feature-image

သောကြာနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs လူတန် တောင်း)

စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ချယ်လ်ဆီးအသင်းက တန်းတက်အသင်း လူတန် တောင်း ကို ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်မှ သွင်းဂိုးများနှင့် ချယ်လ်ဆီးအသင်း၏ ကစားပုံ၊ အနာဂတ်အလားအလာများအပေါ် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports ရုပ်သံဌာန၏ ‘Friday Night Football’  စကားဝိုင်းအစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။

ကယ်လီ ကိတ် - ဂျင်မီ ရေ.. ဒီနေ့ပွဲမှာတော့ ရှင်တို့ချယ်လ်ဆီးအသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ မတ်လနောက်ပိုင်း ပထမဆုံး အိမ်ကွင်းအနိုင်ပွဲအဖြစ် ရာဟင်း စတာလင်း ရဲ့ သွင်းဂိုးနှစ်ဂိုး၊ နီကိုလပ်စ် ဂျက်ဆန် ရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုးတွေနဲ့ လူတန် တောင်းအသင်းကို အနိုင်ရခဲ့ပါတယ်..။ ပထမဆုံးအနေနဲ့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းအပေါ် ရှင်တို့ရဲ့ ထင်မြင်ချက်တွေကို ပြောပြပေးနိုင်မလား..?

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ပွဲမစခင် လူအယောက် (၁၀၀) သွားပြီးမေးကြည့်ရင် အကုန်လုံးက ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း သုံးမှတ်အပြည့်ရဖို့ကိုပဲ မျှော်လင့်ထားကြပါလိမ့်မယ်..။ ပထမပိုင်းမှာ သူတို့အသင်းရဲ့ ကစားပုံဟာ ညက်ညောမှုမရှိခဲ့ပါဘူး..။ ဒါ့အပြင် ဒုတိယဂိုးမရခင်အချိန်ထိ နှစ်သင်းစလုံးဟာ အပြန်အလှန်ရှိခဲ့ပြီး ကစားချိန်မိနစ် (၅၀) လောက် ရုန်းကန်ခဲ့ရတယ်လို့ ပြောရမှာပါပဲ..။ သူတို့အနေနဲ့ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။ အထူးသဖြင့် တိုက်စစ်မှူးတွေဆီကနေ ဘောလုံးဆုံးရှုံးမှုတွေ အရမ်းကိုများနေပါတယ်..။ အဲဒါတွေကို တိုးတက်အောင် ပြင်ဆင်ဖို့ လိုအပ်ပါတယ်..။

ဒါပေမယ့် ပွဲချိန် (၆၈) မိနစ်မှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ရာဟင်း စတာလင်း ဟာ ညာတောင်ပံက မာလို ဂတ်စ်တို ရဲ့ တိကျတဲ့ပေးပို့မှုကနေ အဆုံးသတ်ပေးလိုက်နိုင်ချိန်မှာတော့ ပွဲပြီးသွားပြီလို့ပဲ ပြောရမှာပါ..။ ယေဘူယျအားဖြင့်ဆိုရင် ဒီနေ့ပွဲမှာ ချယ်လ်ဆီးကပဲ ပွဲစပွဲဆုံး တစ်ဘက်သတ် ကစားသွားနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် တိုက်စစ်ပိုင်းအားနည်းလို့ဆိုပြီး အဝေဖန်ခံနေရတဲ့အသင်းမှာ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ ရာဟင်း စတာလင်း က နှစ်ဂိုး၊ အထောင်တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် က ပရီးမီးယားလိဂ် အဖွင့်ဂိုး ရခဲ့တယ်ဆိုတာ ကျေနပ်စရာပဲလို့ ပြောချင်ပါတယ်..။ အဲဒီအချက်ကလွဲရင် ကျန်တဲ့နေရာတွေမှာ အများကြီးတိုးတက်လာဖို့ လိုအပ်နေပါသေးတယ်..။



ကယ်လီ ကိတ် -  ချယ်လ်ဆီးအသင်းဟာ အနိုင်ရခဲ့ပေမယ့် သူတို့ရဲ့ခြေစွမ်းဟာ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်လို့ ဂျင်မီ ကတော့ ပြောသွားပါတယ်..။ ဒါပေမယ့် ဂိုးပြတ်အနိုင်ပွဲရလဒ်အပြင် ပေးဂိုးမရှိ (clean sheet) ရခဲ့တယ်..၊ အဓိကတိုက်စစ်မှူးတွေ သွင်းဂိုးတွေ ရရှိခဲ့တာ ကျေနပ်စရာ မဟုတ်ဘူးလား.. ရှင့်..။ နောက်ပွဲကျရင် သူတို့တွေဟာ အခုထက်ပိုပြီး ကောင်းမွန်လာဉီးမှာပါ.. ဟုတ်တယ်မလား..? ဂယ်ရီ ရေ..

