feature-image

အစွမ်းကုန် တောက်ပတော့မယ့် ‘ခရစ်စ်တိုဖာ အန်ကန်းကူ’ ရဲ့ အပြာရောင်ခရီး

“လူငယ်ကစားသမားတွေဟာ နောက်ထပ်တစ်ဆင့်မြင့်ကို ဘယ်အချိန်တက်ရောက်နိုင်မလဲ..? ခန့်မှန်းရတာ ခက်ခဲပါတယ်..။ ဒါပေမယ့် တစ်ချို့ကစားသမားတွေကတော့ ဘယ်လိုအသင်း၊ ဘယ်လိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် နောက်ထပ်အဆင့်အသစ်တွေကို တက်ရောက်နိုင်ဖို့ အမြဲတမ်းအသင့်ရှိနေကြပါတယ်..။ ခရစ်စ်တိုဖာ ဟာ အဲဒီလို ကစားသမားထဲမှာ ပါဝင်ပါတယ်..။ အထူးသဖြင့် သူ့ရဲ့စိတ်ဓါတ်အင်အားနဲ့ စိတ်ဓါတ်ပိုင်းခိုင်မာမှုက အရေးအကြီးဆုံးပါပဲ..။”
- ဆီးဒရစ်ခ် ကာတီနွိုင်း (Chicago Fire အသင်း အားကစား ဒါရိုက်တာ နှင့် ပီအက်စ်ဂျီအသင်း လူငယ်အသင်းနည်းပြဟောင်း)

သူပြောကြားသွားခဲ့တဲ့ ‘နောက်ထပ်အဆင့် (level)’ ကတော့ ‘ချယ်လ်ဆီးအသင်း’ ဖြစ်ပြီး ကစားသမားကတော့ ‘ခရစ်စ်တိုဖာ အန်ကန်းကူ’..
သူဟာချယ်လ်ဆီးအသင်းကို ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းကို လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာ ရောက်ရှိပါလိမ့်မယ်..။

အဲဒီအသက် (၂၅) နှစ်အရွယ် တိုက်စစ်မှူးလေးရဲ့ ချယ်လ်ဆီးအသင်းဆီသို့ အပြာရောင်ခရီးဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကနေ စတင်ခဲ့ပါတယ်..။ အန်ကန်းကူ တို့ကြီးပြင်းလာခဲ့တဲ့ ဇာတိချက်မြုပ် ဒေသလေးဟာ ဥရောပ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ရေခံ၊ မြေခံကောင်းတစ်ခုလို့ ပြောမယ်ဆိုရင် မမှားပါဘူး..။ သူ့ရဲ့ငယ်ဆရာဖြစ်တဲ့ ကာတီနွိုင်း ဟာ အန်ကန်းကူ အပြင် ပေါလ် ပေါ့ဘာ၊ အန်ဂိုလို ကန်တေး၊ ဘယ်လေ့စ် မာတူဒီ၊ ကင်းစ်လေ ကိုမန်း နဲ့ ကိုင်လီယန် အမ်ဘတ်ပေး တို့ကိုပါ မြေတောင်မြှောက်ပေးခဲ့တဲ့ လူငယ်နည်းပြကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်..။

အန်ကန်းကူ ရဲ့ ပထမဆုံးအသင်းကတော့ AS မာရိုလေးစ် ဆိုတဲ့ မထင်မရှား အသင်းလေးပါပဲ..။ ဒါပေမယ့် အဲဒီအသင်းလေးဟာ သူရောက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဘယ်လိုပုံစံနဲ့ အပြောင်းအလဲ ဖြစ်သွားခဲ့ရတယ်.. ဆိုတဲ့အကြောင်းကို အသင်းရဲ့နည်းပြ လီယွန်နယ် အဲလ်ဘတ် က အခုလိုပြောပြခဲ့ပါတယ်..။

