feature-image

အပြာရောင်ဂန္တဝင်တွေရဲ့ ခြေရာနင်းဖို့ ရည်မှန်းထားတဲ့ ‘နီကိုလပ်စ် ဂျက်ဆန်’

ဆီနီဂေါနိုင်ငံ မြို့လေးတစ်မြို့ရဲ့ လမ်းမများပေါ်ကနေ စပိန်လာလီဂါ ပြိုင်ပွဲဝင် ဗီလာရီးရဲလ် အသင်းထိ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဂျက်ဆန် ဟာ ငယ်စဉ်ကတည်းက သူအားကျခဲ့ရတဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေရဲ့ ကစားဟန်တွေကို လိုက်လံ၊ တုပ ကစားခဲ့ပါတယ်..။

ဒီလိုနဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီမှာတော့ သူဟာလာလီဂါပြိုင်ပွဲရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့်တစ်ပွင့်အဖြစ် ထင်ကြေးပေးခံခဲ့ရပြီး အခုဆိုရင် သူ့ရဲ့ငယ်ဘဝက အာဖရိကဖွား အပြာရောင်သူရဲကောင်း ဂန္တဝင်တိုက်စစ်မှူးများရဲ့ ခြေရာကိုနင်းလျှောက်နိုင်ဖို့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပါပြီ..။

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့ အနောက်ဘက်ပွဲကြည့်စင်ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့တဲ့အချိန်မှာ ရုပ်မြင်သံကြားကနေ အကြိမ်ကြိမ်မြင်တွေ့၊ ရင်းနှီးခဲ့ရတဲ့ ကစားကွင်းကြီးဟာ သူ့ရဲ့ဒုတိယအိမ်တစ်ခုလို ဖြစ်လာရတော့မယ်.. ဆိုတဲ့ အတွေးနဲ့ခံစားမှုတွေကို အခုလိုပြောပြခဲ့ပါတယ်..။



“စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကို ပထမဆုံးအကြိမ် ကျွန်တော့်ရဲ့မျက်စိနဲ့ တပ်အပ်မြင်ဖူးခြင်းပါပဲဗျာ..။ အခုမှပထမဆုံးအကြိမ် ရောက်ဖူးခဲ့တာပါ..။ အရမ်းကိုပြီးပြည့်စုံတဲ့ ကွင်းတစ်ကွင်းဖြစ်ပြီး ပရိသတ်တွေဟာ ကွင်းနဲ့ အတော်လေးကို နီးနီးကပ်ကပ် ထိုင်ရတာပဲဗျ..။ ဗီလာရီးရဲလ်ကွင်းကလည်း အခုလိုပုံစံ.. ခပ်ဆင်ဆင်ပါပဲ..။ ကျွန်တော်ဟာ ပရိသတ်တွေနဲ့ အနီးကပ်ပြီး ကန်ရတဲ့ အတွေ့အကြုံရှိပြီး ဖြစ်တာကြောင့် အဆင်ပြေပါလိမ့်မယ်..။

ကျွန်တော်ဟာ ထိပ်တန်းအသင်းကြီးတစ်သင်းကို ရောက်ရှိချင်တဲ့ ရည်မှန်းချက်ရှိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းကြီးတွေထဲက တစ်သင်းဖြစ်သလို ငယ်ငယ်ကတည်းက ချယ်လ်ဆီးပွဲတွေအများကြီး ကြည့်ခဲ့ဖူးပါတယ်..။ ဒီဒီယာ ဒရော့ဘာ၊ နီကိုလပ်စ် အနယ်လ်ကာ၊ ဒမ်ဘာ ဘား တို့ကို အရမ်းနှစ်ခြိုက်ခဲ့ပါတယ်..။ တကယ့်ထိပ်တန်း ကစားသမားကောင်းတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်သူတို့တွေ ကစားခဲ့ဖူးတဲ့ အခုလိုအသင်းကြီးတစ်သင်းမှာ ပါဝင်ကစားခွင့်ရချင်တဲ့ဆန္ဒ အထူးပြင်းပြခဲ့ပါတယ်..။

