‘ရဲရင့်မှု (bravery)’ ဆိုသည်မှာ ‘မော်ရစ်စ်စီယို ပိုချက်တီနို’ ၏ လက်သုံးစကားဟု ပြောရပေမည်..။
ဆုံးဖြတ်ချက်တိုင်းကို ‘ရဲရင့်မှု’ အပေါ် အခြေခံပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သူကအမြဲတမ်း ပြောပြလေ့ရှိပါသည်..။ တခါတရံမှာတော့ သူဆိုလိုသည့် ‘ရဲရင့်မှု’ မှာ အဓိပ္ပါယ်နှစ်ခွ ထွက်နိုင်ပါသည်..။ တော့တင်ဟမ် အသင်းကို ရောက်လာသည့်အချိန်တုန်းက ကစားသမားသစ်များကို ‘ရဲရဲရင့်ရင့်’ ဆုံးဖြတ်ပြီး ခေါ်ယူဖို့ တိုက်တွန်းခဲ့ဖူးသလို အပြောင်းအရွှေ့ရာသီတစ်ခုတွင် ကစားသမား တစ်ဉီးတစ်ယောက်မှ ခေါ်ယူခဲ့ခြင်းမပြုလုပ်ပဲ ရှိရင်းစွဲ ကစားသမားများနှင့်သာ ရှေ့ဆက်ရန် ဆုံးဖြတ်ချက်ခြင်းကိုလည်း ‘ရဲရင့်တဲ့ ဆုံးဖြတ်ချက်’ ဟူ၍ မှတ်ချက်ပေးခဲ့ဖူးသည်..။
‘ရဲရင့်မှု’ ကို ချစ်မြတ်နိုးခဲ့သည့် အာဂျင်တီးနား နည်းပြကြီးမှာ ၂၀၁၇ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ကိုယ်ရေး အတ္တုပတ္တိစာအုပ်ကိုလည်း ‘ရဲရင့်သော ကမ္ဘာသစ် (Brave New World)’ ဟု အမည်ပေးခဲ့သည်..။
ဘယ်လိုပဲဖြစ်ဖြစ်ပါ… ‘ပိုချက်တီနို’ မှာ ‘ရဲရင့်မှု’ တွေနှင့် ပက်သက်၊ ရင်းနှီး၊ ဆက်နွယ်နေဆဲဖြစ်ပါသည်..။
ထို့ကြောင့်ပိုချက်တီနို မှာ ရေသစ်၊ မြေသစ်.. ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာချိန် သူအကြိုက်တွေ့နိုင်မည့် ကစားသမားများကို မှန်းဆကြည့်ရာတွင် နည်းစနစ်ပိုင်း၊ ကစားပေးနိုင်သည့်နေရာ၊ စွမ်းဆောင်ရည် ခြေစွမ်း.. တို့အပြင် သူတို့၏စိတ်ဓါတ်ပိုင်း ခိုင်မာ၊ ပြတ်သားမှု၊ ရဲရင့်မှု တို့ကိုပါ ထည့်သွင်း၊ တိုင်းတာဖို့ လိုအပ်ပေလိမ့်မည်..။ အထူးသဖြင့် ပြီးခဲ့သည့်ရာသီက အခက်အခဲများ၊ ကျရှုံးမှုများကြောင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ အားနည်းချက်များ၊ အာရုံစူးစိုက်မှု၊ စိတ်အားထက်သန် ပိုင်းဖြတ်မှုများ အားနည်းနေသည့် ချယ်လ်ဆီးအသင်းသားများအတွက် အထက်ဖော်ပြပါ သတ်မှတ်ချက်များမှာ မဖြစ်မနေ တိုင်းတာရမည့်အရာများ ဖြစ်နိုင်ပါသည်..။
မော်ရစ်စ်စီယို ပိုချက်တီနို မှာ နည်းပြဘဝ အထွဋ်အထိပ်ကာလသို့ ရောက်လာချိန်တွင် တော့တင်ဟမ် အသင်းနှင့် ပီအက်စ်ဂျီအသင်းများကို ကိုင်တွယ်ခွင့်ရခဲ့ပြီး အဆိုပါအသင်းနှစ်သင်း၏ အနေအထားမှာ တကယ့်ကိုပြောင်းပြန်လို ဖြစ်နေသည်မှာက ထူးဆန်းသည်ဟု ပြောနိုင်ပါသည်..။ တော့တင်ဟမ်အသင်းမှာ လူငယ်ကစားသမားအများစုနှင့် ဖွဲ့စည်းထားသော အသင်းဖြစ်နေပြီး ပီအက်စ်ဂျီအသင်းမှာ တစ်သင်းလိုလို စူပါစတား ကစားသမားများဖြင့် ဖွဲ့စည်းထားသောအသင်း ဖြစ်နေခဲ့သည်..။ ထို့ကြောင့်တော့တင်ဟမ် အသင်းမှာ ရေရှည်စီမံချက်နှင့် အကောင်အထည် ဖော်နေသောအသင်းဖြစ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းကတော့ ခေတ္တနားခိုရာ အရိပ်တစ်ခုဟု ပြောရမလို ဖြစ်နေခဲ့ပါသည်..။