“ပြီးခဲ့တဲ့ရာသီတွေမှာဆိုရင် ကျွန်တော်တို့အသင်းဟာ အဝေးကွင်းတွေကို သွားပြီးယှဉ်ပြိုင်ရတိုင်း သွားဖို့၊ လာဖို့ စီစဉ်ရတဲ့အခါ လိုက်ပို့ချင်တဲ့ကားတွေ နည်းပါးတာကြောင့် အင်မတန်မှ အခက်အခဲတွေ့ရပါတယ်..။ ဒါပေမယ့် သူရောက်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့ကစားပွဲတွေကို လိုက်ပြီးအားပေးချင်တဲ့သူတွေ များပြားလွန်းတာကြောင့် ခရီးသွားရမယ့် ကစားသမားတွေထက် လိုက်ပို့ချင်တဲ့ ကားတွေကတောင် ပိုပြီးများနေပါတော့တယ်..။”



သူဟာ AS မာရိုလေးစ် အသင်းမှာ ခြောက်နှစ်ကြာ လေ့ကျင့်၊ သင်ကြားခဲ့ပြီး Fontainebleau အသင်းကနေတဆင့် ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူငယ်အကယ်ဒမီ ကလဲရီဖောင်တိန်းန် ကို ရောက်လာခဲ့ပါတယ်..။ လူငယ်နည်းပြ ကာတီနွိုင်း ဟာ အန်ကန်းကူ နဲ့ အသက် (၁၅) နှစ်လူငယ်အသင်းမှာ စတင်ဆုံစည်းခဲ့ပါတယ်..။

“သူဟာပင်ကိုယ်ပါရမီ အင်မတန်ထူးချွန်တဲ့ ကစားသမားဖြစ်တာကြောင့် သူ့ကိုလေ့ကျင့်၊ ညွှန်ကြားပေးရတာ သိပ်ကိုကောင်းပါတယ်..။ သူဟာရိုးကျိုး နှိမ်ချပြီး အမြဲတမ်းစိတ်အားထက်သန်မှုအပြည့် ရှိနေတဲ့သူလည်း ဖြစ်ပါတယ်..။ ဒါ့အပြင်ဘောလုံးကစားတာကို အရမ်းချစ်မြတ်နိုးပြီး ကစားသမားတိုင်းအပေါ် လေးစားမှုအပြည့် ရှိတဲ့သူလည်း ဖြစ်ပါတယ်..။ သူဟာမိသားစုရဲ့ အကောင်းဆုံး ထောက်ပံ့ပေးမှု၊ အားပေးကူညီမှုကိုလည်း အပြည့်အဝ ရရှိခဲ့ပါတယ်..။ အဲဒီအချက်ဟာ လူငယ်ကစားသမားတွေအတွက် အထူးအရေးကြီးပါတယ်..။

သူဟာပင်ကိုယ်ပါရမီ အရမ်းထူးချွန်ပေမယ့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအပိုင်းမှာ အခြားအသင်းဖော်တွေထက် နောက်ကျခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းချက်ကို နည်းစနစ်ပိုင်း ကောင်းမွန်မှု၊ ကစားကွက် အမြင်စူးရှမှုတွေနဲ့ ပြန်ပြီးကာမိခဲ့ပါတယ်..။ သူဟာလျှင်မြန်မှု ကောင်းမွန်တယ်..၊ ခံနိုင်ရည်အား ပြည့်ဝပြီး အကြမ်းပတမ်းခံနိုင်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်..။ အထူးသဖြင့် အာရုံစူးစိုက်မှုနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပိုင်းမှာ သိပ်ကိုမာကျော၊ ကောင်းမွန်ပါတယ်..။ ဒါ့ကြောင့်လည်း အခုလိုထိပ်တန်းအဆင့်ကို လျှင်လျှင်မြန်မြန် တက်ရောက်နိုင်ခဲ့တာပါ..။”


နည်းပြကြီးဟာ အန်ကန်းကူ ရဲ့ လူငယ်ကစားသမားဘဝ ပထမဆုံး ဆုဖလား ဆွတ်ခူးစဉ်က အကြောင်းတွေကိုလည်း အခုလိုအမှတ်တရ ပြန်ပြောင်း၊ ပြောပြခဲ့ပါတယ်..။

