အပြာရောင်တွေရဲ့ နည်းပြသစ် မော်ရစ္စစီယို ပိုချက်တီနို ဟာ စတန်းဖို့ဒ် ဘရစ်ချ်အသင်းကို အသစ်ကနေ ပြန်လည်စတင်နေချိန် ဖြစ်တာနဲ့အညီ အစစအရာရာ နေသားတကျနဲ့ စုစည်း၊ ညီညွတ်တဲ့ အသင်းတစ်ခု ပေါ်ထွက်လာဖို့ အသင်းနဲ့ပရိသတ်တွေဘက်က အချိန်အတိုင်းအတာတစ်ခု (time) နဲ့ စိတ်ရှည်ပေးနိုင်ဖို့ (patience) လိုအပ်ပါတယ်..။ ဒါပေမယ့် အခုလက်ရှိ ရာသီအဖွင့် ရလဒ်တွေကြောင့် သူဟာအခက်အခဲတွေနဲ့ ပိုပြီးရင်ဆိုင်ရဖို့ ဖြစ်လာနိုင်ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ နိုင်ငံလက်ရွေးစင် အသင်းပွဲတွေ ယှဉ်ပြိုင်ဖို့ အနားပေးချိန်မတိုင်မီ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) မှာ နော့တင်ဟမ် ဖောရက်စ်အသင်းကို အိမ်ကွင်းမှာမမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့ရပါတယ်..။ ဒါ့ကြောင့်ရမှတ် (၄) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၁၂) နေရာကိုရောက်ရှိနေပြီး အပြာရောင်ပရိသတ်တွေအနေနဲ့ စိတ်ပျက်စရာ ရက်သတ္တပါတ် နှစ်ပါတ်တာကာလကို ဖြတ်သန်းနေရတယ်လို့ ပြောရမှာပါပဲ..။
ရှည်လျားထွေပြားပြီး ရှုပ်ထွေးလှတဲ့ ချယ်လ်ဆီးအသင်း ပြုပြင်၊ ပြောင်းလဲရေး ကာလအတွင်းမှာ တိုးတက်မှု (progress) ရှိ၊ မရှိကို အသေးစိတ် အချက်အလက်တွေနဲ့ နှိုင်းယှဉ်၊ တိုင်းတာကြည့်မယ်ဆိုရင် အခုလက်ရှိ အနေအထားဟာ တကယ့်ကို ကပ်ဆိုက်နေတဲ့ အခြေအနေ (crisis) မရောက်သေးပါဘူး..။ ဒါပေမယ့် အသင်းပိုင်ရှင်သစ်တွေရဲ့ လက်ထက်မှာ နည်းပြတူခယ်လ် ဟာ ရာသီအစ (၄) ပွဲမှာ (၆) မှတ်ရခဲ့သလို သူ့ရဲ့နေရာကို အစားဝင် တာဝန်ယူခဲ့ရတဲ့ နည်းပြဂရေဟမ် ပေါ်တာ ဟာ ပထမဆုံး သုံးပွဲစလုံး အနိုင်ရခဲ့ပါတယ်..။ ဒါ့ကြောင့် နည်းပြမော်ရစ္စစီယို အနေနဲ့ အသင်းရဲ့ရလဒ်တွေ အလျှင်အမြန် ကောင်းမွန်လာဖို့ လိုအပ်နေပါပြီ..။
အခုဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ချယ်လ်ဆီးအသင်း မှားယွင်းနေတဲ့အချက်တွေ၊ ပြုပြင်သင့်တဲ့အချက်တွေကို တိုင်းတာရာမှာ ပွဲစဉ်ပမာဏ နည်းပါးနေတဲ့အချက်ကို ထည့်သွင်း၊ စဉ်းစားဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ရာသီအစ (၄) ပွဲထဲမှာ ခံစစ်ပိုင်း အထူးအာရုံစိုက်ပြီး (ultra-defensive) ဂိုးဧရိယာထဲ စုပြုံ၊ ပိတ်ဆို့ ကစားတဲ့ (ultra-low blocks) အသင်းတွေနဲ့ (၃) ပွဲကစားထားတာကို သတိပြုမိကြပါလိမ့်မယ်..။
