feature-image

နည်းပြလေးဉီး၊ ပေါင်သန်း (၆၀၀) နဲ့ ပိုင်ရှင်သစ်တို့ရဲ့ အပြာရောင် တစ်နှစ်တာခရီး….

၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်..

လွန်ခဲ့သည့်တစ်နှစ်.. ၂၀၂၂ ခုနှစ်က အခုလိုနေ့ရက်တွင် အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလေးနှင့် Clearlake Capital အဖွဲ့တို့ ဉီးဆောင်သည့် comsortium အဖွဲ့မှာ ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၄.၂၅) ဘီလီယံဖြင့် ဝယ်ယူခဲ့သည်..။ စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းကို ဝယ်ယူခဲ့ပြီဖြစ်ကြောင်း အတည်ပြု ကြေငြာချိန်တွင် အမေရိကန်သူဌေးကြီး က “အသင်းပိုင်ရှင်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ ဉီးတည်၊ ရည်မှန်းချက်က ရှင်းလင်းပါတယ်..။ ပရိသတ်တွေ ဂုဏ်ယူရတဲ့ အသင်းတစ်သင်း ဖြစ်လာအောင် ကြိုးစားသွားပါမယ်..” ဟူ၍ သူတို့၏ ရေရှည်ဉီးတည်ချက်ကို ကြေငြာခဲ့ပါသည်..။

အနာဂတ်အတွက် ပြင်ဆင်နေချိန်တွင် အသင်းမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၁၂) အထိ ကျဆင်းသွားခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ရသည်..။
ထို့ကြောင့် အသင်းပိုင်ရှင်သစ်များ၏ ကုန်လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်းမှ အသင်းကိုအပြောင်းအလဲ ဖြစ်စေခဲ့သည့် ဖြစ်ရပ်များ၊ ထူးခြားခဲ့သည့် မှတ်တိုင်များကို စုစည်းတင်ဆက် လိုက်ပါသည်..။

၂၀၂၂ ခုနှစ်၊ ဇွန်လ

ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးနောက် အသင်းပိုင်ရှင်သစ်များမှာ အသင်း၏ဌာနတိုင်း၏ စွမ်းဆောင်ရည်ကို ‘ရက် (၁၀၀) စီမံချက်’ ဖြင့် ဆန်းစစ်မည်ဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း အပြောင်းအလဲများကို မြန်မြန်ဆန်ဆန် ပြုလုပ်ခဲ့ပါသည်..။ အသင်းဥက္ကဌ ဘရုစ် ဘတ်ခ် အား ဥက္ကဌရာထူးမှ ဖယ်ရှားခဲ့သလို ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယားစ် ၏ တာဝန်များကို ရုတ်သိမ်းခဲ့ပြီး တော့ဒ် ဘိုလေး က အသင်းဥက္ကဌနှင့် အားကစား ဒါရိုက်တာ (ယာယီ) ရာထူးကို ပူးတွဲ၊ ရယူခဲ့သည်..။



အသင်းပိုင်ရှင်သစ်များမှာ ပီတာ ချက် အား ဆက်လက်ရှိနေစေလိုသော်လည်း ဂန္တဝင်ဂိုးသမားဟောင်းကြီးမှာ တော့ဒ် ဘိုလေး နှင့် ဆွေးနွေးအပြီးတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါသည်…။ ဂိုးနည်းပြချုပ် ခရစ်စ်တော့ဖ် လိုလီချွန် နှင့် chief executive ဂိုင်း လောရင့်စ် တို့လည်း အသင်းမှ ဆက်တိုက်ထွက်ခွာခဲ့သည်..။

တော့ဒ် ဘိုလေး မှာ တိုက်စစ်မှူး ရိုမီလူ လူကာကူ အား အင်တာ မီလန်အသင်းသို့ အဌားထပ်မံ စေလွှတ်ခဲ့ပြီး သူတို့၏ အပြောင်းအရွှေ့ဈေးကွက် ပထမဆုံးလှုပ်ရှားမှုကို စတင်ခဲ့သည်..။ အသင်း၏ technical and performance director ပီတာ ချက် မှာ စတာလင်ပေါင် (၉၇.၅) သန်းဖြင့် ဝယ်ယူထားသည့် တိုက်စစ်မှူးအား ဆက်လက်နေရာ ပေးချင်ခဲ့သော်လည်း တော့ဒ် ဘိုလေး က သဘောမတူခဲ့ပဲ အင်တာ မီလန်အသင်းသို့ တစ်နှစ်လျှင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၆.၇) သန်း.. လျော့ဈေးဖြင့် စေလွှတ်လိုက်ပြီး အခက်အခဲကို ဖြေရှင်းပေးခဲ့သည်..။

တစ်ချိန်ထဲလိုလိုမှာပင် စူပါအေးဂျင့် ဂျော့ မန်းဒက်စ် နှင့် ပေါ်တူဂီနိုင်ငံတွင် တွေ့ဆုံခဲ့ရာ မန်းဒက်စ် က အသက် (၃၇) နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ခရစ်စ်တီယာနို ရော်နယ်လ်ဒို အား ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်..။ သို့သော် သောမတ်စ် တူခယ်လ် က ရော်နယ်လ်ဒို မှာ high press ကစားလိုသည့် သူ၏ကစားနည်းစနစ် အစီအမံနှင့် ကိုက်ညီမှုမရှိနိုင်မည် မဟုတ်သောကြောင့် ချက်ချင်းပင် ငြင်းဆန်ခဲ့သည်..။

