feature-image

BlueCo Consortium.. ၊ Multi-club model နဲ့ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်…

ချယ်လ်ဆီးအသင်းဟာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စထရာဘော့ဂ် အသင်းရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူခဲ့ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလေး နဲ့ Clearlake Capital တို့ ဦးဆောင်တဲ့ BlueCo Consortium အဖွဲ့ဟာ ‘ချယ်လ်ဆီးအသင်းများ ကွန်ယက်’ ဆိုတဲ့ စီမံချက် (multi-club project) ကို စတင်လိုက်ပါပြီ..။

ချယ်လ်ဆီးအသင်းပိုင်ရှင်တွေဟာ စထရာ့ဘော့ဂ်အသင်းရဲ့ ပိုင်ဆိုင်မှု (၁၀၀%) ရာခိုင်နှုန်းနီးပါးကို စတာလင်ပေါင် (၆၅) သန်းနဲ့ ဝယ်ယူခဲ့တယ်လို့ ပြင်သစ်ကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်..။ ဒါပေမယ့် အသင်းရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကြေငြာချက်မှာ ပြောဆိုသွားခဲ့သလို လက်ရှိအသင်းဥက္ကဌ မာ့စ် ကဲလား ကပဲ အသင်းကို ဆက်လက်တာဝန်ယူ သွားပါလိမ့်မယ်..။

တော့ဒ် ဘိုလေး တို့ဟာ စထရာ့ဘော့ဂ် အသင်းကိုဝယ်ယူပြီးနောက်ပိုင်းမှာလည်း သူတို့ရဲ့အသင်းများကွန်ယက် စီမံချက်ကို ရပ်တန့်သွားဉီးမှာ မဟုတ်ပဲ ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီနဲ့ တောင်အမေရိကတိုက်က အသင်းတွေကို ဆက်လက်ဝယ်ယူသွားဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်..။ သူတို့ရဲ့ဒုတိယခြေလှမ်းကတော့ ပေါ်တူဂီလိဂ်ပြိုင်ပွဲဝင် Rio Ave အသင်းဖြစ်တယ်လို့ ဘယ်လ်ဂျီယမ် သတင်းထောက် Sacha Tavolieri ပြောပါတယ်…။ အဲဒီလို ညီနောင်အသင်းတွေနဲ့ ကွန်ယက် တည်ဆောက်နိုင်ခဲ့တာကြောင့် အခုဆိုရင် စတန်းဖို့ဒ် ဘရစ်ချ်အသင်းက လူငယ်ကစားသမားလေးတွေကို ပြင်သစ်မြေက စထရာ့ဘော့ဂ်အသင်းမှာ အတွေ့အကြုံတွေ ယူစေဖို့ လမ်းပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်..။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဌ အလက်ဇန်းဒါး ဆာဖာရင် ကလည်း ဥရောပပြိုင်ပွဲတစ်ပွဲမှာ ပိုင်ရှင်တူတဲ့ အသင်းနှစ်သင်း တပြိုင်နက်ထဲ ဝင်ပြိုင်ခွင့်မပြုတဲ့ စည်းမျဉ်းကို ဖြေလျော့ပေးဖို့ ပြောဆိုနေပြီ ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင်တွေ အပါအဝင် အမေရိကန် ပြည်ထောင်စုနဲ့ အာရပ်ကမ္ဘာက အားကစား အုပ်စုတွေအတွက် အထောက်အပံ့ကောင်းတစ်ခု ရသွားနိုင်တယ်လို့ ပြောရမှာပါ..။