ဒါ့ကြောင့်လက်ရှိပရီးမီးယားလိဂ် အသင်းတွေရဲ့ တစ်ပွဲချင်းပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု (average possession) ကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ တစ်ပွဲကိုပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု (၇၀.၅ %) ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်..။ အသင်းဟာ အခုလာမယ့် ပွဲစဉ်တွေမှာ ပွဲချဉ်းကပ်ပုံနဲ့ နည်းစနစ်ပိုင်း ခြားနားတဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် တစ်ချို့အချက်အလက်တွေဟာ ပြောင်းလဲသွားဖို့ ရှိပါတယ်..။ ဒါပေမယ့် အပြာရောင်တွေအနေနဲ့ အမှတ်ပေးဇယားထိပ်ပိုင်း ပြန်လည်တက်လှမ်းစေနိုင်ဖို့ အထောက်အကူ ဖြစ်နိုင်မယ့်ညွှန်းကိန်းတစ်ချို့ကို လေ့လာကြည့်ပါမယ်..။
ခိုင်မာတဲ့ ကစားကွက်တစ်ခုကို ချမှတ်နိုင်ခဲ့တဲ့ နည်းပြပိုချက်တီနို
ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီကာလမှာ ကစားသမား အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့ပါတယ်..။ ဒါ့ကြောင့်နည်းပြပိုချက်တီနို အနေနဲ့ သူ့ရဲ့အကောင်းဆုံး ပွဲထွက် (၁၁) ယောက်ကို ရှာဖွေနိုင်ဖို့ အတော်လေး ခက်ခဲနိုင်ခဲ့သလို အသင်းသားတွေဘက်ကလည်း နည်းပြရဲ့ ညွှန်ကြားချက်၊ အယူအဆတွေကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ခက်ခဲနိုင်ခဲ့ပါလိမ့်မယ်..။
ဒါပေမယ့် အာဂျင်တီးနား နည်းပြကြီးဟာ အကောင်းဆုံးဖြစ်မယ့် ပွဲထွက်လူစာရင်းနဲ့ လက်ရှိအသင်းသားတွေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် အခင်းအကျင်းကို အမြန်ဆုံးရှာဖွေနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ခိုင်မာတဲ့ ကစားပုံရှိတယ်ဆိုတာ ပြသနိုင်ခဲ့တဲ့အပေါ် သူ့ကိုချီးကျူးဖို့ ကောင်းပါတယ်..။ ရှုံးပွဲတွေ ကြုံနေရတယ်.. ဆိုပေမယ့် ချယ်လ်ဆီးအသင်း သွားချင်နေတဲ့လမ်းကြောင်းနဲ့ ရေရှည်မျှော်လင့်ချက်ကို ဆဝါး၊ မှန်းဆလို့ ရနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အသင်းသားတစ်ဉီးချင်းစီကို လိုချင်တဲ့ပန်းတိုင်ရှိအောင် မောင်းနှင်နေတဲ့ပုံစံ မြင်တွေ့နေရပြီး အခုဆိုရင် အပြာရောင်တွေဟာ တိုက်ပွဲတစ်ပွဲရဲ့ တစ်ဝက်တစ်ပျက်ကာလကို ရောက်နေတယ်လို့ ပြောရမှာပါပဲ..။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ (၄) ပွဲမှာ ၄- ၃- ၃ ကစားကွက်နဲ့ ၃- ၄- ၂- ၁ ကစားကွက်နှစ်ခုကို အလျဉ်းသင့်သလို ပြောင်းလဲကစားတဲ့ပုံစံ (hybrid formation) ခင်းကျင်းခဲ့ပြီး ပြိုင်ဘက်အသင်းကို ကွင်းရဲ့ဇုန်တိုင်းမှာ (zone) အသာရနိုင်အောင် လိုအပ်သလို အပြောင်းအလဲ ပြုလုပ်ကစားခဲ့ပါတယ်..။