ထိုအချိန်မှစတင်၍ တော့ဒ် ဘိုလေး နှင့် နည်းပြသောမတ်စ် တူခယ်လ် တို့ကြားတွင် သဘောထား ကွဲလွဲမှုများ စတင်ပေါ်ပေါက် လာခဲ့သည်..။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ

အမေရိကန် ပြည်ထောင်စုသို့ ရာသီကြိုခရီးစဉ် ထွက်ခွာပြီး မကြာခင်မှာပင် အသင်းပိုင်ရှင်သစ်များ၏ ပထမဆုံးခေါ်ယူမှုအဖြစ် မန်ချက်စတာ စီးတီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား ရာဟင်း စတာလင်း ရောက်ရှိလာခဲ့သည်..။ နောက်ထပ်နှစ်ရက်အကြာတွင် နာပိုလီအသင်းမှ ဆီနီဂေါ နောက်ခံလူ ကာလီဒူ ကူလီဘေလီ မှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၄) သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်.။ သို့သော် နည်းပြသောမတ်စ် တူခယ်လ် မှာ အသင်း၏အပြောင်းအရွှေ့ လှုပ်ရှားမှုများအပေါ် အားမရသည့်အပြင် အမေရိကန် ပြည်ထောင်စုအတွင်း ခရီးသွားလာရန် စီစဉ်ထားမှုများအပေါ်တွင် ကျေနပ်မှုမရှိ.. ဆိုသည့်သတင်းများ ထွက်ပေါ်လာခဲ့သည်…။



ဇူလိုင်လ (၂၄) ရက်နေ့၊ အာဆင်နယ်အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ရာသီကြိုခြေစမ်းပွဲအပြီးတွင် သောမတ်စ် တူခယ်လ် က “အသင်းသားတွေရဲ့ ခံယူချက်၊ စိတ်ဓါတ်ပိုင်းနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်း.. အစစအရာရာဟာ စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်..” ဟူ၍ ပြောကြားခဲ့ပါသည်..။

ထို့အပြင် တော့ဒ် ဘိုလေး က ရော်နယ်လ်ဒို အား ခေါ်ယူရန် ထပ်မံတိုက်တွန်းခဲ့မှုက နည်းပြတူခယ်လ် ကို ပိုမိုစိတ်ပျက်စေခဲ့သည်..။ သောမတ်စ် တူခယ်လ် မှာ ယခင်အသင်းပိုင်ရှင်များလက်ထက်တွင် နည်းပြတာဝန်ကိုသာ အာရုံစိုက်ခဲ့ရသော်လည်း တော့ဒ် ဘိုလေး နှင့် ဘီဒက် အက်ဘ်ဘာလေ တို့က သူတို့၏နည်းပြကြီးအား အသင်း၏အခြားလုပ်ငန်းများတွင်ပါ ပါဝင်၊ ပတ်သက်စေချင်ခဲ့သည်..။ ထိုသို့အသင်းပိုင်ရှင်များနှင့် နေ့စဉ်ထိတွေ့၊ ဆက်ဆံနေရမှုက သူတို့ကြားမှ ဆက်ဆံရေးကို တဖြည်းဖြည်းနှင့် ပျက်ပြားလာစေခဲ့သည့် အကြောင်းတရား ဖြစ်လာခဲ့ရသည်..။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ

ဘရိုက်တန်အသင်းမှ စပိန်ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာ မှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၆၂) သန်းဖြင့် ရောက်ရှိလာခဲ့ပြီး အမေရိကန်လူငယ် ဂိုးသမား ဂါဘရီယယ် ဆလိုနီးနား (စတာလင်ပေါင် ၁၅ သန်း)၊ ကာနေး ချူကွီမီးကား (စတာလင်ပေါင် ၈ သန်း) တို့ကို ချီကာဂို ဖိုင်းယားစ် နှင့် အက်စ်တွန် ဗီလာအသင်းများမှ ဆက်တိုက်ခေါ်ယူခဲ့သည်..။ အသင်းပိုင်ရှင်သစ်များ၏ ရေရှည်အနာဂတ်အတွက် အစီအစဉ်ချ ရေးဆွဲနေသော အစီအမံသစ်များမှာ တဖြည်းဖြည်း အကောင်အထည် ပေါ်လာခဲ့သည်..။ ကစားသမားများအား စာချုပ်ကမ်းလှမ်းရာတွင် အများနှင့်မတူပဲ ခြောက်နှစ်သက်တမ်းကဲ့သို့ နှစ်ရှည်စာချုပ်များဖြင့် ကမ်းလှမ်းခဲ့ပြီး ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်အတွင်း ကိုက်ညီအောင် ထိန်းညှိဆောင်ရွက်ခဲ့ပါသည်..။

အခြားတစ်ဘက်မှာတော့ နည်းပြသောမတ်စ် တူခယ်လ် မှာ သူ၏စိတ်ပျက်၊ အားမရမှုများကို ထိန်းချုပ်မထားတော့ပဲ သူ၏အသင်းသားများမှာ ဘောလုံးရာသီသစ်အတွက် အဆင်သင့်မရှိသေးကြောင်း ထုတ်ဖော်၊ ပြောကြားခဲ့သည်..။ ထို့အပြင် ရာသီမစခင်မှာပင် ထုတ်ပယ်ခံရနိုင်သည်ကိုလည်း မျှော်လင့်ထားသည်ဟု ရင်းနှီးသူများကို ပြောပြခဲ့ကြောင်း ESPN သတင်းဌာနနှင့် နီးစပ်သူတစ်ချို့ကို ပြန်လည် ပြောပြခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ ၂၀၂၂/၂၃ ဘောလုံးရာသီစတင်ချိန်တွင် အဲဗာတန်၊ လက်စ်တာ အသင်းများကို အနိုင်ရခဲ့သော်လည်း လိဒ် ယူနိုက်တက်၊ ဆောက်ပ်သမ်တန် အသင်းတို့ကို ရှုံးနိမ့်ခဲ့သည်..။

အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းခါနီးတွင် ချယ်လ်ဆီးအသင်း၏ ဉီးတည်ချက်မရှိသည့်ပုံစံဖြင့် ကစားသမား အများအပြား ခေါ်ယူရန် လှုပ်ရှားမှုများအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်..။ သာဓကအနေဖြင့် အေစီ မီလန်အသင်းမှ ပေါ်တူဂီ တောင်ပံကစားသမား ရာဖာ လီယို အား အပြောင်းအရွှေ့ရာသီကုန်ခါနီး (၃) ရက်လောက် ရောက်ချိန်တွင်မှ ကမ်းလှမ်းမှုကို ရုတ်တရက် ပြုလုပ်ခဲ့သည်..။ အပြောင်းအရွှေ့စီစဉ်ရန်နှင့် အစားထိုးကစားသမား ရှာဖွေနိုင်ရန် အချိန်နည်းပါးမှုကြောင့် အေစီ မီလန်အသင်းက ငြင်းပယ်ခဲ့ပါသည်..။

ဩဂုတ်လအတွင်းတွင် လက်စ်တာအသင်းမှ အသက် (၂၁) နှစ်အရွယ် ပြင်သစ်နောက်ခံလူ ဝက်စ်လေ ဖိုဖားနား အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၅) သန်း၊ ခုနှစ်နှစ်သက်တမ်း စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်..။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ

စက်တင်ဘာလ (၂) ရက်နေ့၊ အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းချိန်တွင် ချယ်လ်ဆီးအသင်းမှာ ဂျူဗင်တပ်စ် အသင်းမှ ကွင်းလယ်ကစားသမား ဒင်းနစ် ဇာကာရီးယား (အဌား) နှင့် ဘာစီလိုနာအသင်းမှ အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း ပယ်ရီ အမ်းမ်ရစ် အူဘားမီးယန်း ကို ခေါ်ယူနိုင်ခဲ့သည်..။ အပြောင်းအရွှေ့ရာသီ ပြီးဆုံးအပြီး  (၂၄) နာရီအကြာတွင် အသင်း၏ကင်းထောက်ချုပ် စကော့ မက်လာလန် မှာ ရာထူးမှ နှုတ်ထွက်ခဲ့သည်..။ အူဘာမီးယန်း မှာ ဒေါ့မွန်အသင်းမှ သူ၏ဆရာဟောင်းဖြစ်သူ သောမတ်စ် တူခယ်လ် နှင့် ပြန်လည်ဆုံစည်းခွင့် ရသည့်အပေါ် ကျေနပ်ဝမ်းသာခဲ့ရသည်..။



သို့သော်လည်း သောမတ်စ် တူခယ်လ် မှာ နောက်ထပ် ခြောက်ရက်အကြာ၊ ဒိုင်နမို ဇာဂရက် အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် မမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့ရသည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီး နောက်ရက်မနက်ပိုင်းတွင် နည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်…။ အဆိုပါ ဆုံးဖြတ်ချက်မှာ အသင်းပိုင်ရှင်များ၏ ရက်ပေါင်း (၁၀၀) သုံးသပ်ချက်အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်..။ အသင်းပိုင်ရှင်များအနေဖြင့် နည်းပြတူခယ်လ် မှာ သူတို့၏ပုံစံ၊ ရှေ့ဆက်လိုသည့် အနာဂတ်လမ်းကြောင်းများနှင့် ကိုက်ညီမှုမရှိကြောင်း သုံးသပ်ခဲ့ကြသည်..။

တော့ဒ် ဘိုလေး နှင့် ဘီဒက် အက်ဘ်ဘာလေ တို့မှာ ဘရိုက်တန်အသင်းအား နစ်နာကြေး စတာလင်ပေါင် (၂၁) သန်းခန့် ပေးချေပြီး နည်းပြဂရေဟမ် ပေါ်တာ နှင့် သူ၏နည်းပြအဖွဲ့ဝင်များကို ခပ်မြန်မြန်ပဲ ခေါ်ယူ၊ အစားထိုးခဲ့သည်..။ သို့သော်အသင်းပိုင်ရှင်များမှာ နည်းပြသစ်ရာထူးအတွက် ဖြစ်နိုင်ခြေအလားအလာရှိသည့် နည်းပြများကို ဆွေးနွေးခဲ့သော်လည်း ဂရေဟမ် ပေါ်တာ မှာ သူတို့အကြိုက်ဆုံး နည်းပြလောင်းတစ်ဉီးအဖြစ် ရှိနေခဲ့ပါသည်…။ နည်းပြပေါ်တာ အား သောမတ်စ် တူခယ်လ် ကို ထုတ်ပယ်ခဲ့ပြီး နောက်တစ်နေ့တွင် ခန့်အပ်နိုင်ခဲ့သော်လည်း အဲလီဇယက် ဘုရင်မကြီး ကွယ်လွန်ခဲ့ခြင်းကြောင့် တရားဝင်ကြေငြာချက်ကို နောက်ဆုတ်ခဲ့ရသလို ပရီးမီးယားလိဂ် ပွဲစဉ်များကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်..။

