feature-image

ဝက်စ်ဟမ်း vs ချယ်လ်ဆီး ပွဲကြိုစကားဝိုင်း (Preview Team Talk)

ဩဂုတ်လ (၂၀) ရက်၊ တနင်္ဂနွေနေ့၊ ည (၁ဝး၀၀) နာရီအချိန်၊ ဝက်စ်ဟမ်းအသင်း၏ London Stadium ကစားကွင်းတွင် ယှဉ်ပြိုင်မည့် ဝက်စ်ဟမ်းအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မတိုင်မီ ယခုအပါတ်အတွင်း ထင်ရှားခဲ့သည့် နှစ်ဘက်အသင်းများမှ အပြောင်းအလဲများနှင့် စောင့်ကြည့်ရမည့် ကစားသမားများအပေါ် မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး ကွင်းလယ် ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း ကွင်းလယ် ကစားသမားဟောင်း ကယ်ရင် ကာနေး တို့က Premier League Production မှ တင်ဆက်သော Team Talk အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့ပါသည်..။

မန်နစ်ရှ် ဘာစင် - ချယ်လ်ဆီးအသင်းကနေ စပြောရအောင်ဗျာ..။ နည်းပြမော်ရစ္စစီယို ပိုချက်တီနို နဲ့ ကဏ္ဍသစ် (New Era) စတင်ဖွင့်လှစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ နည်းပြဂျာဂင် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်..။ အဲဒီပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းဘက်က အပိုင်ဂိုးသွင်းခွင့်တွေ အများကြီးမရရှိခဲ့ပါဘူး..။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ ပွဲအစပိုင်းမှာ ကစားပုံ အတော်လေးကောင်းခဲ့ပြီး သွင်းဂိုးတွေ အများကြီး ရရှိသွားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးအသင်းဟာ ပြန်လည်ထိန်းချုပ် ထိုးဖောက်နိုင်ခဲ့ပြီး အသင်းရဲ့ပရိသတ်ကို ကျေနပ်စေခဲ့ပါတယ်..။ အဲဒီပွဲကခင်ဗျားတို့အသင်းရဲ့ ခြေစွမ်းအပေါ် အကျဉ်းချုပ်သုံးသပ်ချက်လေး ပြောပြပေးနိုင်မလား..? ကယ်ရင် ရေ..

ကယ်ရင် ကာနေး - Yeah..! မှန်ပါတယ်ရှင့်..။ ပွဲချိန်မိနစ် (၃၀) လောက်အထိ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလာ နဲ့ လူးဝစ်ဇ် ဒီယက်ဇ် တို့ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ရိစ် ဂျိမ်းစ် ရဲ့ ညာတောင်ပံက ထိုးဖောက်မှုတွေ ထိရောက်ခဲ့ပြီး ပွဲရဲ့ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ရာဟင်း စတာလင်း ဟာ ကွင်းလယ်နဲ့ခံစစ်ကြောင်းရဲ့ကြားမှာ နေရာလွတ်တွေ ရလာခဲ့ပြီး ထိရောက်တဲ့ ပေးပို့မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန် ဆိုရင် သူတို့နှစ်ယောက်ရဲ့ တွဲလုံးကနေတဆင့် ရရှိလာခဲ့တဲ့ အပိုင်အခွင့်အရေးကို ထိထိမိမိ အဆုံးသတ်နိုင်ခဲ့သင့်တာပေါ့..။

သူတို့အသင်း ရရှိခဲ့တဲ့ ချေပဂိုးဟာလည်း ရိစ် ဂျိမ်းစ် ရဲ့ ညာတောင်ပံ ဖြတ်တင်ဘောတွေကနေ အစပြုခဲ့သလို နောက်ထပ် wing back တစ်ယောက်ဖြစ်တဲ့ ဘင် ချီးဝဲလ် ကလည်း လီဗာပူးလ် နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို ချယ်လ်ဆီးအသင်းနဲ့ ပွဲထွက်ခဲ့တဲ့ အက်ဆယ်လ် ဒီဆာဆီ ဂိုးသွင်းယူနိုင်အောင် အတိအကျ ခေါင်းတိုက်ချပေးနိုင်ခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း ကျွန်မတို့အသင်းရဲ့ ကစားပုံအပေါ် အထူးကျေနပ်ပါတယ်..။ အထူးသဖြင့် man of the match ဆု ရရှိသွားတဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ ခြေစွမ်းကို ရှင်တို့လည်း ကြိုက်နှစ်သက်မိကြမှာပါပဲ.. ဟုတ်တယ်မလား.. အိုဝင် ရေ..။