လီဗာပူးလ်အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်မှာ မော်ရစ္စစီယို ပိုချက်တီနို ဟာ ၃- ၄- ၃ ကစားကွက် ခင်းကျင်းခဲ့ပေမယ့် ရိစ် ဂျိမ်းစ် (မာလို ဂတ်စ်တို) ဟာ right wing back နေရာကနေ နောက်ကိုဆင်းပြီး လေးယောက်တန်း ခံစစ်ကြောင်း (back four) အထိုင် ပြောင်းလဲခဲ့ပါတယ်..။ ရာဟင်း စတာလင်း ဟာ ညာတောင်ပံ ကစားသမား (winger) အဖြစ် ဘေးစည်းတစ်လျှောက် အတက်အဆင်း ပြုလုပ်၊ ကစားခဲ့ပြီး ဘယ်တောင်ပံကို ဘင် ချီးဝဲလ် က တာဝန်ယူခဲ့ပါတယ်..။ ကာနေး ချူကွီမီးကား ဟာ အင်ဇို ဖာနန်ဒက်စ် နဲ့အတူ တိုက်စစ်ကို အားပြုကစားတဲ့ ကွင်းလယ် ကစားသမား (No.8) အဖြစ် ကစားခဲ့ပြီး ကော်နာ ဂါလက်ချာ ကတော့ ‘No.6’ နေရာကနေ ကွင်းလယ်အဖျက်ပိုင်းကို အာရုံစိုက်ခဲ့ပါတယ်..။
အသင်းရဲ့ကစားပုံ အခင်းအကျင်းဟာ ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် အခုလိုကစားသမားတွေကို နေရာအပြောင်းအလဲ ရွှေ့လျားပြီး အရှင်ကစားစေခြင်းကြောင့် ပြိုင်ဘက်ကစားသမားတွေအတွက် တစ်ဉီးချင်းလူကပ် ကစားဖို့ခက်ခဲစေနိုင်ပါတယ်..။ ဒါ့အပြင် နည်းပြမော်ရစ္စစီယို ဟာ ကစားသမားတွေကို သူတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရွှေ့လျားကစားခွင့်ပေးထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အကူအညီပေးဖို့ ညွှန်ကြားထားတဲ့ပုံစံဟာ နည်းပြပက်ပ် ဂွာဒီယိုလား တို့လို ကစားသမားတွေကို ကိုယ့်ရဲ့နေရာမှာ အပီအပြင် အကောင်အထည်ဖော်စေတဲ့ (rigid positioning) နည်းစနစ်ပိုင်းအယူအဆနဲ့ ကွာခြားပါတယ်..။
ပြီးခဲ့တဲ့လေးပွဲစလုံးမှာ အသင်းသားတွေဟာ နည်းပြချမှတ်ထားတဲ့ ကစားကွက်ပုံစံနှစ်မျိုးအတွင်းမှာ ညက်ညက်ညောညော ပြောင်းလဲ၊ ကစားသွားနိုင်ခဲ့တဲ့ အခိုက်အတန့်အတော်များများ တွေ့ခဲ့ရပါတယ်..။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းတွေရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အချက်အလက်တစ်ချို့ကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ရသင့်တဲ့သွင်းဂိုး (expected goals- xG) (၈.၃) ဂိုးရှိခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ပဉ္စမမြောက် စွမ်းဆောင်ရည် အကောင်းဆုံး အသင်းဖြစ်ခဲ့ပါတယ်..။ ဂိုးကန်သွင်းမှု (shots on goals) (၆၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းနဲ့အတူ စတုတ္ထမြောက်ဂိုးကန်သွင်းမှု အများဆုံးပြုလုပ်နိုင်ခဲ့တဲ့အသင်း ဖြစ်ခဲ့ပါတယ်..။