“ပဲရစ်စ်ဖလား ဗိုလ်လုပွဲအဖြစ် ကျွန်တော်တို့ရဲ့ ကလဲရီဖောင်တိန်းန် အသင်းဟာ ဘရစ်တ်နီအသင်းနဲ့ ရင်ဆိုင်ရပါတယ်..။ ဘရစ်တ်နီအသင်းဟာ ကစားသမားကောင်းတွေရှိနေပြီး အပျော်တမ်းအသင်းတွေထဲမှာ အတော်လေးကိုကောင်းတဲ့ အသင်းလို့ ပြောရမှာပဲဗျ..။ အဲဒီနေ့က တစ်နေကုန် မိုးတွေအဆက်မပြတ် ရွာနေတာကြောင့် ကလဲရီဖောင်တိန်းန် ကစားကွင်းမြက်ခင်းတွေ ဘယ်လောက်ကောင်းတယ်ပြောပြော ရေတွေလွှမ်းသွားတာပါပဲ..။ ကစားရတာ အင်မတန်မှ အခက်တွေ့ခဲ့ရပါတယ်..။ ဒါပေမယ့် ခရစ်စ်တိုဖာ ကတော့ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်..။

အချိန်ပိုမိနစ် (၁၂၀) အပြီးမှာ တစ်ဘက်တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်နဲ့ ကျွန်တော်တို့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်..။ အဲဒီဆုဖလားဟာ အန်ကန်းကူ ရဲ့ ပထမဆုံး ဆုဖလား ဖြစ်ပါလိမ့်မယ်..။ သူ့ရဲ့မျက်လုံးတွေထဲမှာ ဆုဖလားတွေကို ဘယ်လောက်တောင် ဆာလောင်၊ မွတ်သိပ်နေလဲ.. ဆိုတာ တွေ့နေခဲ့ရပါတယ်..။ သူ့ရဲ့ပထမဆုံး အောင်မြင်မှု ဖြစ်ခဲ့သလို အရေးကြီးတဲ့ အောင်မြင်မှုတစ်ခုလို့ ပြောရမှာပါပဲ..။”

၂၀၁၆ ခုနှစ်မှာတော့ အန်ကန်းကူ ပါဝင်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းဟာ ချယ်လ်ဆီးလူငယ်အသင်းနဲ့ လူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲ (UEFA Youth League) မှာ တွေ့ဆုံခဲ့ကြပါတယ်..။ ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ အန်ကန်းကူ ဟာ ကွင်းလယ်ကနေ ပါဝင်ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်း ဉီးဆောင်ဂိုး ရစေတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို အရယူပေးခဲ့ပါတယ်..။ ဒါပေမယ့် ထရေဗာ ချာလိုဘာ နဲ့ မေဆန် မောင့် တို့ ပါဝင်တဲ့ ချယ်လ်ဆီးလူငယ်အသင်းက ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်..။



အန်ကန်းကူ ဟာ အဲဒီအချိန်ကတည်းက ပီအက်စ်ဂျီအသင်းကြီးမှာ ပါဝင်ကစားခွင့် ရနေခဲ့ပါပြီ..။ နောက်တစ်နှစ်ကနေစပြီး သူဟာပထမအသင်းကြီး အသင်းသားအဖြစ် ပီအက်စ်ဂျီအသင်းနဲ့အတူ သုံးနှစ်ဆက်တိုက် ဆုဖလားတွေ ကိုင်မြှောက်ခွင့်ရခဲ့ပါတယ်..။

၂၀၁၉ ခုနှစ်၊ နွေရာသီမှာတော့ အန်ကန်းကူ ဟာ ဂျာမနီနိုင်ငံကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ တတိယရခဲ့တဲ့ RB လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်..။

“လူငယ်နည်းပြ တစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ရဲ့လူငယ်အကယ်ဒမီ ကစားသမား တစ်ယောက်ဟာ အသင်းကြီးကို ရောက်သွားခဲ့ရင် wow…! အရမ်းကိုဂုဏ်ယူပီတိ ဖြစ်ရပါတယ်..။ အဲဒီထက်ကိုကျော်လွန်ပြီး ကိုယ့်ရဲ့လူငယ် ကစားသမားလေးတစ်ယောက်ဟာ နိုင်ငံရပ်ခြားမှာ ပုံမှန်ကစားခွင့်ရနေတယ်..၊ အောင်မြင်မှုတွေ ရရှိနေတယ်..၊ နိုင်ငံလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီဆိုရင် တကယ့်ကို အတိုင်းထက်အလွန်.. ပျော်ရွှင်ရတာပေါ့ဗျာ..” ဆိုပြီး သူရဲ့ချစ်တပည့်ကျော် လူငယ်ကစားသမားလေးအတွက် နည်းပြ ကာတီနွိုင်း က မုဒိတာစကား ပြောကြားခဲ့ပါတယ်..။

