feature-image

‘နီကိုလပ်စ် ဂျက်ဆင်’ - အပြာရောင်တွေရဲ့ တိုက်စစ်ကို ဉီးဆောင်နိုင်မှာလား..?

လွန်ခဲ့တဲ့နှစ်လကျော်လောက်အထိ နီကိုလပ်စ် ဂျက်ဆင်’ ဆိုတဲ့ နာမည်ကို ချယ်လ်ဆီးအသင်းပရိသတ် အတော်များများ ရင်းနှီးကြလိမ့်မှာ မဟုတ်ပါဘူး..။ အရင်လကမှ အသက် (၂၂) နှစ် ပြည့်ခဲ့တဲ့ ဆီနီဂေါ တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီကျမှ အဆင့်မြင့်ပြိုင်ပွဲတွေမှာ ပထမဆုံး တစ်ရာသီအပြည့် ယှဉ်ပြိုင်ခဲ့ဖူးတာပါ..။ ဒါပေမယ့် အဲဒီဘောလုံးရာသီ၊ စပိန်လာလီဂါပြိုင်ပွဲ၊ နောက်ဆုံးအပြီးသတ်ကာလမှာ အထူးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဗီလာရီးရဲလ်အသင်းကနေ အပြာရောင်တွေဆီ ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်…။

ဂျက်ဆင် ဟာ နောက်ဆုံးပွဲစဉ် (၁၁) ပွဲမှာ (၁၀) ဂိုးသွင်းပေးနိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ (၅) ပွဲမှာ ဧပြီလ (၁) ရက်နေ့နောက်ပိုင်းကနေ ရာသီကုန်ကာလအတွင်း သူ့ထက်ပိုပြီး ဂိုးသွင်းပေးနိုင်တဲ့ (ပင်နယ်တီ သွင်းဂိုးများမပါ) တိုက်စစ်မှူးမရှိခဲ့ပါဘူး..။ အချက်အလက်အားဖြင့်ဆိုရင် သူ့ရဲ့ကန်သွင်းချက်တွေရဲ့ (၄၀%) ရာခိုင်နှုန်းကျော် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သလို ကစားချိန်ပျမ်းမျှမိနစ် (၈၀) မှာ တစ်ဂိုးနှုန်း ရရှိခဲ့ပါတယ်..။ အဲဒီကာလအတွင်းမှာ ချယ်လ်ဆီးအသင်းဟာလည်း (၁၁) ပွဲပဲ ကစားခဲ့ရပေမယ့် တစ်သင်းလုံးပေါင်းရင် သွင်းဂိုး (၉) ဂိုးပဲ ရရှိခဲ့ပါတယ်..။



တကယ်တော့ သူဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘုန်းမောက်အသင်းကို ရောက်တော့မလို ဖြစ်ခဲ့ပြီး ဆေးစစ်တဲ့အချိန်မှာ ပေါင်တွင်းကြောဒဏ်ရာ ပြဿနာကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်..။ ဒါ့ကြောင့် ဗီလာရီးရဲလ်အသင်းမှာပဲ ဆက်လက်ရှိနေခဲ့ရပြီး သွင်းဂိုးတွေနဲ့အတူ အသင်းကိုဆက်လက် အကျိုးပြုနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ဘုန်းမောက်အသင်းဟာ ဇန်နဝါရီတုန်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၂၂.၅) သန်းသာ ပေးချေမှာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းက သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး (release clause) အတိုင်း စတာလင်ပေါင်သန်း (၃၀) နဲ့ ခေါ်ယူခဲ့တာကြောင့် ဗီလာရီးရဲလ်အသင်းဟာ ဘဏ္ဍာရေးအရ အကျိုးအမြတ် စတာလင်ပေါင် (၇.၆) သန်း ပိုပြီး ရရှိသွားခဲ့ပါတယ်…။

အချက်အလက်များ…

မနှစ်ကရာသီကုန်ခါနီး နောက်ဆုံးပွဲစဉ် (၈) ပွဲမှာ သူ့ရဲ့အဆုံးသတ်ပိုင်း အချက်အလက်တွေဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ အဲဒီ (၈) ပွဲအတွင်း ဂိုးပေါက်တည့်ကန်ချက် (shots on target) (၁၂) ကြိမ်ကနေ (၉) ဂိုး ရခဲ့တာကြောင့် ဂိုးလာဘ်နဲ့ အဆုံးသတ်ပိုင်း သေချာမှုဟာ ကြောက်ခမန်းလိလိပါပဲ..။ ဒါ့အပြင် အောက်မှာပူးတွဲ ဖော်ပြထားတဲ့ သူ့ရဲ့ဂိုးကန်သွင်းချက်ပြမြေပုံ (shots map) အရ ရခဲ့တဲ့အခွင့်အရေးတွေရဲ့ (၈၇.၈ %) ရာခိုင်နှုန်းဟာ ဂိုးဧရိယာအတွင်းမှာ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့လာလီဂါသွင်းဂိုး (၁၂) ဂိုးထဲက (၄) ဂိုးဟာ ခြောက်ကိုက်စည်းအတွင်းက အနီးကပ် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်..။