ဂယ်ရီ နဗီးလ် - အခုအချိန်မှာ ရာဟင်း စတာလင်း ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနေပါတယ်..။ အဲဒါကိုအရင်ပြီးခဲ့တဲ့ နှစ်ပွဲမှာလည်း ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ..။ ဒီနေ့ဆိုရင် သွင်းဂိုးတွေပါ ရရှိခဲ့ပြီး အရင်ပွဲတွေထက်ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်..။ တကယ်တမ်း ချယ်လ်ဆီးအသင်းမှာ ပြိုင်ဘက်အသင်း ခံစစ်ကြောင်းကို အမြဲတမ်းခြိမ်းခြောက်နေနိုင်တဲ့ တိုက်စစ်မှူးတွေဆိုလို့ သူနဲ့ ဂျက်ဆင် နှစ်ယောက်ပဲ ရှိတာပါ..။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ လူတန် ထက် အများကြီးပိုကောင်းတယ်ဆိုတာ ကစားသမားတွေအတွက် ရင်းနှီးမြုပ်နှံထားတဲ့ ငွေကြေးပမာဏ (budget) ကို ကြည့်လိုက်ရင် တွေ့နေတာပါပဲ..။ အဲဒီလိုအချက်တွေကြောင့် ဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို အရေးကြီးတဲ့ အနိုင်ပွဲတစ်ပွဲလို့ ပြောနိုင်ပါတယ်..။ သူတို့ဟာ ဒီနေ့ပွဲမှာ အနိုင်ရလဒ်ကလွဲပြီး တခြားရလဒ်တွေ ဖြစ်သွားလို့ မရပါဘူး..။ ဒီနေ့ပွဲမှာ တကယ်တမ်း အဆုံးအဖြတ် ဖြစ်သွားခဲ့တာက ရာဟင်း စတာလင်း ရဲ့ ခြေစွမ်းနဲ့ ကြိုးစား၊ အားထုတ်မှုပဲ ဖြစ်ခဲ့ပါတယ်..။



ကယ်လီ ကိတ် - ဂျင်မီ ရေ.. ရာဟင်း စတာလင်း ရဲ့ အကြောင်း မပြောခင် တိုက်စစ်မှူး ဂျက်ဆင် နဲ့ ပတ်သက်ပြီး အရင်ဆုံး ဆွေးနွေးကြည့်ချင်ပါတယ်..။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သွင်းဂိုးတွေရရှိဖို့၊ အထူးသဖြင့် ကိုယ့်အသင်းရဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဂိုးသွင်းပြနိုင်ဖို့ ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာ ပြောပြပေးနိုင်မလားရှင့်..

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - နီကိုလပ်စ် ဂျက်ဆင် ဟာ အသင်းအတွက် ရေကုန်ရေခမ်း.. အစွမ်းကုန် ကြိုးစား၊ ပေးဆပ်တဲ့ ကစားသမားဗျ..။ ပွဲစဉ်အချက်အလက်တွေကို ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့စွမ်းဆောင်ရည် ကိန်းဂဏန်းတွေဟာ သိပ်ကိုကောင်းပါတယ်..။ သူဟာတစ်ချိန်လုံး ပြေးလွှား၊ လှုပ်ရှားနေတဲ့ ကစားသမားတစ်ဘောက် ဖြစ်ပေမယ့် တိုက်စစ်မှူးတစ်ယောက်ဟာ ဂိုးဧရိယာထဲမှာ အကောင်းဆုံး လှုပ်ရှားပြီး ထိရောက်တဲ့ ဂိုးသွင်းယူနိုင်မှုတွေ ပြုလုပ်နိုင်ဖို့ လိုပါတယ်..။ ကံကောင်းစွာနဲ့ပဲ အသင်းရဲ့ တတိယဂိုးမှာတော့ သူဟာ အချိန်ကိုက်၊ နေရာကိုက် ရောက်ရှိနေခဲ့ပြီး ရာဟင်း စတာလင်း ရဲ့ လှပတဲ့ ဖြတ်တင်ဘောကို အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့ပါတယ်..။

ဒါ့ကြောင့်သူအနေနဲ့ အဲဒီအဖွင့်ဂိုး..၊ သွင်းဂိုးကို အားယူပြီး ဒီထက်ပို တိုးတက်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်..။ နောက်ပွဲတွေမှာ သွင်းဂိုးတွေ ဆက်ပြီးရခဲ့ရင် ပိုကောင်းတာပေါ့ဗျာ..။

ဂယ်ရီ နဗီးလ် - သူ့ရဲ့ကစားပုံဟာ လီဗာပူးလ်အသင်းက ဒါဝင် နူးနက်ဇ် ရဲ့ မနှစ်ကဘောလုံးရာသီက ကစားပုံနဲ့ တူမနေဘူးလား..? သူတို့တွေဟာ တစ်ချိန်လုံး ပြေးလွှားလှုပ်ရှားနေပြီး ပြိုင်ဘက်အသင်း ခံစစ်ကြောင်းကို တစ်ချိန်လုံးဒုက္ခပေးနိုင်ပေမယ့် နောက်ဆုံးအဆုံးသတ်ချိန်တွေကျရင် သပ်ရပ်မှုမရှိဘူးဗျ..။

ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် - yeah..! ဒါပေမယ့် လူတိုင်းက ကိုယ့်အသင်းရဲ့ တိုက်စစ်မှူးဆီက အကောင်းဆုံး လုပ်အားနှုန်းနဲ့ ပေးဆပ်မှု လိုချင်ကြမှာပါပဲ..။ ဒါပေမယ့် တစ်ဘက်ကလည်း ကိုယ့်ရဲ့ တိုက်စစ်မှူးတွေဟာ ဂိုးသွင်းအဆုံးသတ်နိုင်မယ့် နေရာတွေမှာ အချိန်ကိုက် ရောက်ရှိရပါမယ်..။ ဒါမှလည်း ရရှိလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလားဗျ..။ ဒီနေ့မှာတော့ သူဟာလိုအပ်နေတဲ့ သွင်းဂိုးကို အရယူနိုင်ခဲ့ပါတယ်..။ ဒါဟာကျေနပ်စရာပါပဲ..။