အိုဝင် ဟားဂရိဗ် - ဟားးး.. သိပ်ပြီးသေချာတောပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းဟာ အင်ဇို အတွက် ပြောင်းရွှေ့ကြေးတွေ အများကြီးပေးခဲ့ရပါတယ်..။ ဒါပေမယ့် သူ့ဆီကပြန်လည်ရရှိခဲ့တဲ့ အရည်အသွေး၊ လုပ်အားနှုန်းနဲ့ ပေးဆပ်မှုတွေနဲ့ ပြန်ပြီးချိန်ထိုးကြည့်မယ်ဆိုရင် ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးဟာ ထိုက်တန်တယ်လို့ ပြောရမှာပဲဗျ..။ သူဟာတကယ့်ကို ကမ္ဘာ့အဆင့်မှီတဲ့ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ သူဟာအခုအချိန်ထိ ကွင်းလယ်အဖျက်ပိုင်းကို ပိုမိုအားပြု ကစားနေရပေမယ့် မွိုက်စ် ကိုင်ဆီဒို နဲ့ လာဗီးယား တို့ကို ခေါ်ယူခဲ့ပြီးတဲ့နောက်ပိုင်း အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုပြီးပံ့ပိုးပေးနိုင်ပါလိမ့်မယ်..။ တကယ်တော့ လီဗာပူးလ်အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့ပြီး ပိုမိုထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်..။

ဒါ့အပြင်ရာသီကြိုခရီးစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဟာ အသင်းနဲ့အံဝင်ခဲ့ပြီး ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနိုင်ခဲ့ပါတယ်..။ တကယ်တော့ အဲဒီပွဲမှာ သူဟာတစ်ဂိုးလောက်တော့ အနည်းဆုံး ရခဲ့သင့်ပါတယ်..။ လက်ရှိချယ်လ်ဆီးအသင်းမှာ အဆုံးသတ်ဂိုးသွင်း သေချာတဲ့ တိုက်စစ်မှူးတစ်ယောက် လိုအပ်လား..? လက်ရှိတိုက်စစ်အင်အားနဲ့ လုံလောက်ပြီလား..? ဆိုတဲ့ မေးခွန်းတစ်ခုပဲ ရှိပါလိမ့်မယ်..။ ဒါပေမယ့် အာမန်ဒို ဘရိုဂျားစ် လည်း မကြာခင်မှာ ပြန်လည်ကစားနိုင်ဖို့ ရှိနေပါသေးတယ်..။ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ အရည်အသွေးမြင့် လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားခဲ့တဲ့ အသွင်သစ် ချယ်လ်ဆီးအသင်းကို ကျေနပ်လောက်တဲ့ ကစားဟန်နဲ့ ခြေစွမ်းရရှိအောင် ပုံဖော်ပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်စရာကောင်းတယ်လို့ ပြောရမှာပါ..။



