တနင်္ဂနွေနေ့က Vitality Stadium ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဘုန်းမောက်အသင်း နှင့် ချယ်လ်ဆီးအသင်းတို့၏ ဂိုးမရှိသရေကျသောပွဲစဉ်မှ ချယ်လ်ဆီး၏ကစားပုံ၊ အရန်ကစားသမားများ ထည့်သွင်းရန် ကန့်သတ်ချက်များနှင့် တိုက်စစ်ပိုင်း အခက်အခဲများအပေါ် အဲဗာတန်အသင်း ကွင်းလယ်ကစားသမားဟောင်း လီယွန် အော့စ်မန် နှင့် နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် တို့က BBC Sports သတင်းဌာန၏ ‘Match of the Day’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။
မာ့ခ် ချက်ပ်မန်း - ပထမဆုံးအနေနဲ့ ဒီနေ့မှာယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံး ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ် ဖြစ်နေခဲ့တာ ထူးခြားချက်တစ်ခုလို့ မထင်မိဘူးလားဗျ..
လီယွန် အော့စ်မန်း - အင်းဗျ…။ ဒီနေ့ပွဲဟာ တစ်ပွဲလုံးအနေနဲ့ အရမ်းကိုကြည့်လို့ကောင်းခဲ့တဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ပေမယ့် နှစ်သင်းစလုံးဟာ ဂိုးရနိုင်တဲ့အခွင့်အရေးတွေ အကြိမ်ကြိမ် ရရှိခဲ့ကြပါတယ်..။ မန်နေဂျာနှစ်ယောက်စလုံးဟာ သူတို့ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အပေါ် မချင့်မရဲ ဖြစ်ခဲ့ကြပါလိမ့်မယ်..။
နှစ်သင်းစလုံးဟာ အခုနှစ်ဘောလုံးရာသီကျမှ ပြန်လည်တည်ဆောက်နေတဲ့ အသင်းတွေဖြစ်တာကြောင့် ဒီနေ့ရလဒ်အပေါ် နှစ်သင်းစလုံးအနေနဲ့ ကျေနပ်ဖို့ကောင်းတယ်လို့တောင် ပြောလို့ရပါတယ်..။ အနည်းဆုံးတော့ မရှုံးခဲ့ဘူးဗျာ..၊ အဲဒီရလဒ်အပေါ် အခြေခံပြီးဆက်လက်တည်ဆောက်သွားလို့ ရနိုင်ပါတယ်..။ မန်နေဂျာနှစ်ယောက်စလုံးဟာ အသစ်တွေ ဖြစ်ကြပါတယ်..။ သူတို့အတွက် ရှေ့ဆက်ရမယ့်ခရီးဟာ အဝေးကြီးရှိပါသေးတယ်…။
မာ့ခ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ..၊ နှစ်သင်းစလုံးဟာ အခုနှစ်ဘောလုံးရာသီမှာ ပြန်လည်တည်ဆောက်နေတဲ့ အသင်းတွေ ဖြစ်ကြတယ်.. ဆိုရင် ချယ်လ်ဆီးအသင်းမှာ ‘တိုးတက်လာတယ်..’ ဆိုတဲ့အရာတွေ မြင်ခဲ့သေးလား..? ဂျာမိန်း ရေ..