လိုက်ပ်ဇစ်အသင်းကို ရောက်ရှိပြီး ပထမဆုံးရာသီမှာ သူဟာ ကစားကွက်ဖန်တီးရှင် တစ်ယောက်အဖြစ် ကစားခဲ့ရပါတယ်..။ ၂၀၁၉/၂၀ ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု (၁၃) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ရှာကယ်လ်အသင်းနဲ့ တစ်ပွဲထဲမှာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ လိုက်ပ်ဇစ်အသင်းဟာ အဲဒီဘောလုံးရာသီမှာ ဒုတိယရခဲ့ပါတယ်..။ ဒါပေမယ့် အသင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပြီး နည်းပြဂျူလီယန် နာဂယ်စ်မန်း ထွက်ခွာသွားခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အူပါမီကာနို၊ အီဘရာဟင် ကိုနာတေး နဲ့ မာဆယ်လ် ဆာဘစ်ဆာ တို့လည်း အခြားအသင်းတွေဆီကို ပြောင်းရွှေ့သွားကြပါတယ်..။



နည်းပြသစ် ဂျက်ဆီ မာ့ရှ် ရဲ့ လက်အောက်မှာ သူ့ရဲ့အရေးပါမှုဟာ ပိုမိုကြီးထွားလာခဲ့ပြီး အသင်းရဲ့တိုက်စစ်မှာ အဓိကတိုက်စစ်မှူးအဖြစ် တာဝန်တွေ ပိုမိုများပြားလာခဲ့ပါတယ်..။ လိုက်ပ်ဇစ်အသင်းမှာ အားကစား ဒါရိုက်တာအဖြစ် နှစ်နှစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို နည်းစနစ် ဒါရိုက်တာအနေနဲ့ ရောက်ရှိလာတဲ့ ခရစ်စ်တိုဖာ ဗီဗယ်လ် က သူ့ရဲ့အကြောင်းကို အခုလို ပြောပြပါတယ်..။

“သူ့ရဲ့ကစားတဲ့နေရာကို အပြောင်းအလဲပြုလုပ်ပြီး ကစားဟန်ကိုပါ ပြောင်းလဲပေးခဲ့တဲ့နောက်ပိုင်း သူဟာအဓိက ကစားသမား ဖြစ်လာခဲ့သလို စပြီးပြောင်းကတည်းက ဂိုးတွေဆက်တိုက် သွင်းယူပေးတော့တာပါပဲ..။ ခရစ်စ်တို‌ဖာ ဟာ ပိုမိုကြီးမားတဲ့ တာဝန်တွေကို လက်ခံယူဖို့ အမြဲတမ်းအသင့် ရှိနေသလို နောက်ထပ်လှေကားထစ် တစ်ဆင့်ကို အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ တက်လှမ်းပြနိုင်ခဲ့ပါတယ်..။

အသင်းသားတွေကလည်း သူ့အပေါ်ကို အပြည့်အဝ ယုံကြည်ကြတယ်..။ သူကလည်း အကောင်းဆုံး ခြေစွမ်းနဲ့ အသင်းကို ဉီးဆောင်ပေးနိုင်ခဲ့ပါတယ်..။ အသင်းရဲ့နေ့စဉ် လေ့ကျင့်ခန်းတွေမှာ မခိုမကပ်ပဲ အမြဲတမ်း အကောင်းဆုံး ကြိုးစားလေ့ရှိသလို သူဟာအခြားသူတွေထက် သာလွန်တဲ့ခြေစွမ်း၊ သွင်းဂိုတွေနဲ့ပဲ အသင်းဖော်တွေကို စကားပြောတဲ့သူ ဖြစ်ပါတယ်..။”

၂၀၂၁/၂၂ ဘောလုံးရာသီမှာ အန်ကန်းကူ ဟာ သွင်းဂိုး (၂၀)၊ ဂိုးဖန်တီးမှု (၁၃) ကြိမ်နဲ့အတူ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲရဲ့ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Player of the Season)’ ကို ဆွတ်ခူးနိုင်ခဲ့ပြီး အအောင်မြင်ဆုံး ဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်လိုက်ပ်ဇစ်အသင်းကို DFB Pokal ဖလား ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အဲဒီနှစ်ရဲ့ ဂျာမနီအကောင်းဆုံး ကစားသမား (Geman PFA Player of the Season) ဆုကိုပါ ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပါတယ်..။

