ချယ်လ်ဆီးအသင်းမှာ အသက် (၁၈) နှစ်မှ (၂၂) နှစ်အကြားရှိ လူငယ်အကယ်ဒမီ ကစားသမားများကို ပြိုင်ပွဲအတွေ့အကြုံရရှိစေရန် အဌားစေလွှတ်လေ့ရှိသည်..။ အဆိုပါလူငယ် ကစားသမားများမှာ ပထမအသင်းကြီးတွင် နေရာမရနိုင်သည့် ကစားသမားနှင့်အတူ အသင်း၏ နာမည်ကျော် Loan Army တွင် ပါဝင်ရလေ့ရှိပါသည်..။
သို့သော် ပြီးခဲ့သည့် နွေရာသီမှစတင်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အဌားချကစားသမားများ၏ အရေအတွက်ကို အများဆုံး (၇) ဉီးထိ သတ်မှတ်ခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် အများဆုံး (၆) ဉီးထိသာ ခွင့်ပြုတော့မည်ဖြစ်သည်..။ အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန် ချယ်လ်ဆီးအသင်းမှာ အသင်းများနှင့် ကွန်ယက်ဖွဲ့ပြီး multi-club model ကျင့်သုံးရန် စီစဉ်လျှက်ရှိပါသည်..။ သို့သော်လည်း အသင်းတစ်သင်းသို့ အများဆုံးသုံးဉီးသာ စေလွှတ်ခွင့် (သို့မဟုတ်) ခေါ်ယူခွင့်သာ ရရှိမည့် အကန့်အသတ်က ရှိနေပေဉီးမည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီမှာ အခက်အခဲများ၊ သင်ခန်းစာများကို လေ့လာ၊ သုံးသပ်ပြီး လာမည့် ၂၀၂၃/၂၄ ရာသီတွင် အဌားချကစားသမားများ စေလွှတ်မည့်ပုံစံကို ပြန်လည်ပြင်ဆင်ရပေလိမ့်မည်..။
အဆိုပါသုံးသပ်ချက်တွင် အထောက်အကူ ဖြစ်စေရန်အတွက် ၂၀၂၂/၂၃ ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းမှ အဌားချထားသည့် ကစားသမားများ၏ စွမ်းဆောင်ရည်အကျဉ်းကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။
On the Rise
⚽️ ဘရိုက်တန်အသင်းသို့ အဌားချထားသည့် နောက်ခံလူ လီဗိုင်း ကော်ဝီးလ် မှာ ပြီးခဲ့သည့်ရာသီအတွင်း အဌားချကစားသမားများတွင် အောင်မြင်မှုအရဆုံး ကစားသမား ဖြစ်ခဲ့သည်..။ အသက် (၂၀) အရွယ် ဗဟိုနောက်ခံလူမှာ ဘရိုက်တန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) ပွဲအပါအဝင် (၂၄) ပွဲကစားခွင့်ရခဲ့ပြီး အနာဂတ်တွင် ထွန်းတောက်မည့် လူငယ်နောက်ခံလူ တစ်ယောက်အဖြစ် ရေပန်းစားလျှက်ရှိပါသည်..။ ထို့ကြောင့် ဘရိုက်တန်အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၄၀) ဖြင့် အပြီးသတ်ခေါ်ယူနိုင်ရန် ကြိုးစားလျှက်ရှိပါသည်..။
⚽️ဟော်လန်လူငယ် ဘယ်နောက်ခံလူ အီယန် မတ်ဆန် မှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့်ရခဲ့သည့် ဘန်လေအသင်းတွင် အဓိကကစားသမား တစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီကုန်ချိန်တွင် ချန်ပီယံရှစ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးအသင်း (Team of the Season) တွင် ပါဝင်ခဲ့သည်..။ အသက် (၂၁) နှစ်အရွယ် ဘယ်နောက်ခံလူမှာ ယခုနှစ်ရာသီတွင် ဘန်လေအသင်းနှင့် (၄၂) ပွဲကစား၊ (၄) ဂိုးသွင်း၊ (၆) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။ အသင်း၏ခံစစ်ပိုင်းတွင်သာမက တိုက်စစ်ပိုင်းကိုလည်း အကောင်းဆုံး ပံ့ပိုးပေးနိုင်သည့် အီယန် မတ်ဆန် အား ဘန်လေအသင်းက အပြီးသတ်ခေါ်ယူလိုနေပြီး ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး အနည်းဆုံး စတာလင်ပေါင်သန်း (၂၀) ခန့် အလိုရှိနေသည်..။