 

ဆီနီဂေါ နေမာ’ လို့ တင်စားခံရတဲ့ ဂျက်ဆင် ရဲ့ အထိရောက်ဆုံး စွမ်းရည်ကတော့ ဘောလုံးနဲ့အတူ ထိုးဖောက်နိုင်စွမ်း (ball-carrying ability) ဖြစ်ပါတယ်..။ မနှစ်ကဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ သူဟာတစ်ကိုယ်တော်စွမ်းရည်နဲ့ ထိုးဖောက်မှုကနေ (၇) ဂိုးနဲ့ ဂိုးဖန်တီးမှု (assists) (၃) ကြိမ် ရရှိခဲ့ပါတယ်..။ လာလီဂါ ပြိုင်ပွဲတစ်ခုလုံးမှာ တစ်ကိုယ်တော်ထိုးဖောက်မှုတွေကနေ သူ့ထက်ပိုပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ရရှိခဲ့တဲ့သူဆိုလို့ ရီးရဲလ် မက်ဒရစ်အသင်းက စူပါစတား ဗီနီးဇီးယက်စ် ဂျူနီယာ တစ်ယောက်သာ ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူဟာဘရာဇီးလ် တိုက်စစ်မှူးထက် ကစားချိန် (၁,၂၃၁) မိနစ် ပိုမိုနည်းပါးခဲ့ပါတယ်..။

သူ့ရဲ့ဘောလုံးသယ်ယူနိုင်စွမ်းနဲ့ အမြန်နှုန်းဟာ ဗီလာရီးရဲလ်အသင်းရဲ့  တန်ပြန်တိုက်စစ်မှာ ထိရောက်တဲ့လက်နက်ဖြစ်ခဲ့ပြီး သူ့ရဲ့ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်စွမ်း (average distance per ball-carry) ဟာ ပျမ်းမျှ (၁၃.၆) မီတာ ရှိခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ တစ်ပွဲကိုပျမ်းမျှ (၄.၂) ကြိမ်ခန့် ဘောလုံးကိုဆွဲပြီး ထိုးဖောက် (progressive ball-carry) ခဲ့သလို တစ်ဉီးချင်း ကျော်ဖြတ်မှု (1 vs 1 take-ons) တွေရဲ့ (၅၈.၃ %) ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်..။



ဂျက်ဆင် ဟာ အရပ်အမြင့် (၁.၈၆ မီတာ/ ၆ ပေ ၁ လက်မ) ရှိပေမယ့် နောက်ခံလူတွေနဲ့ အမြင့်ဘောတွေ ယှဉ်လုရာမှာ၊ အမြင့်ဘောတွေကို ခေါင်းတိုက်ဂိုးသွင်းရာမှာ သိပ်ပြီးမထူးချွန်ပါဘူး..။ မနှစ်ကလာလီဂါပြိုင်ပွဲမှာ သူ့ရဲ့ဂိုးကန်သွင်းချက် (၄၁) ကြိမ်ထဲမှာ ခေါင်းနဲ့တိုက်ပြီး ဂိုးသွင်းမှု နှစ်ကြိမ်ပဲ ရှိခဲ့ပြီး တစ်ကြိမ်က ဂိုးပေါက်လွဲခဲ့တယ်..၊ ကျန်တဲ့တစ်ကြိမ်ကို ဂိုးသမား အသာအယာ ဖမ်းမိခဲ့ပါတယ်..။ သူဟာ နေရာယူမှု ကောင်းမွန်ပေမယ့် ခုန်ရမယ့်အချိန် မှန်းဆခြင်း (timing of jump) နဲ့ ခန္ဓာကိုယ်အင်အားကို အသုံးပြုပြီး ထိရောက်တဲ့ ခေါင်းတိုက်ချက် ဖြစ်လာအောင် ပြုလုပ်ရာမှာ (coordination with body) အားနည်းခဲ့ပါတယ်..။ ဒါ့အပြင် နောက်ခံလူတွေနဲ့ အမြင့်ဘောယှဉ်လုရာမှာ (aerial duels) သူဟာ (၃၀.၂ %) ရာခိုင်နှုန်းပဲ အရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်က နောက်ခံလူတွေနဲ့ အမြင့်ဘောယှဉ်လုမယ်ဆိုရင် အခုထက်ပိုပြီး အခက်အခဲ တွေ့နိုင်ပါလိမ့်မယ်..။

နီကိုလပ်စ် ဂျက်ဆင် ရဲ့ ကစားဟန်နဲ့ အနာဂတ်အလားအလာ..