‘အသင်းများကွန်ယက်..’ (သို့မဟုတ်) multi-club model ဟာ အသစ်အဆန်းလို ဖြစ်နေပေမယ့် ကမ္ဘာ့ဘောလုံးလောကမှာ အတော်လေးကို ခြေလှမ်းကျဲနေပြီလို့ ဆိုနိုင်ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ City Football Group ဆိုရင် ကမ္ဘာအနှံ့အပြားမှာ ကိုယ်ခွဲအသင်းများ (satellite clubs) အများအပြားနဲ့ ကွန်ယက်ကြီးတစ်ခု တည်ဆောက်ထားသလို ဩစတြီးယားအခြေစိုက် Red Bulls Group ရဲ့  RB ဆဲလ်ဘတ်၊ RB လိုက်ပ်ဇစ် အသင်းတွေဟာ လက်ရှိဥရောပ ဘောလုံးလောကမှာ အောင်မြင်မှုတွေ ရရှိနေကြတဲ့ အသင်းတွေ ဖြစ်ကြပါတယ်…။

မနှစ်ကဘောလုံးရာသီမှာ ဘရိုက်တန်အသင်းနဲ့ အောင်မြင်ခဲ့တဲ့ ဂျပန်တောင်ပံ ကစားသမား ကာအိုရူ မီတိုးမား ဆိုရင် အသင်းဥက္ကဌ တိုနီ ဘလွန်း ဟာ သူပိုင်ဆိုင်တဲ့ ဘယ်လ်ဂျီယမ်လိဂ်ပြိုင်ပွဲဝင် Union Saint-Gilloise မှာ အရင်ဆုံးအဌားချ၊ ဥရောပဘောလုံးလောကနဲ့ ထိတွေ့စေခဲ့ပြီး နောက်ရာသီကျမှ ဘရိုက်တန်အသင်းကို ခေါ်ယူခဲ့ပါတယ်..။ ဒါဟာ multiclub model ကြောင့် အကျိုးဖြစ်ထွန်းခဲ့တဲ့ ထင်ရှားတဲ့ ဥပမာပါပဲ..။

ပရီးမီးယားလိဂ်မှာဆိုရင် မန်ချက်စတာ စီးတီးအသင်းရဲ့ City Football Group အပြင် အာဆင်နယ်၊ ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်၊ ခရစ်စ်တယ် ပဲလေ့စ်၊ လက်စ်တာ စီးတီး၊ နော့တင်ဟမ် ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ဆောက်ပ်သမ်တန် တို့ အပါအဝင် အခုနောက်ဆုံး ချယ်လ်ဆီးအသင်းနဲ့ဆိုရင် multi-club model နဲ့ မောင်းနှင်နေတဲ့ အင်္ဂလိပ်အသင်း (၁၆) သင်းအထိ ရှိသွားပြီလို့ ဆိုပါတယ်..။

ဒါပေမယ့် The Athletic သတင်းဌာနက အားကစား ကလောင်ရှင် Oliver Kay အပါအဝင် ဘောလုံးသုံးသပ်သူ တစ်ချို့ကတော့ တဖြည်းဖြည်းကျယ်ပြန့်လာတဲ့ multi-club model ကို ရပ်တန့်နိုင်ဖို့ ကြိုးစားသင့်တယ်ဆိုပြီး တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်..။ အသင်းတွေကို ကွန်ယက်ဖြန့်ကျက်တဲ့ စီမံချက်နဲ့ အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပေမယ့် အဲဒီပုံစံနဲ့ ကျရှုံးသွားတဲ့အသင်းတွေက ပိုပြီးများပြားတယ်လို့ သူတို့တွေက ထောက်ပြကြပါတယ်..။ ဒါ့အပြင် အခုလိုအသင်းဖွဲ့ကွန်ယက်တွေကြောင့် ရေရှည်မှာ ငွေကြေးအင်အား ကြီးမားတဲ့ အသင်းကြီးတွေကပဲ ပြိုင်ပွဲတွေကို တစ်ဘက်သတ် စိုးမိုးသွားကြမလား..? ဆိုတဲ့ စိုးရိမ်စိတ်လည်း ပါဝင်ပါလိမ့်မယ်..။