⚽️ အမေရိကန် လူငယ်ဂိုးသမား ဂါဘရီယယ် စလိုနီးနား မှာ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင် ချီကာဂို ဖိုင်းယားစ် အသင်းအတွက် (၄၃) ပွဲကစား၊ clean sheet (၁၆) ကြိမ် ရရှိခဲ့ပြီး နိုဝင်ဘာလတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်..။ ထို့နောက်ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲတွင် ချယ်လ်ဆီးအရန်အသင်း (Developemnt Squad) နှင့် ဆက်လက်ပါဝင်၊ လက်စွမ်းပြနိုင်ခဲ့သည်..။
⚽️ အီတလီ ကွင်းလယ် ကစားသမား ဆီဇာရီ ကာဆာဒီ မှာ ချယ်လ်ဆီးအရန်အသင်း (development squad) နှင့် ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရက်ဒင်းအသင်းသို့ အဌားထွက်ခဲ့သည်..။ သို့သော် ရက်ဒင်းအသင်းမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အမှားအယွင်းများအတွက် အမှတ်လျော့ ပြစ်ဒဏ်ကျခံခဲ့ရသလို နည်းပြအပြောင်းအလဲကြောင့် တန်းဆင်းခဲ့ရသည်..။ အသက် (၂၀) နှစ်အရွယ် လူငယ်ကွင်းလယ် ကစားသမားမှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် (၁၅) ပွဲကစား၊ (၁) ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ရာသီအကုန် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီလူငယ် အသင်းအတွက် (၇) ဂိုးသွင်းယူပေးခဲ့ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုနှင့် ရွှေဖိနပ်ဆု ရရှိခဲ့သည်..။
⚽️အင်္ဂလန်လူငယ် နောက်ခံလူ ဘာရှား ဟမ်းဖရေး မှာ မန်ချက်စတာ စီးတီးအသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် FA ဖလား၊ တတိယအဆင့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့သည်..။ ထို့နောက်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ဂျာမနီ၊ ဘွန်ဒက်စ်လီဂါ (၂) ပြိုင်ပွဲမှ SC ပါဒါဘွန်း ၀၇ အသင်းသို့ ရာသီဝက် အဌားထွက်ခဲ့ပြီး (၁၂) ပွဲကစား၊ (၁) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်…။
⚽️ ချယ်လ်ဆီးလူငယ် အကယ်ဒမီတွင် ဘာရှား ဟမ်းဖရေး ၏ တွဲဖက်နောက်ခံလူဖြစ်သော ဆမ် မက်ခ် ကလိဗ်လန် မှာ ဇူလိုင်လတွင် League Two ပြိုင်ပွဲဝင် ဘာရိုးအသင်းသို့ အဌားထွက်ခဲ့ပြီး (၂၇) ပွဲကစားခွင့် ရခဲ့ကာ အသင်းပရိသတ်အကြိုက်တွေ့ခဲ့သည့် ကစားသမားဖြစ်ခဲ့သည်..။
⚽️လူငယ်ဂိုးသမားများဖြစ်သော တက်ဒီ ရှားမန်း-လိုဝေး နှင့် အက်ဒီ ဘိချ် တို့မှာ ခရစ်စ်မတ်ကာလတွင် Nations League South ပြိုင်ပွဲဝင်အသင်းများသို့ အသီးသီး အဌားထွက်ခဲ့ပြီး လက်စွမ်းပြခွင့်ရခဲ့သည်..။ လာမည့်ဘောလုံးရာသီတွင် ပိုပြီးအဆင့်မြင့်သော ပြိုင်ပွဲများတွင် ပါဝင်ခွင့်ရရှိရန် မျှော်လင့်နေကြသည်..။
First Team Overflow
⚽️ ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ အီတလီ စီးရီးအေပြိုင်ပွဲဝင် အင်တာ မီလန်အသင်းနှင့် ရာသီအစပိုင်းတွင် ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်ရေး ပြဿနာများဖြင့် ရုန်းကန်ခဲ့ရသော်လည်း တဖြည်းဖြည်းနှင့် နေရာရလာခဲ့ပြီး စီးရီးအေပြိုင်ပွဲ (၂၅) ပွဲ အပါအဝင် ပြိုင်ပွဲစုံ (၃၇) ပွဲကစား၊ (၁၄) ဂိုးသွင်း၊ (၇) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။ ရိုမီလူ လူကာကူ မှာ အင်တာ မီလန်အသင်းတွင် ဆက်လက်ကစားလိုသည့် ဆန္ဒရှိနေပြီး ချန်ပီယံလိဂ်ဖလား၊ ဗိုလ်လုပွဲအပြီးတွင် ဆွေးနွေးမှုများ ပြုလုပ်သွားဖွယ် ရှိနေသည်..။
