feature-image

‘ခရစ္စတိုဖာ အန်ကန်ကူ’ အပေါ် နည်းစနစ်ပိုင်း သုံးသပ်ချက်များ….

ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် RB လိုက်ပ်ဇစ်အသင်းကနေ အောင်မြင်မှုတွေနဲ့အတူ ထွက်ခွာလာခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကန်ကူ ဟာ ချယ်လ်ဆီးပရိသတ်တွေရဲ့ အမြင်မှာတော့ အသွင်သစ်၊ အမြင်သစ်တွေနဲ့ အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့အနာဂတ်ကို ပခုံးထမ်းသယ်ဆောင်ပေးမယ့် သွေးသစ်တစ်ဉီးအဖြစ် မျှော်လင့်ချက်တွေ ကြီးမားနေပါတယ်..။

Player's Profile

အသက် (၂၅) နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂/၂၃ ဘောလုံးရာသီမှာ ကာလရှည်ဒူးဒဏ်ရာကြောင့် ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရသလို လိုက်ပ်ဇစ်အသင်းရဲ့ ပွဲအတော်များများမှာ မပါဝင်နိုင်ခဲ့ပါဘူး..။ ဒါပေမယ့် ရာသီကုန်ချိန်မှာတော့ သူဟာဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေမှာ (၁၆) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဝါဒါ ဘရီမင်အသင်း တိုက်စစ်မှူး နီကလပ်စ် ဖူးလ်ကရပ်ဂ် နဲ့အတူ ဂိုးအများဆုံး သွင်းယူပေးနိုင်တဲ့ ကစားသမားအဖြစ် ရွှေဖိနပ်ဆုကို ပူးတွဲ၊ ဆွတ်ခူးနိုင်ခဲ့ပါတယ်..။

၂၀၂၁/၂၂ ဘောလုံးရာသီမှာ သူဟာလိုက်ပ်ဇစ်အသင်းအတွက် သွင်းဂိုး (၂၀)၊ ဂိုးဖန်တီးမှု (၁၃) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး နာမည်ကျော် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီး ကို ကျော်ဖြတ်ကာ ‘ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ရရှိခဲ့ပါတယ်..။ ဒါ့အပြင် ပြင်သစ်တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်အသင်းကို ပခုံးထမ်း သယ်ဆောင်ပြီး အသင်းအတွက် DFB Pokal ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်…။



ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီမှာ SC ဖရိုင်းဘတ်ခ် အသင်းကို ၂ - ၀ နဲ့ အနိုင်ရရှိခဲ့တဲ့ DFB Pokal ဖလားဗိုလ်လုပွဲမှာ သွင်းဂိုး (၁) ဂိုး၊ ဒိုးမီနစ်ခ် ဆာဘိုဆလိုင်းဇ် ရဲ့ ဒုတိယအနိုင်ဂိုးကို ဖန်တီးပေးမှု အပါအဝင် ပြိုင်ပွဲစုံ သွင်းဂိုး (၂၃) ဂိုး ရရှိခဲ့ပါတယ်..။ ပီအက်စ်ဂျီအသင်းကနေ မွေးထုတ်ပေးခဲ့တဲ့ တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်အသင်းအတွက် စုစုပေါင်းသွင်းဂိုး (၆၄) ဂိုး၊ ဂိုးဖန်တီးမှု (၃၈) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။

ပြင်သစ်လက်ရွေးစင် အသင်းနည်းပြ ဒီဒီယာ ဒက်စ်ချမ့် ကလည်း ဂျီဘရော့တာ၊ ဂရိအသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ၊‌ ခြေစစ်ပွဲတွေအတွက် သူ့ကိုပြန်လည် ရွေးချယ်ခဲ့ပါတယ်..။

“အရင်တုန်းကဆိုရင် အန်ကန်းကူ ကို ပြင်သစ်လက်ရွေးစင်ဖြစ်လာဖို့ ထိပ်တန်းအသင်းကြီး တစ်သင်းသင်းကို ပြောင်းရွှေ့ဖို့ တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီထင်ကြေးနဲ့ တိုက်တွန်းမှုတွေ မှားယွင်းကြောင်းကို ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပါတယ်..။”
- ဒေါမီနစ်ခ်ကို တီဒက်စ်ကို (RB လိုက်ပ်ဇစ်အသင်းနည်းပြ)