အဲဒီအတွက် ချယ်လ်ဆီးအသင်းက ကျွန်တော့်ကိုချဉ်းကပ်လာတဲ့အခါ နှစ်ခါပြန်ပြီး မေးခွန်းထုတ်စရာ မရှိတော့ပါဘူး..။ ဒီလိုအသင်းဟာ ကျွန်တော့်ရဲ့စိတ်ထဲ အမြဲတမ်းရှိနေခဲ့ပါတယ်..။ မိသားစုနဲ့ စကားပြောတယ်..၊ ကျွန်တော့်ရဲ့အေးဂျင့်နဲ့လည်း စကားပြောခဲ့ပါတယ်.. ‘ချယ်လ်ဆီးမှာ ကျွန်တော်အားကျ၊ အတုယူခဲ့ရတဲ့ ဒီဒီယာ ဒရော့ဘာ၊ ဒမ်ဘာ ဘား တို့ ကစားခဲ့ကြတယ်..၊ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းက ချဉ်းကပ်လာတဲ့ သတင်းကို ကြားတာနဲ့ နှလုံးသားထဲမှာ အလိုလိုခေါင်းညိမ့်ပြီး ဖြစ်နေပါပြီ..။’ ‘Yes.. ကျွန်တော်ဟာ နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ပါတယ်..။’

၂၀၁၂ ခုနှစ်၊ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကို အခုထိမှတ်မိနေပါသေးတယ်..။ အထူးသဖြင့် ဒီဒီယာ ဒရော့ဘာ ခေါင်းတိုက်ဂိုးသွင်းသွားခဲ့တဲ့ အခိုက်အတန့်ကို အခုထိမြင်ယောင်မိနေဆဲပါပဲ..။ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့တဲ့ သူတို့လို ကစားသမားတွေကို ငယ်ဘဝတစ်လျှောက်လုံး ကြည့်ရှုရင်း ကြီးပြင်းခဲ့တဲ့အတွက် သူတို့တွေရဲ့ခြေရာကို နင်းချင်စိတ်ဆန္ဒ အရမ်းပြင်းပြနေခဲ့ပါတယ်..။ ဒါ့ကြောင့်အခုဆိုရင် ကျွန်တော့်ရဲ့အိပ်မက်၊ ကျွန်တော့်ရဲ့ဆန္ဒကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်..။”


နီကိုလပ်စ် ဂျက်ဆန် အတွက် သူ့ရဲ့ဇာတိအိမ်တစ်ခုလို ခံစားနေခဲ့ရတာ ချယ်လ်ဆီးနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတင် မဟုတ်ပါဘူး..၊ ငယ်စဉ်ကတည်းကနေ အခုအချိန်ထိ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို စဉ်ဆက်မပြတ် ကြည့်ရှုခဲ့သလို ဘောလုံးပွဲလေ့လာသူနှစ်ဉီးရဲ့ သေသေချာချာ အကြံပြုချက်အရ သူဟာအင်္ဂလိပ်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ် အကြောင်းကို ကောင်းကောင်းသိထားပါတယ်..။ ဒါ့ကြောင့်လာမယ့် ရာသီစတင်ချိန်မှာ အတွေ့အကြုံသစ်ကြောင့် စိတ်လှုပ်ရှားမှုတွေ ရှိနေမှာဖြစ်ပေမယ့် အရမ်းကို ကွာခြားလွန်းတဲ့ အတွေ့အကြုံသစ်တစ်ခု ဖြစ်လာဖို့ မရှိနိုင်ဘူးလို့ သူကဆက်ပြောပါတယ်..။

“အာဖရိကမှာနေစဉ်ကတည်းက ကျွန်တော်ဟာ အင်္ဂလိပ်ဘောလုံးပွဲတွေကို အမြဲတမ်းကြည့်ရှု၊ အားပေးခဲ့ပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ အင်္ဂလန်မြေကို ခြေချခွင့်ရခဲ့ပါပြီ..။ တကယ့်ကို ကြည်နူး၊ အံ့အားသင့်ရတဲ့ ခံစားမှုကို ရရှိခဲ့ပါတယ်..။ ဒါ့အပြင်ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကျွန်တော့်အတွက် ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အမြဲတမ်း ကြည့်ရှု၊ အားပေးခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ပရီးမီးယားလိဂ် နဲ့ ရင်းနှီးတယ်..၊ ပရီးမီးယားလိဂ်ကို ချစ်မြတ်နိုးသလို ပရီးမီးယားလိဂ်နဲ့ ချယ်လ်ဆီးအကြောင်းကိုလည်း ကောင်းကောင်းသိထားပါတယ်..။