အဲဒီဘောလုံးရာသီမှာ သူ့ရဲ့ဂိုးပါဝင်ပတ်သက်မှု (goals involvement) ဟာ (၅၁) ဂိုးထိ ရှိခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမား တစ်ယောက်အဖြစ် ပုံမှန်ပါဝင်ခွင့် ရခဲ့ပါတယ်..။ ၂၀၂၂/၂၃ ဘောလုံးရာသီ စတင်ချိန်မှာလည်း ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့တာကြောင့် ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းအတွက် ရွေးချဃ်ခံခဲ့ရပါတယ်..။ ဒါပေမယ့် ပြိုင်ပွဲအတွက် လေ့ကျင့်နေချိန်မှာပဲ ဒဏ်ရာရခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်..။

ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးတဲ့နောက်မှာ သူဟာအကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိခဲ့ပြီး RB လိုက်ပ်ဇစ်အသင်းကို ဘွန်ဒက်စ်လီဂါ အမှတ်ပေးပြိုင်ပွဲ၊ တတိယရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ဒဏ်ရာကြောင့်အချိန်အကြာကြီး အနားယူခဲ့ရပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့.. ရှာကယ်လ်အသင်းနဲ့ပွဲမှာ (၂) ဂိုးသွင်းယူပေးပြီး စုစုပေါင်းသွင်းဂိုး (၁၆) ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူပေးတဲ့ ကစားသမားတွေကို ချီးမြှင့်တဲ့ ‘ရွှေဖိနပ်ဆု’ ကို ဝါဒါ ဘရီမင်အသင်း တိုက်စစ်မှူး နစ်ကလပ်စ် ဖူးလ်ကရပ်ဂ် နဲ့ ပူးတွဲရရှိခဲ့ပါတယ်..။



ဒါ့အပြင် လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အိန်းထရက် ဖရန့်ဖတ်အသင်းနဲ့ DFB Pokal ဖလား၊ ဗိုလ်လုပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဂျာမန်ဖလားနဲ့အတူ အသင်းကို နှုတ်ဆက်နိုင်ခဲ့ပါတယ်..။ အခုဆိုရင် ချယ်လ်ဆီးအသင်းနဲ့ နောက်တပ်ခြေလှမ်းတစ်ဆင့်ကို စတင်တော့မှာ ဖြစ်ပါတယ်..။

“လိုက်ပ်ဇစ်အသင်းကို ရောက်ရှိခဲ့တဲ့ ဘောလုံးရာသီ လေးရာသီအတွင်းမှာ အန်ကန်းကူ ရဲ့ တိုးတက်မှု၊ ရေချိန်ဟာ တကယ့်ကို အံ့မခန်းပါပဲ..။ အဲဒီလိုတိုးတက်မှုတွေအတွက် သူဟာအချိန်ယူဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ကတော့ သူ့ကို ‘ဘတ်ထရီ’ တစ်လုံးနဲ့ ခိုင်းနှိုင်းလေ့ ရှိပါတယ်…။ သူဟာလိုက်ပ်ဇစ် အသင်းမှာ အားဖြည့်ခဲ့တာပါ..။ အားဖြည့်ရင်း.. အားဖြည့်ရင်းနဲ့ အခုလိုအဲဒီ ဘတ်ထရီကြီးဟာ အင်ပြည့်အားပြည့်နဲ့ အစွမ်းကုန်တောက်ပဖို့ အသင့်ဖြစ်နေပါပြီ..။ သူဟာအကောင်းဆုံး ထိပ်တန်းအဆင့်မှာ ရောက်နေပါပြီ..။”
- ခရစ်စ်တိုဖာ ဗီဗယ်လ် (ချယ်လ်ဆီးအသင်း နည်းစနစ် ဒါရိုက်တာ)

(Chelsea FC Official website မှ ‘Now the battery is full’ – Christopher Nkunku’s journey to Chelsea’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)