Style of Play နဲ့ ပြောင်းလာတဲ့ ကစားဟန်အဆင့်ဆင့်

အန်ကန်းကူ ဟာ ညာခြေကို အားပြုကစားသည့် တိုက်စစ်မှူးတစ်ဉီးဖြစ်ပြီး တောင်ပံကစားသမားအနေနဲ့ပါ ကစားပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဘောလုံးသယ်ယူခြင်း (dribbling) နဲ့ ဂိုးဧရိယာထဲမှာ နေရာလွတ် ရှာဖွေရာမှာ ထူးချွန်ပါတယ်...။ ဘောလုံးအထိန်းအသိမ်း ကောင်းမွန်သလို ခြေနှုတ်ခြေသိမ်း မြန်ဆန်ပြီး ပြိုင်ဘက် ကစားသမားတွေကို အရှိန်အဟုန်နဲ့ ကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်..။ အထူးသဖြင့် ကြံ့ခိုင်မှုကောင်းမွန်တဲ့ သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ ခွန်အားကိုအသုံးပြုပြီး ပြိုင်ဘက်ကစားသမားကို ကိုယ်နဲ့ကာ၊ ဘောလုံးထိန်းပြီး တွန်းတိုက် ဆွဲထွက်နိုင်တဲ့သူလည်း ဖြစ်ပါတယ်..။

သူဟာဘောလုံးကိုင်ပြီး ကစားတတ်တဲ့သူဖြစ်ပေမယ့် မိမိအသင်းရဲ့တိုက်စစ်ကစားသမားတွေအတွက် ချိန်သားကိုက် ဖန်တီးပေးပို့မှုတွေ ပြုလုပ်ပေးရာမှာလည်း ကောင်းမွန်ပါတယ်..။ အထူးသဖြင့် ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲတဲ့အချိန် (transition) တွေမှာ နေရာလွတ်ထဲကို ပြေးတက်လာမယ့် အသင်းဖော်တွေကို ချိန်သားကိုက် ပေးပို့မှု (through balls) တွေ ပြုလုပ်ပေးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်..။ အန်ကန်းကူ ဟာ တိုက်စစ် ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူ့ရဲ့အခွင့်အရေး ဖန်တီးနိုင်စွမ်းနဲ့ ဂိုးဖန်တီးမှု အပိုင်းတွေမှာ ပိုမိုတိုးတက်လာခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ ဂိုးပေါက်ကို ကျောပေးပြီး (back to the goal) ကစားနိုင်စွမ်းရှိသူ၊ အမြင့်ဘောတွေကိုထိန်းပြီး အသင်းဖော်များနဲ့ တွဲကစားနိုင်တဲ့သူ (link up play) လည်း ဖြစ်သလို တစ်နေရာထဲမှာ ပုံသေကစားလေ့မရှိပဲ တစ်ကွင်းလုံးအနှံ့ ရွှေ့လျားပြီး အသင်းဖော်တွေနဲ့ နေရာပြောင်းလဲ ကစားတတ်တဲ့သူလည်း ဖြစ်ပါတယ်..။


ပီအက်စ်ဂျီအသင်းကို အူနိုင်း အမ်မရီ ကိုင်တွယ်စဉ်က စပိန်နည်းပြကြီးဟာ အန်ကန်းကူ ကို ၄- ၃- ၃ ကစားကွက်မှာ ‘No.8’ အနေနဲ့ သုံးစွဲခဲ့ပါတယ်..။ သူဟာ ဘယ်နောက်ခံလူ လေဗင်း ကာဇာဝါ နဲ့ တွဲဖက်ညီခဲ့သလို တိုက်စစ်မှူး သုံးယောက်အတွက် through balls ပေးပို့မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..(အောက်ပါပူးတွဲပုံ)။ ဒါ့အပြင် သူ့ရဲ့လျှင်မြန်တဲ့ ရွှေ့လျားမှုတွေ၊ ဘောလုံးနဲ့အတူ ဖြတ်ကျော်နိုင်မှုတွေနဲ့အတူ ပြိုင်ဘက်ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့ပါတယ်..။