မန်နစ်ရှ် ဘာစင် - ဟုတ်ကဲ့ပါ..။ ရာသီအဖွင့်ပွဲမှာ မော်ရစ္စစီယို ပိုချက်တီနို ဟာ ကစားသမားသစ် လေးယောက်ကို ပွဲထွက်ခွင့်ပေးခဲ့တယ်ဗျ..။ သူတို့အသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ တကယ့်ကို ကောင်းပေ့၊ ညွှန့်ပေ့.. ဆိုတဲ့ လူငယ် ကစားသမား အများအပြားကို ခေါ်ယူနိုင်ခဲ့သလို အထူးသဖြင့် အခုရက်သတ္တပါတ်ထဲမှာတင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ်သွေးသစ် ကစားသမားတွေလို့ ပြောလို့ရတဲ့ မွိုက်စ် ကိုင်ဆီဒို နဲ့ ရိုမီယို လာဗီးယား တို့ကို ထပ်မံအားဖြည့်နိုင်ခဲ့ပါတယ်..။ အခုမှအသင်းကို ပူပူနွေးနွေး ရောက်ရှိလာတဲ့ ကစားသမားသစ် နှစ်ယောက်ဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ တခါတည်းပါဝင်နိုင်ဖို့ ရှိနိုင်မလားဗျ..? နည်းပြမော်ရစ္စစီယို ပိုချက်တီနို အနေနဲ့ အသင်းမှာ သူတို့နှစ်ယောက်အတွက် သင့်တော်မယ့်နေရာတွေကို ဘယ်လိုဖန်တီးပေးနိုင်မလဲ..? ဒါမှမဟုတ် သူတို့နှစ်ယောက်ကို အင်ဇို နဲ့တွဲဖက်ပြီး ကွင်းလယ်သုံးယောက် (midfield three) အထိုင် ကစားကွက်နဲ့ ပွဲထွက်လာဖို့ရော ရှိနိုင်မလား..? သုံးသပ်ပေးပါဉီးလားဗျ..

အိုဝင် ဟားဂရိဗ် - ကယ်ရင် တော့ ဘယ်လိုယူဆလဲ မသိဘူး..။ ကျွန်တော်ကတော့ လာဗီးယား ကို 'No.6'နေရာမှာထားပြီး အင်ဇို၊ ကိုင်ဆီဒို တို့နှစ်ယောက်က box to box ပုံစံ ကွင်းလယ်ကို ခင်းကျင်းလာနိုင်တယ်လို့ ထင်ပါတယ်..။ ဒါ့အပြင် အသင်းမှာ တကယ့်ကို ခြေစွမ်းကောင်းမွန်တဲ့ လူငယ် ကစားသမားတွေ အများကြီးရှိနေသေးတာကြောင့် ခန့်မှန်းရတာ ခက်ခဲပါတယ်..။ ကျွန်တော်ကတော့ ကိုင်ဆီဒို ရဲ့ ကစားပုံကို အထူးနှစ်ခြိုက်ပါတယ်..။ သူ့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ အမြန်နှုန်းနဲ့ လုပ်အားနှုန်း ကောင်းမွန်ဟာ ကွင်းလယ်မှာ အင်ဂျင်စက်ကြီးတစ်လုံးကို မောင်းထားတဲ့အတိုင်းပါပဲ..။ အထူးသဖြင့် နည်းပြဒီ ဇာဘီ လက်ထက်မှာ သူ့ရဲ့ခြေစွမ်းဟာ အထူးကို တိုးတက်လာခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းအတွက် စိတ်အပူရဆုံး နေရာတစ်ခုကို ပြောပါဆိုရင် 'ဂိုးသမား' နေရာပဲ ဖြစ်ပါလိမ့်မယ်..။ ရောဘတ် ဆန်းချက်ဇ် ဟာ ဂိုးသမားကောင်းတစ်ယောက် ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ အခုနှစ်နွေရာသီမှာ ဂိုးသမားကောင်းတွေဖြစ်တဲ့ ကက်ပါ အရီဇာဘာလာဂါ နဲ့ အက်ဒွပ် မန်ဒီ တို့ကို ဆုံးရှုံးခဲ့ရပါတယ်..။ ရောဘတ် ဆန်းချက်ဇ် ရဲ့ လက်စွမ်းဟာ သူတို့နှစ်ယောက်ထက် ပိုပြီးကောင်းမနေတာ သေချာပါတယ်..။ ဒါ့ကြောင့်လက်ရှိချယ်လ်ဆီးအသင်းမှာ ဂိုးသမားနေရာ အားနည်းမှုရှိနေလား..? လို့ တွေးမိတာပါပဲ..။