ကယ်လီ ကိတ် - ဂယ်ရီ ရေ.. ရှင်တို့ဟာ ရာဟင်း စတာလင်း ရဲ့ အကြောင်းကို ကောင်းကောင်းသိပြီးသားပါ..။ ဒီနေ့ပွဲမှာဆိုရင် သူဟာ ‘ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု (man of the match)’ ရရှိခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့သလို ရာသီအစ.. ပထမဆုံးနေ့ကတည်းက အသင်းနဲ့အံဝင်၊ အဆင်ပြေနေခဲ့တာ မဟုတ်ဘူးလားရှင့်..

ဂယ်ရီ နဗီးလ် - ရာဟင်း ဟာ ပြီးခဲ့တဲ့အပါတ်ထဲမှာ မန်နေဂျာနဲ့ တွေ့ဆုံပြီး သူ့ရဲ့ကစားပုံ အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့အကြောင်း ဝန်ခံခဲ့တာဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ ပထမဆုံးပွဲမှာ သူဟာ ရိစ် ဂျိမ်းစ် နဲ့ အတွဲအဖက်ညီခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ဘယ်တောင်ပံခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာ တောင်ပံ.. အစွန်ဘက်ကိုထွက်ပြီး နောက်ခံလူတွေကို တစ်ယောက်ချင်း 1 vs 1 ကျော်ဖြတ်၊ ကစားတာပဲဖြစ်ဖြစ်၊ တောင်ပံဘက်က ပေးပို့လိုက်တဲ့ ဘောလုံးတွေကို ဂိုးဧရိယာထဲမှာ အဆုံးသတ် ပိတ်သွင်းတာပဲဖြစ်ဖြစ် အဲဒီလိုအနေအထားမျိုးမှာ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ရရှိလေ့ရှိပါတယ်..။

ပက်ပ် ဂွာဒီယိုလား ဟာ လီဗာပူးလ်အသင်းက ပေါက်ဖွားလာတဲ့ ရာဟင်း စတာလင်း ဆိုတဲ့ လူငယ်ကျောက်ရိုင်း ကစားသမားတစ်ယောက်ကို တစ်ရာသီ အနည်းဆုံး ဂိုးပေါင်း (၂၀) လောက် သွင်းယူပေးနိုင်လေ့ရှိတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် အဖြစ် ပုံသွင်းပေးနိုင်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ သူ့ရဲ့ခြေစွမ်းဟာ ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်.။ ဒါပေမယ့် ပွဲကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ခြေစွမ်းအဆင့်မျိုး မဟုတ်ခဲ့ပါဘူး..။ ဒီနေ့ပွဲမှာတော့ သူဟာ အသင်းမှာ သာမာန်ကစားသမား တစ်ယောက်အနေနဲ့ ကစားပေးနေတာ မဟုတ်ပဲ ပွဲရဲအ‌ဖြေကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ခြေစွမ်းနဲ့ အသင်းကို ဉီးဆောင်မှု ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်..။

ဒါ့အပြင် မန်နေဂျာနဲ့ ဆွေးနွေးပြီး ကစားပုံ အပြောင်းအလဲ ပြုလုပ်ခဲ့တယ်.. ဆိုတဲ့အပိုင်းဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ ရာဟင်း က ဂိုးဧရိယာအနီးတစ်ဝိုက်မှာ နေရာယူပြီး ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာတွေ (pockets) အသုံးချတဲ့ တိုက်စစ်ဆင်တဲ့နေရာမှာ အကောင်းဆုံး မဟုတ်ပါဘူး..။ သူဟာဂိုးပေါက်ကို ကျောပေးပြီး ကစားတတ်တဲ့ ဖီးလ် ဖိုဒန် တို့လို ကစားသမား မဟုတ်ဘူးဗျ..။ အခုဆိုရင် သူတို့အသင်းမှာ အင်ဇို ဖာနန်ဒက်စ် ဟာ အဲဒီတာဝန်ယူပါလိမ့်မယ်..။ သူဟာ တောင်ပံကနေ ခံစစ်ကြောင်းကို တိုက်ရိုက် ထိုးဖောက်ကစားတတ်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပါတယ်..။

 
ကယ်လီ ကိတ် - ဂျင်မီ ရေ.. မနှစ်က ဘောလုံးရာသီမှာ ရှင်တို့အသင်းဟာ အပြောင်းအလဲတွေ အရမ်းများခဲ့ပါတယ်..။ အသင်းပိုင်ရှင် အသစ်တွေနဲ့ အထိုင်မကျသေးတဲ့အချိန် မန်နေဂျာ အပြောင်းအလဲကလည်း သုံးယောက်တောင် ဖြစ်လာခဲ့ပါတယ်..။ ဒါပေမယ့် ဒီနှစ်မှာတော့ ဘုတ်အဖွဲ့တွေရဲ့ အနေအထားဟာ အရင်နဲ့စာရင် တည်ငြိမ်လာပြီလို့ ပြောနိုင်မှာဖြစ်သလို နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ အနာဂတ်ကို ရှေ့ဆက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိနေခဲ့ပါပြီ..။ ဒီလိုအနေအထားမှာ ရာဟင်း စတာလင်း အနေနဲ့ အခုထက်ပိုပြီး ကြီးကျယ်တဲ့နေရာကနေ ပါဝင်နိုင်မယ့် အလားအလာ ရှိနိုင်ရဲ့လား..?

ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် - မှန်တာပေါ့..။ မနှစ်ကအနေအထားဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိခဲ့ပါဘူး..။ ဒီနှစ်မှာ ဘာတွေကောင်းသွားလဲ.. ဆိုတော့ မန်နေဂျာသစ်နဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေမှာ အစကတည်းက ပါဝင်ခဲ့တာဆိုတော့ နည်းပြလိုချင်တဲ့ ကစားကွက်၊ အခင်းအကျင်းကို ကောင်းကောင်းသိနိုင်ခဲ့မှာ ဖြစ်သလို အခုအသင်းသစ်မှာ သူ့အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားခဲ့ပုံ ရပါတယ်..။

ရာဟင်း လို ကစားသမားကို ရိုးရိုးရှင်းရှင်း ညွှန်ကြားချက်တွေ ပေးတာ အကောင်းဆုံးပဲဗျ..။ သူဟာဘောလုံးရောက်လာတာနဲ့ အမြဲတမ်း အရှိန်တင် ကစားမယ်..၊ ပြိုင်ဘက်ကစားသမားကို တစ်ဉီးချင်း ရင်ဆိုင်ထိုးဖောက်မယ်.. ဒါပါပဲ..။ ဒီနေ့ပွဲမှာ ကစားသွားတဲ့ပုံစံပေါ့ဗျာ..။ သူ့ကိုဂိုးဧရိယာတစ်ဝိုက်မှာ ရှုပ်ရှုပ်ထွေးထွေး တာဝန်တွေပေးမယ်ဆိုရင် အဆင်မပြေပါဘူး..။

ဒါ့ကြောင့် ရာဟင်း ဟာ တောင်ပံတွေကနေ နောက်ခံလူတွေကို တစ်ဉီးချင်း ရင်ဆိုင်၊ ထိုးဖောက်ရာမှာ အကောင်းဆုံးပဲလို့ ဂယ်ရီ ကလည်း အစောက ပြောခဲ့တာပါ..။ ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ ပထမဂိုးကို အဲဒီလို တစ်ဉီးချင်း ဖြတ်ကျော်၊ ထိုးဖောက်ပြီး ရယူသွားခဲ့တာ ဖြစ်သလို သူ့ရဲ့ခြေစွမ်းဟာ အပြစ်ပြောစရာ မရှိခဲ့ပါဘူး..။



ကယ်လီ ကိတ် - ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ နည်းပြမော်ရစ္စစီယို ပိုချက်တီနို က ‘နီကိုလပ်စ် ဂျက်ဆင် ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောသွားခဲ့ပါတယ်..။’ ဂျင်မီ ရေ.. သူ့ဆီမှာ အဲဒီလို အကြီးကျယ်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်လာနိုင်မယ့် အရည်အသွေးတွေ ရှိနေတယ်လို့ ရှင်ယူဆမိပါလား..?

ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် - Wow..!! သူ့ရဲ့ပြောကြားချက်ကတော့ တကယ့်ကိုအကြမ်းစားပါပဲ..။ ဂျက်ဆင် နဲ့ ပတ်သက်ပြီး မော်ရစ္စစီယို ဆီမှာ တစ်ခုခုသိထားတာများ ရှိနေမလား.. ပေါ့..။ ဘာဖြစ်လို့လည်းဆိုတော့ သူကကစားသမားကို နေ့စဉ်နေ့တိုင်း တွေ့နေတာဆိုတော့ သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှုနဲ့ အလားအလာတွေကို ပိုပြီးသိရှိနေပါလိမ့်မယ်..။

မှန်ပါတယ်.. သူ့ဆီမှာ ပင်ကိုယ်အရည်အချင်းကောင်းတွေ ရှိနေပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် သူဟာဒုတိယပိုင်းမှာ နည်းနည်းတော့ ရုန်းကန်ခဲ့ရလား.. လို့ပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ဘောလုံးဆုံးရှုံးမှုတွေ (turnovers) သိပ်များခဲ့ပါတယ်..။ ဒါပေမယ့် ပွဲချိန် (၇၅) မိနစ်မှာ ရာဟင်း စတာလင်း ရဲ့ ပေးပို့မှုကနေ ပိတ်သွင်းယူခဲ့တဲ့ သူ့ရဲ့သွင်းဂိုးဟာ တကယ့်တိုက်စစ်မှူးတစ်ယောက်ရဲ့ အနီးကပ်ပိတ်သွင်းတဲ့ဂိုး အမျိုးအစားပါပဲ..။ အချိန်ကိုက်.. နေရာကိုက်.. ကွက်တိ ရောက်ရှိခဲ့လို့လည်း အဲဒီလို ပိတ်သွင်းနိုင်ခဲ့တာပါ..။ သူ့ဆီက အဲဒီလိုသွင်းဂိုး၊ အဲဒီလို လှုပ်ရှားမှုတွေ ပိုပြီးထွက်ပေါ်လာဖို့ လိုအပ်နေပါတယ်..။