ခရစ်စ်တယ် ပဲလေ့စ်၊ လိုင်ယွန်၊ ဘရာဇီးလ်လိဂ်က ဘိုတာဖိုဂို နဲ့ ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲဝင် RWD Molenbeek အသင်းတွေရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Eagle Football Holdings ရဲ့ ဂျွန် တက်စ်တာ ကတော့ multi-club model ဆိုတဲ့ အပြောင်းအလဲ ရေစီးကြောင်းကို ဘယ်လိုမှ ရှောင်လွှဲလို့ရမှာ မဟုတ်တဲ့အကြောင်း အခုလို မှတ်ချက်ပေးခဲ့ပါတယ်..။
“multi-club model ကို ဆိုးရွားတယ်လို့ ဝေဖန်ရတာ လွယ်ပါတယ်..။ အမေရိကန်တွေ ဝင်လာတာ ပရိသတ်တွေကို အတော်လေး စိတ်ရှုပ်စေရတယ်လို့ အသံတွေ ထွက်လာကြပါတယ်..။ ဒါပေမယ့် အဲဒီလိုပွက်ပွက်ညံနေတဲ့ လူအုပ်စုကို ကြည့်လိုက်မယ်ဆိုရင် လူနည်းစု (၅%) ရာခိုင်နှုန်းလောက်ပဲ ရှိပါလိမ့်မယ်..။ ကျွန်တော်တို့ရဲ့ network ထဲက ပရိသတ်အများစုရဲ့ တုံ့ပြန်မှုကို နားထောင်ကြည့်တဲ့အခါ အခုလို ပြောင်းလဲလာတဲ့ ရေစီးကြောင်း၊ ပုံစံအသစ်အပေါ် အပြုသဘောနဲ့ ထောက်ခံကြပါတယ်..။ ဒါပေမယ့် အပြောင်းအလဲတွေကို လက်မခံချင်တဲ့သူတွေကတော့ ရှိနေမှာပါပဲ..။”

အထူးသဖြင့် ဗြိတိသျှကျွန်းစုဟာ ဥရောပသမဂ္ဂ (EU) ကနေ Brexit နဲ့ ခွဲထွက်ပြီးတဲ့နောက်ပိုင်း အင်္ဂလိပ်အသင်းတွေဟာ လူငယ်ကစားသမားတွေ ခေါ်ယူဖို့ ပိုပြီးခက်ခဲလာတဲ့အပြင် ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်တွေ (financial fair play regulations) ပိုပြီး တင်းကျပ်လာမှုတွေကြောင့် အင်္ဂလိပ်အသင်းတွေဟာ အခြားဥရောပ အသင်းတွေထက် multi-club model ကို ပိုပြီးလက်ခံလာတာ ဖြစ်နိုင်ပါတယ်..။

ဂျွန် တက်စ်တာ ကတော့ သူ့တို့ network ထဲက ဘိုတာဖိုဂိုအသင်းဟာ အခုဆိုရင် ဘရာဇီးလ်လိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရောက်ရှိနေသလို ဘယ်လ်ဂျီယမ်က RWD Molenbeek အသင်းဟာ အဆင့်မြင့်တန်းကို တန်းတက်ခွင့်ရခဲ့ပါတယ်..။ အဲဒီအောင်မြင်မှုတွေဟာ multi-club model ကြောင့် ဖြစ်တယ်လို့ သူကယုံကြည်ပါတယ်..။

“ဘောလုံးအသင်းကို ဝယ်ယူတဲ့သူတွေ အများစုဟာ စွန့်ဉီးတီထွင်လိုတဲ့ စိတ်ဓါတ်ရှိတဲ့သူတွေ များပါတယ်..။ အားကစား လောကပဲဖြစ်ဖြစ်၊ စီးပွားရေးသမားတွေပဲဖြစ်ဖြစ် သူတို့ဟာ ကိုယ်ဝယ်ယူထားတဲ့ အသင်းတွေကို ပိုပြီးကြီးထွားလာအောင် တည်ဆောက်ချင်တဲ့စိတ် ရှိကြပါတယ်..။ ကျွန်တော်တို့ဆီမှာ ငွေကြေးတွေ တန်နဲ့ချီပြီး မရှိပါဘူး..။ ဒါ့ကြောင့်အသင်းတွေအချင်းချင်း အတူတကွ ပူးပေါင်းပြီး အကျိုးရှိရှိနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးအင်အားကြီးလာတာပါပဲ..။”