ဂျာမိန်း ဂျီးနပ်စ် - yeah..! တိုးတက်လာတဲ့အရာတွေ သေချာပေါက် မြင်ခဲ့ရပါတယ်..။ သူတို့ဘောလုံးပေးပို့ပုံ၊ နေရာယူပုံ အခင်းအကျင်း (pattern of play) တွေ ကောင်းပါတယ်..။ ဒီနေ့ကစားသွားတဲ့ပုံစံဟာ သူတို့ရဲ့အခုနှစ်ရာသီအတွင်းမှာ အကောင်းဆုံးကစားပုံလို့တောင် ပြောလို့ရပါတယ်..။ အဆုံးသတ် တိုက်စစ်ဇုန် (final third) ထဲကို ပေးပို့မှုတွေမှာပဲ လိုအပ်ချက်တွေ ရှိနေခဲ့တာဗျ..။ တော်တော့်ကို ဆိုးပါတယ်..။ အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ - ၁) မှာဆိုရင် ရာဟင်း စတာလင်း ဟာ ကော်နာ ဂါလက်ချာ ရဲ့ ပေးပို့မှုကို အနည်းဆုံးဂိုးပေါက်တည့်အောင် ကန်နိုင်ခဲ့သင့်တာပေါ့..။
နောက်ပြီးတိုက်စစ်မှူး ဂျက်ဆင် နဲ့ မူဒရပ်ခ် တို့ရဲ့ ဘယ်တောင်ပံကနေ တွဲလုံးကနေတဆင့် ဂျက်ဆင် ရဲ့ ကန်သွင်းချက် ဂိုးတိုင်ထိသွားခဲ့ပါတယ်..။ အဲဒီကန်ချက်မှာသူဟာ အခုထက်ပိုပြီး သပ်သပ်ရပ်ရပ် ကန်သွင်းနိုင်ခဲ့သင့်ပါတယ်..။ အခုအောက်က ပူးတွဲပုံ (ပုံ - ၂) မှာဆိုရင် မူဒရပ်ခ် ဟာ ဂျက်ဆင် ရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးလိုက်သင့်ပေမယ့် ဂိုးဧရိယာအတွင်းကို တစ်ကိုယ်တော် ထိုးဖောက်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် မှားယွင်းခဲ့တယ်လို့ ပြောရမှာပါ..။ အဲဒီလိုအသေးစိတ်လေးတွေဟာ အချိန်ကြာလာတဲ့အမျှ ကိုယ့်ရဲ့တိုက်စစ်မှူးက ဘယ်လိုပုံစံ ပေးပို့မှုတွေကို ကြိုက်နှစ်သက်တယ်.. ဆိုတာ နားလည်လာခဲ့ရင် တဖြည်းဖြည်း တိုးတက်လာမှာပါ..။
တိုက်စစ်မှူး ဂျက်ဆင် ရဲ့ ဂိုးဧရိယာအတွင်း နေရာယူ၊ အဆုံးသတ်တဲ့အပိုင်းတွေဟာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။ ပူးတွဲပုံ (ပုံ- ၃) မှာဆိုရင် သူဟာ ရာဟင်း စတာလင်း ဂိုးစည်းတစ်လျှောက် ညာဘက်ကနေ ထိုးဖောက်လာတာကို အနီးတိုင်ဘက်ကို ပြေးဝင်ပြီးနေရာယူလိုက်ပါတယ်..။ အဲဒီလိုပုံစံနဲ့ ဘယ်တော့မှဂိုးရမှာ မဟုတ်ပါဘူး..။ ဒါ့အပြင် အဲဒီအခိုက်အတန့်မှာဆိုရင် စတာလင်း က ပင်နယ်တီဧရိယာထဲကို ဖြတ်ပေးလိုက်တဲ့အချိန် ကော်နာ ဂါလက်ချာ၊ အင်ဇို ဖာနန်ဒက်စ်၊ မီးဟေးလို မူဒရပ်ခ်.. ဘယ်သူကမှ အနီးကပ်ပိတ်သွင်းဖို့ အသင့်ရှိမနေခဲ့ပါဘူး..။
ဘယ်လိုနေရာတွေကနေ ဂိုးတွေရအောင် သွင်းယူမလဲ..? ဆိုတာ ချယ်လ်ဆီးအသင်းရဲ့ အကြီးမားဆုံးပြဿနာ ဖြစ်ပါတယ်…။ အခုပူးတွဲပုံ (ပုံ - ၄) မှာဆိုရင် ရာဟင်း စတာလင်း ဟာ ဂိုးဧရိယာထဲမှာ နေရာလွတ်အကျယ်ကြီး ရရှိခဲ့ပေမယ့် မာလို ဂတ်စ်တို က မမြင်ခဲ့ဘူးဗျ…။
ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို ခြုံငုံပြီးပြောရမယ်ဆိုရင် ဂိုးရရှိနိုင်ဖို့ အပြီးသတ် ပေးပို့ချက်တဲ့အပိုင်းနဲ့ ဂိုးသွင်းအဆုံးသတ်တဲ့ နေရာတွေမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် တခြားဘက်တွေမှာတော့ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရတယ်လို့ ကျွန်တော်ထင်တာပဲဗျ..။ ခင်ဗျားရောဘယ်လိုမြင်မိလဲ? လီယွန် ရေ..