ထို့ကြောင့်အင်္ဂလိပ်နည်းပြအတွက် ချယ်လ်ဆီးအသင်းကို ပထမဆုံးကိုင်တွယ်ခဲ့ရသည့်ပွဲစဉ်မှာ ဆဲလ်ဘတ်အသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်ခဲ့ရသည်..။ အခြားတစ်ဘက်တွင် တော့ဒ် ဘိုလေး မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြုပြင်ပြောင်းလဲလိုသည့် သူ၏အကြံအစည်များကို နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် ကွန်ဖရင့်၌ ပြောကြားခဲ့သည်..။ ချယ်လ်ဆီးအသင်းအား အခြားဥရောပနှင့်ကမ္ဘာအရပ်ရပ်မှ အသင်းများနှင့် ကွန်ယက်ဖွဲ့စည်း တည်ဆောက်ရန် (multi-clubs model)၊ ပရီးမီးယားလိဂ်ပြိုင်ပွဲအား အမေရိကန် အားကစားပြိုင်ပွဲများ၏ အတွေ့အကြုံများကို လေ့လာပြီး ပြုပြင်၊ ပြောင်းလဲမှုများ ပြုလုပ်ရန်၊ အသင်းထဲတွင် အချက်အလက်များကို ပိုမိုမျှဝေ၊ အသုံးချရန် အချက်များ ပါဝင်ခဲ့သည်..။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ..

ဆဲလ်ဘတ်အသင်းနှင့် သရေကျပြီးနောက် ဂရေဟမ် ပေါ်တာ မှာ အေစီ မီလန်အသင်းအား အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရခဲ့သည့် ပွဲစဉ်များအပါအဝင် ငါးပွဲဆက်တိုက် အနိုင်ရရှိပြီး အခြေအနေကောင်းများ ဖန်တီးနိုင်ခဲ့သည်..။ အခြားတစ်ဘက်ကလည်း အသင်းပိုင်ရှင်များမှာ သူတို့၏ပြုပြင်၊ ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်နှင့် ဆက်လက်၊ ဆောင်ရွက်ခဲ့သည်..။

အသင်းပိုင်ရှင်များမှာ အသင်းရှိ အချက်အလက်များကို သုံးသပ်၊ ခန့်ခွဲသည့်ဌာနအား ကစားသမားသစ် ရှာဖွေရေး လုပ်ငန်းစဉ်များနှင့် အနာဂတ်မဟာဗျူဟာ အစီအစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လာစေလိုသောကြောင့် အသင်း၏ ကစားသမားသစ် ရှာဖွေရေးဌာနကို ပြင်ဆင်မှု ကြီးကြီးမားမား ပြုလုပ်ခဲ့သည်..။ ဆောက်ပ်သမ်တန်အသင်းမှ ဂျိုး ရှီးလ် ကို ကစားသမားသစ် ရှာဖွေရေးဌာန၏ တွဲဖက်ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပြီး (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အသင်းကို ရောက်ရှိလာခဲ့သည်..။) မိုနာကိုအသင်းမှ လောရင့်စ် စတီးဝပ် ကို ကမ္ဘာ့ဘောလုံးလောကအပေါ် အာရုံစိုက်ရမည့် နည်းစနစ် ဒါရိုက်တာအဖြစ် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသင်းကို ရောက်ရှိလာခဲ့သည်..) ခေါ်ယူခဲ့သည်..။

သို့သော်နည်းပြဂရေဟမ် ပေါ်တာ ၏ ပန်းခင်းသော တာထွက်ခရီးမှာ အသင်းဟောင်း ဘရိုက်တန်အသင်းအား ၄ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် အဆုံးသတ်ခဲ့ပြီး တဖြည်းဖြည်းနှင့် ပြိုကျတော့မည့် အရိပ်အယောင်များ စတင်မြင်တွေ့လာခဲ့ရသည်..။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ…

တော့ဒ် ဘိုလေး နှင့် ဘီဒက် အက်ဂ်ဘာလေ တို့မှာ ဘရိုက်တန်အသင်းမှ ပေါလ် ဝင်စတန်လေ ကို အသင်း၏ ကမ္ဘာလုံးဆိုင်ရာ ကစားသမားသစ် ရှာဖွေရေးနှင့် အပြောင်းအရွှေ့ဆိုင်ရာ ဒါရိုက်တာအဖြစ် ထပ်မံအားဖြည့်ခဲ့သည်..။ သို့သော်ထိုအချိန်တွင် နည်းပြဂရေဟမ် ပေါ်တာ ၏ အသင်းမှာ စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် ခြေစွမ်းကျဆင်းခဲ့ပြီး နိုဝင်ဘာလအတွင်း ဒိုင်နမို ဇာဂရက်အသင်းနှင့် တစ်ပွဲသာ နိုင်ပွဲရှိခဲ့သည်..။ အာဆင်နယ်၊ မန် စီးတီး (EFL ဖလား) နှင့် နယူးကာဆယ်အသင်းများကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အနားယူပေးချိန်တွင် အသင်းမှာ အဆင့် (၈) နေရာသို့ ရောက်သွားခဲ့သည်..။