ကယ်လီ ကိတ် - ဂယ်ရီ ကတော့ သူဟာဂိုးဧရိယာအတွင်းမှာထက်စာရင် ဂိုးဧရိယာအပြင်ဘက်နဲ့ တစ်ကွင်းလုံးအနှံ့ လှုပ်ရှားပြေးလွှားနေတယ်လို့ ပြောခဲ့ပါတယ်..။ ဒါ့အပြင် နောက်ခံလူတွေနဲ့ တွန်းတိုက်ပြီး ခံစစ်ကြောင်းအပေါ် တစ်ချိန်လုံးဖိအားတွေ ပေးနိုင်ခဲ့ပါတယ်..။ ဂျင်မီ ရေ.. တကယ်လို့ ရှင်သာ သူ့ကိုအကြံပေးခွင့်ရမယ်ဆိုရင် အဲဒီလိုတစ်ကွင်းလုံးအနှံ့ လျှောက်ပြေးမနေပဲ ဂိုးဧရိယာဝန်းကျင်မှာ အများဆုံးလှုပ်ရှားနေရာယူ ကစားဖို့ အကြံပေးဖြစ်မလား..?

ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် - တကယ်တော့ လက်ရှိချယ်လ်ဆီးအသင်းဟာ အဲဒီလိုဂိုးဧရိယာထဲမှာ အခွင့်အရေးတွေကို ထိထိရောက်ရောက် အသုံးချနိုင်မယ့် တိုက်စစ်မှူးကောင်းတစ်ယောက် လိုအပ်နေတာ အမှန်ပါပဲ..။ တကယ်လို့ သူ့ကိုဂိုးဧရိယာထဲမှာပဲ လှုပ်ရှားခိုင်းမယ်ဆိုရင် ကျန်တဲ့သူတွေက သူ့ရဲ့လုပ်အားနှုန်းကို မျှခံ၊ ပိုပြီးတာဝန်ယူရတော့မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာအထောင် တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ဂိုးဧရိယာထဲမှာ ပိုပြီးရှိရတော့မယ်လေ…

သူဟာခံယူချက်နဲ့ စိတ်ဓါတ်ကောင်းမွန်ပြီး အသင်းအတွက် မခိုမကပ် ပေးဆပ်ချင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် ကစားသမားတစ်ယောက်ဟာ ထိပ်တန်းကစားသမား တစ်ယောက်အဖြစ် တိုးတက်ဖို့ဆိုရင် လုပ်အားနှုန်းနဲ့ ပေးဆပ်မှုတွေမှာ ပါးနပ်မှု (smart) ရှိရပါမယ်…။ ပြီးတော့ ထိရောက်တဲ့ လှုပ်ရှားမှုတွေကိုပဲ ပြုလုပ်ဖို့ပေါ့ဗျာ…



ကယ်လီ ကိတ် - ဂယ်ရီ ရေ… ချယ်လ်ဆီးအသင်းဟာ အနေနဲ့ အခုထက်ပိုပြီး တိုက်စစ်ဆင်နိုင်တဲ့အသင်း၊ တိုက်စစ်ထက်မြက်တဲ့ အသင်းဖြစ်သင့်တယ်.. ဆိုပြီး ပထမပိုင်းအပြီးမှာ ရှင်ပြောခဲ့ပါတယ်..။ ဒါဆိုရင် သူတို့ဟာ နောက်ထပ်တိုက်စစ်မှူးတစ်ယောက် ထပ်ပြီးခေါ်ယူဖို့ လိုအပ်နေပြီလား..?

ဂယ်ရီ နဗီးလ် - ကျွန်တော့်ရဲ့အမြင်အရဆိုရင် လက်ရှိအသင်းရဲ့ ဟန်ချက် (balance) ဟာ အလုပ်ဖြစ်နေပါတယ်..။ ဒါပေမယ့် သူတို့အသင်းဟာ အသက်အရွယ်အရရော၊ ကစားကွက် အနေအထားအရရော အခုထက်ပိုပြီး ရင့်ကျက်မှုရှိဖို့ လိုအပ်နေပါတယ်..။ အခုလက်ရှိအသင်းရဲ့  တိုက်စစ်မှာ အလုပ်ဖြစ်နေတာ နီကိုလပ်စ် ဂျက်ဆင် နဲ့ ရာဟင်း စတာလင်း တို့နှစ်ယောက်ပဲ ရှိနေပါတယ်..။ စတာလင်း ဟာ ညာတောင်ပံကနေ ထိရောက်တဲ့ တိုက်စစ်လမ်းကြောင်းတွေ ဖန်တီးပေးနိုင်နေပါတယ်…။

မော်ရစ္စစီယို ရဲ့ တော့တင်ဟမ်အသင်းကို ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ခံစစ်ကစားသမားတွေရဲ့နောက်က နေရာလွတ်တွေကို ထိုးဖောက်နိုင်စွမ်းရှိတဲ့ ဆွန် ဟောင်မင်း၊ ဒယ်လီ အားလီ ရှိပါတယ်..။ ဟာရီ ကိန်း က သူတို့နှစ်ယောက်ရဲ့ရှေ့မှာ ရှိနေတယ်..။ ကွင်းလယ်က အဲရစ်ဆင် က ထိရောက်တဲ့ ဖန်တီးမှု၊ ပေးပို့မှုနဲ့ တိုက်စစ်လမ်းကြောင်းတွေ ဖန်တီးပေးနေပါတယ်..။