မန်နစ်ရှ် ဘာစင် - အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ရဲ့ ဒဏ်ရာမှတ်တမ်းကလည်း စိုးရိမ်စရာ တစ်ခုပါပဲ..။ သူဟာမနှစ်က ဘောလုံးရာသီမှာ ဒဏ်ရာအနာတရများစွာကို ကျော်ဖြတ်လာခဲ့ရပြီး ရာသီစတော့မှ ပြန်ပြီးကစားနိုင်ခဲ့တယ်..၊ အခုတစ်ကြိမ် ပေါင်တွင်းကြောဒဏ်ရာ ထပ်ပြီးရခဲ့ပြန်ပါပြီ..။ ဒါ့အပြင်အသင်းခေါင်းဆောင်သစ်အဖြစ် အခုမှပူပူနွေးနွေး ခန့်အပ်ထားတာဆိုတော့ အသင်းအတွက် သတိထားရမယ့် အချက်တစ်ခုလို့ မထင်မိဘူးလားဗျ..

ကယ်ရင် ကာနေး - ကစားသမား တစ်ယောက်ကို အသင်းခေါင်းဆောာင်အဖြစ် တာဝန်ပေးအပ်တယ်.. ဆိုတဲ့နေရာမှာ ဘယ်သူမဆို ကိုယ့်အသင်းရဲ့ အသင်းခေါင်းဆောင်ဟာ ကြံ့ခိုင်မှုအပြည့်ရှိနေတာ မြင်ချင်ကြမှာပါပဲ..။ အဲဒီအသင်းခေါင်းဆောင် လက်ပတ်.. ဆိုတဲ့ ကိစ္စကို ထည့်မပြောဘူး.. ဆိုရင်တောင်မှ ရိစ် ဂျိမ်းစ် ရဲ့ တိုက်စစ်လိုက်ပါ ပံ့ပိုးနိုင်မှုဟာ အသင်းအတွက် ထိရောက်တဲ့ လက်နက်ကောင်းတစ်ခု ဖြစ်ခဲ့တယ်..၊ ပြီးခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ဖိအားပေး ကစားထားခဲ့မှုကနေ တုံ့ပြန်ခဲ့တဲ့နေရာမှာ ရိစ် ဂျိမ်းစ် ရဲ့ ရုန်းအား၊ သူ့ရဲ့ညာတောင်ပံက ပံ့ပိုးပေးနိုင်မှုတွေဟာ အခရာကျခဲ့တာဆိုတော့ သူဟာချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ အဖိုးတန်ကစားသမား တစ်ယောက်ဆိုတာ အသေအချာပါပဲ..။

ဒါ့အပြင်မနှစ်က ဘောလုံးရာသီမှာဆိုရင် ရိစ် ဂျိမ်းစ် နဲ့ ဘင် ချီးဝဲလ် တို့နှစ်ယောက်ဟာ မကြာခဏဒဏ်ရာတွေ ရနေခဲ့ကြတာကြောင့် ကစားခွင့်ကောင်းကောင်း မရခဲ့ကြပါဘူး..။ တကယ်လို့ သူတို့နှစ်ယောက်စလုံးသာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ wing back ပဲဖြစ်ဖြစ်၊ full back ပဲဖြစ်ဖြစ် အသင်းရဲ့တိုက်စစ်အတွက် တကယ့်ကိုကြီးမားတဲ့ လက်နက်ကောင်းတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့နှစ်ယောက်စလုံးကို ကြံ့ခိုင်မှုအပြည့်နဲ့ အမြဲတမ်းကစားပေးနိုင်အောင် နည်းလမ်းတွေရှာကြံဖို့ လိုအပ်ပါလိမ့်မယ်..။ မနှစ်ကဘောလုံးရာသီမှာ အသင်းဟာ ဆေးအဖွဲ့ကို အပြောင်းအလဲပြုလုပ်ပြီး ဒဏ်ရာပြဿနာကို ကုစားဖို့ အဖြေရှာခဲ့ပါတယ်..။ အခုဆေးအဖွဲ့သစ်အနေနဲ့လည်း ရိစ် ဂျိမ်းစ် ကို ကြံ့ခိုင်မှုအပြည့်နဲ့ ကွင်းထဲမှာရှိနေအောင် ကြိုးစားပေးနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်..။



မန်နစ်ရှ် ဘာစင် - အင်းဗျ.. အသင်းရဲ့အတွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အကုန်လုံးမသိနိုင်တော့လည်း ပြောရတာခက်သားဗျ..။ အိုဝင် ရေ.. ခင်ဗျားရော ဘယ်လိုထင်မိလဲ..?

