feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း (ဖူးလ်ဟမ်း vs ချယ်လ်ဆီး)

တနင်္လာနေ့ မနက်ပိုင်းက Craven cottage ကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ချယ်လ်ဆီးအသင်းက ဖူးလ်ဟမ်းအသင်းကို ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများနှင့် ချယ်လ်ဆီးအသင်း၏ ကစားပုံအပေါ် အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် နှင့် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်း နည်းပြဟောင်း ဂလင်း ဟော်ဒယ်လ် တို့က Premier Production ၏ ‘Matchday Live’  စကားဝိုင်းအစီအစဉ်မှတဆင့် ယခုလိုပြောကြားခဲ့သည်..။

စတိဗ် ဘိုးဝါး - ပထမဆုံးအနေနဲ့ ဒူးအရွတ်ကြောဒဏ်ရာကြောင့် ကိုးလကျော်အနားယူနေခဲ့ရပြီး အသင်းနဲ့အတူ ပြန်လည်ပွဲထွက်ခွင့်ရခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးရရှိခဲ့တဲ့ အာမန်ဒို ဘရိုဂျားစ် နဲ့ပဲ အရင်စချင်ပါတယ်…။ ကာလရှည်ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ အချိန်တွေဟာ ကစားသမားတိုင်းအတွက် တကယ့်ကိုခက်ခဲလှတဲ့အချိန်တွေ ဖြစ်ခဲ့မှာပါ..။ မိုက်ကယ် ရေ… ခင်ဗျားတို့လည်း အဲဒီလိုခက်ခဲတဲ့ ကာလတွေကို ကြုံဖူးခဲ့ကြတာပါပဲ…။

ကိုယ့်ရဲ့အသင်းဖော်တွေ ပွဲကစားနေကြတဲ့အချိန် လေ့ကျင့်ကွင်းမှာ တစ်ယောက်ထဲ စက်ဘီးစီးလိုက်၊ ရေကူးကန်ထဲစိမ်လိုက်..၊ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ ပြုလုပ်လိုက်နဲ့ အချိန်တွေဖြုန်းခဲ့ရတယ်..၊ အသင်းဖော်တွေရဲ့ လေ့ကျင့်ခန်းတွေကို ထိုင်ကြည့်နေရတဲ့အဖြစ်ဟာ အတော်ကိုဆိုးရွားပါလိမ့်မယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ သူရရှိခဲ့တဲ့ ဒုတိယအနိုင်ဂိုးဟာ ကံကောင်းလို့ရခဲ့တာဖြစ်တယ်..၊ ဖူးလ်ဟမ်းအသင်းက နောက်ခံလူ တင် ရင်းမ် ရဲ့ အမှားကနေတဆင့် ရရှိတယ်.. ဆိုပေမယ့် ဒီနေ့လိုအခိုက်အတန့်မျိုးကို သူဟာကြိုတင် မျှော်လင့်ခဲ့လိမ့်မယ်..၊ အိပ်မက်မက်ခဲ့ပါလိမ့်မယ်..။



မိုက်ကယ် အိုဝင် - yeah..! မှန်တာပေါ့ဗျာ..။ ကြီးမားတဲ့ဒဏ်ရာတွေကြောင့် အချိန်အကြာကြီး အနားယူနေခဲ့ရတဲ့ ကာလတွေဟာ ကစားသမားတိုင်းအတွက် အဆိုးရွားဆုံးငရဲပါပဲ..။ ကိုယ့်ရဲ့အသင်းဖော်တွေက လေ့ကျင့်ကွင်းမှာ ကြိုးစားပမ်းစား လေ့ကျင့်နေကြတဲ့အချိန် ကိုယ်ကတော့ Gym ထဲမှာ တစ်ယောက်ထဲ လေ့ကျင့်နေရပါတယ်..။ ဒါ့ကြောင့်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အချိန် သူရရှိခဲ့တဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ခံစားမှုတွေဟာ အနားယူစဉ်ကာလတွေမှာ ရင်ဆိုင်ခဲ့ရတဲ့ နာကျည်းချက်တွေ၊ ဒဏ်ရာကနေ အမြန်ဆုံးပြန်လည် သက်သာလာအောင် စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန်ကြိုးစားခဲ့ရမှုတွေရဲ့ ရလဒ်လို့ ပြောရမှာပါ..။ တကယ်တော့ အချိန်တိုလေးအတွင်းမှာ အခုလိုစွမ်းဆောင်နိုင်ဖို့ဆိုတာ သာမာန်လေ့ကျင့်နေရုံနဲ့မရပါဘူး..။ ဒဏ်ရာရနေတဲ့ ကာလတစ်လျှောက်လုံး တစိုက်မတ်မတ်နဲ့ မခိုမကပ်ပဲ အစွမ်းကုန်ကြိုးစား လေ့ကျင့်မှသာ အရင်တုန်းက ကြံ့ခိုင်မှုနဲ့ခြေစွမ်းကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်..။