မနှစ်ကဘောလုံးရာသီ ပြီးဆုံးခါနီးမှာ ဗီလာရီးရဲလ်နည်းပြ ဆက်တီယန် ဟာ ဂျက်ဆန် ကို ၄- ၃- ၃ (သို့မဟုတ်) ၄- ၂- ၃- ၁ ကစားကွက် အခင်းအကျင်းရဲ့ အထောင်တိုက်စစ်မှူးအဖြစ် တောင်ပံကစားသမား ယာရီမီ ပီနို နဲ့ ဆမ်မြူရယ် ချူကွီဇီး တို့နဲ့ တွဲဖက်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှား၊ ကစားခိုင်းရာမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိခဲ့ပါတယ်..။ သူ့ရဲ့အမြန်နှုန်းနဲ့ ခွန်အားသုံး ထိုးဖောက်နိုင်စွမ်းဟာ နောက်ခံလူတွေကို အခက်တွေ့စေခဲ့ပါပြီး အထူးသဖြင့် အဝေးကနေ ပေးပို့လိုက်တဲ့ ဘောလုံးကိုတွေကို အသုံးချရမှာ ထူးချွန်တာကို တွေ့ခဲ့ရပါတယ်…။



သူဟာတောင်ပံတွေကိုထွက်ပြီး ဘောလုံးကို အရယူတတ်သလို ဂိုးဧရိယာထဲကို ဘောလုံးနဲ့အတူ ဆွဲဝင်ပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါ့အပြင်မိမိအသင်းက ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲချိန် (attacking transitions) တွေမှာ သူဟာကွင်းလယ်ကြောအထိ ဘောလုံးကို ဆင်းယူတဲ့အပြင် ဘယ်တောင်ပံ၊ ညာတောင်ပံထွက်ပြီး အသင်းဖော်တွေနဲ့ တွဲဖက်ကစားလေ့ ရှိပါတယ်..။ ဒါမှမဟုတ် အခွင့်အရေး ရခဲ့ရင်လည်း သူလျှင်မြန်မှု၊ ခွန်အားသုံး ကစားနိုင်မှုတို့နဲ့ ပေါင်းစပ်ပြီး ဘောလုံးနဲ့အတူ ဆွဲထွက်၊ တိုက်ရိုက် ထိုးဖောက်တတ်ပါတယ်..။

ဂျက်ဆင် ဟာ ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို  ဘရိုက်တန်အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ရရှိခဲ့ပါတယ်..။ အဲဒီသွင်းဂိုးဟာဆိုရင် မာ့စ် ကူကူရယ်လာ ရဲ့ ခံစစ်ကြောင်းရဲ့နောက်ထဲက ကွက်လပ်ထဲ မျှောပြီးပေးပို့လိုက်တဲ့ ဘောလုံးကို (through balls) ကို သူ့ရဲ့အမြန်နှုန်းနဲ့ အရယူပြီး အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာလည်း သူဟာအဲဒီလို through balls တွေကရခဲ့တဲ့ သွင်းဂိုး (၃) ဂိုး ရှိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကတော့ မနှစ်ကဘောလုံးရာသီမှာ အဲဒီလိုကွင်းလယ်ကနေ မျှောပေးလိုက်တဲ့ through balls တွေကို အသုံးချရာမှာ အရမ်းကိုအားနည်းခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကွင်းလယ်က မျှောပေးလိုက်တဲ့ through balls စုစုပေါင်း (၅၇) ကြိမ်ထဲက (၂၃) ကြိမ်ကိုပဲ (၄၀% ရာခိုင်နှုန်း) ဂိုးပေါက်တည့်အောင် ကန်နိုင်ခဲ့ပါတယ်..။