⚽️ ဝေးလ်နောက်ခံလူ အီသန် အမ်ပါဒူး မှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သော စပါးဇီးယားအသင်းနှင့် ဗီရိုနာအသင်းတို့၏ တန်းဆင်းဇုန် ဗိုလ်လုပွဲ (relegation play-off final) တွင် စပါးဇီးယားအသင်းအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးနိုင်ခဲ့သော်လည်း ၁ဂိုး- ၃ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်..။ ထို့ကြောင့် အသက် (၂၂) နှစ်အရွယ် နောက်ခံလူမှာ သုံးနှစ်ဆက်တိုက် တန်းဆင်းခဲ့ရသည့် မှတ်တမ်းဆိုးတစ်ခုကို ရရှိသွားခဲ့သည်..။ သို့သော် အမ်ပါဒူး မှာ စပါးဇီးယားအသင်း၏ ကွင်းလယ်နှင့် နောက်တန်းတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး စီးရီးအေပြိုင်ပွဲ (၃၁) ပွဲအပါအဝင် (၃၅) ပွဲကစား၊ (၁) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။
⚽️ ပြင်သစ်ကွင်းလယ် ကစားသမား တီမူယီ ဘာကာယိုကို မှာ အေစီ မီလန်အသင်းနှင့် ဒုတိယနှစ် အဌားစာချုပ်တွင် သူ့အားကစားခွင့်ပေးမည့်အသင်းကို ရှာဖွေနိုင်ခဲ့ခြင်းမရှိခဲ့ပေ..။ ထို့ကြောင့်ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း စုစုပေါင်း (၃၈) မိနစ်သာ ကစားခွင့်ရခဲ့သည်..။ ပြင်သစ်ကွင်းလယ် ကစားသမားမှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသည်..။
⚽️အင်္ဂလန်လူငယ် တောင်ပံကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ဘေယာ လေဗာကူဆင် အသင်းသို့ အဌားထွက်ခဲ့ရာတွင် မန်နေဂျာအပြောင်းအလဲများ၏ ဝဲဂယက်တွင် ကစားခွင့် ပျောက်ဆုံးသွားခဲ့သည်..။ အသက် (၂၂) နှစ်အရွယ် တောင်ပံကစားသမားမှာ ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၄) ပွဲ အပါအဝင် ပြိုင်ပွဲစုံ (၂၁) ပွဲကစား၊ (၁) ဂိုးသွင်း၊ (၁) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။
⚽️ ပြင်သစ်နောက်ခံလူ မာလန် ဆားရ် မှာ မိုနာကိုအသင်းသို့ အဌားစာချုပ်နှင့် စတာလင်ပေါင် (၁၅) သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့် အပါအဝင် သဘောတူညီမှုဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ကာလရှည်ဒဏ်ရာကြောင့် (၁၃) ပွဲသာ ကစားခွင့်ရခဲ့သည်..။ မိုနာကိုအသင်း အားကစား ဒါရိုက်တာ ပေါလ် မီချယ် က မာလန် ဆားရ် မှာ ချယ်လ်ဆီးအသင်းသို့ ပြန်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်..။
⚽️ ဂါနာဘယ်နောက်ခံလူ ဘာဘာ ရာမန် မှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရက်ဒင်းအသင်းသို့ ဒုတိယရာသီအဖြစ် အဌားထွက်ခဲ့သည်..။ ပြီးခဲ့သည့်ရာသီတွင် ရက်ဒင်းအသင်း တန်းဆင်းခဲ့ရသလို ဘာဘာ ရာမန် မှာ ချန်ပီယံရှစ်ပြိုင်ပွဲ (၁၈) ပွဲ အပါအဝင် ပွဲပေါင်း (၂၀) ကစားခွင့်ရခဲ့သည်..။ ဂါနာနောက်ခံလူမှာ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသည်..။
What Next?
⚽️ အနာဂတ်မသေချာသည့် ကစားသမားများ - လူးကပ်စ် ဘာစထရွန်း (ဂိုးသမား)၊ ဟာဗီ ဗေးလ်၊ ဂျေမီ ကမ်းမင်း၊ တီနို အန်ဂျိုရင်
⚽️ ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ကစားသမားများ- နေသန် ဘတ်စ်တာ (ဂိုးသမား)၊ ဟင်နရီ လောရင့်စ်၊ အီသန် ဝါဒီ (ဂိုးသမား)၊ ဘရိုင်ယန် ဖီယာဘီးမား၊ ဂျေဒမ် ဝဲဟမ်
Welcome to Chelsea
⚽️ အသင်းသို့ ရောက်ရှိလာမည့် ကစားသမားသစ်များ - မာလို ဂတ်စ်တို (လိုင်ယွန်မှ)၊ ဒူဂျွန် ရစ်ချက် (Phoenix Academy မှ)၊ အင်ဒရေ ဆန်းတို့စ် (ဗက်စ်ကို ဒါ ဂါးမားမှ)