အခုလက်ရှိချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကတော့ ဟန်ချက်မညီဘူး (imbalance)၊ ထိုးဖောက်မှုတွေဟာ ရှုပ်ထွေးနေပါတယ်.. (frantic)။ အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ် အားနည်းချက်ကို မဖြေရှင်းနိုင်သေးပါဘူး..။ ဂျက်ဆင် နဲ့ စတာလင်း တို့ဟာ သိပ်ကိုလျှင်မြန်တဲ့ ကစားသမားတွေပါ..။ သူတို့တွေက အရမ်းကိုပြေးတာဗျ..၊ ဒါပေမယ့် တစ်ချိန်လုံးမြန်နေလို့ မရဘူးလေ..။ တိုက်စစ်ပိုင်းရဲ့ အနှေးအမြန်၊ ဟန်ချက်ညီပေးဖို့ သူတို့နဲ့အတူ လှုပ်ရှားနိုင်မယ့် တိုက်စစ်မှူးကောင်းတစ်ယောက် ထပ်ပြီးလိုအပ်နေပါတယ်..။



ဥပမာအနေနဲ့ဆိုရင် လီဗာပူးလ်အသင်းမှာ မာနေး၊ ဆာလာ တို့က အမြန်သမားတွေ..၊ ရော်ဘတ်တို ဖာမီနို နဲ့ တိုက်စစ်ဟန်ချက်ကို ပြန်ပြီးထိန်းပေးပါတယ်..။ အခုလက်ရှိအချိန်မှာ ဂျက်ဆင်၊ စတာလင်း တို့ရဲ့ တိုက်စစ်အမြန်နှုန်းကို ထိန်းညှိပေးမယ့် နောက်ထပ်တစ်ယောက်ရှိနေမယ်ဆိုရင် ရှေ့တန်းတိုက်စစ်သုံးယောက်ဟာ တစုတစည်းထဲ ပိုပြီးထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ပါလိမ့်မယ်..။ ဒါမှမဟုတ် ကွင်းလယ်ကနေ တစ်ယောက်ယောက်က အဲဒီတာဝန်ကို ယူပေးနိုင်မလားပေါ့..။

အခုလက်ရှိအချိန်မှာ မော်ရစ္စစီယို ပိုချက်တီနို ဟာ နောက်တန်းခံစစ်ကြောင်းကို သုံးယောက် (back three) ထိုင်ထားတယ်..။ ကွင်းလယ် အတွဲအစပ်ကိုတော့ ကိုင်ဆီဒို၊ ဖာနန်ဒက်စ် တို့နဲ့အတူ ကြိုးစား၊ တည်ဆောက်နေဆဲ ဖြစ်ပါတယ်..။ မော်ရစ္စစီယို ဟာ နောက်တန်းလေးယောက် ခံစစ်ကြောင်း (back four) ကို ပိုပြီးကြိုက်ပါတယ်..။ ကွင်းလယ်မှာ သုံးယောက်အထိုင် ကစားဖို့ဖြစ်နိုင်ပါတယ်..။ pivot အထိုင် ကစားပေးနိုင်မယ့်သူတွေ ရှိနေပေမယ့် သူတို့ရဲ့ရှေ့ကနေ ကွင်းလယ်ဖန်တီးရှင်အဖြစ် တိုက်စစ်နဲ့ချိတ်ဆက်ပေးမယ့်သူ မရှိသေးဘူးဗျ..။ ဒါ့ကြောင့် ချူကွီမီးကား နဲ့ ရာဟင်း စတာလင် တို့ကို ကွင်းလယ်ဖန်တီးရှင်/ နောက်ချန်တိုက်စစ်မှူးအနေနဲ့ တိုက်စစ်ကို ချိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်..။ (ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် - ခရစ္စတိုဖာ အန်ကန်းကူ ရှိသေးတယ်လေ…)

ဟုတ်တယ်.. အန်ကန်းကူ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာရင် သူဟာကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်မယ့်သူ ဖြစ်လာနိုင်ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဟာ ဟန်ချက်မညီဘူး၊ ရင့်ကျက်မှုနဲ့ ညက်ညောမှုရှိဖို့ လိုအပ်နေပါသေးတယ်..။ ဂျက်ဆင် က တကယ့်ကို အလားအလာရှိတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်ပါတယ်..။ သူ့ကိုဝန်းရံပြီး ပံ့ပိုးပေးနိုင်မယ့် အဆင့်မှီ.. ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက် ရှိနေဖို့ လိုအပ်နေပါတယ်..။

ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့ပွဲမှာဆိုရင် ဂျက်ဆင် ဟာ နောက်ခံအစွန်လူနဲ့ ဗဟိုခံစစ်မှူးတွေကြားမှာပဲ အများဆုံး လှုပ်ရှားနေရပြီး (channel) အတွင်းကိုသိပ်ပြီး ဝင်လို့မရခဲ့ပါဘူး..။ ဒါ့ကြောင့်သူဟာ ခပ်စောင်းစောင်း နေရာတွေကပဲ ကန်သွင်းမှုတွေ လုပ်နေရပါတယ်..။ ပရီးမီးယားလိဂ်မှာ အဲဒီပုံစံနဲ့ ထိုးဖောက်နေလို့ သိပ်ပြီးအလုပ်မဖြစ်နိုင်ပါဘူး..။ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီထက်ပိုပြီး တိုးတက်လာအောင် အများကြီးပြုလုပ်ရပါဉီးမယ်..။ ဒါ့ကြောင့် အသင်းရဲ့တိုက်စစ်ဟန်ချက်အတွက် နောက်ထပ်တိုက်စစ်မှူးတစ်ယောက် ထပ်ပြီးလိုအပ်နိုင်ပါတယ်..။ အဲဒီတာဝန်ကို ယူပေးနိုင်မယ့် ခရစ္စတိုဖာ အန်ကန်းကူ က ဒဏ်ရာကြောင့် လေးလအနားယူရပြီမလားဗျ..။



ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် - အင်းဗျ..,။ အန်ကန်းကူ ဟာ ရာသီကြိုပွဲစဉ်တွေမှာ ကစားတာ သိပ်ကိုကောင်းခဲ့ပါတယ်..။ တကယ့်အချိန်ကျမှ ဒဏ်ရာရသွားခဲ့ရတာဟာ အရမ်းကိုကံဆိုးတာပဲဗျ..။ သူကမှအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးမယ့်သူ၊ အဓိက သော့ချက် ကစားသမား ဖြစ်လာမှာဗျ..။ သူနဲ့ဂျက်ဆင် နဲ့ကလည်း အတွဲညီခဲ့တာ တွေ့ခဲ့ရပါတယ်..။ ဒါမှမဟုတ် နောက်ထပ် ဖန်တီးမှုကောင်းတဲ့ ကစားသမားတစ်ယောက် ထပ်ပြီးလိုအပ်ဉီးမလားပေါ့..

ဂယ်ရီ နဗီးလ် - ခင်ဗျားတို့ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုပွဲတွေ ကျွန်တော်မကြည့်ခဲ့ရဘူးဗျ..။ အဲဒီပွဲတွေမှာ ဂျက်ဆင်၊ အန်ကန်းကူ နဲ့ စတာလင်း တို့ကို ဘယ်လိုပုံစံ line up ချခဲ့တာလဲ..?
ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ် - စတာလင်း က ညာတောင်ပံမှာပါ..။ ဂျက်ဆင် ကို အလယ်မှာထားပြီး အန်ကန်းကူ ကို ဘယ်ဘက်မှာပိုပြီး ကစားစေခဲ့ပါတယ်..။ သူကဘယ်တောင်ပံကနေ အတွင်းဘက်ကို ပိုပြီးထိုးဖောက် ကစားလေ့ရှိတာ တွေ့ခဲ့တယ်ဗျ..။ free role ဆန်ဆန်ပေါ့..။ ရာသီကြိုပွဲစဉ်တွေမှာ သူတို့ဟာ ‘No.10’ နှစ်ယောက်နဲ့ ကစားခဲ့တဲ့ပုံ တွေ့ခဲ့ပါတယ်..။ နောက်တန်းက back four နဲ့ ကွင်းလယ်မှာ သုံးယောက်အထိုင် ကစားခဲ့ပါတယ်..။

ကယ်လီ ကိတ် - ပွဲထွက်ကစားသမားအနေနဲ့ စတင်ပါဝင်လာခဲ့တဲ့ မွိုက်ဆက် ကိုင်ဆီဒို ရဲ့ ခြေစွမ်းအပေါ် သုံးသပ်ပေးပါဉီးလား.. ဂျေမီ ရေ.. သူဟာဝက်စ်ဟမ်းနဲ့ပွဲမှာ လူစားဝင် ကစားသမားအနေနဲ့ ရုန်းကန်ခဲ့ရတာကိုးရှင့်..။ ဒီနေ့ပွဲမှာရော သူ့ရဲ့ကစားပုံ ဘယ်လိုရှိခဲ့လဲ..?



