feature-image

My Chelsea Story: ကျွန်တော့်ရဲ့နာမည် ‘အန်ဂိုလို ကန်တေး’…

ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို ဘယ်လိုနည်းနဲ့ ရောက်ရှိလာခဲ့လဲ..? ဆိုတာ အခုအချိန်ထိ ကောင်းကောင်းမှတ်မိနေပါသေးတယ်..။ ၂၀၁၅/၁၆ ဘောလုံးရာသီမှာ လက်စ်တာအသင်းနဲ့ တကယ့်ကို အံ့အားသင့်ဖို့ကောင်းလှတဲ့ ဘောလုံးရာသီတစ်ခုကို ကျွန်တော်ဖြတ်သန်းခဲ့ပါတယ်..။ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး မကြာခင်မှာပဲ ‘ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အကြောင်း’ ဖုန်းဆက်ပြီး ပြောပါတယ်..။

အပြာရောင်တွေဆီရောက်ပြီး မကြာခင်မှာပဲ ကျွန်တော်ဟာ နည်းပြအန်တိုနီယို ကွန်တီ နဲ့ တသားတည်းကျခဲ့သလို သူဟာကျွန်တော့်ကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူပေးခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်..။ သူဟာကျွန်တော့်ဆီက ဘယ်အရာကို လိုချင်တယ်ဆိုတာ အတိအကျ သိထားသလို၊ ကျွန်တော့်ဆီက ဘာတွေမျှော်လင့်ရမယ်..၊ အသင်းဆီက ဘာတွေမျှော်လင့်လို့ရနိုင်တယ်ဆိုတာ ကောင်ကောင်းနားလည်ထားတယ်လို့ ကျွန်တော်ခံစားခဲ့ရပါတယ်…။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့သလို အဲဒီဆုံးဖြတ်ချက်အတွက် ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး..။



+++++        +++++      ++++++

ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော့်ရဲ့ပထမဆုံးပွဲအကြောင်းကို ပြန်ပြီးစဉ်းစားမိတိုင်း အမြဲတမ်းကြည်နူးတဲ့ရသကို ခံစားနေရဆဲပါ..။ ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲပေါ့ဗျာ..။

ကျွန်တော်ဟာ အဝါကတ်ဒ် အပြခံခဲ့ရသလို ကံကောင်းလို့သာ အနီကတ်ဒ် မမိခဲ့တယ်လို့ ပြောရမှာပဲ..။ အဝါကတ်ဒ် အပြခံထားရက်နဲ့ နောက်ထပ်တစ်ကြိမ် ပြစ်ဒဏ်ကျူးလွန်မိပါတယ်..။ ဒိုင်လူကြီးက နောက်ထပ်အဝါကတ်ဒ် ထပ်ပြီးမပြခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ..။

အဲဒီပွဲဟာ ကျွန်တော့်ရဲ့ ပထမဆုံးပွဲ ဖြစ်သလို တကယ့်ကို အမြဲတမ်းအမှတ်ရနေမယ့် အခိုက်အတန့်တစ်ခု.. အပြာရောင်အင်္ကျီကို ဝတ်ဆင်ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ပထမဆုံး ခြေချခဲ့ရတဲ့ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်..။

အပြာရောင်ပရိသတ်ကြီးရဲ့ရှေ့မှာ ချယ်လ်ဆီးကစားသမား တစ်ယောက်အနေနဲ ဂုဏ်ယူ၊ ဝမ်းမြောက်ခွင့်ရခဲ့တဲ့ အခွင့်အရေးဟာ သိပ်ကိုကျေနပ်၊ အားရဖို့ကောင်းခဲ့သလို အဲဒီအကြောင်း ပြန်လည်တွေးမိတိုင်း အမြဲတမ်း ကြည်နူးဝမ်းမြောက်နေရဆဲ ဖြစ်ပါတယ်..။

+++++        +++++      ++++++

ချယ်လ်ဆီးအသင်း ကစားသမားဘဝတစ်လျှောက်မှာ ကျွန်တော်ဟာ တကယ့်ကိုထူးချွန်လှတဲ့ ထိပ်တန်းနည်းပြတွေနဲ့ ဆုံခဲ့ရပါတယ်…။ သူတို့တွေဟာ ကျွန်တော့်ကိုပိုပြီးကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာအောင် ကူညီပေးခဲ့ကြပါတယ်…။