သောမတ်စ် တူခယ်လ် ကလည်း သူ့ကို ‘No.8’ အနေနဲ့ပဲ ဆက်လက်သုံးစွဲခဲ့ပေမယ့် ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ရွှေ့လျားကစားခဲ့ပါတယ်..။ လိုက်ပ်ဇစ်အသင်းကိုရောက်စမှာ နည်းပြဂျူလီယန် နာဂယ်စ်မန်း ကလည်း အဲဒီပုံစံအတိုင်း အရှင်ရွှေ့လျား ကစားစေခဲ့ပါတယ်..။ ဒါပေမယ့် နည်းပြနာဂယ်စ်မန်း ဟာ တိုက်စစ်ပိုင်းမှာ ပိုမိုထူးချွန်နိုင်မယ့် သူ့ရဲ့အလားအလာကို သတိထားမိခဲ့တာကြောင့် တိုက်စစ်မှာ ပိုမိုတာဝန်ယူစေခဲ့ပြီး ကနဉီးမှာ ဘယ်တောင်ပံ တိုက်စစ်ကစားသမားအဖြစ် ကစားစေခဲ့ပါတယ်..။


နည်းပြနာဂယ်စ်မန်း ရဲ့ လက်အောက်မှာ သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ နောက်ခံလူတွေကို တစ်ယောက်ချင်း ကျော်ဖြတ်နိုင်စွမ်းတွေမှာ ပိုပြီးတိုးတက်လာခဲ့ပါတယ်..။ ဒါ့အပြင် တောင်ပံတစ်လျှောက် နောက်ခံလူတွေ၊ ကွင်းလယ် ကစားသမားတွေနဲ့ ချိတ်ဆက်ကစားရာမှာလည်း ပိုမိုကောင်းမွန်လာခဲ့ပါတယ်..။ အထူးသဖြင့် ကွင်းလယ်က မျှောချပေးလိုက်တဲ့ဘောလုံးတွေကို အရယူတဲ့နေရာနဲ့ ကွင်းလယ်က ပြေးတက်လာမယ့် runners တွေကို ချိန်သားကိုက် ထိုးပေးတဲ့ နေရာတွေမှာ ပိုပြီးကောင်းမွန်လာခဲ့ပါတယ်..။

၂၀၂၁/၂၂ ဘောလုံးရာသီ၊ RB လိုက်ပ်ဇစ်နည်းပြ ဒေါမီနစ်ခ်ကို တီဒက်စ်ကို ဟာ ယခင်နည်းပြ နာဂယ်စ်မန်း အသုံးပြုခဲ့တဲ့ ၄- ၂- ၃- ၁ ကစားကွက်.. ဒါမှမဟုတ် ၃- ၅- ၂ ကစားကွက်ကို ဆက်လက်သုံးစွဲခဲ့ပေမယ့် အန်ကန်းကူ ကို တိုက်စစ်မှူးစစ်စစ်အဖြစ် ပြောင်းလဲကစားစေခဲ့ပါတယ်..။  သူဟာအခြားတိုက်စစ်မှူး တစ်ယောက်နဲ့ တွဲဖက်ကစားခဲ့အခါမှာ ပိုပြီးခြေစွမ်းပြနိုင်သလို သူ့ရဲ့  off the ball ရွှေ့လျားမှုတွေကြောင့် အင်ဒရေ ဆေးလ်ဗား/ ယူဆွပ်ဖ် ပေါ်လ်ဆန် တို့ဟာ ဂိုးသွင်းခွင့်တွေ ပိုမိုရရှိခဲ့ပါတယ်..။


၄- ၂- ၃- ၁ ကစားကွက်နဲ့ ခင်းကျင်းချိန်မှာတော့ သူဟာ ကွင်းလယ်ဖန်တီးရှင် ‘No.10’ နေရာကနေ ကစားလေ့ရှိပါတယ်..။ ခရစ္စတိုဖာ အန်ကန်ကူ ဟာ စွယ်စုံရ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းနိုင်သလို အသင်းဖော်တွေအတွက် ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်စွမ်း ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပါတယ်..။ ဒါ့အပြင် နေရာစုံကစားနိုင်တဲ့သူဖြစ်တယ်..၊ တစ်ဉီးချင်းဘောလုံးစွမ်းရည်နဲ့ ကြံ့ခိုင်မှုပိုင်းတွေမှာလည်း ကောင်းမွန်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်..။