လီယွန် အော့စ်မန် - မှန်တာပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲကို အနိုင်ရနိုင်လောက်ခဲ့တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်..။ အခုပူးတွဲပုံ (ပုံ - ၅) မှာဆိုရင် ကော်နာ ဂါလက်ချာ ဟာ ဘယ်တောင်ပံက မူဒရပ်ခ် ရဲ့ ပေးပို့မှုကနေ အပိုင်ကန်သွင်းခွင့်တစ်ကြိမ် ရရှိခဲ့ပေမယ့် မနားတမ်းကန်သွင်းရမှာကို တစ်ချက်တုံ့ဆိုင်းလိုက်တာကြောင့် ဂိုးသမားနီတို ပြင်ဆင်ချိန် ရသွားခဲ့ပါတယ်..။
အောက်ကပူးတွဲပုံ (ပုံ - ၆) မှာဆိုရင် လီဗိုင်း ကော်ဝီးလ် ဟာ ဂိုးဧရိယာထိပ်မှာ အဝေးကနေ ကန်သွင်းဖို့ အခွင့်အရေးကောင်း ရရှိခဲ့ပေမယ့် နောက်ကနေ ပြေးတက်လာတဲ့ ကွင်းလယ်ကစားသမားဆီကို ပေးပို့ဖို့ ကြိုးစားခဲ့တာကြောင့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ဖရန့် လမ်းပတ်၊ ဝီလီယံ၊ ဟာဇက် တို့လို ဂိုးဧရိယာထိပ်ကနေ.. ဒါမှမဟုတ် ဂိုးဧရိယာထဲမှာ အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တဲ့ ဂန္တဝင်ကစားသမားကြီးတွေ ပေါ်ထွက်ခဲ့တဲ့အသင်း၊ အစဉ်အလာကောင်းခဲ့တဲ့ အသင်းဖြစ်ပါတယ်…။ မန်နေဂျာအနေနဲ့ တိုက်စစ်ဇုန် ထိုးဖောက်မှုတွေနဲ့ အဆုံးသတ် ဂိုးသွင်းယူတဲ့အပိုင်းတွေကို ဆက်လက်ကြိုးစားနေမှာပါ..။ ကစားသမားတွေဟာ သူလိုချင်တဲ့ ဂိုးသွင်းအဆုံးသတ်စွမ်းရည် မရရှိသေးတာ..၊ ဒါမှမဟုတ် ဂိုးသွင်းအဆုံးသတ်နိုင်မယ့် နေရာတွေကို အတိအကျ မရောက်ရှိသေးတာပဲ ဖြစ်ပါလိမ့်မယ်..။
မာ့ခ် ချက်ပ်မန်း - အင်းဗျ..။ ခင်ဗျားတို့ရဲ့ အတွေ့အကြုံအရဆိုရင် တွဲကစားတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုကောင်းလာပြီး ဂိုးသွင်းအဆုံးသတ်ပိုင်းမှာ တိုးတက်လာတာပဲလား..? အဲဒီလောက် ရိုးရှင်းတယ်လို့ ပြောနိုင်ရဲ့လားဗျ..?
ဂျာမိန်း ဂျီးနပ်စ် - တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အတွဲအဖက်ကောင်းဖို့ အရေးကြီးသလို ကစားသမားတွေကလည်း ‘ဂိုးသွင်းယူနိုင်တယ်..’ ဆိုတဲ့ တာဝန်ကို (responsibility) ယူနိုင်ဖို့၊ အဲဒီတာဝန်ကိုယူရဲဖို့ လိုသေးတယ်ဗျ..။ ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ ရဲရဲဝံ့ဝံ့ ကန်သွင်းလို့ရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် လိုအပ်တာထက်ပိုပြီး ဘောလုံးကိုင် (extra touches) နေခဲ့တာကြောင့် အလဟသ ဖြစ်ကုန်ရပါတယ်..။
ဒီလိုပဲကြိုးစားရင်း၊ လေ့ကျင့်ရင်း အချိန်ကြာလာတာနဲ့အမျှ သူတို့အချင်းချင်း နားလည်မှုတွေ ပိုကောင်းလာနိုင်ပါလိမ့်မယ်..။ ဒါ့အပြင်ဘယ်သူက ကစားကွက်ကို ဉီးဆောင်မှာလဲ..? ဆိုတဲ့ အခန်းကဏ္ဍတွေမှာပါ ကွဲကွဲပြားပြား ဖြစ်လာပြီး အခုကျွန်တော်တို့ ထောက်ပြနေတဲ့ လိုအပ်ချက်တွေ ပပျောက်သွားပါလိမ့်မယ်..။