အိုဝင် ဟားဂရိဗ် - ရိစ် ဂျိမ်းစ် ကို လူတိုင်းက ချစ်ခင်ကြပါတယ်..။ သူဟာတကယ့်ကို ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်ဖြစ်သလို ထရန့် အလက်ဇန်းဒါး ဟာ အင်္ဂလန်အသင်းရဲ့ အနာဂတ် ညာနောက်ခံ ကစားသမားလို့ အားလုံးက ထင်ကြေးပေးနေကြပေမယ့် ရိစ် ဂျိမ်းစ် ဟာ သူ့ထက်ပိုပြီး ပြီးပြည့်စုံတဲ့ ညာနောက်ခံလူတစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် ကြံ့ခိုင်ရေး ပြဿနာဟာ သူ့ရဲ့ခြေစွမ်းနဲ့ အနာဂတ် အလားအလာကို ဆွဲချနေသလို‌ ဖြစ်နေပါပြီ..။ ချယ်လ်ဆီးအသင်းဟာ အဲဒါကြောင့်လည်း လိုင်ယွန်အသင်းက ပြင်သစ်လူငယ် ညာနောက်ခံလူ မာလို ဂတ်စ်တို ကို ခေါ်ယူခဲ့တာ ဖြစ်နိုင်ပါတယ်..။ သူလည်းကစားသမားကောင်း တစ်ယောက်ပါပဲ..။

မန်နစ်ရှ် ဘာစင် - ဒါဆိုရင် ဂတ်စ်တို နဲ့ အီယန် မတ်ဆန် တို့ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရမယ့် အခွင့်အရေး ရှိနိုင်မလား..?

အိုဝင် ဟားဂရိဗ် - မာလို ဂတ်စ်တို ကစားခွင့်ရပါလိမ့်မယ်..။ အီယန် မတ်ဆန် ကတော့ တိုက်စစ်အားသန်တဲ့ ဘယ်နောက်ခံလူတစ်ယောက် ဖြစ်နေပါတယ်..။ သူတို့နှစ်ယောက်ဟာ ကစားသမားကောင်းတွေ ဖြစ်ကြပေမယ့် ရိစ် ဂျိမ်းစ် ဆိုတာ လက်ရှိအကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ယောက်ဆိုတော့ သူ့ရဲ့နေရာကို အစားထိုးနိုင်ဖို့ ခက်ခဲပါလိမ့်မယ်..။ ဒါ့ကြောင့်ဘယ်လိုပဲဖြစ်ဖြစ် ရိစ် ဂျိမ်းစ် ရဲ့ ကြံ့ခိုင်မှုအခြေအနေ အခုထက်ပိုပြီး ကောင်းမွန်နိုင်ဖို့ သူတို့တွေ နည်းလမ်းရှာဖွေဖို့ လိုအပ်နေပါပြီ..။