အန်ကန်ကူး ၏ နည်းစနစ်ပိုင်းဆိုင်ရာ အားသာချက်များ

ခရစ္စတိုဖာ ရဲ့ ပင်ကိုယ်ပါရမီ အားသာချက်တွေထဲမှာ ကွင်းအတွင်းမှာရှိတဲ့ ကစားသမားတွေရဲ့ ရွှေ့လျားမှုကို မှတ်သားထားနိုင်စွမ်း ကောင်းမွန်တာကြောင့် နေရာလွတ်တွေကို တမဟုတ်ချင်း ရှာဖွေရာမှာ (spatial awareness) ထူးချွန်တာပဲ ဖြစ်ပါတယ်..။ နေရာလွတ်တွေကို ပြိုင်ဘက်ကစားသမားတွေထက်ကြိုပြီး မြင်နိုင်စွမ်း ရှိတာကြောင့် ဘောလုံးလက်ခံယူတဲ့နေရာ၊ ဘောလုံးပေးပို့တဲ့နေရာနဲ့ အခွင့်အရေးတွေ ဖန်တီးပေးတဲ့ နေရာမှာ တစ်ပန်းသာစေပါတယ်..။ ထိုသို့နေရာလွတ်တွေကို သူများတွေထက် ပိုပြီးလျှင်လျှင်မြန်မြန် ရှာဖွေနိုင်ခြင်းကြောင့် အဖိုးတန်တဲ့ စက္ကန့်ပိုင်းလေးတွေကို အသုံးချပြီး အသင်းဖော်တွေကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်..။



ခြေနှုတ်ခြေသိမ်း လျှင်မြန်တဲ့အတွက် နေရာကျဉ်းကျဉ်းလေးတွေထဲမှာ ခန္ဓာကိုယ်ကို ယိမ်းနွဲ့အသုံးချပြီး ပြိုင်ဘက်တွေ ဖျက်ထုတ်လို့မရအောင်‌ ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်စွမ်း (dribbling) ရှိပါတယ်..။ သူဟာ ဘောလုံးတွေကို ဆွဲထွက်ရာမှာ သူဆွဲထွက်မယ့် လမ်းကြောင်းကို ခန့်မှန်းရခက်ခဲအောင် အာရုံပြောင်းလဲ၊ လှည့်စားမှု (deception) ပြုလုပ်လေ့ ရှိတတ်ပါတယ်…။ သူဟာလျှင်မြန်မှု (acceleration) နဲ့ ဟန်ချက်ထိန်းညှိနိုင်စွမ်း (balance) ကို အကောင်းဆုံး ပေါင်းစပ်နိုင်တဲ့အတွက် အရှိန်နဲ့ပြေးလွှားရင်း အဝေးကပေးပို့လာတဲ့ ဘောလုံးတွေကို ခြေထောက်နဲ့ကပ်နေအောင် ထိန်းထားနိုင်စွမ်းရှိတဲ့အပြင် ဘောလုံးကိုထိန်းထားရင်း..၊ ဒါမှမဟုတ် အတိုလေးဆွဲထုတ်ရင်း ခန္ဓာကိုယ် လှည့်စားမှု (body feint) ကိုပါ တပါတည်း ပြုလုပ်နိုင်စွမ်း ရှိပါတယ်..။

အန်ကန်းကူ ဟာ ငယ်စဉ်ဘဝက ရွယ်တူကလေးများနဲ့စာရင် ခန္ဓာကိုယ်ကြီးထွားမှု အားနည်းခဲ့တာကြောင့် မိုနာကိုအသင်း၊ RC လန်းစ် အသင်းတွေက ပယ်ချခဲ့ပါတယ်..။ ဒါပေမယ့် အခုဆိုရင် သူဟာ ဘောလုံးအရယူတဲ့နေရာ (shielding)၊ ပြစ်ဒဏ်ဘောရရှိအောင် ပါးပါးနပ်နပ် လှဲချတဲ့နေရာတွေမှာ ကြံ့ခိုင်မှုကောင်းမွန်လှတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကောင်းကောင်းအသုံးချတတ်တာကို တွေ့ခဲ့ရပါတယ်..။