အဲဒီလိုထိပ်တန်း နည်းပြတွေနဲ့ လက်တွဲခွင့်ရခဲ့တာကြောင့် ပွဲရဲ့အခြေအနေကို ရှုထောင့်မျိုးစုံကနေ သုံးသပ်၊ နားလည်နိုင်စွမ်း ရှိလာခဲ့ပါတယ်..။ တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်း၊ အသင်းလိုက် စုစည်းမှု၊ ဘယ်လိုအချိန်မှာ pressing လုပ် ကစားရမယ်.. စသဖြင့်ပေါ့...။

ကျွန်တော်တို့အားလုံး စိတ်တူ၊ ကိုယ်တူ တစုတစည်းထဲ ဖြစ်နေပြီဆိုရင် အသင်းလိုက်စုစည်းမှု အင်အားဆိုတဲ့ စွမ်းအားစုကြီးတစ်ခု ပေါ်ထွက်လာပါတယ်..။ ချယ်လ်ဆီးအသင်းမှာ အဲဒီခံစားမှုကို ကျွန်တော်ရရှိခဲ့သလို သိပ်ကိုနှစ်သက်ခဲ့တဲ့ အခိုက်အတန့်တွေ ဖြစ်ခဲ့ပါတယ်..။ ၂၀၁၆ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပြီးတဲ့ အချိန်ကစပြီး ကျွန်တော်ဟာ ရင့်ကျက်တဲ့ ကစားသမားတစ်ယောက်အဖြစ် တိုးတက်ခွင့်ရခဲ့သလို အဲဒီလိုကြီးပြင်းခွင့်ရအောင် အခွင့်အရေးပေး၊ ကူညီပေးခဲ့တဲ့ အသင်းကြီးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်…။

+++++        +++++      ++++++

ချယ်လ်ဆီးအသင်းနဲ့အတူ ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေ အများကြီးရှိခဲ့ပေမယ့် ချန်ပီယံလိဂ် ဆုဖလားကို အနိုင်ရခဲ့တဲ့ အခိုက်အတန့်ဟာ အပြာရောင်တွေနဲ့ကြည်နူးဖို့ အကောင်းဆုံးအချိန်လို့ ပြောရမှာပါ..။ အခုအချိန်မှာ အဲဒီနှစ်… ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ခရီးလမ်းကြောင်းကို ပြန်လည်စဉ်းစားမိတိုင်း သိပ်ကိုကျေနပ်၊ ဝမ်းမြောက်မှုတွေ အခါခါရရှိခဲ့ပါတယ်..။



ကျွန်တော်တို့ဟာ ဥရောပထိပ်တန်းအသင်းကြီးတွေ အဆင့်ဆင့်ကို အကောင်းဆုံးခြေစွမ်းတွေနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တယ်..၊ အဲဒီဗိုလ်လုပွဲမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ တကယ့်ကို မယုံနိုင်စရာကောင်းလှတဲ့ အခိုက်အတန့်တွေလို့ ပြောရမှာပါ..။

အဲဒီပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် ရောက်ခဲ့တယ်..
အကြိုဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် ရောက်ခဲ့တယ်..
ယူရိုပါလိဂ်ဖလားမှာ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ဖူး..၊ ဆုဖလားကို ရရှိခဲ့ဖူးပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲက ပိုပြီးလှပတယ်..၊ ပိုပြီးကြီးကျယ်ခမ်းနားခဲ့ပါတယ်…။

ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခွင့်ရပြီး လစ္စဘွန်းမြို့က ဗိုလ်လုပွဲညချမ်းမှာ မြက်ခင်းစိမ်းပေါ်ကို ခြေချလိုက်တဲ့အချိန် ခံစားမှုကို ဘာနဲ့မှမလဲနိုင်ခဲ့ပါဘူး..။ ဒါပေမယ့် ကွင်းရဲ့ဘေးစည်းကို ကျော်ဖြတ်လိုက်တဲ့အချိန်ကစပြီး အနိုင်ရအောင် ကြိုးစားမယ်.. ဆိုတဲ့စိတ်ကလွဲရင် တခြားဘာမှ မရှိတော့ပါဘူး..။

ဒီအဆင့်ကို ရောက်လာဖို့ အများကြီးကျော်ဖြတ်ခဲ့ရတယ်..
ထိပ်တန်းအသင်းကြီးတွေကို သွေးတွေ၊ ချွေးတွေရင်းနှီးရင်း ကျော်ဖြတ်ခဲ့ရပါတယ်..။
ဗိုလ်လုပွဲကို ရောက်လာချိန်မှာတောင် ကျွန်တော်တို့ဟာ ဗိုလ်စွဲဖို့ ရေပန်းမစားခဲ့ပါဘူး..။ ဒါ့ကြောင့်ဗိုလ်လုပွဲမှာ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့တာဟာ သိပ်ကိုကျေနပ်၊ ပျော်ရွှင်ဖို့ကောင်းလှပါတယ်..။

ဆုဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တာ အပိုဆုပါ..။ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်ခဲ့ရပြီး အကြိမ်ကြိမ်အခါခါ ကြည်နူးခဲ့ရတာက ‘ဆုဖလားဆီကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းကြောင်း’ ဖြစ်ပါတယ်..။ အဲဒီအကြောင်း၊ အမှတ်တရ အခိုက်အတန့်တွေဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးမှာ ထာဝရတည်မြဲနေမယ့် အခြင်းအရာတွေ ဖြစ်နေပါလိမ့်မယ်..။ အခုအချိန် ခင်ဗျားတို့ကို ဒီအကြောင်းပြောပြနေချိန်မှာတောင် ကျွန်တေ့်ရဲ့ အတွေးထဲ၊ ရင်ထဲမှာ အပြုံးပန်းတွေ ဝေနေဆဲပါပဲ..။



+++++        +++++      ++++++

အပြာရောင်တွေနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ ဗွီဒီယိုတွေ၊ ဓါတ်ပုံတွေကို ပြန်ပြီးကြည့်မိတိုင်း အနိုင်ပွဲတွေဆီကို ရောက်သွားရင် ကျွန်တော်ဟာ ပြုံးမိပါတယ်..။ ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်ဟာ အနိုင်ပွဲတွေပဲ အမြဲတမ်းရချင်တယ်..၊ ပရိသတ်တွေနဲ့ အမြဲတမ်းပျော်ရွှင်ချင်ပါတယ်..။ အားလုံးအတူတူ ပျော်ခဲ့ကြတဲ့ ပေါ်တိုကွင်းက ညချမ်းလိုပေါ့ဗျာ…။

ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေ ကုန်ဆုံးသွားပြီးတဲ့နောက်မှာ အဲဒီခံစားမှုပြန်ပြီးရဖို့ ထပ်ပြီးအနိုင်ရချင်လာပါတယ်..။ ဒါဟာချယ်လ်ဆီးစိတ်ဓါတ်၊ ချယ်လ်ဆီးအသင်းရဲ့ ဝိညာဉ်၊ အနိုင်ပွဲ ဆာလောင်စိတ်ပဲ ဖြစ်ပါတယ်..။

ကစားသမားတွေအကုန်လုံး အဲဒီစိတ်ဓါတ်အပြည့် ရှိခဲ့သလို အသင်းကိုရောက်လာတဲ့ နည်းပြတိုင်းမှာလည်း အဲဒီစိတ်ဓါတ်၊ အနိုင်ပွဲကို ဆာလောင်စိတ်၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ ကိုယ်စီကိုယ်စီ ရှိခဲ့ကြပါတယ်..။ သူတို့အားလုံးဟာ ဆုဖလားကြီးတွေကို အနိုင်ရလိုတဲ့ စိတ်ဓါတ်တွေကို ကျွန်တော်တို့နဲ့အတူ မျှဝေခံစားခဲ့ကြပါတယ်…။

ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အမြဲတမ်း ထိပ်ဆုံးမှာပဲ ရှိချင်ပါတယ်..။ ကျွန်တော့်ကို အဲဒီလိုထိပ်ဆုံးမှာ အမြဲတမ်းရှိနေနိုင်ဖို့ ချယ်လ်ဆီးအသင်းက ကူညီပေးခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့အတူ ကျွန်တော့်ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရခဲ့ကြပါတယ်..။

ဒီနေရာမှာ အပြာရောင်တွေနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ အနိုင်ပွဲတွေကို အောင်ပွဲခံခဲ့ကြတယ်..
ဆုဖလားကြီးတွေ ဆွတ်ခူးခဲ့ကြတယ်..
ရင့်ကျက်တဲ့ ကစားသမား တစ်ယောက်အဖြစ် ကြီးပြင်းခွင့်ရခဲ့ပါတယ်..။

