feature-image

အပြာရောင်တွေရဲ့ တိုက်စစ်မှူးသစ် ‘ခရစ်စ်တိုဖာ အန်ကန်းကူ’ နဲ့ တွေ့ဆုံခြင်း

လန်ဒန်မြို့ရဲ့ သာယာလှပတဲ့ နွေရာသီ၊ နေ့လည်ခင်းတစ်ခုမှာ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင် တိုက်စစ်မှူးသစ် ခရစ်စ်တိုဖာ အန်ကန်းကူ ဟာ သူ့ရဲ့အိမ်အသစ်ဖြစ်တဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းဆီကို ရောက်လာခဲ့ပါတယ်..။ ပြင်သစ်တိုက်စစ်မှူးသစ်ဟာ နွေးထွေးတဲ့အပြုံး၊ စိတ်အားထက်သန်မှုအပြည့်နဲ့ ကော့ဘ်ဟမ်ကွင်းက ဝန်ထမ်းအားလုံးကို အယောက်တိုင်းစေ့ လိုက်လံ၊ နှုတ်ဆက်ခဲ့သလို လေ့ကျင့်ကွင်းအနေအထား၊ အဝတ်လဲခန်း အခြေအနေတွေကို သေသေချာချာ ကြည့်ရှု လေ့လာခဲ့ပါတယ်..။

အခုခရီးစဉ်ဟာ သူ့အတွက် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို မိတ်ဆက်တဲ့သဘောနဲ့သာ လာရောက်ခဲ့တာဖြစ်ပြီး နည်းပြမော်ရစ်စ်စီယို ပိုချက်တီနို နဲ့အတူ ရာသီကြိုပြင်ဆင်မှု‌တွေ ပြန်လည်စတင်တဲ့အချိန်ကျမှ အမှန်တကယ် ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်..။ ဒါပေမယ့် အန်ကန်းကူ ကတော့ ချယ်လ်ဆီးအသင်းနဲ့ ကဏ္ဍသစ် ဖွင့်လှစ်မယ့် အပြာရောင်နေ့ရက်တွေကို မစောင့်နိုင်အောင် ဖြစ်နေသလို Chelsea အသင်း official website ကလည်း ပြင်သစ်လက်ရွေးစင် ကစားသမားရဲ့ ချယ်လ်ဆီးအသင်းကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေကို အခုလိုတွေ့ဆုံ၊ မေးမြန်းခဲ့ပါတယ်..။

မေး - ချယ်လ်ဆီးအသင်းကနေ ကြိုဆိုပါတယ်..၊ ခရစ်စ်တိုဖာ ရေ..။ ခင်ဗျားရဲ့ကစားပုံကို သေသေချာချာ မတွေ့ဘူးတဲ့ ပရိသတ်တွေအတွက် ခင်ဗျားဟာ ဘယ်လိုကစားသမားမျိုး ဖြစ်တယ်ဆိုတာ ပြောပြပေးနိုင်မလား…?

“ကျွန်တော်ဟာ အမြဲတမ်းကြိုးစား အားထုတ်မှု ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပါတယ်..။ အသင်းအတွက်၊ ပရိသတ်အတွက် အစွမ်းရှိသမျှ ပေးဆပ်သွားမှာဖြစ်ပြီး အကောင်းဆုံးခြေစွမ်းနဲ့ အသင်းကို ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် အတတ်နိုင်ဆုံး ကူညီသွားပါမယ်..။ ဒီအသင်းကို ရောက်ရှိလာတာဟာ အပြာရောင်ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်..။

ကွင်းထဲမှာတော့ ကျွန်တော်ဟာ ငြိမ်ငြိမ်သက်သက်ပဲ ကစားလေ့ရှိပါတယ်..။ လိုအပ်မယ်ဆိုရင်တော့ စကားပြောပါတယ်..။ အော်တာ၊ ဟစ်တာ.. ရန်ဖြစ်တာတွေလည်း ရတာပေါ့ဗျာ.. ဟားဟား..။ ဒါပေမယ့် ကျွန်တော်ဟာ မှန်ကန်၊ သင့်တော်တဲ့ အပြုအမူတွေ ပြုလုပ်နိုင်ဖို့၊ ကိုယ့်ရဲ့ကစားပုံနဲ့ အသင်းအနိုင်ရဖို့ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါမယ်..။

ဒါ့ကြောင့်ကျွန်တော်ဟာ ခြေစွမ်းနဲ့လည်း စကားပြောနိုင်သလို ကွင်းထဲရောက်တဲ့အချိန် လိုအပ်လာရင် အသင်းဖော်တွေကို ဉီးဆောင်ပေးနိုင်ဖို့လည်း ဝန်မလေးပါဘူး..။”



မေး - ဒါဆိုရင် ခင်ဗျားဟာ ရှုံးနိမ့်မှာကို အင်မတန် မုန်းတီး၊ စက်ဆုပ်တဲ့ ကစားသမားတစ်ယောက်လို့ ပြောလို့ရတာပေါ့..