ခရစ္စတိုဖာ ဟာ တိုက်စစ်မှူးနေရာကို ပြောင်းလဲကစားခဲ့ပြီးနောက်ပိုင်းမှာ သူ့ရဲ့ with the ball..၊ without the ball လှုပ်ရှားမှုတွေ (movement) အထူးတိုးတက် ကောင်းမွန်လာခဲ့ပါတယ်..။ ကွင်းလယ်နဲ့ တောင်ပံတွေမှာ ကစားရစဉ်က ဘေးစည်းတစ်လျှောက် လှုပ်ရှားရခြင်းနဲ့ ဘောလုံးကို ခံစစ်ဇုန်အထိ ဆင်းယူရခြင်းတို့ကြောင့် သူ့ရဲ့အကွက်မြင်မှု၊ ပါးနပ်မှုတွေကို ကန့်သတ်ထားသလို ဖြစ်ခဲ့ပေမယ့် တိုက်စစ်ဇုန်မှာပဲ တာဝန်ယူရချိန်မှာ နေရာလွတ်တွေကို ရှာဖွေနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း ပိုပြီးတိုးတက်လာခဲ့ပါတယ်..။ ဒါ့အပြင်ကွင်းထဲမှာ နေရာစုံရွှေလျားပြီး အသင်းဖော်တွေနဲ့လည်း နေရာပြောင်းလဲ ကစားတတ်၊ ဘောလုံးကိုလည်း ကွင်းလယ်အထိ ဆင်းယူတတ်တာကြောင့် သူ့ကိုလူကပ်ကစားရ ခက်ခဲသလို လူကျွံဘောဖမ်းဖို့လည်း ခက်ခဲပါတယ်..။

ကစားကွက်အမြင် ကောင်းမွန်ပြီး မိမိအသင်းဖော်တွေရဲ့ ရွှေ့လျားမှုတွေကို ကြိုတင်မှန်းဆနိုင်စွမ်းလည်း ထူးချွန်တာကြောင့် ချိန်သားကိုက် ပေးပို့မှုတွေ (through balls)၊ ထောင့်ဖြတ်ပေးပို့မှုတွေ (diagonal balls) ပါ တိကျသေသပ်ပြီး ပြီးခဲ့တဲ့ နောက်ဆုံးသုံးရာသီမှာ သေချာပေါက် ဂိုးသွင်းခွင့် (big chances) (၃၉) ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။



ခံစစ်ပိုင်းကူညီမှုနှင့် လုပ်အားနှုန်း - ပြင်သစ်တိုက်စစ်မှူးဟာ လုပ်အားနှုန်း အထူးကောင်းမွန်ပြီး ဖိအားပေး ကစားရာမှာလည်း (pressing) ထူးချွန်သူဖြစ်ပါတယ်...။ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ တစ်ပွဲကိုပျမ်းမျှ (၂၂-၂၃) ကြိမ်အထိ ဖိအားပေး ကစားနိုင်ခဲ့ပြီး ကွင်းလယ်မှာကစားခဲ့စဉ်က ခံစစ်ဇုန်အထိ အတင်းလိုက်ဖျက်ထုတ် ကစားခဲ့ပါတယ်..။ ဒါပေမယ့်တိုက်စစ်မှူးအဖြစ် တာဝန်ယူရချိန်မှာတော့ ခံစစ်ကနေတိုက်စစ်ကို ပြောင်းလဲတဲ့ transition တွေမှာ အသင်းအတွက် အကောင်းဆုံး အသုံးချနိုင်ဖို့ကို အဓိကအာရုံစိုက် ကစားခဲ့ပါတယ်..။

အဆုံးသတ် ဂိုးသွင်းခြင်း - ခရစ္စတိုဖာ အန်ကန်းကူ ဟာ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်၊ အနီးကပ်ပိတ်သွင်းခြင်း၊ အဝေးကန်ချက် စသဖြင့် နေရာအစုံ၊ ပုံစံမျိုးစုံ ဂိုးသွင်းယူပေးနိုင်သူ ဖြစ်သလို ဂိုးသွင်းရာမှာ သွေးအေးပြီး သေသပ်တဲ့သူ (composure) ဖြစ်ပါတယ်..။