မာ့ခ် ချက်ပ်မန်း - ဘုန်းမောက်အသင်းရဲ့ လူစားလဲမှုတွေကတောင် ပိုပြီးထိရောက်ခဲ့သလိုပဲဗျ..။
လီယွန် အော့စ်မန်း - မှန်ပါတယ်..။ ဘုန်းမောက်အသင်းရဲ့ ကစားပုံဟာ ပွဲချိန်ကြာလာတာနဲ့အမျှ ပိုပြီးကောင်းမွန် လာခဲ့ပါတယ်..။ အထူးသဖြင့် ဂျက်စတင် ကလိုင်းဗက် လူစားဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ထိုးဖောက်မှုတွေ ပိုပြီးထိရောက်လာခဲ့ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူတွေကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပြီး ဘောလုံးကိုသယ်ယူနိုင်တယ်..၊ အသင်းဖော်တွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။
သူတို့အသင်းဟာ အိမ်ရှင်လည်း ဖြစ်နေတာကြောင့် ဘောလုံးကိုဆွဲပြေး၊ သယ်ယူနိုင်ပြီး တစ်ဘက်အသင်းရဲ့နောက်တန်းကို ကစားသမားတစ်ယောက် ဝင်ရောက်လာတာနဲ့ အိမ်ရှင်ပရိသတ်ဟာ အားတွေတက်လာပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေဟာ အသင်းအတွက် ထိရောက်တဲ့ပံ့ပိုးမှုတွေ ဖြစ်လာစေခဲ့ပါတယ်..။
ဂျာမိန်း ဂျီးနပ်စ် - ဘုန်းမောက်အသင်း တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီး ဟာ ပထမပိုင်းတစ်ပိုင်းလုံးမှာ ချယ်လ်ဆီးအသင်း ဂိုးဧရိယာအတွင်း ဘောလုံးထိချက် (touch) (၁) ကြိမ်ပဲ ရရှိခဲ့ပါတယ်..။ ဒါပေမယ့် သူဟာဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်း ဂိုးဧရိယာထဲ ထိချက် (၁၂) ကြိမ် ရရှိခဲ့ပြီး (၉) ကြိမ်က ဂျက်စတင် ကလိုင်းဗက် လူစားဝင်လာခဲ့ပြီးနောက်ပိုင်း ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဒါ့အပြင်သူဟာ အပိုင်ကန်သွင်းခွင့် တစ်ကြိမ်ရရှိခဲ့ပေမယ့် ဂိုးသမားဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့လို ဂိုးမရရှိခဲ့တာပါ..။
ကစားသမားတွေဟာ ယုံကြည်မှု (confidence) မြင့်မားလာရင် ခြေစွမ်းပြနိုင်လာတာပါပဲ..။ ဆိုလန်ကီး ဟာ ဂျက်စတင် ကလိုင်းဗက် ကြောင့် နေရာလွတ် ရရှိခဲ့တယ်..၊ အခွင့်အရေးတွေ၊ နေရာလွတ်ရရှိအောင်လည်း ဖန်တီးနိုင်ခဲ့ပါတယ်..။
မာ့ခ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ..။ ဘုန်းမောက်အသင်းဘက်က ဂျက်စတင် ကလိုင်းဗက် လူစားဝင်ရောက် လာခဲ့ပြီးနောက်ပိုင်း ကစားပုံပြောင်းလဲ၊ တိုးတက်လာခဲ့တဲ့အကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်..။ အပေါ်ကပုံပြထားတဲ့ ဒီနေ့ပွဲက ဘုန်းမောက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အရန်လူစာရင်းကို ကြည့်မယ်ဆိုရင် ဘုန်းမောက်အသင်းရဲ့ အရန်လူစာရင်းကတောင် ပိုပြီးတောင့်တင်းနေတယ်လို့ ထင်မိသလိုပဲ.. ဂျာမိန်း ရေ.. ခင်ဗျားရော ဘယ်လိုထင်မိလဲ..?