multi-club model ကို စတင်တီထွင်ခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ မိခင်ကုမ္ပဏီ City Football Group ကတော့ ပြီးခဲ့တဲ့မေလဆန်းမှာပဲ ဘရာဇီးလ်နိုင်ငံက Bahia အသင်းကို ထပ်မံဝယ်ယူခဲ့ပါတယ်..။ ဒါ့ကြောင့် အခုဆိုရင် သူတို့ရဲ့အခင်းအကျင်း၊ ကွန်ယက်စက်ဝန်းကို ကမ္ဘာတစ်ဝန်းမှာ အသင်းပေါင်း (၁၃) သင်းအထိ ဖြန့်ကျက်နိုင်ခဲ့ပါပြီး ၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ သူတို့ရဲ့စီမံချက်ဟာ အခုဆိုရင် စတာလင်ပေါင် (၁.၃) ဘီလီယံအထိ အရှုံးပေါ်ခဲ့ပါပြီ..။ ဒါပေမယ့် ဒီနေ့ဒီအချိန်ထိ သူတို့ရဲ့ network ထွက် ကစားသမား တစ်ဦးတစ်ယောက်မှ ပက်ပ် ဂွာဒီယိုလာ ရဲ့ ပထမအသင်းကြီးဆီကို ရောက်မလာသေးပါဘူး..။



အထူးသဖြင့် multi-club model ဝေဖန်သူတွေက ဂျီနိုအာ၊ ဆီဗီးလား၊ ဟာသာ ဘာလင် နဲ့ စတင်းဒတ် လီဂေး အသင်းတွေကို ပိုင်ဆိုင်ထားတဲ့ 777 partners အဖွဲ့ရဲ့ မအောင်မြင်မှုတွေကို ထောက်ပြကြသလို မနှစ်ကဘောလုံးရာသီမှာ ဘန်စ်လေ၊ နန်စီ နဲ့ Esbjerg စတဲ့ တစ်ရာသီထဲမှာ အသင်းသုံးသင်း တန်းဆင်းသွားခဲ့ရတဲ့ တရုတ်သူဌေးကြီး ချီယန် လိ ရဲ့ NewCity Captial အဖွဲ့ရဲ့ ကျရှုံးမှုဟာ လက်ညှိုးထိုးလို့ကောင်းတဲ့ ဥပမာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်..။

တောင်အမေရိကတိုက်က လုပ်ငန်းရှင်တွေ အသင်းတွေဝယ်ယူချင်တဲ့အခါ အကြံပေးလေ့ရှိတဲ့ Retexo Intelligence အကြံပေးအဖွဲ့ကို တည်ထောင်ထားတဲ့ ခရစ်စ်တီယန် နော်ရေး ကတော့ တစ်ချို့သူတွေဟာ ရေတို၊‌ ရေရှည် အစီအစဉ်တွေကို သေသေချာချာ ညှိနှိုင်းမှုမရှိပဲ အသင်းတွေကို အလောတကြီး ဝယ်ခဲ့တာကြောင့် အခုလို ကျရှုံးမှုတွေ ဖြစ်ရတယ်လို့ မှတ်ချက်ပေးပါတယ်..။