မန်နစ်ရှ် ဘာစင် - ဟုတ်ကဲ့ပါ..။ ဝက်စ်ဟမ်းအသင်းအကြောင်း ဆက်ပြောကြရအောင်ဗျာ..။ ဒေးဗစ် မိုယက်စ် ရဲ့ အသင်းမှာလည်း မျက်နှာသစ် ကစားသမားတစ်ချို့ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်..။ အထူးသဖြင့် 'ဂျိမ်းစ် ဝါ့ဒ် ပရောက်စ်'ပေါ့ဗျာ..။ ဆောက်ပ်သမ်တန်အသင်းရဲ့ အသင်းခေါင်းဆောင် ကစားသမားကို စတာလင်ပေါင်သန်း (၃၀) နဲ့ ခေါ်ယူနိုင်ခဲ့တာဟာ ပြောင်မြောက်တဲ့ ခေါ်ယူမှုတစ်ခုလို့ အထူးပြောနေစရာ မလိုပါဘူး.။ ဒါပေမယ့် သူဟာအသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဒက်ကလန် ရိုက်စ် ရဲ့ နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် ကစားသမား ဖြစ်ဟန်မတူပါဘူး..။ ဒါ့အပြင်သူကိုယ်တိုင်ကိုကလည်း ပရီးမီးယားလိဂ်မှာ လူတစ်လုံး၊ သူတစ်လုံးအဖြစ် သက်သေပြထားပြီး ဖြစ်နေပြီ မဟုတ်ဘူးလားဗျ..

ကယ်ရင် ကာနေး - မှန်ပါတယ်..။ သူကိုယ်တိုင်ကလည်း အသင်းခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်းပြည့်ပြီးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီးပါပြီ..။ ဒါ့အပြင်ပရီးမီးယားလိဂ် အတွေ့အကြုံ အပြည့်ရှိနေပြီးသား ကစားသမားတစ်ယောက်ဖြစ်တယ်..။ လုပ်အားနှုန်း၊ ပေးဆပ်မှုနဲ့ စိတ်ဓါတ်၊ ခံယူချက် ကောင်းမွန်တဲ့သူလည်း ဖြစ်ပါတယ်..။ သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေဟာ ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်..။ အထူးသဖြင့် တည်ကန်ဘောတွေကို အသုံးချ၊ ကန်သွင်းရာမှာ အထူးတိကျ၊ သေချာတဲ့ အရည်အချင်းဟာ ဝက်စ်ဟမ်းအသင်းအတွက် နောက်ထပ် အပိုဆုလာဘ်တစ်ခု ဖြစ်လာပါလိမ့်မယ်..။ ဒါ့ကြောင့်ဝက်စ်ဟမ်းအသင်းက သူ့ကိုပေးလိုက်ရတဲ့ စတာလင်ပေါင်သန်း (၃၀) ဆိုတဲ့ ပြောင်းရွှေ့ကြေးဟာ သိပ်ပြီးတန်လွန်းတယ်.. လို့ ပြောရမှာပဲရှင့်...



မန်နစ်ရှ် ဘာစင် - အင်းဗျ.. အခုလာမယ့် လန်ဒန်ဒါဘီ ပွဲစဉ်မှာ သူဟာအသင်းသစ်နဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်မလား..? ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားစရာပါပဲ..။ အထူးသဖြင့် သူ့ရဲ့ ပြစ်ဒဏ်ဘောတွေ (free kick) တိုက်ရိုက်ကန်သွင်းပြီး ဂိုးရယူခဲ့တဲ့ မှတ်တမ်းပေါ့ဗျာ..။ အခုဆိုရင် ဂန္တဝင်ကစားသမားကြီး ဒေးဗစ် ဘက်ဟမ်း ရဲ့ free kick ကနေ (၁၈) ဂိုးရရှိခဲ့တဲ့ ပရိးမီးယားလိဂ် စံချိန်မှတ်တမ်းကို လိုက်မှီနိုင်တော့မှာဗျ..

အိုဝင် ဟားဂရိဗ် - ဟုတ်တာပေါ့..။ သူဟာပြစ်ဒဏ်ဘောတွေကို အကောင်းဆုံးကန်သွင်းပေးနိုင်တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်သလို သူ့ရဲ့ free kick ကန်တဲ့ နည်းစနစ်တွေဟာ သိပ်ကိုထူးခြားပါတယ်..။ သူဟာ free kick တွေကို ပင်နယ်တီကန်သွင်းသလို လွယ်လွယ်ကူကူနဲ့ ဂိုးရအောင် ကန်သွင်းပေးနေတဲ့သူ ဖြစ်ပါတယ်..။ ပြစ်ဒဏ်ဘော ကန်သွင်းမှုတွေကို အထပ်ထပ်အခါခါ လေ့ကျင့်မှုတွေကနေ ရရှိလာခဲ့တဲ့ အကျိုးကျေးဇူးလို့ ပြောရမှာဖြစ်သလို သူဟာအနေအထားမျိုးစုံကနေ ဘယ်လိုကန်သွင်းယူရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်..။ ဒါ့အပြင်ကန်သွင်းတဲ့အရှိန်၊ တိကျမှုနဲ့ ပြင်းအားတွေဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ..။