ဆီနီဂေါ လက်ရွေးစင်အသင်းနဲ့ ကစားစဉ်မှာ ကျွန်တော်ဟာ ဒမ်ဘာ ဘား နဲ့ တွေ့ခဲ့ပါသေးတယ်..။ သူနဲ့တွေ့တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းအကြောင်း အားပါးတရ မေးလိုက်ချင်ပေမယ့် ဘေးမှာလူတွေအများကြီး ရှိနေတဲ့အတွက် မေးခွင့်မကြုံခဲ့ပါဘူး..။ ဒါ့ကြောင့်အချိန်စောင့်ပြီး ချယ်လ်ဆီးအသင်းနဲ့ လက်မှတ်ရေးထိုးပြီးမှပဲ သူ့ဆီကို text မက်ဆေ့ချ်ပို့ အကြောင်းကြားခဲ့ပါတယ်..။ ဒါ့အပြင် ကျွန်တော်ဝတ်ဆင်တဲ့ ချယ်လ်ဆီးအင်္ကျီမှာ လက်မှတ်ထိုးပြီး သူ့ဆီကိုလက်ဆောင်အဖြစ် ပို့ပေးပါဉီးမယ်..။

ကျွန်တော့်ရဲ့အေးဂျင့် ဒီယူမန်ဆေး ကာမာရာ နဲ့လည်း ပရီးမီးယားလိဂ်အကြောင်း အများကြီးဆွေးနွေး ဖြစ်ပါတယ်..။ သူဟာဖူးလ်ဟမ်းအသင်း အပါအဝင် အင်္ဂလိပ်အသင်းတစ်ချို့မှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ်အကြောင်းနဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းနားက နေရာတွေအကြောင်း ကောင်းကောင်းသိထားပါတယ်..။ သူကလည်း လန်ဒန်မှာကစားခဲ့ရတဲ့ အတွေ့အကြုံတွေကို မချွင်းမချန် ပြောပြခဲ့ပါတယ်..။”


နီကိုလပ်စ် ဟာ ဆီနီဂေါလက်ရွေးစင်အသင်းအတွက် သွားရောက်ရင်း အခြားကစားသမားတွေဆီကနေ အနောက်လန်ဒန်က အတွေ့အကြုံတွေကို မေးမြန်းခဲ့ပါတယ်..။ သူဟာဆီနီဂေါအသင်းက ဘရာဇီးလ်အသင်းကို ၄ဂိုး- ၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီး ဆာဒီယို မာနေး သွင်းယူပေးခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောဟာ သူ့ကြောင့်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဘရာဇီးလ်အသင်းနဲ့ ခြေစမ်းပွဲဟာ ဂျက်ဆန် အတွက် ဆီနီဂေါအသင်းနဲ့ တတိယအကြိမ်မြောက် ကစားခွင့်ရခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်..။

ဘေယန် မြူးနစ်အသင်းမှာ ရောက်ရှိနေတဲ့ တိုက်စစ်မှူး မာနေး က ဆောက်ပ်သမ်တန်အသင်းမှာ ဆုံတွေ့ဖူးခဲ့တဲ့ နည်းပြမော်ရစ်စ်စီယို ပိုချက်တီနို ရဲ့အကြောင်း သူ့ကိုပြောပြခဲ့ပါတယ်..။

“နည်းပြပိုချက်တီနို ရဲ့အကြောင်းနဲ့ ပတ်သက်ပြီး မာနေး နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်..။ မာနေး က သူ့ကိုအရမ်းချီးကျူးပြီး အာဂျင်တီးနား နည်းပြကြီးရဲ့ကောင်းကြောင်းတွေ ပြောပြပါတယ်..။ နည်းပြကြီးဟာ ကျွန်တော့်ကို ဒီထက်ပိုပြီး တိုးတက်လာအောင် ကူညီပေးနိုင်မယ့်သူ ဖြစ်လာမယ့်အကြောင်း သူကထောက်ခံပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ နည်းပြကြီးရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပြီး သူ့ရဲ့သင်ကြားမှုတွေအတိုင်း လိုက်နာ၊ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်..။”

ပြီးခဲ့တဲ့ နောက်ဆုံးအကြိမ် နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေမှာ ဆီနီဂေါအသင်းအတွက် ပါဝင်ခွင့်ရခဲ့တာဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ဗီလာရီးရဲလ်အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်လို့ သူကယုံကြည်ခဲ့ပါတယ်..။ ၂၀၂၃ ခုနှစ် အစောပိုင်းလတွေမှာ ဒဏ်ရာကြောင့် ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရပေမယ့် သူဟာပိုပြီး ကောင်းမွန်တဲ့ ခြေစွမ်းနဲ့အတူ ဗီလာရီးရဲလ်အသင်းရဲ့ တိုက်စစ်ကို ဉီးဆောင်ပေးနိုင်ခဲ့ပါတယ်..။