အာမန်ဒို ဟာ ပြန်လည်ကစားနိုင်ခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်မှာပဲ သွင်းဂိုးပြန်လည်ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ခံစားမှုတွေ အစွမ်းကုန်ပေါက်ကွဲထွက်လာတယ်..၊ အရမ်းကိုပျော်ရွှင်နေတဲ့ ခံစားမှုတွေကို ကျွန်တော်တို့တတွေ ဘေးကနေကြည်နူးစွာနဲ့ မျှဝေပေးနိုင်ပါတယ်..။ အာမန်ဒို ဘရိုဂျားစ် ဟာ အနာဂတ်မှာ ဆက်လက် တောက်ပဉီးမယ့် အလားအလာကောင်းတွေ အများကြီးရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်စစ်မှူးကောင်းတစ်ယောက် ရှိသင့်တဲ့အင်္ဂါရပ်တွေ အကုန်လုံးသူ့ဆီမှာ ရှိနေတယ်ဗျ..။ သူ့ရဲ့အလုံးအထည်၊ အင်အားသုံးပြီး ကစားနိုင်စွမ်းတွေအပြင် ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်ရဲ့ နေရာယူပုံ၊ အကွက်မြင်မှုတွေကို တစ်ချက်ချက်မှာ မြင်တွေ့ခွင့်ရခဲ့ပါတယ်..။

သူ့အနေနဲ့ အခုလိုအစကောင်းခဲ့တဲ့ ခြေစွမ်းနဲ့ယုံကြည်မှုတွေကို ဘယ်လောက်အထိ ဆက်လက် သယ်ဆောင်သွားနိုင်မလဲ..? ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲဗျ..။ ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းကလည်း တိုက်စစ်မှူးကောင်းတစ်ယောက် အသည်းအသန် လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်..။ သူဟာရရှိလာခဲ့တဲ့ အခွင့်အရေးကို မိမိရရနဲ့ မလွတ်တမ်း ဆုတ်ကိုင်နိုင်ခဲ့တယ်.. လို့ ပြောရမှာပါပဲ...။



ဂလင်း ဟော်ဒယ်လ် - သူဟာတိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်ပါတယ်..။ ဆောက်ပ်သမ်တန်အသင်းမှာ သူ့ကိုစပြီး သတိထားမိခဲ့ပါတယ်..။ ‘ဒီကောင်လေး မဆိုးဘူးဟ… ဘယ်သူလဲ..?’ ကျွန်တော်မေးကြည့်လိုက်ချိန်မှာ ချယ်လ်ဆီးကနေ အဌားလာရောက်နေတဲ့ လူငယ်ကစားသမားလေးဆိုတာ သိလိုက်ရပါတယ်..။ Wow..! ချယ်လ်ဆီးဟာ ဒီလိုအရည်အသွေးမြင့် ကစားသမားတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်..၊ သူဟာချယ်လ်ဆီးကို ပြန်ရောက်ရင် အသင်းကြီးမှာ တိုက်ရိုက်ပါဝင်နိုင်မယ့် အခွင့်အရေးရှိနေတာပဲ.. လို့ သိလိုက်ရပါတယ်..။