အခုလိုသူ့ရဲ့မိခင်အသင်းဖြစ်တဲ့ ဆောက်ပ်သမ်တန် အသင်းတန်းဆင်းသွားခဲ့ရပြီးတဲ့နောက်မှာ သူဟာပရီးမီးယားလိဂ်နဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိလို့လည်း အခုလို 'စင်တော်ပြန်ကောက်ခံခဲ့ရတာ..' ဆိုတော့ သူ့အတွက်လည်း ကျေနပ်မိပါတယ်..။

သူဟာ ဒက်ကလန် ရိုက်စ် ရဲ့ နေရာကို အစားထိုးနိုင်မလား..? ဝါ့ဒ် ပရောက်စ် ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အသွေး ပြည့်စုံပြီးသားဆိုတော့ အဲဒီအပိုင်းမှာ အထူးပြောစရာ မရှိပါဘူး.။ ဒါပေမယ့် သူနဲ့ဒက်ကလန် ရိုက်စ် ဟာ ကစားတဲ့နေရာ မတူညီပါဘူး..။ ဒါ့ကြောင့်ကွင်းလယ်သုံးယောက်မှာ သူဟာဘယ်လိုပုံစံနဲ့ အံဝင်အောင် ကစားမလဲ..? ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်..။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းဟာ ဒက်ကလန် ရိုက်စ် ရဲ့ ကွင်းလယ်အဖျက်နေရာကို အစားထိုးနိုင်မယ့် နောက်ထပ်ကစားသမားတစ်ယောက် ရှာဖွေနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။



မန်နစ်ရှ် ဘာစင် - အက်ဒ်ဆန် အယ်လ်ဗာရက်ဇ် ရော..? မဖြစ်နိုင်ဘူးလား..? သူ့ကိုရော ဘယ်လိုမြင်မိလဲ..?

အိုဝင် ဟားဂရိဗ် - သူလည်းကစားသမားကောင်း တစ်ယောက်ပါပဲ.။ ကွင်းလယ်အဖျက် ကစားသမားအဖြစ်နဲ့ရော၊ ဗဟိုခံစစ်မှူးအဖြစ်နဲ့ပါ ကစားပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါ့အပြင်ဝက်စ်ဟမ်းအသင်းမှာ သတိထားစောင့်ကြည့်ရမယ့် နောက်ထပ် ကစားသမား တစ်ယောက်ကတော့ 'လူးကပ်စ် ပါကွဲတား' ဖြစ်ပါတယ်..။ သူဟာဘောလုံးပညာ ကောင်းမွန်ပြီး ပြိုင်ဘက်ကစားသမားကို တစ်ဉီးချင်းကျော်ဖြတ်မှုတွေ ပြုလုပ်နိုင်တဲ့အရည်အသွေးရှိတဲ့သူ ဖြစ်ပါတယ်..။ ဝါ့ဒ် ပရောက်စ် က ကွင်းလယ်ရဲ့ ညာဘက်ခြမ်းမှာ ကစားလိမ့်မယ်..။ ဒါ့အပြင် သူ့ရဲ့ဖြတ်တင်ဘောတွေနဲ့ တည်ကန်ဘော ပေးပို့မှုတွေကို တိုမက်စ် ဆူးချက်ခ် က အသုံးချနိုင်မလား..? ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ..။

ကျွန်တော်ဟာ ဒေးဗစ် မိုးယက်စ် ရဲ့ အသင်းကို ကြိုက်ပါတယ်..။ ဒါပေမယ့် သူတို့အသင်းဟာ တိုက်စစ်ပိုင်းမှာ အားဖြည့်မှုတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်..။