အာဂျင်တီးနား နည်းပြမှာ တော့တင်ဟမ် အသင်းတွင် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့သော်လည်း ဆုဖလားတစ်လုံးမှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့သည့်အပေါ် လှောင်ပြောင်ခံခဲ့ရသည်..။ ပီအက်စ်ဂျီအသင်းတွင် ရုန်းကန်ခဲ့ရသော်လည်း ဆုဖလားကိုင်မြှောက်ခွင့်က ပြေးမလွတ်ခဲ့…။ မော်ရစ်စ်စီယို မှာ တော့တင်ဟမ်အသင်းကို အပြင်လူအဖြစ် တိတ်တဆိတ် ရောက်ရှိလာခဲ့သော်လည်း အသင်းပရိသတ်ရဲ့ အချစ်တော်နည်းပြဘဝသို့ ရောက်ရှိသွားခဲ့သည်..။ ပီအက်စ်ဂျီအသင်းမှာ ကစားသမား တစ်ယောက်အဖြစ် တစ်ချိန်က သူကျင်လည်ဖူးခဲ့သော အသင်းဟောင်းဖြစ်သည်..။ သို့သော်နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာချိန်တွင် အိမ်ကိုပြန်ရသလို နွေးထွေးမှုတွေ မရရှိခဲ့ပေ..။
ထို့ကြောင့် မော်ရစ်စ်စီယို မှာ တော့တင်ဟမ်အသင်းနှင့် ပိုပြီးကိုက်ညီသလို ဖြစ်နေသောကြောင့် ပီအက်စ်ဂျီအသင်းနှင့် အလားသဏ္ဍန် တူညီနေသည့် ချယ်လ်ဆီးအသင်းမှာ သူ့အတွက် စိုးရိမ်စရာလို့ ပြောရမလို ဖြစ်နေပါသည်…။
ပြီးခဲ့သည့် တစ်နှစ်တာကာလ အပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်း၏ အသုံးအစွဲ ကြမ်းတမ်းပုံမှာ သောမတ်စ် တူခယ်လ်၊ ဂရေဟမ် ပေါ်တာ နှင့် ဖရန့် လမ်းပတ် တို့လို နည်းပြများအတွက် အဆင်ပြေအောင် အလုပ်လုပ်ဖို့ မဖြစ်နိုင်လောက်အောင် အခက်တွေ့စေခဲ့သည်..။ အသင်း၏လူစာရင်း အလွန်အမင်းဖောင်းပွနေပြီး ပွဲထွက် (၁၁) ယောက်ကို အမြဲတမ်း အပြောင်းအလဲ ပြုလုပ်နေခဲ့ရသည်..။ အသင်းမှ ထွက်ခွာလိုသည့် ကစားသမား အများအပြားရှိနေခဲ့သလို နည်းပြပိုချက်တီနို ကလည်း အသင်းမှာ စိတ်မပါတော့ပဲ ကိုယ့်ကိုယ်ကို မောင်းနှင်လိုစိတ်၊ တွန်းအားကင်းမဲ့နေသည့် ကစားသမားများကို အလိုမရှိကြောင်း အသင်းနှင့် ပထမဆုံးအကြိမ် မိတ်ဆက်စဉ်က ထည့်သွင်း၊ ပြောကြားခဲ့သည်..။
သို့သော်ချယ်လ်ဆီးအသင်း၏ အားသာချက်တစ်ခုက သီယာဂို ဆေးလ်ဗား၊ ပယ်ရီ အမ်းမရစ်ခ် အူဘားမီးယန်း၊ ရာဟင်း စတာလင်း ဟာကင် ဇီးယက်ချ် တို့ကလွဲ၍ ကစားသမားအများစုမှာ ပင်ကိုယ်ပါရမီ ထူးချွန်သည့် အလားအလာရှိ လူငယ်သွေးသစ် ကစားသမားများ ဖြစ်နေခဲ့အချက်ဖြစ်ပါသည်..။ နည်းပြ ပိုချက်တီနို ထံတွင် လူငယ်ကစားသမားများကို မြေတောင်မြှောက်ပေးသည့် အတွေ့အကြုံကောင်းများ ရှိနေခြင်းကလည်း ချယ်လ်ဆီးအသင်းမှ နည်းပြသစ်အဖြစ် သူ့ကိုရွေးချယ်ခဲ့ရခြင်း ဖြစ်နိုင်ပါသည်…။