အဲဒီလိုအချိန်မှာ ဒူးအရွတ်ကြောဒဏ်ရာ ရရှိခဲ့တာဟာ သူ့အတွက် တကယ့်ကိုကြီးမားလှတဲ့ အနှောင့်အယှက်တစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာလူငယ် ကစားသမားလေးတစ်ယောက် ဖြစ်တာနဲ့အညီ ဒဏ်ရာပြဿနာကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့တယ်လို့ ပြောရမှာပါ..။ ဒါ့အပြင်အချိန်တိုအတွင်း အခုလိုသွင်းဂိုးပါ ရခဲ့တယ်ဆိုတော့ ‘အချိုပေါ် သကာဆင့်’ တာပေါ့ဗျာ..။

အာမန်ဒို ဘရိုဂျားစ် တို့လို လူငယ်ကစားသမားလေးတွေဟာ အပါတ်စဉ်တိုင်း အသင်းမှာ ကစားခွင့်ရချင်မယ်..၊ ချယ်လ်ဆီးအသင်းရဲ့ ‘No.9’ အဖြစ် အသင်းကို ဉီးဆောင်ခွင့်ရချင်ပါလိမ့်မယ်..။ သူအနေနဲ့ ဒဏ်ရာရနေခဲ့တဲ့ ကာလအတွင်းမှာ ကြုံတွေ့လာခဲ့ရတဲ့ အခက်အခဲတွေကနေ သင်ယူခွင့်ရခဲ့တယ်..၊ သင်ယူနိုင်ခဲ့တယ်.. လို့ ပြောရမှာပါပဲ..။ ဒါ့အပြင်ကျော်ဖြတ်လာခဲ့ရတဲ့ အခက်အခဲတွေကြောင့် သူဟာအရင်ကထက်ပိုပြီး ဆာလောင်စိတ် ပြင်းထန်လာတယ်..၊ အောင်မြင်ချင်တဲ့ စိတ်ဆန္ဒတွေ လောင်မြိုက်နေတဲ့သူ တစ်ယောက်အဖြစ် အသစ်တဖန် ပြန်လည်မွေးဖွားလာနိုင်ပါတယ်..။



သူဟာ ပင်ကိုယ်ပါရမီ အရည်အသွေးကောင်းမွန်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်လို့ ခုနက မိုက်ကယ် ပြောသွားပါတယ်..။ ဘရိုဂျားစ် ဟာအထောင် တိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အရပ်အမောင်း၊ အလုံးအထည်နဲ့ ပြည့်စုံတဲ့အပြင် အမြန်နှုန်း (pace) ကောင်းတယ်..၊ ဘောလုံးသယ်ယူမှု ကောင်းမွန်ပါတယ်..။ ဒါ့အပြင် ကွင်းလယ်အထိ ဘောလုံးကိုဆင်ယူ ကစားလေ့ရှိပြီး လုပ်အားနှုန်းကောင်းတယ်..၊ နောက်ခံလူတွေနဲ့ တွန်းတိုက်ပြီး ဘောလုံးကိုင်ထားနိုင်စွမ်း (hold up) ရှိပါတယ်..။

အခုခေတ်မှာ တစ်ချို့တိုက်စစ်မှူးတွေဟာ အဲဒီလို hold up play တွေ မကစားနိုင်ဘူး..၊ ကိုယ့်ရဲ့အသင်းဖော်တွေအတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေ မပြုလုပ်ပေးနိုင်ကြပါဘူး..။ ဒါ့ကြောင့်သူဟာ တိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်လာဖို့ လိုအပ်ချက်တွေနဲ့ အကုန်ပြည့်စုံတယ်လို့ ပြောရမှာပါပဲ..။

စတိဗ် ဘိုးဝါး - အင်းဗျ.. ခင်ဗျားတို့ပြောတဲ့ သူ့ရဲ့အိပ်မက်တွေဟာ ဖူးလ်ဟမ်းအသင်းခေါင်းဆောင် တင် ရင်းမ် ကြောင့် ပိုပြီးပြည့်စုံသွားခဲ့တာပေါ့… မဟုတ်ဘူးလားဗျ..?