“အောင်မြင်မှုကို ဘယ်လိုနည်းနဲ့ ရရှိနိုင်တယ်.. ဆိုတဲ့ ပုံသေနည်းမရှိပါဘူး..။ အခုဆိုရင် multi-club model ဟာ ရင်းနှီးမြုပ်နှံသူတွေ အလွယ်တကူ ကျရောက်တတ်တဲ့ ထောင်ချောက်တစ်ခုလိုလည်း ဖြစ်နေပါတယ်..။ သူတို့တွေဟာ multi-club model ကို တည်ဆောက်တဲ့အခါမှာ လူငယ်ကစားသမားတွေ မွေးထုတ်တာ၊ နေရာအသီးသီးမှာ ဈေးကွက်ချဲ့ထွင်တာ.. စတဲ့အရာအားလုံးကို တပြိုင်နက်ထဲဖြစ်အောင် ဆောင်ရွက်ကြပေမယ့် တစ်နေရာနဲ့တစ်နေရာ လုပ်ထုံးလုပ်နည်းတွေ၊ ဘာသာစကား အခက်အခဲတွေ၊ တစ်သင်းနဲ့တစ်သင်း ကစားနည်းစနစ်၊ ကစားဟန် မတူညီတာတွေ ရှိတတ်ပါတယ်..။”

ဒါ့အပြင် multi-club model ကို ကျင့်သုံးတဲ့နေရာမှာ အောင်မြင်မှုကို ဘယ်လိုတိုင်းတာမှာလဲ..? ဆိုတဲ့ မေးခွန်းရှိလာပါတယ်..။ ဆုဖလား ရရှိတယ်ဆိုရင် အောင်မြင်တယ်.. လို့ ပြောနိုင်ပေမယ့် ဘယ်လိုပြိုင်ပွဲမှာမဆို အနိုင်ရတာ တစ်သင်းထဲရှိပြီး ရှုံးတဲ့သူတွေက တစ်ပုံကြီးပါ..။ ဥပမာအနေနဲ့ဆိုရင် ၂၀၁၈ ခုနှစ်၊ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ RB လိုက်ပ်ဇစ်အသင်းနဲ့ RB ဆဲလ်ဘတ်အသင်းတို့ တစ်အုပ်စုထဲ ကျပါတယ်..။


 
ဩစတြီးယားလိဂ်က ဆဲလ်ဘတ်အသင်းဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲက လိုက်ပ်ဇစ်အသင်းအတွက် ကစားသမားတွေ ပံ့ပိုးပေးနေတဲ့အသင်း ဖြစ်ပေမယ့် သူတို့ချင်းရင်ဆိုင်ရာမှာ ဆဲလ်ဘတ်အသင်းက အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံးအနိုင်ရပြီး နောက်တစ်ဆင့် တက်သွားပါတယ်..။ လိုက်ပ်ဇစ်အသင်းကတော့ အုပ်စုအဆင့်ကနေပဲ ထွက်သွားခဲ့ရပါတယ်..။

ဒါ့ကြောင့်ဆဲလ်ဘတ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို ပံ့ပိုးနေရလို့ အားနည်းတဲ့အသင်းဆိုပြီး ပြောလို့မရပါဘူး..။ သူတို့ဟာ ဩစတြီးယားလိဂ်ပြိုင်ပွဲကို တစ်ဘက်သတ် စိုးမိုးထားခဲ့တာကြောင့် ဩစတြီးယားလိဂ် ပြိုင်ပွဲဝင် တခြားအသင်းတွေက သူတို့ရဲ့လိဂ်ပြိုင်ပွဲဟာ ဆဲလ်ဘတ်အသင်းကြောင့် farmer league ဖြစ်သွားပြီလို့ ပြောကြပါလိမ့်မယ်..။

ဒါပေမယ့် Red Bull Group ဟာ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ ငွေကြေးအများကြီး ရင်းနှီးမြုပ်နှံ နိုင်ခဲ့တဲ့အတွက် ဩစတြီးယားနိုင်ငံအသင်းနဲ့ ဩစတြီးယား ဘောလုံးလောက်အတွက် အကျိုးရှိတာပဲလို့.. ပြန်ပြီးငြင်းချက်ထုတ်နိုင်ပါတယ်..။ ဒါ့ကြောင့် multi-club model ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ဒင်္ဂါးတစ်ခုရဲ့ ‘ခေါင်းနဲ့ပန်း’ လို ဖြစ်နေတယ်.. လို့ပဲ ပြောရမှာပါ..။