နည်းပြဂရေဟမ် ပေါ်တာ မှာ သူ၏အကောင်းဆုံးအသင်းကို ရှာဖွေမတွေ့သေးသလို ကစားကွက် အခင်းအကျင်းများကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲရင်း နွေရာသီ အပြောင်းအရွှေ့က ရောက်ရှိလာသည့် ကစားသမားသစ်များနှင့် အသင်းကိုအံဝင်အောင် အစွမ်းကုန် ကြိုးစားနေခဲ့သည်..။ အထူးသဖြင့် အင်္ဂလိပ်နည်းပြကြီးမှာ ရက်သတ္တပါတ် (၆) ပါတ်တာ ကာလအတွင်းတွင် အဝေးကွင်းပွဲစဉ် (၈) ပွဲအပါအဝင် (၁၃) ပွဲ ကစားခဲ့ရပြီး အသင်းနှင့်လေ့ကျင့်ချိန်ကောင်းကောင်း မရရှိခဲ့သည့် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်..။

အသင်းမှ ကစားသမား အများစုက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံကို ထွက်ခွာသွားချိန်တွင် ဂရေဟမ် ပေါ်တာ နှင့် ကျန်ကစားသမားများမှာ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တွင် လေ့ကျင့်စခန်းဖွင့်လှစ်ရင်း နောက်လာမည့်ပွဲစဉ်များအတွက် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်..။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ..


ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းတွင် တော့ဒ် ဘိုလေး နှင့် ဘီဒက် အက်ဂ်ဘာလေ တို့မှာ ကမ္ဘာအရပ်ရပ်မှ အေးဂျင့်များနှင့် တွေ့ဆုံပြီး လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်တော့သည်..။ ခရစ်စ်တိုဖာ ဗီဗယ်လ် ကို အသင်း၏ နည်းစနစ် ဒါရိုက်တာ အသစ်အဖြစ် RB လိုက်ပ်ဇစ်အသင်းမှ ထပ်မံအားဖြည့် ခေါ်ယူခဲ့ပါသည်..။ တစ်ဆက်တည်းမှာပင် ပြင်သစ်တိုက်စစ်မှူး ခရစ်စ်တိုဖာ အန်ကန်းကူ အား ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၆၀) ဖြင့် လာမည့်နွေရာသီတွင် ခေါ်ယူနိုင်ရန် အကြိုသဘောတူညီမှု အရယူနိုင်ခဲ့သည်..။

ဒီဇင်ဘာ (၂၇) ရက်နေ့၊ ပြိုင်ပွဲများ ပြန်လည်စတင်ချိန်တွင် ဂရေဟမ် ပေါ်တာ ၏ အသင်းမှာ ဘုန်းမောက်အသင်းအား ၂ဂိုး- ဂိုးမရှိ အနိုင်ပွဲရလဒ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်..။ နောက်တစ်ရက်.. ဒီဇင်ဘာ (၂၈) ရက်နေ့တွင် အသက် (၂၀) နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် လူငယ်တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား အား နော်ဝေးလိဂ်ပြိုင်ပွဲဝင် မိုလ်ဒီအသင်းမှ ခေါ်ယူနိုင်ခဲ့သည်..။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ..

အသင်းမှာ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကာလတွင် ရလဒ်များ ပြန်လည်ဆိုးရွားခဲ့ပြီး တစ်လအတွင်း ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် တစ်ပွဲသာရှိခဲ့သည်..။ တစ်ဘက်က အပြောင်းအရွှေ့ ဈေးကွက်မှာတော့ ချယ်လ်ဆီးအသင်းမှာ ကစားသမား အများအပြား ခေါ်ယူခဲ့ပြီး အလုပ်ရှုပ်ခဲ့သည့် အပြောင်းအရွှေ့ရာသီတစ်ခု ဖြစ်ခဲ့သည်..။

နောက်ခံလူ ဘင်နွိုက် ဘာဒီယာရှီလေး (မိုနာကိုအသင်းမှ)၊ ဘရာဇီးလ်လူငယ် ကွင်းလယ် ကစားသမား အင်ဒရေ ဆန်းတို့စ် (ဗက်စ်ကို ဒါ ဂါးမားအသင်းမှ) တို့ကို ခေါ်ယူခဲ့သည်..။ ပေါ်တူဂီတိုက်စစ်မှူး ဂျာအို ဖဲလစ် အား ပရီးမီးယားလိဂ် အသင်းများစွာက အဌားခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်း တစ်သင်းတည်းကသာ အဌားခေါ်ယူကြေး စတာလင်ပေါင် (၈) သန်း အပြည့်ပေးချေရန် ဆန္ဒရှိခဲ့သည်..။ သို့သော် အသက် (၂၃) နှစ်အရွယ် တိုက်စစ်မှူးမှာ ဖူးလ်ဟမ်းအသင်းနှင့် ပွဲဉီးထွက်တွင် တိုက်ရိုက်အနီကတ်ဒ် အပြခံခဲ့ရပြီး သုံးပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရသည်..။

စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းမှာ ရှက်တာ ဒိုးနက်စ်အသင်းမှ ယူကရိန်းတောင်ပံ ကစားသမား မိုင်ဟေးလ်လို မူဒရပ်ခ် အား ပြောင်းရွှေ့ကြေးစတာလင်ပေါင် (၈၈.၅) သန်းဖြင့် အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ခေါ်ယူနိုင်ခဲ့သည်..။ ထို့အပြင် ပီအက်စ်ဗွီ အိုင်ဒိုဗန်အသင်းမှ အင်္ဂလန်လူငယ် တောင်ပံကစားသမား နာနို မာဒူအီကေး၊ လိုင်ယွန်အသင်းမှ ပြင်သစ်ညာနောက်ခံလူ မာလို ဂတ်စ်တို တို့ကို ဆက်တိုက်ခေါ်ယူခဲ့သည်..။ သို့သော် မာလို ဂတ်စ်တို အား ရာသီကုန်အထိ လိုင်ယွန်အသင်းသို့ ပြန်လည်အဌားချထားခဲ့သည်..။