နည်းပြပိုချက်တီနို ထံတွင် လူငယ်များကို ဉီးစားပေးရသည့် အကြောင်းပြချက်ကောင်းများစွာ ရှိနေခဲ့သည်..။ ဝါရင့်၊ သမ္ဘာရင့် ကစားသမားကြီးများ၏ ခံယူချက်နှင့် စိတ်ဓါတ်များကို အပြောင်းအလဲပြုလုပ်နိုင်ရန် လွယ်ကူမှုမရှိသလို ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ခွန်အားသုံး ကစားမှုတို့ကို ဉီးစားပေးသော သူ၏ကစားဟန်ကို အသက်အရွယ် ကြီးရင့်သော ကစားသမားများက လိုက်နာနိုင်ရန် ခက်ခဲလိမ့်မည်ဟု သူကယုံကြည်ခဲ့သည်..။ ထို့အပြင် လူငယ်ကစားသမားများမှာ သူတို့၏အရည်အချင်းများကို သက်သေပြလိုစိတ် ပြင်းပြနေသည့်အတွက် မခိုမကပ်ပဲ ကိုယ့်ကိုယ်ကို မောင်းနှင်လိုစိတ်နှင့် နည်းပြ၏ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာလိုစိတ် များပြားနေသည်ဟု ယူဆထားပါသည်..။
မော်ရစ်စ်စီယို ပိုချက်တီနို မှာ ကစားသမားဘဝတုန်းက ဒီယေဂို မာရာဒိုနာ နှင့် ရော်နယ်လ်ဒင်ဟို တို့လို ဂန္တဝင်ကစားသမားကြီးများနှင့် အတူတွဲဖက် ကစားခဲ့ဖူးသည့် အတွေ့အကြုံရှိခဲ့သောကြောင့် အဝတ်လဲခန်းထဲတွင် နည်းပြထက်ပိုပြီး ဩဇာကြီးမားသည့် ကစားသမားများ အသင်းတွင်ရှိနေမည်ကို စိုးရိမ်စိတ်ရှိဟန် တူပါသည်..။ ထို့အပြင် အက်စ်ပါညိုအသင်းနည်းပြအဖြစ် စတင်၊ တာဝန်ယူစဉ်က အသင်း၏ဂန္တဝင် ကစားသမားကြီးဖြစ်သော ရာအူးလ် တာမူဒို နှင့် အဝတ်လဲခန်းအတွင်း စစ်အေးတိုက်ပွဲ ဆင်နွဲခဲ့ရသည့် အတွေ့အကြုံဟောင်းများက အရိပ်လိုခြောက်လှန့်နေခြင်းလည်း ဖြစ်နိုင်ပါသည်..။
အင်္ဂလိပ်ဘောလုံးလောကသို့ ရောက်လာချိန်တွင် ပိုချက်တီနို က အင်္ဂလိပ်ဘောလုံးလောက၏ ‘ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု များပြားမှု’ အပေါ် ဝေဖန်ခဲ့ဖူးပါသည်..။ ထို့ကြောင့်ဝါရင့်ကစားသမား၏ လွှမ်းမိုးမှု ကြီးမားခဲ့သော ချယ်လ်ဆီးအသင်း၏ အစဉ်အလာ အဝတ်လဲခန်း အနေအထားမှာ သူ၏စိတ်ကြိုက် မဖြစ်နိုင်သော်လည်း လူငယ်ကစားသမား များပြားသော လက်ရှိအသင်း လူစာရင်းအပေါ် ကျေနပ်အားရမှု ရှိနိုင်ပါသည်..။
မော်ရစ်စ်စီယို ပိုချက်တီနို မှာ ကြံ့ခိုင်မှုအသားပေးသည့် ကစားဟန်ကို ယုံကြည်သည့်သူ မဟုတ်သော်လည်း သူ၏ pressing ကစားဟန်မှာ လူငယ်ကစားသမားများနှင့် ပိုပြီးကိုက်ညီမှုရှိသည်ကို မြင်တွေ့ခဲ့ရသည်..။ လိဒ် ယူနိုက်တက်အသင်း နည်းပြဟောင်း မာဆယ်လ်လို ဘီယယ်လ်ဆာ ၏ ကျောင်းထွက်၊ တပည့်သာဝကပီပီ ဖိအားပေး ကစားခြင်း (pressing) ကို အထူးနှစ်ခြိုက်ပြီး ဘောလုံးဆုံးရှုံးသွားသည်နှင့် အစွမ်းကုန်ခွန်အားထည့်ပြီး အမြန်ဆုံး ပြန်လည်အရယူနိုင်ရန် ကြိုးစားခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု ခံယူထားသူဖြစ်သည်..။ ခွန်အားသုံးကစားခြင်း၊ လုပ်အားနှုန်း ကောင်းမွန်ခြင်းဆိုသည်မှာ ‘ကစားသမားတစ်ဉီး၏ ပြေးနိုင်၊ လွှားနိုင်စွမ်းကို ဆိုလိုခြင်းမဟုတ်ပဲ တစ်ဉီးတစ်ယောက်ချင်းစီ၏ ပြေးလွှားလိုစိတ်၊ ခွန်အားထည့် ကစားလိုစိတ်အပေါ်တွင်သာ မူတည်သည်’ ဟူ၍ သူကယူဆခဲ့ပါသည်..။