အခုလက်ရှိအချိန်မှာ multi-club model နဲ့ အောင်မြင်မှုအရဆုံးသူကို ပြောပါဆိုရင် ဘရိုက်တန်အသင်းနဲ့ ဘယ်လ်ဂျီယမ်လိဂ်က Union Saint Gilloise အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ တိုနီ ဘလွန်း ကို ညွှန်ပြရမှာ ဖြစ်ပါတယ်..။ ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နေရာနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့် ရခဲ့ပါတယ်..။ Union Saint Gilloise အသင်းကလည်း (၄၉) နှစ်လုံးလုံး အောက်တန်းတွေမှာ ကျင်လည်ခဲ့ရပြီး တိုနီ ဘလွန်း ဝယ်ယူခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကျမှ ဘယ်လ်ဂျီယမ် Pro League အဆင့်မြင့်တန်းကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်..။ ဆက်တိုက်ဆိုသလိုပဲ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်..။ ဒါဟာတကယ့်ကို ခမ်းနား၊ ပြောင်မြောက်လှတဲ့ အောင်မြင်မှုဖြစ်ပါတယ်..။



ဘရိုက်တန်အသင်း၊ Union Saint Gilloise နဲ့ ကာအိုရူ မီတိုးမား တို့ရဲ့ အောင်မြင်မှု သာဓကတွေကို ပြန်ပြီးကြည့်မယ်ဆိုရင် multi-club model ဟာ အောင်မြင်မှုသေချာပေါက် ရရှိမယ့် ဖော်မြူလာ မပြောနိုင်ပေမယ့် ခိုင်မာတဲ့ ဆက်ဆံရေးနဲ့ စနစ်တကျ အကောင်အထည်ဖော်နိုင်မှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် အကျိုးအမြတ်ရှိနိုင်တယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့နိုင်ပါတယ်..။

တော့ဒ် ဘိုလေး နဲ့ Clearlake Capital တို့အနေနဲ့ BlueCo Consortium ကုမ္ပဏီစုက ပိုင်ဆိုင်တဲ့ အသင်းတွေကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ်ဆိုရင် ရေရှည်အနာဂတ်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံး လူငယ်အကယ်ဒမီ တစ်ခုဖြစ်တဲ့ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီ စီမံကိန်းထွက် လူငယ်လေးတွေအတွက် ပြိုင်ပွဲအတွေ့အကြုံ၊ ရေခြားမြေခြား အတွေ့အကြုံတွေ ရရှိသွားအောင် စီစဉ်ပေးနိုင်မယ့် အကျိုးအမြတ်ရရှိမှာ အသေအချာပါပဲ..။

ဒါ့ကြောင့်အသင်းပိုင်ရှင်တွေအနေနဲ့ စထရာ့ဘော့ဂ်အသင်းနောက်ပိုင်း နောက်ထပ်အသင်းတွေ ဝယ်ယူဖို့ ရွေးချယ်တဲ့အခါမှာ ကိုယ်နဲ့ကိုက်ညီမယ့်အသင်းကို မှန်မှန်ကန်ကန် သုံးသပ်၊ ရွေးချယ်နိုင်ဖို့ အရေးကြီးသလို မိခင်အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့အတူ အခြားညီနောင် အသင်းတွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ဟန်ချက်ကောင်း တည်ဆောက်နိုင်ဖို့၊ BlueCo Consortium အဖွဲ့ရဲ့ ထီးရိပ်အောက်မှာရှိတဲ့ အသင်းတိုင်းဟာ ကိုယ်စီကိုယ်စီ အောင်မြင်မှုတွေ အသီးသီးရရှိနိုင်ဖို့ ဆိုတဲ့ တာဝန်တွေလည်းရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။

Reference
=======
- Chelsea launch multi-club project by buying majority stake in Strasbourg, by Jacob Steinberg & Ed Aarons, The Guardian
- Multi-club ownership becomes the risky model for America’s soccer spree, by Ed Aarons, The Guardian
- Arsenal can benefit from multi-club model as City Football Group and Red Bull face questions, by Tom Canton, Football London