‘နောက်ဆုံးပိတ် အိပ်နဲ့လွယ်..’ ဆိုသကဲ့သို့ ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ဘင်ဖီကာအသင်းမှ အာဂျင်တီးနား ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် အား ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀၆.၈) သန်းဖြင့် အရခေါ်ယူပြီး ဈေးကွက်ကို ပိတ်သိမ်းနိုင်ခဲ့သည်..။



အဆိုပါအပြောင်းအရွှေ့တွင် ပြောင်းရွှေ့ကြေးအား ခြောက်ကြိမ်ခွဲ၍ အရစ်ကျပေးချေရန် ဘင်ဖီကာအသင်းနှင့် ညှိနှိုင်းနိုင်ခဲ့သည့် အသင်းပိုင်ရှင် အက်ဂ်ဘာလေ ၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်နေရာမှ ပါဝင်ခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်ကစားသမား ဂျော်ဂင်ဟို အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀) သန်းဖြင့် အာဆင်နယ်အသင်းထံ ရောင်းချနိုင်ခဲ့သော်လည်း ဟာကင် ဇီးယက်ခ်ျ အား ပီအက်စ်ဂျီအသင်းသို့ အဌားစေလွှတ်ရန် အပြောင်းအရွှေ့မှာ အသင်းဘက်က အမှားအယွင်းကြောင့် ပျက်ပြယ်ခဲ့ရသလို ပိုလျှံကစားသမားများကို ရှင်းထုတ်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်..။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ

ဇန်နဝါရီ အပြောင်းအရွှေ့အပြီး အသင်းတွင် ကစားသမား (၃၁) ယောက် ရှိလာခဲ့ပြီး အူဘားမီးယန်း၊ ဘာဒီယာရှီလေး နှင့် မာဒူအီကေး တို့ကို ချန်ပီယံလိဂ် လူစာရင်းမှ ဖယ်ထုတ်ခဲ့ရသည်…။ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး များပြားလာခဲ့သည့် ကစားသမားများကြောင့် အသင်း၏ အဝတ်လဲခန်းကို ချဲ့ထွင်ခဲ့ရကြောင်း ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗား က ထုတ်ဖော် ပြောကြားခဲ့သည်..။

နည်းပြဂရေဟမ် ပေါ်တာ မှာ အသင်း၏လူစာရင်းကို ပိုမိုအပြောင်းအလဲပြုလုပ်ရပြီး အသင်းမှ ကစားသမားများကို ပျော်ရွှင်စေဖို့ကိုသာ ဉီးစားပေး ဆောင်ရွက်နေခဲ့ရသည့်ပုံစံ ဖြစ်လာခဲ့ရသည်..။ သို့သော် အသင်း၏ ရလဒ်ပိုင်းမှာ တိုးတက်လာခြင်းမရှိပဲ ဖေဖော်ဝါရီ တစ်လလုံးအတွင်း ဝက်စ်ဟမ်းအသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ဂျာအို ဖဲလစ် သွင်းယူပေးခဲ့သည့် တစ်ဂိုးသာ ရရှိခဲ့သည်..။

ကွင်းပြင်ပပိုင်းတွင်လည်း အပြောင်းအလဲများ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး လောရင့်စ် စတီးဝတ် နှင့် ပေါလ် ဝင်စတန်လေ တို့ကို ပူးတွဲအားကစား ဒါရိုက်တာများအဖြစ် ပြောင်းလဲ၊ တာဝန်ပေးခဲ့သည်..။ နည်းပြဂရေဟမ် ပေါ်တာ ကလည်း ခံစားနေရသည့် ဖိအားများအကြောင်း သတင်းစာရှင်းလင်းပွဲများတွင် ထုတ်ဖော်၊ ပြောကြား လာခဲ့ပြီး အသင်းရှိကစားသမားကြီး တစ်ချို့က ယခုနှစ်ရာသီကြိုပြင်ဆင်မှုများမှာ ကြုံဖူးခဲ့သမျှတွင် အဆိုးရွားဆုံးဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းကို     ထပ်မံဝေမျှခဲ့ပါသည်..။ ထို့အပြင် သူနှင့်ကလေးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့သည့် အီးမေးလ်များကို လက်ခံရရှိကြောင်းကိုလည်း ပြောကြားခဲ့သည်..။

ဂရေဟမ် ပေါ်တာ ၏ စွမ်းဆော်ရည်နှင့် အရည်အချင်းအပေါ် ပရိသတ်များအကြားတွင် နှစ်ခြမ်းကွဲသွားခဲ့သော်လည်း ဆောက်ပ်သမ်တန်အသင်းအား အိမ်ကွင်းတွင် ထပ်မံအရေးနိမ့်ခဲ့ချိန်တွင် ပရိသတ်များဆီမှ ပြင်းထန်သည့် တုံ့ပြန်မှုများ ရရှိလာခဲ့သည်..။

၂၀၂၃ ခုနှစ်၊ မတ်လ

ဂရေဟမ် ပေါ်တာ မှာ မတ်လအတွင်း ဒေါ့မွန်အသင်းကို အိမ်ကွင်းတွင် ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည့်ပွဲ အပါအဝင် သုံးပွဲဆက်တိုက် နိုင်ပွဲဆက်ပြီး အဖွင့်လှခဲ့သည်..။ သို့သော် အဆိုပါပျော်ရွှင်ဖွယ်ရာ နေ့ရက်များမှာ ဂရေဟမ် ပေါ်တာ အတွက် အမှောင်မိုက်ဆုံးကာလကို မရောက်ရှိခင် နောက်ဆုံးမီးတောက်ခဲ့သည့် အလင်းရောင်တန်းမျှသာ ဖြစ်ခဲ့ရပါသည်..။