နည်းပြပိုချက်တီနို ဟာ နာမည်ကျော်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာ ရဲ့ ကျောင်းထွက် နည်းပြတစ်ဉီးပီပီ အရှိန်အဟုန်နဲ့ လျှင်လျှင်မြန်မြန် ထိုးဖောက်တိုက်စစ်ဆင်တဲ့ ကစားဟန်ကိုလည်း ကျင့်သုံးနေနိုင်ပြီး တစ်ဉီးချင်း ကျော်ဖြတ်မှု (take-ons) အပိုင်းမှာ တစ်ပွဲကိုပျမ်းမျှ (၄၅) ကြိမ်နဲ့ စတုတ္ထအများဆုံး၊ တိုက်စစ်ဇုန် ပေးပို့မှု (through balls) တွေမှာလည်း တစ်ပွဲကိုပျမ်းမျှ (၁၄) ကြိမ်နဲ့ တတိယအများဆုံး ပြုလုပ်နိုင်တဲ့အသင်း ဖြစ်နေတာကို တွေ့ရပါတယ်..။
ထိရောက်မှု ကင်းမဲ့နေတဲ့ ဘယ်တောင်ပံတိုက်စစ်…
ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားပုံဟာ လီဗာပူးလ်အသင်းနဲ့ပွဲ၊ ဝက်စ်ဟမ်းအသင်းနဲ့ပွဲ ပထမပိုင်း (၄၅) မိနစ်မှာ အဆင်ပြေခဲ့ပါတယ်..။ ဒါပေမယ့် ကာနေး ချူကွီမီးကား ဒဏ်ရာရသွားပြီးတဲ့နောက်ပိုင်းမှာ သူတို့ရဲ့ အဆင်ပြေချောမွေ့နေတဲ့ တိုက်စစ်ထိုးဖောက်မှုတွေ ရပ်တန့်သွားခဲ့ပါတယ်..။ ချူကွီးမီးကား ဟာ အတွင်းကိုချိုးဝင်တဲ့ ဘယ်တောင်ပံ တိုက်စစ်မှူး (left inside forward)၊ ဘယ်တောင်ပံ တိုက်စစ်မှူး (left winger) နဲ့ ဘယ်အခြမ်းက ကွင်းလယ်ကစားသမား (No.8) နေရာတွေမှာ ကစားပေးနိုင်သူဖြစ်ပြီး သူမပါဝင်နိုင်ခဲ့တဲ့နောက်ပိုင်းမှာ အသင်းရဲ့ဘယ်ဘက်ခြမ်း တိုက်စစ်ဟာ အသက်မဲ့သွားခဲ့ပါတယ်..။
အသင်းရဲ့ဘယ်ဘက်ခြမ်း တိုက်စစ်ကို တာဝန်ယူနေရတဲ့ ဘင် ချီးဝဲလ် ဟာ ဂိုးကန်သွင်းခွင့် ရလောက်နိုင်တဲ့လှုပ်ရှားမှု (shot-creating actions) (၆) ကြိမ်ပဲ ဖန်တီးပေးနိုင်ခဲ့ပြီး သူ့ကိုနောက်ကနေ ပံ့ပိုးပေးနေတဲ့ overlapping centerback လီဗိုင်း ကော်ဝီးလ် ထက် (၁) ကြိမ်ပဲ ပိုများပါတယ်..။ သူတို့နှစ်ယောက်ဟာ တခါတလေ ဘယ်ဘက်ခြမ်းမှာ လူတွေထပ်နေပြီး ထိရောက်တဲ့ပံ့ပိုးမှုတွေ သိပ်ပြီးမပြုလုပ်နိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။
ဝက်စ်ဟမ်းအသင်းနဲ့ပွဲ ဒုတိယပိုင်းမှာ မိုင်ဟေးလ်လို မူဒရပ်ခ် ဟာ ဒဏ်ရာရသွားခဲ့တဲ့ ချူကွီမီးကား ရဲ့ နေရာကို ဝင်ရောက် ကစားခဲ့ပေမယ့် ထိရောက်တဲ့ ဖန်တီးမှုတွေ၊ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး..။ လူတန် တောင်းအသင်းနဲ့ပွဲမှာ အင်ဇို ဖာနန်ဒက်စ် ဟာ ချူကွီမီးကား ရဲ့ နေရာကို တာဝန်ယူ ကစားခဲ့ပေမယ့် ကွင်းလယ်မှာပဲ အဓိကလှုပ်ရှားနေရတာ များနေခဲ့ပြီး ညာတောင်ပံက ရာဟင်း စတာလင်း ရဲ့ တစ်ဉီးချင်း ထိုးဖောက်မှုတွေပဲ ရှိခဲ့ပါတယ်..။