ဒါ့အပြင်သူဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိပြီးတဲ့နောက်ပိုင်း အထောင်တိုက်စစ်မှူးအဖြစ် ကစားရတဲ့ ခြေစမ်းပွဲ နှစ်ပွဲစလုံးမှာ အသင်းဖော်တွေနဲ့ နားလည်မှုကောင်းခဲ့ပြီး တွဲလုံးတွေကနေတဆင့် (link up play) ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သလို အသင်းရဲ့အမေရိကန်ခရီးစဉ် ပထမဆုံးသွင်းဂိုးဖြစ်တဲ့ အီယန် မတ်ဆန် ရဲ့ ပထမဂိုးဟာ ဂျက်ဆင် ရဲ့ အားအသန်ဆုံးဖြစ်တဲ့ ဘောလုံးနဲ့အတူ ဆွဲပြေးနိုင်တဲ့ စွမ်းရည် (ball-carry ability) ကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်…။

ပြီးခဲ့တဲ့နှစ်တွေမှာ အထောင်တိုက်စစ်မှူးတွေနဲ့ အကျိုးမပေးခဲ့တဲ့ နောက်ခံအကြောင်းတရားကြောင့် သူ့ကိုဝယ်လူလိုက်တဲ့အချိန်မှာ အပြာရောင်ပရိသတ်တွေဟာ သံသယကြီးကြီးနဲ့သာ တုံ့ပြန်ခဲ့ကြပါတယ်..။ ဒါပေမယ့် ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ Summer series ပွဲစဉ်အပြီးမှာတော့ လာလီဂါကနေ ရောက်လာတဲ့ ဆီနီဂေါ တိုက်စစ်မှူးလေးအပေါ် မျော်လင့်ချက်တွေ ပိုမိုကြီးမားလာကြပြီ ဖြစ်ပါတယ်..။



ဒါ့အပြင်သူဟာ အသက် (၂၂) နှစ်ပဲ ရှိသေးတောကြောင့် အချိန်တွေအများကြီး ကျန်ရှိနေသေးသလို စပါးအသင်းမှာ လူငယ်တိုက်စစ်မှူးလေး တစ်ယောက်သာဖြစ်တဲ့ ဟယ်ရီ ကိန်း ကို ကမ္ဘာ့အဆင့် တိုက်စစ်မှူးဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ စနစ်တကျ လေ့ကျင့်ပေးမှုအောက်မှာ အခုထက်ပိုပြီး တိုးတက်လာဉီးမှာ မြေကြီးလက်ခပ် မလွဲပါပဲ..။

အမေရိကန်ခရီးစဉ်မတိုင်ခင်တုန်းကတော့ ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီ၊ နွေရာသီအပြောင်းအရွှေ့ မပြီးသေးခင် အရည်အသွေးမြင့် တိုက်စစ်မှူးကောင်းတစ်ယောက် ထပ်မံဝယ်ယူဖို့ ကြိုးစားဉီးမယ်ဆိုပြီး အများကထင်ကြေး ပေးထားကြပေမယ့် အခုလိုဆီနီဂေါ တိုက်စစ်မှူးလေးရဲ့ ခြေစွမ်းကြောင့် အသင်းဒါရိုက်တာတွေဟာ သူတို့ရဲ့အနာဂတ်အစီအစဉ်တွေကို ပြန်လည်စဉ်းစား၊ သုံးသပ်မှာဖြစ်ပြီး နောက်ထပ်ခြေလှမ်းတွေလှမ်းဖို့ အနည်းဆုံး ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ စတင်ချိန်အထိ စောင့်ကြည့်ကြမှာ အသေအချာပါပဲ..။ ဒါ့အပြင်ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒူးအရွတ်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ ငယ်မွေးခြံပေါက် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျား ကလည်း အသင်းကိုပြန်လာဖို့ ရှိနေပါသေးတယ်..။

ဒါ့ကြောင့်လက်ရှိအချိန်မှာ တိုက်စစ်မှူးသစ် နီကိုလပ်စ် ဂျက်ဆင် ဟာ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်တိုက်စစ်ကို ဉီးဆောင်နိုင်မှာလား..? ဆိုတဲ့ မေးခွန်းကို အဖြေပေးနိုင်ဖို့ စောလွန်းနေသေးတယ်..။ ဒါပေမယ့် သူဟာအပြာရောင်တွေရဲ့ တိုက်စစ်မှာ ပါဝင်နိုင်ဖို့ အရည်အချင်းရှိတဲ့သူဆိုတာ သက်သေပြသနေပြီ ဖြစ်သလို ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ အထောင်တိုက်စစ်မှူး ခြောက်အိပ်မက်ဆိုးတွေထဲက ရုန်းထွက်ဖို့ မျှော်လင့်နေနိုင်ပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

Reference
=======
- Why Chelsea signed Nicolas Jackson: Ruthless finishing, ‘Neymar’ dribbles and pace, by Liam Twomey and Thom Harris, The Athletic
- Nicolas Jackson: What Can We Expect from Chelsea’s New Signing?, Matt Furniss, The Analyst