Set pieces – တိုက်ရိုက်ပြစ်ဒဏ်ဘောတွေ ကန်သွင်းရာမှာ ထူးချွန်သူဖြစ်သလို ထောင့်ကန်ဘောတွေ ကန်တင်ရာမှာ အတွင်းဝှေ့ဝှိုက်ပြီး ဝင်လာတဲ့ ကန်ချက်တွေ (in-swinging corners) ကို အသုံးပြုတာ များပါတယ်..။ ဒါ့အပြင်တည်ကန်ဘောတွေ ပေးပို့ရာမှာ တိကျတာကြောင့် တည်ကန်ဘောတွေကနေ ရရှိခဲ့တဲ့ ဂိုးဖန်တီးပေးမှု (assists) တွေ ရာခိုင်နှုန်း အတော်များများ ပါဝင်ခဲ့ပါတယ်..။

အားနည်းချက်များ

ပင်နယ်တီကန်သွင်းတဲ့ ရလဒ်ပိုင်းမှာ (၁၀) ဂိုးကန်သွင်းရာမှာ (၈) ဂိုးရရှိခဲ့တာကြောင့် ကောင်းမွန်တယ်လို့ ပြောနိုင်ပေမယ့် အဲဒီ (၁၀) လုံးမှာ (၉) လုံးကို ဂိုးသမားရဲ့ ညာဘက်ကိုပဲ ကန်သွင်းခဲ့တာ တွေ့ရပါတယ်..။ ရန်းန်အသင်းနဲ့ပွဲမှာ ဂိုးသမားရဲ့ဘယ်ဘက်ကို တစ်ကြိမ်ကန်သွင်းခဲ့ဖူးပေမယ့် လွဲချော်ခဲ့ပါတယ်..။ ဒါ့ကြောင့်အသင်းမှာ စိတ်ချရတဲ့ ပင်နယ်တီကန်သွင်းသူ တစ်ယောက်ဖြစ်ဖို့ဆိုရင် ဂိုးသမားတွေ မှန်းဆဖို့ခက်ခဲနိုင်မယ့် နည်းစနစ်တွေကို ထပ်မံလေ့ကျင့်ဖို့ လိုအပ်လိမ့်မယ်..။

ခရစ္စတိုဖာ အန်ကန်းကူ ဟာ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရသလို သူ့ရဲ့ကစားသမား သက်တမ်းတစ်လျှောက် ဒဏ်ရာကြောင့်မကြာခဏ အနားယူခဲ့ရတဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ အင်အားသုံးကစားခြင်းနဲ့ လျှင်မြန်မှုကို တပြိုင်နက်ထဲ ပေါင်းစပ်ကစားလေ့ ရှိတာကြောင့် ပွဲကြို၊ ပွဲပြီး ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို သေသေချာချာ ပြင်ဆင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်...။

သူဟာအာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ကိုင် ဟာဗာ့ဇ် လိုပဲ ဂိုးဧရိယာထဲမှာ ခံစစ်မှူးတွေကို တစ်ချိန်လုံး တွန်းတိုက် ကစားနေနိုင်တဲ့ တိုက်စစ်မှူးမျိုး မဟုတ်ပဲ တစ်ကွင်းလုံးအနှံ့ ရွှေ့လျားပြီး တောင်ပံတွေကနေ ဂိုးဧရိယာထဲကို အချိန်ကိုက် နေရာယူ ပြေးဝင်လေ့ရှိပါတယ်..။ ဒါ့ကြောင့်အထောင်တိုက်စစ်မှူးအနေနဲ့ ကစားခိုင်းမယ်ဆိုရင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်လှတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ခံစစ်မှူးတွေကို 1 vs 1 တစ်ဉီးချင်း ရင်ဆိုင်၊ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်..။

ခရစ္စတိုဖာ အန်ကန်းကူ ကို ဘယ်လိုအသုံးချမလဲ..?