နော့တင်ဟမ် ဖောရက်စ်အသင်းနဲ့ပွဲမှာ နီကိုလပ်စ် ဂျက်ဆန် ရဲ့ အနီးကပ်အပိုင်အခွင့်အရေး လွဲချော်မှု၊ အဆုံးသတ်ဂိုးသွင်းခွင့် မဖန်တီးနိုင်ခဲ့မှုတွေကိုသာ မီးမောင်းထိုးခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ဘယ်တောင်ပံ တိုက်စစ်တစ်ခုလုံး ပျောက်ဆုံးနေခဲ့မှုက ပိုပြီးအဓိကကျတဲ့ နည်းစနစ်ပိုင်း ပြဿနာ ဖြစ်ခဲ့ပါတယ်.. (ပူးတွဲပုံကို ကြည့်ရှုရန်)။
ရာသီစတဲ့အချိန်တုန်းက ချယ်လ်ဆီးအသင်းမှာ ကာနေး ချူကွီမီးကား ရဲ့ အခန်းကဏ္ဍ ဒီလောက်တောင် အရေးပါလိမ့်မယ်လို့ ဘယ်သူကမှ တွေးဆခဲ့ကြမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ ဘယ်တောင်ပံ တိုက်စစ်မှူး (left winger)၊ ကွင်းလယ်ဖန်တီးရှင်နဲ့ ‘No.8’ နေရာတွေမှာ ကစားပေးနိုင်ခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းက အင်္ဂလန်လူငယ် တိုက်စစ်မှူး ကိုးလ် ပါးမား ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂) သန်းနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်နိုင်ပါတယ်..။
ကော်ဝီးလ် နဲ့ ဆေးလ်ဗား တို့နဲ့ ပြန်လည်ပြင်ဆင်ရမယ့် ခံစစ်အထိုင်…
ချယ်လ်ဆီးအသင်းဟာ ဘောလုံးဆုံးရှုံးချိန် (off the ball) ပြိုင်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို တားဆီးရာမှာ ပြဿနာတွေ ရှိနေပါတယ်..။ ဒါကလည်း အခုနောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဝက်စ်ဟမ်း၊ လူတန် တောင်း နဲ့ ဖောရက်စ် အသင်းတွေဟာ တန်ပြန်တိုက်စစ် တစ်မျိုးတည်းကိုပဲ အဓိကလက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်..။
ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ခွင့်ပြုသင့်တဲ့ ပေးဂိုး (expected goals against) (၄.၃) ဂိုးပဲရှိပြီး ပရီးမီးယားလိဂ်မှာ တတိယမြောက် ခံစစ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံး အသင်းဖြစ်နေပါတယ်..။ ဒါ့အပြင် ကိုယ့်အသင်းရဲ့ ခံစစ်ဇုန်ထဲကို ပြိုင်ဘက်အသင်းရဲ့ ထိရောက်တဲ့ပေးပို့မှု (progressive passes) (၉၂) ကြိမ်ပဲ ခွင့်ပြုခဲ့ရပြီး ဒုတိယမြောက် ပိတ်ဆို့မှုအကောင်းဆုံးအသင်း၊ အမြင့်ဘော ဖျက်ထုတ်မှု (aerial duels) တွေမှာ (၆၅.