“ရှုံးနိမ့်တာကို အလွန်မုန်းပါတယ်..။ ကျွန်တော်ဟာ ရှုံးနိမ့်မှာကို မုန်းတီးသလို အနိုင်ရတာကို အရမ်းချစ်မြတ်နိုးပါတယ်..။ အဲဒီနှစ်ခုက ဆန့်ကျင်ဘက်ကိုလိုပဲဗျ..။ ဒါပေမယ့် အောင်မြင်မှု ရရှိဖို့ဆိုရင် အဲဒီနှစ်ခုစလုံး ရှိနေဖို့ လိုအပ်ပါလိမ့်မယ်..။”

မေး - ချယ်လ်ဆီးအသင်းကို ရွေးချယ်ဖြစ်ခဲ့တဲ့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်အကြောင်း ပြောရအောင်ဗျာ..။ ချယ်လ်ဆီးကို ရွေးဖြစ်ခဲ့တဲ့ အဓိကအချက်တွေကို ပြောပြပါလား..?

“အသင်းရဲ့ စီမံချက်ဟာ ကျွန်တော်နဲ့ သင့်တော်တယ်လို့ ထင်မိပါတယ်..။ အသင်းရဲ့စီမံချက်ဟာ ကျွန်တော့်ကို ပိုပြီးရင့်ကျက်တဲ့သူတစ်ယောက်အဖြစ်ရော၊ ပိုပြီးထူးချွန်တဲ့ ကစားသမား တစ်ယောက်အဖြစ်ပါ တိုးတက်စေမယ့် စီမံချက် ဖြစ်ပါတယ်..။ ဒါ့အပြင် လန်ဒန်မြို့ကလည်း သိပ်ကိုကောင်းတဲ့ မြို့တော်တစ်ခု ဖြစ်ပါတယ်..။ အဓိကကတော့ဗျာ.. ကျွန်တော့်ရဲ့ခြေစွမ်း တိုးတက်ဖို့၊ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့နဲ့ ကိုယ်တိုင်လည်း တိုးတက်ဖို့.. ဆိုတဲ့ အရာတွေ ပြည့်စုံနိုင်မယ့် အလားအလာတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်..။

အခုလောလောဆယ်မှာ ကျွန်တော်နဲ့ သင့်တော်တဲ့ စီမံချက်တစ်ခုလို့ ခံစားမိသလို နောင်တစ်ချိန်ကျရင်လည်း တကယ့်ကို မှန်ကန်တဲ့ စီမံချက်ကောင်းတစ်ခုလို့ သေချာပေါက် ပြောနိုင်ပါလိမ့်မယ်..။”



မေး - ခင်ဗျားဟာ ကွင်းလယ်ကစားသမား တစ်ယောက်အဖြစ်က‌နေ ရှေ့တန်းတိုက်စစ်အဖြစ် ပြောင်းလဲခဲ့ပါတယ်..။ ခင်ဗျားဟာနေရာပြောင်းကစားတိုင်း ပိုပြီးကောင်းလာတာပဲဗျ…။ အဲဒီလိုကိုယ်နဲ့ အကျွမ်းတဝင်မဖြစ်တဲ့‌ နေရာသစ်မှာ ကစားရတိုင်း ခြေစွမ်းပိုပြီး တက်လာတဲ့အပေါ် အံ့ဩမိခဲ့တာ ရှိခဲ့လား..?

“ကျွန်တော့်ကိုကျွန်တော် ဘယ်တုန်းကမှ မအံ့ဩမိပါဘူး..။ ဒီလိုဖြစ်ခဲ့တာဟာ ကျွန်တော့်ရဲ့ ပင်ကိုယ်တွန်းအားကြောင့် ဖြစ်ပါလိမ့်မယ်..။ ကျွန်တော်ဟာ အမြဲတမ်း တိုးတက်ချင်တယ်..၊ နေ့စဉ်နေ့တိုင်း တစ်ရက်ထက်တစ်ရက် ပိုပြီးကောင်းမွန်ချင်ပါတယ်..။ ဒါ့ကြောင့်နည်းပြတွေ ညွှန်ကြားတဲ့အတိုင်းပဲ ကျွန်တော်ကြိုးစားကစားတယ်..၊ ကစားရတဲ့ နေရာစုံမှာ တိုးတက်ချင်ပါတယ်..။ ဒါ့ကြောင့်လည်း နေရာပြောင်းလဲပြီးနောက်ပိုင်း အဆင်ပြေခဲ့တာ..၊ ဂိုးတွေသွင်းပေးနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။

ကျွန်တော့်ရဲ့ အရည်အချင်းကို ကျွန်တော်သိပါတယ်..၊ ဒါ့ကြောင့်မအံ့ဩမိပါဘူး..။ ဒါ့အပြင်ကျွန်တော်ဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုလည်း ကောင်းကောင်းသိထားပါတယ်..။”