ဂျက်ဆန် ဟာ ဗီလာရီးရဲလ် အသင်းရဲ့ ၄- ၄- ၂ ကစားကွက်မှာ အဓိကတိုက်စစ်မှူးအဖြစ် ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ သူဟာလာလီဂါပြိုင်ပွဲ နောက်ဆုံးပွဲစဉ် (၈) ပွဲအတွင်း (၉) ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် လာလီဂါပြိုင်ပွဲရဲ့ မေလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရပါတယ်…။

၂၀၂၁/၂၂ ဘောလုံးရာသီတုန်းက ဗီလာရီးရဲလ် (ဘီ) အသင်းမှာပဲ ကစားခွင့်ရခဲ့သူ တစ်ယောက်အနေနဲ့ လာမယ့်ရာသီစတင်ချိန်မှာ ချယ်လ်ဆီးအသင်းဆီကို ရောက်ခဲ့တဲ့ တိုးတက်မှုခရီးလမ်းကြောင်းဟာ အံ့အားသင့်ဖို့ ကောင်းသလို ချီးကျူး၊ ဂုဏ်ယူဖို့ ကောင်းလှပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ်ဟာ ရေမြေသစ်မှာ ကြိုဆိုနေမယ့် စိန်ခေါ်မှုအသစ်တွေ၊ ပိုမိုကြီးမားတဲ့ တောင်းဆိုမှု အသစ်တွေကို ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး…။

“ကျွန်တော်ဟာ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းကြောင်းရဲ့ မြန်ဆန်မှု၊ တိုးတက်မှုနှုန်းအပေါ် အံ့ဩမိနေမှာ မဟုတ်ပါဘူး..။ ဒီထက်ပိုပြီး တိုးတက်ချင်တဲ့စိတ်ပဲ ရှိပါတယ်..။ ကျွန်တော့်အတွက် လုံလောက်တယ်ဆိုတာ မရှိပါဘူး..၊ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိအချိန်မှာ ကျွန်တော်ဟာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ ပြည့်မှီမှုမရှိသေးဘူးလို့ ခံစားရပါတယ်..။ အခုရရှိနေတဲ့ အခြေအနေဟာ ကျေနပ်စရာ ဖြစ်ပေမယ့် ကျွန်တော်ဟာ အခုထက်ပိုပြီး တိုးတက်မှု၊ အောင်မြင်မှုတွေ ရရှိချင်ပါသေးတယ်..။

ကျွန်တော်ဟာ အောင်မြင်မှုတွေ၊ တိုးတက်မှုတွေအတွက် လောဘကြီးတယ်..၊ ပိုပြီးတိုးတက်မှုတွေ အမြဲတမ်း လိုချင်ခဲ့ပေမယ့် အခုလိုအခွင့်အရေး ပေးခဲ့တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း ချီးမွမ်းပါတယ်..။ ဒီလိုအခွင့်အရေး ရခဲ့တာကြောင့် ဘယ်လောက်တောင် ကံကောင်းခဲ့တယ်..,၊ ဒီလိုအသင်း၊ ဒီလိုကွင်းကြီးမှာ ကစားခွင့်ရဖို့ ကုသိုလ်ကံတရားက ဘယ်လိုဖေးမခဲ့လဲ.. ဆိုတာ နားလည်ပါတယ်..။ ဒါ့ကြောင့်အဲဒီအခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး အခုထက်ပို တိုးတက်တဲ့ ကစားသမားဘဝကို လျှောက်လှမ်းချင်တဲ့ဆန္ဒ အထူးပြင်းပြနေပါတယ်..။

အဲဒီလိုအောင်မြင်မှုတွေ၊ တိုးတက်မှုတွေကို လှမ်းဆုပ်နိုင်ခွင့် နီးစပ်နေပြီဆိုတာ သိပေမယ့် ကျွန်တော်ဟာ အခုထက်ပိုပြီး ကြိုးစားအားထုတ်ရဉီးမှာ ဖြစ်ပါတယ်..။ အရာရာဟာ အချိန်ပေးဖို့နဲ့ အစွမ်းကုန် ပေးဆပ်၊ ကြိုးစားမှုရှိနေဖို့ လိုအပ်ပါတယ်..။ ကျွန်တော်ဟာ ရရှိသမျှ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ရမယ်..၊ ဒါမှမဟုတ် တစ်ရာသီအတွင်း ဂိုးပေါင်း (၃၀) ကျော် သွင်းယူနိုင်ရမယ်.. အဲဒီလိုတွေ မတွေးခင်မှာ အရင်ဆုံး လိုအပ်တဲ့အရာဟာ ‘ကြိုးစားအားထုတ်မှု’ ပါပဲ..။