အက်စ်ပါညို အသင်းနှင့် နည်းပြဘဝ အစောပိုင်းရက်များတွင် ပိုချက်တီနို မှာ အလွန်အကျွံ ဖိအားပေး ကစားသည့် အသင်းတစ်သင်းကို တည်ဆောက်ခဲ့သော်လည်း နည်းပြသက်တမ်း ကြာမြင့်လာသည်နှင့်အမျှ pressing အပေါ် သူ၏အာရုံစိုက်မှု လျော့ကျလာခဲ့သည်..။ ဆောက်ပ်သမ်တန်အသင်းကို ကိုင်တွယ်ချိန်တွင်လည်း အလွန်အကျွံ ဖိအားပေး ကစားသော အသင်းတစ်သင်းကို ထပ်မံ တည်ဆောက်ခဲ့ပြန်သည်..။ ထိုအချိန်က မော်ရစ်စ်စီယို မှာ ပရီးမီးယားလိဂ် တန်းတက်အသင်းဖြစ်သည့် ဆောက်ပ်သမ်တန်အသင်းအား အမှတ်ပေးဇယား အဆင့် (၈) နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သဖြင့် သူ၏စွမ်းဆောင်ရည်အပေါ် လေးစားမှုများရရှိခဲ့သလို ပရီးမီးယားလိဂ်တွင် ဘောလုံးဆုံးရှုံးပြီးချိန် အကောင်းဆုံး ပြန်လည်အရယူနိုင်သည့် (regaining possession) အသင်းအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည်..။
တော့တင်ဟမ်အသင်းကို တာဝန်ယူချိန်တွင် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ သူ၏အသင်းမှာ pressing အပေါ်တွင် ဉီးစားပေးမှု၊ မှီခိုမှု နည်းပါးလာခဲ့သည်..။ အသင်းကိုရောက်စကာလများတွင် သူ၏တော့တင်ဟမ်အသင်းမှာ pressing နှင့် လုပ်အားနှုန်း ကောင်းမွန်မှုများကြောင့် လူသိများခဲ့သော်လည်း နောက်ပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု (possession) ကို ပိုမိုအားပေးသည့် အသင်းအဖြစ် ရွှေ့လျားလာခဲ့သည်..။ အချိန်ကြာမြင့်လာသည့်နှင့်အမျှ သူ၏အသင်းမှ တိုက်စစ်ကစားသမားများမှာ ခြေစွမ်းနှင့် အသင်းသားအချင်းချင်း နားလည်မှု အကောင်းဆုံးအချိန် ရောက်ရှိလာခဲ့သလို အသင်းမှာ နည်းစနစ်ပိုင်းအရ ပြောင်းလွယ်၊ ပြင်လွယ်မှု (tactical flexibility) ရှိလာခဲ့သည်..။
၂၀၁၈/၁၉ ဘောလုံးရာသီတွင် နည်းပြမော်ရစ်စ်စီယို မှာ တော့တင်ဟမ်အသင်းအား ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သူ၏အသင်းသားများမှာ pressing ကစားနိုင်မှု တဖြည်းဖြည်း လျော့ပါးလာခဲ့သည်..။ သူကတော့ ကစားသမားများမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု လျော့နည်းခြင်းကြောင့် မဟုတ်ပဲ စိတ်အားထက်သန်မှုနှင့် အာရုံစူးစိုက်မှု ကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်…။
ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိချိန် အသင်းမှ အဓိကတိုက်စစ်မှူး သုံးယောက်မှာ ဘောလုံးဆုံးရှုံးချိန်များတွင် ခံစစ်ဇုန်များသို့ လိုက်ပါလေ့မရှိခြင်းကြောင့် သူ၏မူပိုင် pressing ကစားဟန်ကို သွတ်သွင်း၍ မရခဲ့ပေ..။ အသင်းကြီးများနှင့် ရင်ဆိုင်ရသည့် ပွဲစဉ်များတွင် ပီအက်စ်ဂျီအသင်းမှာ ပွဲအစမိနစ် (၂၀) လောက်အထိ အရှိန်အဟုန်ပြင်းပြင်း ကစားနိုင်ခဲ့သော်လည်း ပွဲချိန်ကြာလှသည်နှင့်အမျှ ပြိုင်ဘက်အသင်းများမှာ ကွင်းလယ်တွင် နေရာလွတ်များ အလွယ်တကူ ရှာဖွေနိုင်လာသည်ကို တွေ့ခဲ့ရသည်..။ ဥပမာအနေဖြင့် အောက်ပါပူးတွဲပုံတွင် မြင်တွေ့ရသည့်အတိုင်း ၂၀၂၀/၂၁ ဘောလုံးရာသီ၊ မန်ချက်စတာ စီးတီးအသင်းနှင့် အုပ်စုအဆင့် ပွဲစဉ်တွင် မိမိအသင်း၏ခံစစ်ဇုန်ထဲတွင် ခုနှစ်ယောက်အထိဆင်းပြီး ကာကွယ်ခဲ့သော်လည်း အစီအစဉ်ကျကျ စုစည်းမှုမရှိခဲ့သည်ကို မြင်တွေ့နိုင်ပေမည်..။
