပွဲကြီးနဲ့ ပထမဆုံး ဘောလုံးထိချက်မှာတင် သွင်းဂိုးစတင် ရရှိခဲ့ပါတယ်..။


“ကစားသမားဘဝကို သွင်းဂိုးနဲ့အတူ စတင်ဖွင့်လှစ်နိုင်ခဲ့တာဟာ သိပ်ကိုကောင်းတယ်လို့ ပြောရမှာပါပဲ..။” သူ့ရဲ့ငယ်စဉ်ကအကြောင်းတွေကို အားပါးတရ ပြောပြနေခဲ့တဲ့ မေဆန် လေးဟာ ချာလ်တန်အသင်းနဲ့ လိဂ်ဝမ်းပြိုင်ပွဲမှာ (၂၃) ပွဲကစားခွင့်ရခဲ့ပြီး နောက်ထပ် (၅) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ ဒီလိုနဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ သူဟာချယ်လ်ဆီးအသင်းကို ‌ရောက်လာခဲ့ပါတယ်..။ အခုလို ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့မယ်လို့ လုံးဝမမျှော်လင့်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်..။

 

“အဖြစ်အပျက်တွေဟာ သိပ်ကိုမြန်ဆန်လွန်းခဲ့ပါတယ်..။ အပြောင်းအရွှေ့ရာသီ ပြီးဆုံးဖို့ နောက်ဆုံးအပါတ်ကို ရောက်နေပြီဆိုတော့ ချယ်လ်ဆီးက စိတ်ဝင်စားတယ်.. ဆိုတဲ့ သတင်းဟာ ကောလဟာလ များဖြစ်နေမလား.? ဝေခွဲမရ ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အပြောင်းအရွှေ့ရာသီ ပြီးဆုံးခါနီးပြီဆိုတော့ ဒီသတင်းဟာ ဖြစ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ အလေးအနက် ထားခဲ့ကြပါတယ်..။”

 

ချယ်လ်ဆီးအသင်းကို ရောက်လာချိန်မှာတော့ သူဟာလိဂ်ဝမ်းပြိုင်ပွဲရဲ့ ကြမ်းတမ်းတဲ့ ဘောလုံးပွဲတွေကို စွန့်ခွာခဲ့ရပါတယ်..။ သူ့ရဲ့တိုးတက်မှု လမ်းကြောင်းအတွက် သူကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ အရန်အသင်း (Development Squad) မှာ အသားကျလာဖို့ ကြိုးစားခဲ့ရတဲ့အကြောင်း အခုလိုပြောပြခဲ့ပါတယ်..။

 

“ချာလ်တန်အသင်းမှာတုန်းက ကျွန်တော်ဟာ အသက် (၃၀) ကျော်အရွယ် ဝါရင့်နောက်ခံလူကြီးတွေကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရပါတယ်..။ သူတို့တွေအဓိက အားကိုးခဲ့တာဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုပါပဲ..။ ချယ်လ်ဆီး အရန်အသင်းနဲ့ ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲကျတော့ လုံးဝကို ခြားနားသွားခဲ့ပါတယ်..။ ပြိုင်ဘက်အသင်း နောက်ခံလူတွေဟာ အဲဒီလိုခန္ဓာကိုယ် ကြံ့ခိုင်မှုရရှိပြီး ဖြစ်သလို နည်းစနစ်ပိုင်းအရလည်း ပိုပြီးထူးချွန်ကြပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်အတွက် အသင်းနဲ့၊ ပြိုင်ပွဲတွေနဲ့ အထိုင်ကျနိုင်ဖို့ အချိန်ယူခဲ့ရပါတယ်..။

 

အဲဒီလိုအပြောင်းအလဲနဲ့ တိုးတက်မှုကို ရရှိချင်တဲ့အတွက် ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ လူငယ်ကစားလေး တစ်ယောက်ပဲ ဖြစ်နေပါသေးတယ်..၊ ကျွန်တော့်အတွက် တိုးတက်ဖို့ရာ အချိန်တွေ ကျန်ရှိနေပါသေးတယ်..။ ချယ်လ်ဆီးလို အသင်းကြီးကို ပြောင်းရွှေ့ခြင်းအားဖြင့် ကျွန်တော့်ရဲ့အနာဂတ်အတွက် လမ်းကြောင်းတွေ အများကြီး ပွင့်သွားနိုင်မယ်ဆိုတာ နားလည်ထားခဲ့ပါတယ်..။”


 မေဆန် ဘားစတိုး ဟာ မနှစ်ကဘောလုံးရာသီမှာ အရန်အသင်းနဲ့အတူ ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲမှာ  ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ ၂၀၂၂/၂၃ ဘောလုံးရာသီမှာ သူဟာချယ်လ်ဆီးအရန်အသင်းအတွက် (၂၅) ပွဲကစား၊ (၁၀) ဂိုးသွင်းပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လအတွက် ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရပါတယ်..။ ဒါ့ကြောင့်နည်းပြသစ် မော်ရစ္စစီယို ပိုချက်တီနို က သူ့ကို အမေရိကန် ပြည်ထောင်စုကို ထွက်ခွာခဲ့တဲ့ ရာသီကြိုခရီးစဉ်မှာ အသင်းနဲ့အတူ ခေါ်ဆောင်ခဲ့ပါတယ်..။

 

သူဟာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခရီးစဉ်ရဲ့ နောက်ဆုံးခြေစမ်းပွဲရဲ့ ပွဲချိန် (၈၉) မိနစ်မှာ အင်ဇို ဖာနန်ဒက်စ် ခေါင်းတိုက်ချပေးလိုက်တဲ့‌ ဘောလုံးကိုထပ်ဆင့် ခေါင်းတိုက်ပြီး အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်..။ အဲဒီသွင်းဂိုးဟာ သူ့ရဲ့ချယ်လ်ဆီးအသင်းကြီးအတွက် ပထမဆုံး သွင်းဂိုးဖြစ်သလို ချယ်လ်ဆီးအသင်းဟာ ၂၀၂၃ ခုနှစ်၊ ရာသီကြိုခရီးစဉ်မှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်..။


 အဲဒီသွင်းဂိုးမှာ သူ့ရဲ့တိုက်စစ်မှူးစစ်စစ်တွေရဲ့ စိတ်ဓါတ်နဲ့ တုံ့ပြန်မှု မြန်ဆန်ပုံတွေကို တွေ့ခဲ့ရပေမယ့် မေဆန် ကတော့ သူဟာကိုယ့်အသင်းရဲ့ ဂိုးပေါက်ကို စောင့်ကြပ်၊ ကာကွယ်ရတဲ့ ဂိုးသမားအဖြစ် တာဝန်ယူခဲ့ဖူးတဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်..။

 

“ကျွန်တော်ဟာ ငယ်စဉ်တုန်းက ဂိုးသမားအဖြစ် ကစားခဲ့ဖူးပါတယ်..။ တောင်ပံ ကစားသမားအဖြစ် စပြီးကစားခဲ့ပေမယ့် တစ်ကွင်းလုံးလိုက်ပြီး ကစားပေးရတာ များပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အသင်းမှာ ဘောလုံးကိုအဝေးဆုံး ကန်နိုင်တဲ့ ချာတိတ် ဖြစ်နေတာကြောင့်ပါပဲ..။ သူ့အရွယ်နဲ့သူဆိုရင် နည်းစနစ်ပိုင်း မဆိုးဘူးပေါ့ဗျာ..။

 

ဒါ့အပြင်ကျွန်တော်တို့အသင်းဟာ အတော်ကောင်းပါတယ်..။ ပွဲတိုင်းအနိုင်ရနေတာဆိုတော့ ပျင်းလာတာနဲ့ ဂိုးသမားအဖြစ် တစ်ရာသီ ကစားခဲ့ပါတယ်..။ ဂိုးသမားနေရာမှာလည်း အဆင်ပြေခဲ့တယ်.. လို့ ပြောရမှာပါပဲ..။ ဒါပေမယ့် အသင်းဟာ ကျွန်တော်မပါပေမယ့်လည်း ဆက်ပြီးကောင်းနေဆဲ ဖြစ်သလို ပွဲချိန်တော်တော်များများမှာ မတ်တပ်ပဲ ရပ်နေခဲ့ရပါတယ်..။

 

အဲဒါနဲ့ပဲ ကစားသမားအဖြစ် ကွင်းထဲကို ပြန်လာခဲ့ပါတယ်..။ တောင်ပံ ကစားသမားအဖြစ် ကစားခဲ့သလို ‘No.10’ နေရာမှာလည်း ကစားခဲ့ရပါတယ်..။ တကယ်တမ်းဆိုရင် ကျွန်တော်ဟာ တိုက်စစ်မှူးအဖြစ် ကစားခဲ့တာ ငါးနှစ်လောက်ပဲ ရှိဉီးမှာပါ..။

 

ချာလ်တန်အသင်းက ခေါ်ယူခဲ့တဲ့အချိန်မှာ ကျွန်တော်ဟာ တိုက်စစ်မှူးအဖြစ် ကစားနေပြီ ဖြစ်သလို အဲဒီကနေ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တာပါ..။ ဒါ့ကြောင့်အခုအချိန်မှာတော့ တိုက်စစ်မှူးတစ်ယောက်လို့ပဲ ကိုယ့်ကိုယ်ကို ခံယူထားပါတယ်..။”


မေဆန် ဘာစတိုး ဟာ သုံးနှစ်လောက် အချိန်ကာလအတွင်းမှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ချာလ်တန်အသင်းကနေ ချယ်လ်ဆီးအသင်းကြီးရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်မှာ ပါဝင်ခွင့်ရခဲ့တဲ့အချိန်ထိ တိုးတက်မှုနှုန်းဟာ မြန်ဆန်လွန်းခဲ့ပါတယ်..။ အခုဆိုရင် နည်းပြသစ် မော်ရစ္စစီယို ပိုချက်တီနို ရဲ့  ရာသီကြိုခရီးစဉ်အတွင်း အက်စ်တွန် ဗီလာ၊ နယူးကာဆယ်၊ ဒေါ့မွန်အသင်းတွေနဲ့ပွဲတွေမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သလို ဖူးလ်ဟမ်းအသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရပါတယ်..။

 

ဒါ့ကြောင့်အသက် (၂၀) အရွယ်ပဲ ရှိသေးတဲ့ အင်္ဂလန်လူငယ် တိုက်စစ်မှူးလေးဟာ အခုအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဉီးဆောင်နိုင်မယ့် အခြေအနေမရောက်ရှိသေးပေမယ့် သူ့ရဲ့မြန်ဆန်လှတဲ့ ကစားသမားဘဝ တိုးတက်နှုန်း.. အရှိန်အဟုန်ကြောင့် ဂရုတစိုက်နဲ့ စောင့်ကြည့်ရမယ့် လူငယ်သွေးသစ် ကစားသမားတစ်ဉီးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်..။