ကျွန်တော်ဟာ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ဖူးပါတယ်..၊ ဒါပေမယ့် စဉ်ဆက်မပြတ် ကြိုးစား၊ လေ့ကျင့်ရင်း တိုးတက်မှုတွေ ရရှိလာခဲ့ပါတယ်…။ အစွမ်းကုန် ကြိုးစား၊ လေ့ကျင့်ရင်း တိုက်စစ်မှူးတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခဲ့ရပါတယ်..။ ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်မယ့် အခွင့်အရေးတွေ ရှိနေတယ်..၊ အဲဒီအခွင့်အရေးတွေကို လှမ်းဆုပ်နိုင်ခွင့် အင်မတန်မှ နီးစပ်နေပြီဆိုတာကိုလည်း သိနေပါတယ်..။ ကျွန်တော်ဟာ အသင့်ဖြစ်နေပြီလို့လည်း ခံစားနေရပါတယ်..။”


နီကိုလပ်စ် ဂျက်ဆန် ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို ခေတ္တ၊ ခဏ လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ သူဟာဘယ်လိုပုံစံ.. ကစားသမားမျိုး ဖြစ်တယ်ဆိုတာ ချယ်လ်ဆီးပရိသတ်များကို အသိပေးခဲ့ပါတယ်..။ သူဟာဂိုးသွင်း၊ အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်..။ ဒါ့အပြင် off the ball တွေကို ခံစစ်ပိုင်းကို အစွမ်းကုန် လိုက်ပါကူညီပြီး နောက်ခံလူတွေကို တစ်ဉီးချင်း ရင်ဆိုင်၊ ကျော်ဖြတ်ရတာကို နှစ်သက်တယ်လို့လည်း ပြောပါတယ်..။ အထူးသဖြင့် ပြိုင်ဘက်ကစားသမားတွေကို ဘောလုံးပညာ ကျွမ်းကျင်မှု၊ လျှင်မြန်မှု၊ ခွန်အားသုံးပြီး ကျော်လွှားနိုင်အောင် ကြိုးစားတဲ့နေရာမှာ အာရုံစူးစိုက်မှု၊ ခိုင်မာတဲ့ စိတ်ဓါတ်အင်အားနဲ့ မလျော့တဲ့ ဇွဲလုံ့လ၊ ဝီရိယတို့က အရေးကြီးဆုံး ဖြစ်ပါတယ်.. လို့ ယူဆထားတဲ့အကြောင်း တင်ဆက်ပေးလိုက်ပါတယ်..။

“ကျွန်တော်ဟာ အသင်းအတွက် အမြဲတမ်း (၁၀၀ %) ရာခိုင်နှုန်းပြည့်နဲ့ အကောင်းဆုံး ပေးဆပ်၊ ကြိုးစားပေးတဲ့သူ ဖြစ်တယ်..၊ အသင်းအတွက် အမြဲတမ်း အစွမ်းကုန် ကူညီပေးတဲ့သူ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဉီးတစ်ယောက်ချင်းအပြင် အသင်းလိုက်ပါ အောင်မြင်မှုရရှိမှသာ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ ပြည့်မှီနိုင်မယ်ဆိုတာ သိထားပါတယ်..။ ကျွန်တော်ဟာ လက်ရှိအနေအထားထက် ပိုမိုတဲ့‌အောင်မြင်မှုတွေ အမြဲတမ်း ရရှိချင်ပါတယ်..။

ဒါ့ကြောင့်အစွမ်းကုန် ကြိုးစားလေ့ကျင့်ခြင်း၊ အစွမ်းကုန် ပေးဆပ်ခြင်းတို့နဲ့ ကျွန်တော်လိုချင်တဲ့ ပိုမိုတိုးတက်တဲ့ တိုက်စစ်မှူးအဆင့်ကို ရရှိနိုင်မယ်လို့ မျှော်လင့်ထားသလို ချယ်လ်ဆီးအသင်းနဲ့အတူ၊ အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတွေကို အတူတကွ ရရှိချင်သေးတယ်..။"