ပီအက်စ်ဂျီအသင်းမှ ကစားဟန်နှင့် နည်းစနစ် အခင်းအကျင်းမှာ ပိုချက်တီနို ၏ နည်းစနစ် အယူအဆများနှင့် ချိန်ထိုးကြည့်လျှင် ဆန့်ကျင့်ဘက်လို ဖြစ်နေခဲ့ပါသည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာချိန်တွင် ယခင်ကသူယုံကြည်ထားခဲ့သည့် အရှိန်အဟုန်မြင့် pressing ကစားသည့်ဟန်ကို ပြန်လည်သွတ်သွင်းဉီးမလား.. ဆိုသည်ကလည်း စောင့်ကြည့်စရာဖြစ်ပါသည်…။ မော်ရစ်စ်စီယို မှာ လေ့ကျင့်ခန်းအစီအစဉ်များတွင် pressing လေ့ကျင့်ခန်းများ အထူးပြု၊ လေ့ကျင့်လေ့ရှိပြီး နှစ်သင်းခွဲရာတွင် 10 vs 11 လူမညီအောင် ခွဲခြမ်းကာ (၁၀) ယောက်သာရှိသည့်အသင်းက (၁၁) ယောက်အသင်း၏ ဖိအားပေး ကစားမှုကို ဖြိုခွင်းနိုင်အောင် လေ့ကျင့်၊ ကစားစေလေ့ ရှိပါသည်…။
တိုက်စစ်ပိုင်းအခင်းအကျင်းအနေဖြင့် ပီအက်စ်ဂျီအသင်းမှ သူ၏အခင်းအကျင်းမှာ တော့တင်ဟမ် အသင်းနှင့် လုံးဝနီးစပ်မှု မရှိခဲ့ပေ..။ တော့တင်ဟမ်အသင်းကို ကိုင်တွယ်စဉ်က သူ၏တိုက်စစ်ကစားကွက် ခင်းကျင်းပုံမှာ ဆောက်ပ်သမ်တန်အသင်းတုန်းက ကစားပုံနှင့် ဆင်တူခဲ့သည်..။ အဆိုပါအသင်းများတွင် အာဂျင်တီးနားနည်းပြမှာ အထောင်တိုက်စစ်မှူး No.9 က ကွင်းလယ်မှ ပြေးတက်လာသည့် box to box ကွင်းလယ် ကစားသမားများနှင့် အနီးကပ်တွဲလုံးများ ဖန်တီးသည့်ပုံစံကို သုံးစွဲခဲ့သည်..။
မော်ရစ်စ်စီယို မှာ တိုက်စစ်မှူး ရစ်ကီ လမ်းဘတ် နှင့် ဟာရီ ကိန်း တို့၏ အကောင်းဆုံးခြေစွမ်းများ ရရှိလာအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဆိုပါတိုက်စစ်မှူးများမှာ ဂိုးသွင်းယူရုံသာမက နောက်တန်းလူများကြားမှ ဘောလုံးကိုထိန်းထားပြီး (hold up play) ကွင်းလယ်ကစားသမားများနှင့် တွဲဖက် ကစားရာတွင်လည်း ကောင်းမွန်ခဲ့သည်..။ အဆိုပါတိုက်စစ်အခင်းအကျင်းကြောင့် တိုက်စစ်မှူးများနှင့် အနီးကပ်တွဲဖက် ကစားရသည့် အဒမ် လာလားနား၊ ဂျေး ရိုဒရီဂွတ်ဇ်၊ ဒယ်လီ အားလီ နှင့် ဆွန် ဟောင်မင်း တို့ အကျိုးဖြစ်ထွန်းခဲ့သည်..။
လက်ရှိချယ်လ်ဆီးအသင်းတွင် တိုက်စစ်ကစားသမား အများအပြား ရှိနေသော်လည်း အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် ကစားနိုင်သည့် တိုက်စစ်မှူးမရှိသေးပေ..။ ယခုနှစ်ရာသီတွင် အသစ်ခေါ်ယူထားသော နီကိုးလပ်စ် ဂျက်ဆန် နှင့် ကာလရှည်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသည့် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျားစ် တို့မှာ သူလိုချင်တဲ့ တိုက်စစ်မှူးပုံစံ ဖြစ်လာမလား..? စောင့်ကြည့်ရပေဉီးမည်..။ ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ ချယ်လ်ဆီးကစားသမားအဖြစ် ရှိနေဆဲဖြစ်သော်လည်း သူ၏အနာဂတ်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ..။
