feature-image

ချယ်လ်ဆီးအသင်းအင်္ကျီ၏ ရင်ဘတ်စပွန်ဆာတန်ကြေးကို အဆုံးအဖြတ်ပေးမည့် ပရီးမီးယားလိဂ်

ချယ်လ်ဆီးအသင်းမှာ အင်္ကျီရင်ဘတ် စပွန်ဆာအတွက် ကမ်းလှမ်းမှုများကို လက်ခံလျှက်ရှိရာ မကြာသေးခင်ကမှ တည်ထောင်ခဲ့သည့် Infinite Management ကုမ္ပဏီက ၂၀၃/၂၄ ဘောလုံးရာသီအတွက် တစ်ရာသီလျှင် စတာလင်ပေါင်သန်း (၅၀) ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်..။ အဆိုပါ Infinite Management ကုမ္ပဏီမှာ ယခင်လမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ၏တန်ကြေးမှာ စတာလင်‌ပေါင် (၁၂) သန်းခန့်သာ ရှိသောကြောင့် ယခုလိုမြင့်မားသည့် စပွန်ဆာကြေးဖြင့် ကမ်းလှမ်းခဲ့သည့်အပေါ် အံ့အားသင့်ခဲ့ကြသည်..။

ထို့အပြင် အဆိုပါကုမ္ပဏီအတွက် ရင်းနှီးမြုပ်နှံမှုများတွင် ချယ်လ်ဆီးအသင်းပိုင်ရှင်များ ဖြစ်ကြသည့် တော့ဒ် ဘိုလေး နှင့် Clearlake Capital တို့လည်း ပါဝင်ပတ်သက်လျှက် ရှိကြသည်..။ လွန်ခဲ့သည့်ဧပြီလက ချယ်လ်ဆီးအသင်းနှင့် ခုနှစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ခဲ့သည့် အားကစားဆိုင်ရာ နည်းပညာနှင့် ဖျော်ဖြေရေး ကုမ္ပဏီ Tempus Ex Machina မှာ ထိခိုက်ဒဏ်ရာများနှင့် ပတ်သက်သည့် အဏုဇီဝ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေသည့် Biocore သုတေသန လုပ်ငန်းစုအား ဝယ်ယူပြီး Infinite Management အားကစား နည်းပညာဆိုင်ရာ ကုမ္ပဏီအား တည်ထောင်ခဲ့ခြင်းဖြစ်သည်..။

အဆိုပါ Infinite Management ကုမ္ပဏီ တည်ထောင်ရာတွင် Biocore နှင့်အတူ အသင်းပိုင်ရှင် တော့ဒ် ဘိုလေး ပိုင်ဆိုင်သော Eldridge ကုမ္ပဏီလုပ်ငန်းစု၊ City Football Group ၏ (၁၈ %) ရာခိုင်နှုန်းကို ပိုင်ဆိုင်သော Silver Lake ကုမ္ပဏီလုပ်ငန်းစုနှင့် Clearlake Capital နှင့် ပတ်သက်မှုရှိသော Fanatics လုပ်ငန်းစုများ ပါဝင်ခဲ့သည်..။

Tempus Ex Machina ကုမ္ပဏီ၏ တစ်နှစ်တာအမြတ်ငွေစုစုပေါင်းမှာ စတာလင်ပေါင် (၁၂) ဝန်းကျင်သာရှိပြီး ယခုလိုအဆိုပါကုမ္ပဏီမှ တည်ထောင်ခဲ့သည့် လုပ်ငန်းတစ်ခုအနေဖြင့် မြင့်မားသည့်စပွန်ဆာကြေး ကမ်းလှမ်းလာသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်..။



ပရီးမီးယားလိဂ်ပြိုင်ပွဲ စည်းမျဉ်းများအရ ယခုကဲ့သို့ကြီးမားသည့် စီးပွားရေးဆိုင်ရာ သဘောတူညီမှုများမှာ ပြင်ပမှသီးခြား ကျွမ်းကျင်ပညာရှင်များက စည်းကြပ်သည့် ‘သင့်တော်မှန်ကန်သည့် ဈေးကွက်တန်ကြေး (fair market value)’ အတိုင်း လက်ခံပေးရန် လိုအပ်ပါသည်..။ အကယ်၍ အသင်းတစ်သင်းအတွက် ရင်းနှီးမြုပ်နှံမှုမှာ ဈေးကွက်တန်ကြေးနှင့် ကိုက်ညီမှုမရှိပါက အဆိုပါကျွမ်းကျင်ပညာရှင်များက ညှိနှိုင်းမှုများ ထပ်မံပြုလုပ်ရန် တွန်းအားပေးလေ့ ရှိပါသည်..။

အသင်းများအနေဖြင့် အဆိုပါဆန်းစစ်မှုများ မပြီးစီးမီ စီးပွားရေးဆိုင်ရာ သဘောတူညီမှုများအား တရားဝင် ကြေငြာနိုင်ခွင့် ရှိသော်လည်း ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ တရားဝင် ခွင့်ပြုချက်ရရှိပြီးမှသာ စီးပွားရေး သဘောတူညီမှုများမှ ရရှိလာသော ဝင်ငွေများကို လက်ခံနိုင်ခွင့် ရှိပါသည်..။

ချယ်လ်ဆီးအသင်း၏ စီအီးအိုအသစ်ဖြစ်သော ခရစ်စ် ဂျူရာဆက် မှာ အသင်း၏အင်္ကျီအတွက် စပွန်ဆာသစ်များကို ရှာဖွေလျှက်ရှိပြီး Infinite Management ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီများစွာနှင့် ဆွေးနွေးလျှက်ရှိပါသည်…။ ထို့ကြောင့် Infinite Management ကုမ္ပဏီနှင့် သဘောတူညီမှု မရရှိခဲ့ပါကလည်း အခြားကုမ္ပဏီများကို ရွေးချယ်နိုင်ရန် အခွင့်အလမ်းများရှိနေကြောင်း သိရသည်..။

(The Telegraph)