မေး - ခင်ဗျားဟာ ရေမြေသစ်၊ နိုင်ငံသစ်ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ဖို့  ကိုယ်မွေးဖွား၊ ကြီးပြင်းလာခဲ့တဲ့ ပဲရစ်စ်မြို့ကိုစွန့်ခွာဖို့ ရဲရဲရင့်ရင့်ပဲ ဆုံးဖြတ်ခဲ့ပါတယ်..။ အဲဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရတာလား..? လိုက်ပ်ဇစ် အသင်းမှာ အောင်မြင်မှုတွေ ရခဲ့တာကြောင့် အခုလိုချယ်လ်ဆီးအသင်းကို ရွေးချယ်ဖို့ လွယ်လွယ်ကူကူ ဆုံးဖြတ်နိုင်ခဲ့တာလား..?

“ပဲရစ်စ်မြို့ကို စွန့်ခွာဖို့ ဆုံးဖြတ်ရတာ မလွယ်ကူပါဘူး..။ ဒါပေမယ့် အဲဒီလိုဆုံးဖြတ်နိုင်ဖို့ မိသားစုရော၊ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ တိုက်တွန်းမှု၊ အားပေးမှုတွေကိုပါ ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ တိုးတက်မှုအတွက် ကောင်းမွန်တဲ့ခြေလှမ်း ဖြစ်ခဲ့ပါတယ်..။ အခုဆိုရင် အဲဒီဆုံးဖြတ်ချက် မှန်ကန်သွားခဲ့တဲ့အပေါ် ပျော်ရွှင်၊ ကျေနပ်ခဲ့ရသလို ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့တဲ့အပေါ် ထပ်ပြီးပျော်ရွှင်ရပြန်ပါတယ်..။

Yeah..! အရင်တုန်းက ဆုံးဖြတ်ဖူးခဲ့တဲ့ အတွေ့အကြုံဟာ အခုလိုဆုံးဖြတ်ဖို့အတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ မြန်မြန်ဆန်ဆန် အသားကျအောင် ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်..။ ဒီအသင်းမှာ အမြန်ဆုံးအထိုင်ကျနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်သလို ဂျာမနီက အတွေ့အကြုံတွေကလည်း အနာဂတ်အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”



မေး - ခင်ဗျားအတွက် ဒီမှာက ဘယ်လောက်အထိ အသစ်အဆန်းတွေ ဖြစ်နေခဲ့လဲ..? လန်ဒန်မြို့အကြောင်း၊ အသင်းဖော်တွေအကြောင်း အရင်ကရော ရင်းနှီးခဲ့တာရှိလား..?  

“လန်ဒန်မြို့အကြောင်းကို သိပ်ပြီးမသိပါဘူး..။ အာဆင်နယ်၊ တော့တင်ဟမ် တို့နဲ့ ကစားခဲ့ဖူးတာကြောင့် လန်ဒန်မြို့က ကစားကွင်းတစ်ချို့ကိုပဲ သိပါတယ်..။ အဲဒီလိုပွဲကစားဖို့ကလွဲရင် လန်ဒန်မြို့ကို တခါမှလာမလည်ခဲ့ဖူးပါဘူး..။”

ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ ဘင်နွိုက် ဘာဒီယာရှီလေး၊ ဝက်စ်လေ ဖိုဖားနား တို့နဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ခဏတဖြုတ် ဆုံဖူးပါတယ်..။ ဒါပေမယ့် သူတို့တွေနဲ့ ထပ်ပြီးဆုံတွေ့ရဖို့၊ သူတို့တွေနဲ့ အတူတွဲဖက် ကစားခွင့်ရဖို့၊ သူတို့တွေရဲ့အကြောင်း ပိုပြီးသိခွင့်ရဖို့.. အဲဒီအချိန်တွေကို မစောင့်နိုင်အောင်ပါပဲ..။

မေး - ဒါဆိုရင် မန်နေဂျာအကြောင်းရော သိထားတာများရှိလား..? မန်နေဂျာ မော်ရစ်စ်စီယို ပိုချက်တီနို နဲ့ စကားပြောဖြစ်သေးလား..?

“အခုအချိန်ထိ သူနဲ့စကားမပြောဖြစ်သေးပါဘူး..။ ပဲရစ်စ်မြို့က သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ရာကနေ သူ့ရဲ့အကြောင်းနည်းနည်း သိလာရတယ်..၊ တစ်ချို့ကစားသမားတွေဆီက သူ့ရဲအကြောင်း သိလာရပါတယ်..။ သူဟာသိပ်ကို ထူးချွန်တဲ့ နည်းပြတစ်ယောက်လို့ အားလုံးက တညီတညွတ်ထဲ ထောက်ခံကြပါတယ်..။ ဒါ့ကြောင့်သူနဲ့ လက်တွဲရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။”