ကစားကွက် အခင်းအကျင်းအနေဖြင့် မော်ရစ်စ်စီယို မှာ ၄- ၂- ၃- ၁ ကစားကွက်ကို နည်းပြသက်တမ်းတစ်လျှောက် အများဆုံးသုံးစွဲခဲ့သည်..။ တော့တင်ဟမ်အသင်းကို ကိုင်တွယ်စဉ်ကာ ၄- ၃- ၃ ကစားကွက်အထိုင်ကို သုံးစွဲမှုနည်းပါးခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိချိန်တွင် နာမည်ကျော် တိုက်စစ်မှူး သုံးယောက်ကြောင့် ၄- ၃- ၃ ကစားကွက်ကို အများဆုံးသုံးစွဲခဲ့သည်..။
သို့သော် တော့တင်ဟမ်အသင်းနှင့် အထွဋ်အထိပ်အရောက်ဆုံးကာလတွင် ပိုချက်တီနို မှာ သုံးယောက်တန်း ခံစစ်ကြောင်း ‘three men defence’ ကစားကွက်အား အလေးထား သုံးစွဲခဲ့သည်ကို တွေ့ခဲ့ရသည်..။ တိုက်စစ်မှူးနှစ်ယောက်ဖြင့် တိုက်စစ်ကစားကွက် ခင်းကျင်းလာသော အသင်းများနှင့် ရင်ဆိုင်ရချိန်တွင် ဗဟိုခံစစ်မှူးသုံးယောက်ဖြင့် ပြန်လည်တုံ့ပြန်ရန် ရည်ရွယ်ပြီး စတင်သုံးစွဲခဲ့ရာမှာ နောက်ပိုင်းတွင် အဓိကပွဲကြီးများ၌ သုံးယောက်တန်း ခံစစ်အထိုင် အသုံးများခဲ့သည်ကို တွေ့ရပါသည်..။ နောက်ခံလူ အဲရစ်ခ် ဒိုင်ယာ မှာ အဆိုပါ three men defence အခင်းအကျင်းတွင် နောက်တန်းခံစစ်ကြောင်းနဲ့ ကွင်းလယ်ကြားတွင် ရွှေ့လျားကစားနိုင်စွမ်း ရှိသောကြောင့် ပိုချက်တီနို အနေဖြင့် နောက်တန်းခံစစ်သုံးယောက်တန်းမှ လေးယောက်တန်း ခံစစ်ပုံစံအထိုင်ကို အလွယ်တကူ ပြောင်းလဲနိုင်စွမ်းရှိခဲ့သည်…။
ကွင်းလယ်ပိုင်းအနေဖြင့် အင်ဇို ဖာနန်ဒက်စ် မှာ ချယ်လ်ဆီးအသင်း၏ကွင်းလယ်အနာဂတ်ကို ဉီးဆောင်မည့် ကစားသမား ဖြစ်နိုင်ပြီး အာဂျင်တီးနား လူငယ်ကွင်းလယ် ကစားသမားမှာ ဘောလုံးဆုံးရှုံးချိန် (without the ball) တွင် ခံစစ်ပိုင်း ကူညီနိုင်စွမ်း၊ ဖျက်ထုတ်ပုံနှင့် နေရာယူမှုများ ကောင်းမွန်သလို ဘောလုံးဖြန့်ဝေမှု၊ ပေးပို့မှုတို့တွင်လည်း ထူးချွန်သူဖြစ်သည်..။
၂၀၁၆/၁၇ ဘောလုံးရာသီတွင် အီတလီနည်းပြ အန်တိုနီယို ကွန်တီ မှာ ချယ်လ်ဆီးအသင်းအား ‘three men defence’ ပုံစံသွတ်သွင်းပြီး အင်္ဂလိပ်ဘောလုံးလောကအတွက် နည်းစနစ်ပိုင်း အပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့ချိန်မှစတင်၍ အသင်းမှာ နောက်တန်းသုံးယောက်ခံစစ်ကြောင်းနှင့် ပိုပြီးအဆင်ပြေနေသည်ကို တွေ့ရပါသည်..။ သို့သော် wing backs များဖြစ်ကြသည့် ဘင် ချီးဝဲလ် နှင့် ရိစ် ဂျိမ်းစ် တို့ ဒဏ်ရာပြဿနာနှင့် ကြုံတွေ့ခဲ့ရသည့် မနှစ်ကဘောလုံးရာသီတွင် ရုန်းကန်ခဲ့ရသည်..။