မိုက်ကယ် အိုဝင် - ကျွန်တော့်ရဲ့သုံးသပ်ချက် မမှားဘူးဆိုရင် အာမန်ဒို ဘရိုဂျားစ် ရဲ့ ဒီနေ့ခြေစွမ်းဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်း မဟုတ်ပါဘူး..။ ဒါပေမယ့် ဒဏ်ရာကနေ ပြန်လာပြီး အချိန်သိပ်မကြာလိုက်ခင်မှာပဲ သွင်းဂိုးရရှိခဲ့တာဟာ သူ့ကိုယုံကြည်မှု ပိုပြီးရရှိစေပါလိမ့်မယ်..။ အဲဒီသွင်းဂိုးမှာ တင် ရင်းမ် ရဲ့ အမှားအယွင်းက အဓိကကျပါလိမ့်မယ်..။ ဂိုးသမား ဘန်းန် လီနို ဆီက ဘောလုံးရလိုက်တဲ့အချိန် တင် ရင်းမ် ရဲ့ စိတ်ထဲမှာ ဘာလုပ်ချင်နေလဲ..? ကျွန်တော်မှန်းကြည့်လို့မရပါဘူး..။ အခုအောက်က ပူးတွဲပုံ (ပုံ- ၁) မှာဆိုရင် သူ့အနေနဲ့ ဘယ်တောင်ပံကနေ ဘောလုံးတောင်းနေတဲ့ ဝီလီယံ ကို ပေးပို့ကြံစည်နေပုံ ရပါတယ်..။ ရိုးရိုးလေး ပေးလိုက်ရုံပဲလေ.. လွတ်လည်းလွတ်နေတာပဲ.. မဟုတ်ဘူးလားဗျ..?



ဂလင်း ဟော်ဒယ်လ် - ကျွန်တော်ကတော့ ဘောလုံးဟာ ခြေနှစ်ချောင်းကြားထဲညှပ်သွားပြီး ဘောလုံးပေးလိုက်တဲ့အချိန် ထိချက်မှားသွားပုံ ရပါတယ်..။ သူနေရာယူထားတဲ့ အနေအထားအရဆိုရင် ကိုးလ် ပါးမား ရဲ့ ညာဘက်.. ဘယ်အစွန်ဘက်ကို ပေးချင်ရင် ဘယ်ခြေနဲ့ outside of the foot ပေးပို့ရပါမယ်..။ ဒါပေမယ့် အခုလိုမျိုး ဝီလီယံ ဆီကို အတွင်းဘက်ကနေ ပေးချင်ရင် ညာခြေနဲ့ inside of the foot ပေးပို့မှ အဆင်ပြေပါလိမ့်မယ်..။

မိုက်ကယ် အိုဝင် - ရင်းမ် ရဲ့ ဘောလုံးဖျက်ထုတ်တဲ့ပုံစံ (tackles) မှာလည်း မှားသွားတယ်တင်တယ်..။ သူ့ရဲ့ပေးပို့မှုအမှားကနေ ကိုးလ် ပါးမား က အာမန်ဒို ဘရိုဂျားစ် ဆီကို ပေးပို့လိုက်တဲ့အချိန် အနောက်ကနေ မမှီမကမ်း ဖျက်ထုတ်ရတော့မယ်..။ ဒီလိုအချိန်မှာ ညာခြေနဲ့လျောထိုးဖျက်ထုတ်မှသာ ဖျက်ထုတ်ပုံ မှန်နိုင်မယ် မဟုတ်ဘူးလား..?