၄ %) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး အမြင့်ဘော ရှင်းထုတ်မှု အကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်အသင်းရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် ကောင်းမွန်တယ်လို့ ယေဘူယျပြောနိုင်ပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့လိုအပ်နေတာ အမှန်ပါပဲ..။
အဓိကအားနည်းနေတဲ့နေရာဟာ လီဗိုင်း ကော်ဝီးလ် နဲ့ သီယာဂို ဆေးလ်ဗား တို့နှစ်ယောက်ရဲ့ကြားမှာ ဖြစ်နေပါတယ်..။ ဒါဟာသူတို့နှစ်ယောက်စလုံးမှာ တာဝန်ရှိသလို နှစ်ယောက်ကြားက နားလည်မှု အားနည်းနေတာဟာ အဓိကအချက်ပဲ ဖြစ်ပါတယ်..။ အထူးသဖြင့် သမ္ဘာအရင့်ဆုံး ကစားသမားဖြစ်တဲ့ သီယာဂို ဆေးလ်ဗား မှာ ပိုပြီးတာဝန်ရှိပါတယ်..။
ချယ်လ်ဆီးအသင်းဟာ တည်ကန်ဘော (set pieces) တွေကနေ နှစ်ဂိုး ခွင့်ပြုထားရသလို ကျန်တဲ့ပေးဂိုး သုံးဂိုးစလုံး (+ မိုဟာမက် ဆာလာ သွင်းယူခဲ့သော လူကျွံဂိုး) ဟာ ကော်ဝီးလ်- ဆေးလ်ဗား တို့နှစ်ယောက်ကြား ကွက်လပ်ကနေ ခွင့်ပြုလိုက်ရတာပဲ ဖြစ်ပါတယ်…။
လီဗာပူးလ်အသင်းနဲ့ပွဲက လူးဝစ်စ် ဒီယက်ဇ် သွင်းယူသွားခဲ့တဲ့ဂိုးမှာဆိုရင် သီယာဂို ဆေးလ်ဗား ဟာ မိုဟာမက် ဆာလာ ဘောလုံးပေးလို့မရအောင် သူတို့နှစ်ယောက်ကြားက ကွက်လပ်ကြီးကို ပိတ်ဆို့နိုင်ဖို့ လိုအပ်ခဲ့ပါတယ်.. (ပူးတွဲပုံ - ၁)။
ဒါ့အပြင် အခုပူးတွဲပုံ (ပုံ - ၂) မှာ ပြထားခဲ့တဲ့ မိုဟာမက် ဆာလာ သွင်းယူသွားခဲ့တဲ့ ဂိုးမှာဆိုရင်လည်း ဆေးလ်ဗား ဟာ ကော်ဝီးလ် ရဲ့ နေရာယူထားပုံကို သတိမပြုမိခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားက ဖြတ်သွားတဲ့ ပေးပို့မှုကို မကာကွယ်နိုင်ခဲ့ပါဘူး..။
မီခေးလ် အန်တိုနီယို သွင်းယူသွားခဲ့တဲ့ဂိုးမှာဆိုရင်လည်း ဝက်စ်ဟမ်း တိုက်စစ်မှူးဟာ ရှေ့ကိုကျွံထွက်သွားတဲ့ (out of position) ဆေးလ်ဗားနဲ့ ကော်ဝီးလ် ကြားက နေရာလွတ်ကို အသုံးချသွားခဲ့ပါတယ်..(ပူးတွဲပုံ - ၃)။
ဖောရက်စ်အသင်းက ရရှိသွားခဲ့တဲ့ အနိုင်ဂိုးမှာဆိုရင် ကော်ဝီးလ် ဟာ နောက်ကိုပြန်မဆင်းနိုင်ပဲ ဖြစ်နေချိန်မှာ ဆေးလ်ဗား ဟာ တိုက်စစ်မှူး တိုင်ဝို အေဝိုနီယီ ကို အချိန်မှီတက်ပြီး မပိတ်ဆို့နိုင်ပဲ သူ့ရဲ့နေရာမှာသာ ရပ်ပြီးစောင့်နေခဲ့တာကြောင့် အီလန်ဂါ အတွက် အခွင့်အရေးရဖို့ ပိုပြီးလွယ်ကူသွားခဲ့ပါတယ်..(ပူးတွဲပုံ - ၄)။
အဆုံးသတ်ညံ့ဖျင်းခြင်းနှင့် အချိတ်အဆက်၊ နားလည်မှု အားနည်းခြင်း..
ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်း ထိရောက်မှုအားနည်းခြင်းဟာ အသင်းလိုက် စုစည်းမှုနဲ့ အချိတ်အဆက်၊ နားလည်မှု လိုအပ်နေတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်လို့ ပြောလို့ရပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဂိုးပေါက်ကန်သွင်းမှု (shot attempted) စတုတ္ထအများဆုံး ပြုလုပ်ထားတဲ့ အသင်းဖြစ်ပေမယ့် အဲဒီကန်သွင်းချက်တွေရဲ့ (၂၅.၈ %) ရာခိုင်နှုန်းပဲ ဂိုးပေါက်တည့် (shots on target) ခဲ့ပါတယ်..။ ဒါဟာဘန်လေ နဲ့ လူတန် တောင်း အသင်းတို့ပြီးရင် ဂိုးပေါက်တည့်ကန်ချက် အနည်းဆုံး ကန်သွင်းနိုင်တဲ့အသင်း ဖြစ်နေပါတယ်..။ ဒါ့အပြင် ဖောရက်စ်အသင်းနဲ့ပွဲမှာ ကန်သွင်းချက်အားလုံးရဲ့ (၉.၅ %) ရာခိုင်နှုန်းပဲ ဂိုးပေါက်တည့်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီနောက်ပိုင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်လို့ ပြောရမှာပါပဲ..။
အဲဒီလိုတိုက်စစ်အဆုံးသတ်ပိုင်း အားနည်းချက်ဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး အတွေ့အကြုံပိုင်းမှာ အားနည်းနေလို့ဖြစ်တယ်.. ဆိုပြီး ဝေဖန်သူတစ်ချို့က သုံးသပ်ကြပါတယ်..။ အဲဒီအချက်ဟာ မှန်သင့်သလောက် မှန်တဲ့အပြင် လက်ရှိချယ်လ်ဆီးအသင်းက လူငယ်ကစားသမား အများစုဟာ အခုမှတွဲပြီး ကစားဖူးတာ.. (ဒါမှမဟုတ်) အင်္ဂလန်မြေကို ရောက်ရှိလာတာ မကြာသေးတဲ့ ကစားသမားတွေ ဖြစ်နေကြပါတယ်..။
အဲဒီအချက်ကြောင့် ချယ်လ်ဆီးအသင်းဟာ ရရှိတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်တာ..၊ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်..။ အချက်အလက်ပိုင်းအနေနဲ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်းတွေရဲ့ ဘောလုံးလမ်းကြောင်း ဖျက်တောက်ခံရမှု (interceptions) ဒုတိယအများဆုံး ပြုလုပ်ခံရတဲ့ (၄၂ ကြိမ်) အသင်း၊ ဘောလုံးလုယူခံရမှု (dispossessed) ဒုတိယအများဆုံး ပြုလုပ်ခံရတဲ့ (၄၇ ကြိမ်) အသင်းနဲ့ ဘောလုံးပေးပို့မှုအမှား (misplaced passes) ဒုတိယအများဆုံး ပြုလုပ်ထားတဲ့ (၇၅ ကြိမ်) အသင်း ဖြစ်နေခဲ့ပါတယ်..။
အဲဒီလိုအားနည်းချက်တွေ ရှိနေပေမယ့် မကြာတော့မယ့်အချိန်မှာ ကိုးလ် ပါးမား ဟာ အသင်းနဲ့ အံဝင်လာမယ်..၊ ဒဏ်ရာရနေတဲ့ ချူကွီမီးကား၊ ခရစ္စတိုဖာ အန်ကန်းကူ တို့ ပြန်လည်ပါဝင်လာနိုင်မယ်..၊ သီယာဂို ဆေးလ်ဗား ရဲ့ ခံစစ်ပိုင်းနေရာယူမှုတွေကို အသေးစိတ် ပြန်လည်ညှိနှိုင်းနိုင်ခဲ့မယ်.. ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ တိုးတက်မှုတွေကို မြင်တွေ့လာရတော့မှာပါ…။
အခုလက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ရလဒ်တွေ မကောင်းသေးဘူးဆိုပေမယ့် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ အသင်းသစ်ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်..။ အပြာရောင်ပရိသတ်တွေအနေနဲ့ အခုထက်ပိုပြီး တိုးတက်၊ ကောင်းမွန်တဲ့ ချယ်လ်ဆီးအသင်းကို မြင်တွေ့ခွင့်ရဖို့ ‘အချိန်နည်းနည်းလေးပေးပြီး စိတ်ရှည်၊ သည်းခံပေးနိုင်ဖို့သာ’ လိုအပ်ပါတယ်..။
(Premier League Official website မှ ဆောင်းပါးရှင် Alex Keble ၏ ‘What's wrong at Chelsea and how to fix it’ ဆောင်းပါးကို ပြန်ဆို ရေးသားပါသည်..။)