တန်းဆင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အဲဗာတန်အသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သည့် ပွဲအပြီးတွင် ဂရေဟမ် ပေါ်တာ မှာ ချယ်လ်ဆီးအသင်း ကိုင်တွယ်ခဲ့သည့် ပွဲပေါင်း (၃၀) အတွင်း (၁၀) ပွဲရှုံး၊ (၈) ပွဲသရေ.. ဆိုသည့်မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ရသည်..။ သူ၏အသင်းမှာ ပွဲစဉ်တိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့သော်လည်း အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သလို တစ်ဘက်ကလည်း လွယ်လွယ်ကူကူနှင့် ဂိုးများခွင့်ပြုနေရသည့် ပြဿနာများကို အဖြေမရှာနိုင်ခဲ့ပေ..။

အသင်း၏အတွင်းပိုင်းမှ  တာဝန်ရှိသူများကလည်း အင်္ဂလိပ်နည်းပြမှာ ရင်းနှီးထားသော ပမာဏနှင့် ထိုက်တန်သည့် ပေးဆပ်မှုနှင့် လုံလောက်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းမရှိ.. ဟူ၍ သုံးသပ်ခဲ့သောကြောင့် သူ၏အနာဂတ်မှာ နောက်ဆုံးကောက်ရိုးတစ်မျှင်လို တည်းတည်းလေးသာ ကျန်တော့သည့် အနေအထား ဖြစ်လာခဲ့ရသည်..။



၂၀၂၃ ခုနှစ်၊ ဧပြီလ..

ဧပြီလ (၁) ရက်နေ့တွင် အက်စ်တွန် ဗီလာအသင်းကို အိမ်ကွင်းတွင် ၀ - ၂ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းမှာ ဥရောပဝင်ခွင့်နှင့် ပိုမိုဝေးကွာသွားခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရတော့မည့် အနေအထားတွင် အသင်းပိုင်ရှင်များမှာ ဧပြီလ (၃) ရက်နေ့တွင် နည်းပြဂရေဟမ် ပေါ်တာ ကို ထုတ်ပယ်ခဲ့သည်..။

သူ၏လက်ထောက်နည်းပြဖြစ်သော ဘရူနို ဆော်လ်တာ ကို ယာယီနည်းပြအဖြစ် လီဗာပူးလ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်ကို ကိုင်တွယ်စေခဲ့သည်..။ လွန်ခဲ့သည့် လေးနှစ်ကမှ နည်းပြပေါ်တာ ၏ နည်းပြအဖွဲ့ဝင်တစ်ဉီးအဖြစ် စတင်တာဝန်ယူခဲ့သော စပိန်နောက်ခံလူဟောင်း ဆော်လ်တာ မှာ သူ၏ပထမဆုံး တာဝန်ယူရသည့်ပွဲတွင် ဂိုးမရှိသရေကျအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်..။ ထို့နောက် ဧပြီလ (၆) ရက်နေ့တွင် ဂန္တဝင်ကွင်းလယ် ကစားသမားဟောင်းနှင့် နည်းပြဟောင်း ဖရန့် လမ်းပတ် က ယာယီနည်းပြ (caretaker manager) အဖြစ် တာဝန်ယူခဲ့သည်..။

ချယ်လ်ဆီးအသင်းပရိသတ်ကို နှစ်သိမ့်ပေးသည့်အနေဖြင့် အသင်းမှဂန္တဝင် ကစားသမားဟောင်းနှင့် နည်းပြအတွေ့အကြုံရှိပြီးသူ တစ်ယောက်ကို ခန့်အပ်ခြင်း ဖြစ်သော်လည်း ဖရန့် လမ်းပတ် မှာ သူ၏ပထမဆုံးပွဲတွင် ဝုလ်ဖ်အသင်းကို ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်..။ ယာယီနည်းပြ ဖရန့် လမ်းပတ် နှင့် အသင်းအပေါ် ယုံကြည်မှုများ ပြန်လည်မြင့်မားလာပုံရခဲ့သည့် အသင်းပိုင်ရှင် တော့ဒ် ဘိုလေး မှာ ရီးရဲလ် မက်ဒရစ်အသင်းနှင့် ပွဲမတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ချယ်လ်ဆီးအသင်းက ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိလိမ့်မည်ဟု ပွဲရလဒ်ကို ကြိုတင်ခန့်မှန်း ပြောကြားခဲ့ပါသည်..။

ထိုပွဲတွင် ချယ်လ်ဆီးအသင်းမှာ နှစ်ဂိုးပြတ်ရလဒ်ဖြင့် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့သလို နည်းပြဖရန့် လမ်းပတ် က အသင်း၏ကြံ့ခိုင်မှုအခြေအနေ ဆိုးရွားနေသည့်အပေါ် စိတ်ပျက်၊ လက်ပျက်နှင့် အပြစ်တင်ဝန်ခံခဲ့သည်..။ တော့ဒ် ဘိုလေး ကလည်း ပွဲအပြီးတွင် အဝတ်လဲခန်းထဲသို့ လာရောက်ပြီး လက်ရှိဘောလုံးရာသီမှာ ‘အင်မတန်မှ စိတ်ပျက်ဖွယ် ကောင်းမွန်ကြောင်း’.. အပြစ်တင်ဝေဖန်ခဲ့သည်..။

စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ဒုတိယအကျော့ပွဲစဉ်တွင် အသင်း၏ခြေစွမ်းမှာ ပိုမိုတိုးတက်လာခဲ့သော်လည်း ၂ဂိုး- ဂိုးမရှိ ရလဒ်နှင့်ပင် ထပ်မံရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသည်..။ ဖရန့် လမ်းပတ် နှင့် သူ၏ရဲဘော်များမှာ ရီးရဲလ် မက်ဒရစ်အသင်းနှင့် အပြန်အလှန်နှစ်ကျော့အပြီး ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်အသင်းများကို ဆက်တိုက် ရှုံးပွဲဆက်နေချိန်တွင် ချယ်လ်ဆီးအသင်းကလည်း သူတို့၏ မန်နေဂျာသစ် ရှာပုံတော်ခရီးကို အရှိန်မြှင့်ခဲ့သည်..။ လောရင့်စ် စတီးဝပ် နှင့် ပေါလ် ဝင်စတန်လေ တို့ ဉီးဆောင်ပြီး မန်နေဂျာသစ်အတွက် ဂျူလီယန် နာဂယ်စ်မန်း၊ လူးဝစ် အင်းနရစ်ခ် တို့အပါအဝင် နည်းပြလောင်း ခုနှစ်ယောက်လောက်အထိ အသေအချာတွေ့ဆုံ၊ စိစစ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြသည်..။

၂၀၂၃ ခုနှစ်၊ မေလ..

ခြောက်ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက်တွင် ဖရန့် လမ်းပတ် မှာ သူ၏ပထမဆုံးအနိုင်ပွဲကို မေလ (၆) ရက်နေ့၊ ဘုန်းမောက်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် စတင်ရရှိခဲ့သည်..။ တော့ဒ် ဘိုလေး မှာ မန်နေဂျာသစ် ရှာဖွေသော လုပ်ငန်းစဉ်များတွင် လုံးဝပါဝင် ပတ်သက်ခြင်းမရှိပဲ ဝင်စတန်လေ နှင့် စတီးဝပ် တို့ကိုသာ အာဏာကုန် လွဲအပ်ထားသည်ဟု သိရသည်..။

အာဂျင်တီးနားနည်းပြ မော်ရစ်စ်စီယို ပိုချက်တီနို မှာ အသင်း၏ပထမဉီးစားပေး နည်းပြသစ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး နှစ်နှစ်သက်တမ်းစာချုပ် (+ တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် အပါအဝင်) ဖြင့် ခန့်အပ်ကြောင်း တရားဝင် ထုတ်ပြန်ချက်ကို ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးပြီး နောက်ရက်တွင် ထုတ်ပြန်ခဲ့သည်..။ ယာယီနည်းပြ ဖရန့် လမ်းပတ် မှာ ပွဲစဉ် (၁၁) ပွဲတွင် (၁) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၈) ပွဲရှုံးရလဒ်ဖြင့် အသင်းကို နှုတ်ဆက်ခဲ့ရပြီး ချယ်လ်ဆီးအသင်းမှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် ရှုံးပွဲ (၁၆) ပွဲနှင့် သွင်းဂိုး (၃၈) ဂိုးသာ သွင်းယူနိုင်ခဲ့သည်…။



ချယ်လ်ဆီးအသင်းမှာ နည်းပြမော်ရစ်စ်စီယို ပိုချက်တီနို ကို ခန့်အပ်ပြီးသော်လည်း အသင်း၏ပြုပြင်၊ ပြောင်းလဲရေး လုပ်ငန်းများမှာ ပြီးဆုံးခြင်းမရှိသေးပဲ ခရစ်စ် ဂျူရာဆက် ကို စီအီးအို အသစ်အဖြစ် ခန့်အပ်ခဲ့သလို စတုတ်အသင်းမှ ကင်းထောက်တစ်ဉီးဖြစ်သော အန်ဒီ ကာဆင် ကို recruitment team အတွက် ထပ်မံအားဖြည့် ခေါ်ယူခဲ့သည်…။

အသင်းမှာ လာမည့်နွေရာသီကာလတွင် ကစားသမား အများအပြားကို ရောင်းချရန် ပြင်ဆင်နေသလို တစ်ဘက်ကလည်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ပြန်လည်တိုးချဲ့ရေး စီမံကိန်းအတွက် အစည်းအဝေးများ ဆက်တိုက် ပြုလုပ်လျှက်ရှိသည်..။ လက်ရှိအချိန်ထိ မူလစတန်းဖို့ဒ် ဘရစ်ချ်ကွင်း နေရာတွင်မှာပဲ အသစ်ပြန်လည် တည်ဆောက်မည်.. (သို့မဟုတ်) နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့မည်.. ဆိုသည့် ဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့ခြင်း မရှိသေးပေ..။

အထက်က ဖော်ပြထားသကဲ့သို့ ချယ်လ်ဆီးအသင်းမှာ အသင်းပိုင်ရှင်သစ် တော့ဒ် ဘို‌လေး တို့၏ တစ်နှစ်တာ ကာလအတွင်းတွင် အပြောင်းအလဲ၊ အတက်အကျများနှင့် မထင်မှတ်ထားခဲ့သည့် ဖြစ်ရပ်အများအပြားကို ကြုံတွေ့ခဲ့ရပါသည်..။

 ESPN မှ ဆောင်းပါးရှင် James Olley ၏ ‘One year of Boehly at Chelsea: Four managers, £600m spent and upheaval at Stamford Bridge’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)