ဘင် ချီးဝဲလ် နှင့် ရိစ် ဂျိမ်းစ် တို့မှာ ဘယ်တောင်ပံ၊ ညာတောင်ပံ နောက်ခံလူ (conventional full backs) များအဖြစ်ပါ အကောင်းဆုံး ကစားပေးနိုင်ကြသူများ ဖြစ်သောကြောင့် နည်းပြပိုချက်တီနို အနေဖြင့် ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းအထိုင်ကို လိုအပ်သလို အပြောင်းအလဲပြုလုပ်နိုင်ရန် လွယ်ကူပေလိမ့်မည်..။
တကယ်တမ်းတွင် အရေးကြီးသလောက် ရိုးရှင်းလှသော မေးခွန်းတစ်ခုက မော်ရစ်စ်စီယို ပိုချက်တီနို မှာ ချယ်လ်ဆီးအသင်းနှင့် သင့်တော်သော မန်နေဂျာတစ်ယောက် ဖြစ်လာမလား..? ဆိုသည့် ပဟေဋိဖြစ်သည်..။ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့သော မန်နေဂျာများအနက် ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး ပွဲကိုလွှမ်းမိုးနိုင်ရန် ဆိုသည့် နည်းစနစ်ပိုင်း အယူအဆကို ကိုင်စွဲခဲ့သူ အင်ဒရေ ဗီလက်ရှ် ဘိုအက်ရှ်၊ မော်ရစ်စ်ဇီယို ဆာရီ နှင့် ဂရေဟမ် ပေါ်တာ တို့အပေါ် အသင်းပရိသတ်များ၏ နှစ်ခြိုက်၊ လက်ခံမှု နည်းပါးခဲ့သည်..။ အနိုင်ရဖို့ကိုပဲ ဉီးစားပေးပြီး အသင်းရှိလူစာရင်းနှင့် ကိုက်ညီမည့် အခင်းအကျင်းကို လိုအပ်သလို ပြောင်းလဲသုံးစွဲခဲ့သည့် နည်းပြများမှာ အသင်းတွင် ပိုပြီးအောင်မြင်မှု ရရှိခဲ့သည့် အစဉ်အလာ ရှိနေခဲ့သည်..။
ထို့ကြောင့်လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ယခုခေတ်သစ် ဘောလုံးလောကနှင့် လိုက်လျောညီထွေဖြစ်မည့် ကစားဟန်အတိုင်း အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း မရှိသေးသည့် ထိပ်သီးအသင်းလို့ ပြောရမလို ဖြစ်နေပါသည်..။ ဘောလုံးပရိသတ်များရဲ့အမြင်တွင် ချယ်လ်ဆီးအသင်းမှာ ကစားဟန် ဆွဲဆောင်မှုမရှိသော်လည်း ဆုဖလားများကို ဆွတ်ခူးနေကျ အသင်းတစ်သင်းအဖြစ်သာ တံဆိပ်ကပ်ထားကြပါသည်..။ တော့တင်ဟမ်အသင်းကို ကိုင်တွယ်စဉ်က ပိုချက်တီနို မှာ ဆုဖလားများကို ဆွတ်ခူးနိုင်ရေးကို အဓိကအာရုံမစိုက်ခဲ့သည့်ပုံစံ မြင်တွေ့နေခဲ့ရသောကြောင့် အာဂျင်တီးနား နည်းပြမှာ ဆုဖလား၊ အောင်မြင်မှုနှင့် အနိုင်ပွဲများကိုသာ အစဉ်တစိုက် တောင်းဆိုတတ်သည့် ချယ်လ်ဆီးအသင်း ပရိသတ်များနှင့် သဟဇာတ ဖြစ်ပါ့မလား.. ဆိုသည့် သံသယရှိနိုင်ပါသည်..။
ထို့အပြင် ‘ပိုချက်တီနို’ ဆိုသည်နှင့် ပရီးမီးယားလိဂ် ပရိသတ်များက တော့တင်ဟမ်အသင်းနည်းပြအဖြစ် အရင်ဆုံးပြေးပြီး မြင်မိနေသည့် အနေအထားကနေ ယခုအချိန်တွင် သူ၏အဓိက အခါးသီးဆုံး ပြိုင်ဘက်အသင်းကို ပြောင်းလာသလို ဖြစ်နေခဲ့သည်..။ သူ၏တော့တင်ဟမ်အသင်း နည်းပြဘဝတွင် ဟိုဆေး မော်ရင်ဟို ၏ ချယ်လ်ဆီးအသင်းအပေါ် ၅ဂိုး- ၃ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ၂၀၁၅ ခုနှစ် နှစ်သစ်ကူးအောင်ပွဲ၊ ချယ်လ်ဆီးအသင်းက ခြေစွမ်းမသာခဲ့သော်လည်း ၂ဂိုး- ဂိုးမရှိ အနိုင်ရလဒ်ဖြင့် လိုအပ်သည့်အနိုင်ပွဲကို အရယူသွားနိုင်ခဲ့သည့် လိဂ်ဖလား ဗိုလ်လုပွဲ၊ ၂၀၁၅/၁၆ ဘောလုံးရာသီတွင် လက်စ်တာ အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သေချာစေခဲ့သည့် ချယ်လ်ဆီးအသင်းနှင့် တော့တင်ဟမ် တို့ကြားမှာ နာမည်ကျော် ‘စတန်းဖို့ဒ် ဘရစ်ခ်ျတိုက်ပွဲ (Battle of Stamford Bridge)’ တို့မှာ လူသိများခဲ့သည်..။