+++++        +++++      ++++++

‘ဘာအတွက်ကြောင့် ကျွန်တော်ဟာ အရမ်းကိုရိုကျိုး၊ နှိမ့်ချတတ်တဲ့သူတစ်ယောက် ဖြစ်နေတာလဲ..?’ လို့ လူတွေက မကြာခဏ မေးကြပါတယ်..။ ကျွန်တော်ဟာ ရိုကျိုး၊ နှိမ့်ချတဲ့ပုံစံ ဟန်ဆောင်ပြနေစရာ မလိုပါဘူး..။ ကျွန်တော်ဟာ ကျွန်တော်ပါပဲ..။ နောက်ပြီးကျွန်တော်ဟာ ငယ်စဉ်ကဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းတဲ့ နေ့ရက်တွေကို အမြဲတမ်းအမှတ်ရနေခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းကို ရောက်ရှိဖို့၊ ပြင်သစ်နိုင်ငံ အသင်းနဲ့အတူ ပါဝင်ရနိုင်ဖို့ လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းတစ်လျှောက်ဟာ ရှည်လျား၊ ကြမ်းတမ်းလှသလို အကြိမ်ကြိမ်အခါခါ လဲကျခဲ့ရတဲ့ နေ့ရက်တွေလည်း အများကြီးပါပဲ..။



ငယ်စဉ်တုန်းက လေ့ကျင့်ကွင်းအများစုဟာ ကျွန်တော့်ကို လက်မခံခဲ့ကြပါဘူး..။ professional အသင်းတစ်သင်းကို ရောက်ရှိနိုင်ဖို့ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေ အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးပါတယ်..။ အဲဒီလိုခက်ခဲခဲ့တဲ့ နေ့ရက်တွေဟာ ကျွန်တော့်ကို နေ့စဉ်နေ့တိုင်း သတိပေးနေခဲ့တာ ဖြစ်ပါတယ်..။

ကျွန်တော့်ရဲ့ ခရီးလမ်းကြောင်းတစ်လျှောက် ဆုံတွေ့ခဲ့ရတဲ့သူ အားလုံးကို အမြဲတမ်းကျေးဇူးတင်ခဲ့သလို professional ကစားသမား တစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရဖို့ ကူညီပေးခဲ့ကြတဲ့သူတွေအားလုံးကိုလည်း ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး..။

ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အိပ်မက်တွေ ပြီးပြည့်စုံသွားတယ်ဆိုတာ ရှိနေမှာ မဟုတ်ပါဘူး..။ ကျွန်တော်ဟာ ကံကောင်းခဲ့ပါတယ်..။ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် ကံကောင်းခဲ့သလို ကျွန်တော်ဟာ ဘယ်လောက်အထိ ခရီးဆက်ခဲ့ရတယ်..၊ ရုန်းကန်ခဲ့ရတယ်.. ဆိုတာကို အချိန်တိုင်းအောက်မေ့နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။

+++++        +++++      ++++++

Thank You.. Chelsea..

အစောက ပြောခဲ့သလိုပါပဲ..။ ကျွန်တော့်ရဲ့အန္တိမအိပ်မက်ဟာ ‘ဘောလုံးသမား တစ်ယောက်ဖြစ်ဖို့’၊ အနိုင်ပွဲတွေရဖို့နဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တာနဲ့ ကျွန်တော်ဟာ အဲဒီအိပ်မက်တွေအားလုံး ပြည့်စုံခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တဲ့ ပထမဆုံးနေ့ကတည်းက အသင်းရဲ့ အဓိကရည်မှန်းချက်ဟာ ‘ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့’ ဖြစ်တယ်ဆိုတဲ့အကြောင်း ကြားခဲ့ရပါတယ်..။ အပြာရောင်တွေရဲ့ နေ့စဉ်ရည်မှန်းချက်ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဖြစ်ပါတယ်..။ အဲဒီအတိုင်းပဲ အမြဲတမ်းရှိနေပါမယ်..။

ကျွန်တော်ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ အဲဒီအတွက် နည်းပြတွေ၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ပေးခဲ့တဲ့ ချယ်လ်ဆီးပရိသတ်အားလုံးကို အထူးကျေးဇူးတင်ရှိတဲ့အကြောင်း ထပ်လောင်းပြောကြားပါတယ်..။

ဒီအသင်းမှာ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တိုင်းဟာ ကြီးကျယ်ခမ်းနားခဲ့ပါတယ်..။ ချယ်လ်ဆီးပရိသတ်အားလုံးကလည်း ကျွန်တော့်လိုပဲ ထပ်တူခံစားရလိမ့်မယ်လို့ မျှော်လင့်ရင်း…

NG  
 
(Chelsea FC Official website မှ အန်ဂိုလို ကန်တေး ၏ ‘Kante: My Chelsea Story’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)