သူဟာအကျဉ်းအကျပ်တွေမှာ ဘောလုံးကိုထိန်းထားနိုင်၊ အနီးပေး တွဲလုံးတွေနဲ့ ရုန်းထွက်နိုင်စွမ်း ကောင်းမွန်တာကြောင့် အသင်းဖော်တွေအနေနဲ့ သူ့ရဲ့အကောင်းဆုံး စွမ်းရည်ကို ထိထိမိမိ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ သူဟာတွဲဖက် တိုက်စစ်ကစားသမားတွေကို နေရာလွတ်တွေ ဖန်တီးပေးနိုင်စွမ်း ရှိတဲ့အပြင် သူ့ရဲ့လှုပ်ရှားမှုတွေဟာ တွဲဖက်တိုက်စစ်မှူးအပေါ် မှီခိုမှုရှိတာကြောင့် အထောင်တိုက်စစ်မှူးထက်စာရင် ဗဟိုခံစစ်မှူးတွေကို တစ်ဉီးချင်းထိန်းချုပ်ထားနိုင်မယ့် အခြားတိုက်စစ်မှူးတစ်ယောက်နဲ့ တွဲဖက်ကစားတာ ပိုပြီးသင့်တော်ပါမယ်..။



တောင်ပံမှာ ကစားနိုင်မယ်ဆိုရင် တောင်ပံကစားသမားစစ်စစ်အနေနဲ့ down the line ကစားခိုင်းမယ့်အစား တောင်ပံတွေကနေ ဂိုးဧရိယာထဲကို ချိန်သားကိုက် ပြေးဝင်စေတဲ့ ကစားဟန်ကို ကျင့်သုံးစေသင့်ပါတယ်..။ ၂၀၂၁/၂၂ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲစဉ်မှာ သူဟာ ညာတောင်ပံ ကစားသမားအဖြစ် နေရာယူကစားခဲ့ပေမယ့် ဘယ်နောက်ခံလူ ဇီချန်ကို ကို လှည့်စားပြီး အထောင်တိုက်စစ်မှူး အင်ဒရေ ဆေးလ်ဗား ရဲ့ နောက်ကနေရာလွတ်တွေဆီ ချိန်သားကိုက်ပြေးဝင် အဆုံးသတ်ပြီး hattrick ရယူနိုင်ခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းမှာတော့ ၄- ၂- ၃- ၁ ကစားကွက်မှာဆိုရင် သူဟာအထောင်တိုက်စစ်မှူးရဲ့နောက်က နောက်ချန်တိုက်စစ်မှူး/ ကွင်းလယ်ဖန်တီးရှင် အနေနဲ့ ကစားရနိုင်ဖွယ်ရှိသလို တိုက်စစ်မှူးနှစ်ယောက်နဲ့ ကစားတဲ့ အခင်းအကျင်းမှာလည်း ပါဝင်ရဖွယ် ရှိပါတယ်..။ ဘယ်တောင်ပံ/ ညာတောင်ပံ ကစားသမားအဖြစ်လည်း ကစားရနိုင်ခြေ ရှိပေမယ့် အန်ကန်းကူ ကို အလယ်ထားပြီး ခံစစ်ကြောင်းကို ထိုးဖောက်ခိုင်းတာ ပိုပြီးသင့်တော်ပါလိမ့်မယ်..။

အရေးအကြီးဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းဖော်များဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျင့်သုံးခဲ့တဲ့ ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေနဲ့ စွန့်စားမှုမပါတဲ့ ကစားဟန်များကို စွန့်လွှတ်နိုင်ဖို့ပါပဲ..။ ပြင်သစ်တိုက်စစ်မှူးဟာ အကျဉ်းထဲ အကျပ်ထဲမှာ ဘောလုံးကိုထိန်းထားနိုင်ပြီး အသင်းဖော်တွေနဲ့ တွဲဖက်ကစားနိုင်တဲ့သူ ဖြစ်တာကြောင့် တိုက်စစ်ကစားကွက် ဖန်တီးရာမှာ သူ့ဆီကိုပေးပို့ပြီး တွဲလုံးတွေနဲ့ ထိရောက်တဲ့တိုက်စစ်ကစားကွက်တွေ ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း တင်ဆက်လိုက်ပါတယ်..။

Reference
=======
- Video Scouting Report: Christopher Nkunku (RB Leipzig), by CFC Central
- Christopher Nkunku: Bundesliga Player Watch, by The Coaches’ Voices
- Chelsea: An in-depth analysis on Christopher Nkunku, by Abdul Abdullahi, The Pride of London, Fansided
- Why Christopher Nkunku can star at Chelsea following his Stamford Bridge switch, by Edward Stratmann, Sporting Life