၂၀၁၆/၁၇ ဘောလုံးရာသီတွင် အန်တိုနီယို ကွန်တီ ၏ (၁၄) ပွဲဆက်တိုက် နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်နိုင်ခဲ့သည့် တော့တင်ဟမ်အသင်း၏ ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်နှင့် အဆိုပါဘောလုံးရာသီအတွင်း FA ဖလား အကြိုဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းက ၄ဂိုး- ၂ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည့် ပွဲစဉ်ကိုလည်း အများက အမှတ်ရနေခဲ့ကြသည်..။ အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူး ဆွမ် ဟောင်မင်း အား ဘယ်တောင်ပံ wing back အဖြစ် ကစားစေခဲ့သည့် သူ၏ပွဲချဉ်းကပ်ပုံနှင့် လူအခင်းအကျင်းမှာ ပရိသတ်များနှင့် လေ့လာသူများကို အံ့အားသင့်စေခဲ့သည်..။
ထိုပွဲအပြီးတွင် ပိုချက်တီနို မှာ အဝတ်လဲခန်းအတွင်းတွင် ချယ်လ်ဆီးအသင်းနည်းပြ အန်တိုနီယို ကွန်တီ နှင့် စကားလက်ဆုံကြခဲ့ပြီး ‘ချဉ်းကပ်ပုံနဲ့ နည်းစနစ် အယူအဆ မတူညီသောသူနှစ်ဉီး၏ ရင်ဆိုင်ပွဲ’ အဖြစ် သူ၏ကိုယ်ရေးစာအုပ်ထဲတွင် အောက်ပါအတိုင်း မှတ်တမ်းတင် ပြောကြားခဲ့သည်..။
“ချယ်လ်ဆီးလိုအသင်းကြီး တစ်သင်းရဲ့ မန်နေဂျာနဲ့ ပြောဆို၊ ဆွေးနွေးရတာဟာ မတူညီတဲ့ အခြင်းအရာတွေ ဘယ်လိုဖြစ်ပျက်နေလဲ..? သက်သေထူနေတာလို့ ပြောနိုင်ပါတယ်..။ ကျွန်တော်တို့နှစ်သင်းဟာ လိဂ်ပြိုင်ပွဲတစ်ခုထဲမှာ ယှဉ်ပြိုင်နေကြတဲ့ မြို့ခံအသင်းနှစ်သင်း ဖြစ်ကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ အသင်းကိုယ်စီမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေက ခြားနားပါတယ်..။”
အခုအချိန်မှာတော့ သူတို့နှစ်ဉီး၏ အခြေအနေမှာ ပြောင်းပြန်ဖြစ်ခဲ့ပြီလို့ပဲ ပြောရပေလိမ့်မည်..။ အန်တိုနီယို ကွန်တီ မှာ တော့တင်ဟမ် အသင်းနှင့် မည်သို့မျှ အံဝင်ဂွင်ကျ၊ တစ်သားတည်း မဖြစ်ခဲ့ပေ..။ ပိုချက်တီနို အတွက် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာသည့် ကာလများမှာ တော့တင်ဟမ်အသင်းနှင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများထက် ပိုပြီးသာလွန်၊ အောင်မြင်သော အတွေ့အကြုံသစ်တစ်ခု ဖြစ်လာမလား..? ဆိုသည်ကိုတော့ စောင့်ကြည့်ရပေဉီးမည်..။
(The Athletic မှ ဆောင်းပါးရှင် Michael Cox ၏ ‘Analysed: The style of football Chelsea fans should expect from Mauricio Pochettino’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)