ဂျာမိန်း ဂျီးနပ်စ် - မှန်တာပေါ့..။ အရန်ကစားသမား အင်အားချင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘုန်းမောက်အသင်းရဲ့ အရန်လူစာရင်းက (၁၀၀ %) ရာခိုင်နှုန်းပြည့် ပိုပြီးတောင့်တင်းနေတာပေါ့..။ လက်ရှိချယ်လ်ဆီးအသင်းမှာ ဒဏ်ရာကစားသမားတွေ အရမ်းများပြားနေတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်..။ ဒါပေမယ့် သူတို့အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်တစ်ခုထဲမှာ စတာလင်ပေါင် (၁) ဘီလီယံကျော် သုံးစွဲခဲ့တယ်ဆိုတာ အသင်းရဲ့လူအင်အား၊ ကစားသမားအင်အား တောင့်တင်းနေဖို့ မဟုတ်ဘူးလား..? အခုဆိုရင် သူတို့ဟာ ဒဏ်ရာပြဿနာ ကြုံတွေ့နေရတယ်.. လို့ပဲ ထားပါဉီး..၊ အရန်ခုံမှာ ပွဲအဖြေပြောင်းလဲပေးနိုင်တဲ့ ထိပ်တန်းကစားသမားကြီးတွေ ရှိမနေသင့်ဘူးလား..?
ဒီနေ့ဆိုရင် လူစားလဲတာတွေ ပြုလုပ်လိုက်တာနဲ့ သူတို့ကစားတာ ပိုပြီးဆိုးရွားသွားပါတယ်..။ ဒါပေမယ့် ဘုန်းမောက်အသင်းကတော့ လူစားလဲပြီးတဲ့နောက်ပိုင်း ကစားပုံ တက်လာခဲ့ပါတယ်..။ ဒီနေ့ပွဲအကြောင်း ဆွေးနွေးတဲ့အချိန်မှာ အဲဒီခြားနားချက်ကိုလည်း ထည့်သွင်းပြောဆိုဖို့ လိုအပ်ခဲ့ပါတယ်…။
လီယွန် အော့စ်မန်း - မှန်ပါတယ်..။ အသင်းတိုင်းရဲ့ အရန်လူစာရင်းထဲမှာ ပွဲရဲ့အခြေအနေကို ပြောင်းလဲအောင် ပြုလုပ်ပေးနိုင်မယ့် ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် ပိုချက်တီနို ဟာ နည်းစနစ်အပြောင်းအလဲ၊ လူအပြောင်းအလဲ ပြုလုပ်ဖို့ အရန်ခုံကို လှမ်းကြည့်လိုက်ရင် လောက်လောက်လားလား ဘယ်သူတွေများ ရှိနေခဲ့လို့လဲ..? တိုက်စစ်ပိုင်း အားဖြည့်ဖို့ဆိုရင် ကိုးလ် ပါးမား တစ်ယောက်ပဲ ရှိပါတယ်..။ ဘင် ချီးဝဲလ်..? ခံစစ်ကြောင်းမှာ အပြောင်းအလဲ ပြုလုပ်နိုင်တာဆိုလို့ သူတစ်ယောက်ထဲပဲ ရှိပါတယ်…။
ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာယိုလား ကတော့ ဂျက်စတင် ကလိုင်းဗက် ကို လူစားသွင်းခဲ့တယ်..၊ လူးဝစ်စ် ဆင်နစ္စတာရာ ကို လူစားသွင်းခဲ့တယ်..၊ နှစ်ယောက်စလုံးဟာ အသင်းရဲ့ကစားပုံကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်..။ ဒါ့အပြင်နောက်ထပ်လူစားလဲဖို့ ကစားသမားတွေ ရှိနေပါသေးတယ်..။ ဒါဟာဒီနေ့ပွဲမှာ ကျွန်တော်တို့ မြင်နေခဲ့ရတဲ့ ပကတိအခြေအနေပါပဲ..။
သူတို့နှစ်သင်းရဲ့ အပြောင်းအရွှေ့ရာသီမှာ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏ..၊ ဘတ်ဂျက်ချင်း ယှဉ်ကြည့်မယ်ဆိုရင် ဘာမှမဆိုင်ခဲ့ပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲမှာ သူတို့နှစ်သင်းရဲ့ အရန်လူအင်အားကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အပြောင်းအရွှေ့ဘတ်ဂျက်နဲ့ အချိုးမကျခဲ့ဘူး.. လို့ ပြောရမှာပါပဲ..။