ဂျေမီ ကာရေဂါ - ပွဲချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ကစားပုံ ကောင်းလာပါတယ်..။ ပွဲအစပိုင်းမှာ ရုန်းကန်ခဲ့ရပြီး တကယ့်အရေးကြီးတဲ့နေရာမှာ ဘောလုံးဆုံးခဲ့ပါသေးတယ်..။ လူတန် အသင်းဘက်က အဲဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့လို့ ကံကောင်းသွားတာပေါ့..။ သူဟာပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အခြေအနေ မကောင်းခဲ့တာကြောင့် ပွဲအစမှာ စိတ်လှုပ်ရှားမှု များနေတာလည်း ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဒုတိယပိုင်းမှာ သူ့ရဲ့ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။ ဒါ့အပြင် တစ်ချို့ဘောလုံးတွေကို ခက်ခက်ခဲခဲနဲ့ ပြန်လည်အရယူ၊ လုယူပေးနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေ စတင်နိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ တကယ့်ကို အကောင်းစား ကွင်းလယ်အတွဲအစပ်တစ်ခုကို စတင်တည်ဆောက်နေတာ ဖြစ်ပါတယ်..။ ဒါပေမယ့် ကွင်းလယ်တိုက်စစ်ပိုင်းကို ကြည့်လိုက်ရင် စိတ်ဝင်စားဖို့ အတော်ကောင်းတယ်ဗျ..။ သူတို့ဟာ အင်ဇို ဖာနန်ဒက်စ် ကို ခံစစ်ကြောင်းရဲ့ရှေ့မှာ ကစားမယ့် ကွင်းလယ် ကစားသမား (deep lying midfielder) အဖြစ် ခေါ်ယူခဲ့တာပါ..။ ဒီနေ့ပွဲမှာတော့ သူဟာခုနက ခင်ဗျားတို့ပြောနေတဲ့ ကွင်းလယ် ဖန်တီးရှင် တစ်ယောက်အနေနဲ့ တိုက်စစ်လမ်းကြောင်းတွေ ဖန်တီးပေးနေတာကို တွေ့မိမှာပါ..။ ဂျက်ဆင် သွင်းယူသွားတဲ့ တတိယဂိုးမှာဆိုရင် အင်ဇို ဟာ သီယာဂို ဆေးလ်ဗား ရဲ့ ပေးပို့မှုကို တစ်ချက်တော့ပြီး စတာလင်း ရဲ့ ပြေးလမ်းကြောင်းထဲကို မြေမကျကန်ချက်နဲ့ လှလှပပ ချထားပေးနိုင်ခဲ့တာကို‌ တွေ့ခဲ့ကြမှာပါ..။

ဒါ့ကြောင့်အခုလက်ရှိအချိန်မှာ သူတို့အသင်းရဲ့ ကွင်းလယ်ကစားကွက်ဟာ ဘယ်လိုရွှေ့လျားဖို့ ရည်ရွယ်ထားတယ်ဆိုတာ ပြောဖို့ခက်ပါသေးတယ်..။ ဥပမာ- မွိုက်စ် ကိုင်ဆီဒို ဟာ ဘရိုက်တန်အသင်းမှာတုန်းက ကွင်းလယ်အဖျက် ကစားသမား (holding midfielder) အဖြစ် ကစားခဲ့တာ မဟုတ်ပါဘူး..။ အခုလက်ရှိ ဖာနန်ဒက်စ် ကစားနေတဲ့ ပုံစံအတိုင်း ‘No.8’ အဖြစ် တိုက်စစ်ပိုင်းကို ပိုမိုအားပြု ကစားခဲ့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့် အခုလို ကွင်းလယ်အဖျက် အားပြုတဲ့ ‘No.6’ အဖြစ် ကစားပေးနိုင်ပါ့မလား..? ကျွန်တော်ကတော့ သိပ်မသေချာပါဘူး..။



ဂယ်ရီ နဗီးလ် - ချယ်လ်ဆီးအသင်း ပုံသွင်းယူချင်တဲ့ ကစားကွက်အခင်းအကျင်းဟာ အခုအတိုင်း မဟုတ်နိုင်ပါဘူး..။ ထပ်ပြီးပြောင်းလဲဖို့တွေ ရှိနိုင်ပါသေးတယ်..။ ဘင် ချီးဝဲလ် ဟာ ဒီနေ့ပွဲကို ပြီးအောင် မကစားခဲ့ဘူး..၊ ရိစ် ဂျိမ်းစ် က ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး..။ ဒါဟာသူတို့အသင်းအတွက် ပြဿနာတော်တော်ကြီးပါတယ်..။ ဒါ့ကြောင့် နောက်ခံအစွန်လူ (full backs) တွေရဲ့ ဟန်ချက်အတွက် အပြောင်းအလဲ ပြုလုပ်ပေးရပါဉီးမယ်..။

သီယာဂို ဆေးလ်ဗား ဟာ သူတို့အသင်းရဲ့ အကောင်းဆုံး နောက်ခံလူအဖြစ် ဆက်ပြီးရှိနေဆဲ ဖြစ်ပါတယ်..။ ဒါပေမယ့် သီယာဂို ဆေးလ်ဗား ကြောင့် သူတို့ဟာ back three အထိုင်၊ wing back တွေနဲ့ အခင်းအကျင်းကို ဆက်ပြီးကစားနေဖို့ ရှိနိုင်ပါသေးတယ်..။ နည်းပြမော်ရစ္စစီယို ပိုချက်တီနို အနေနဲ့ အသေးစိတ် ညှိယူရမယ့်အရာတွေ အများကြီးရှိနေပါတယ်..။ ဒါ့ကြောင့်နောက်လာမယ့် တစ်လ၊ နှစ်လဆိုရင် အသင်းရဲ့ ကစားကွက်နဲ့ ဟန်ချက်ဟာ လုံးဝကို ပြောင်းလဲသွားပါလိမ့်မယ်..။

ကွင်းလယ်မှာဆိုရင် ရိုမီယို လာဗီးယား ပါဝင်လာဖို့ ရှိသေးတာကြောင့် ကိုင်ဆီဒို နဲ့ ဖာနန်ဒက်စ် တို့က သူ့ရဲ့ရှေ့မှာ ‘No.8’ တွေအဖြစ် ကစားတာလည်း ဖြစ်သွားနိုင်တာပါပဲ..။ နောက်ပြီးရာသီအစမှာ ခြေစွမ်းပြနေတဲ့ ကော်နာ ဂါလက်ချာ လည်း ရှိနေပါသေးတယ်…။