ဂလင်း ဟော်ဒယ်လ် - မှန်ပါတယ်..။ ညာခြေနဲ့ဖျက်ထုတ်ခဲ့သင့်ပါတယ်..။ ပါးလ်မား ရဲ့ ပေးပို့မှုက တကယ့်ကို သပ်ရပ်၊ ကောင်းမွန်ခဲ့ပေမယ့် သူ့ရဲ့ဖျက်ထုတ်ပုံ မှန်ကန်ခဲ့မယ်ဆိုရင် ရှင်းရှင်းလင်းလင်းနဲ့ လှပတဲ့ ဖျက်ထုတ်မှုတစ်ခု ဖြစ်သွားနိုင်ပါတယ်..။ အခုကျ‌တော့ ဘယ်ခြေနဲ့ဘောလုံးကို လှမ်းပြီးကလော်ထုတ်သလို ဖြစ်သွားခဲ့တာကြောင့် ဘရိုဂျားစ် နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာပေါ့..

ဘရိုဂျားစ် ကလည်း အဲဒီလိုအခိုက်အတန့်ကို ကြိုတင်၊ စိတ်ကူးယဉ်ထားပုံရပါတယ်..။ ဂိုးသမား လီနို ကို ကျော်ဖြတ်ပြီး ဘောလုံးဟာ ဂိုးပေါက်ထဲလည်း ဝင်သွားရော.. ထောင့်ကန်ဘော အလံတိုင်ဆီ တခါတည်းပြေးပြီး အောင်ပွဲခံတော့တာပါပဲ..။ တကယ့်ကို ကြည်နူးဖို့ကောင်းတဲ့ အခိုက်အတန့်တစ်ခုပါပဲ..။



စတိဗ် ဘိုးဝါး - ဂိုးပေါက်ထဲ ဘောလုံးရောက်သွားတဲ့ အခိုက်အတန့်ကို သူ့လိုပဲ စိတ်ကူးယဉ်ထားတဲ့ နောက်ထပ်ကစားသမား တစ်ယောက်ကတော့ ‘မီဟေးလ်လို မူဒရပ်ခ်’ ပါပဲ..။ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၈.၅) သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ယူကရိန်း လူငယ်တိုက်စစ်မှူးလေးဟာ ချယ်လ်ဆီးအသင်းအတွက် (၂၃) ပွဲ ကစားထားပြီးဖြစ်ပေမယ့် တကယ့်ပြိုင်ပွဲကြီးတွေမှာ သွင်းဂိုးမရရှိသေးပါဘူး..။ ဒီနေ့ပွဲက သူ့ရဲ့ပထမဂိုးအကြောင်း သုံးသပ်ပေးပါလား.. ဂလင်း ရေ..

ဂလင်း ဟော်ဒယ်လ် - သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု (confidence) အရမ်းကို မြင့်တက်သွားစေမယ့် သွင်းဂိုးတစ်ဂိုး ဖြစ်သွားမှာပေါ့ဗျာ..။ မူဒရပ်ခ် ရဲ့ ပြေးထွက်သွားတဲ့ပုံ ကောင်းမွန်သလို တစ်ဘက်နောက်ခံလူရဲ့နောက်ကျော (blind side) ဘက်ကနေ ပြေးထွက်သွားတဲ့အချိန်မှာ သူ့ရဲ့ပြေးလမ်းထဲကို အချိန်အကိုက် အတိအကျပေးပို့နိုင်ခဲ့တဲ့ လီဗိုင်း ကော်ဝီးလ် ရဲ့ စိတ်ထဲမှာ ဘယ်လိုတွေးခဲ့လဲ..? အဲဒီတဒင်္ဂမှာ သူတို့နှစ်ယောက်ရဲ့ အတွေးတွေ တကယ်ရော ထပ်တူကျခဲ့ရဲ့လား..? ကျွန်တော်တော့ မသေချာပါဘူး..။



အဲဒီသွင်းဂိုးမှာဆိုရင် လီဗိုင်း ရဲ့ ပြေးလမ်းထဲကို အတိအကျ ပေးပို့နိုင်ခဲ့တဲ့ မွိုက်စ် ကိုင်ဆီဒို ရဲ့ အဝေးဘော ပေးပို့မှုဟာ တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်..။ လီဗိုင်း ကော်ဝီးလ် က ဘယ်တောင်ပံကနေ ပေးပို့တော့မယ့်အချိန်ထိ အခုအပေါ်ကပုံ (ပုံ - ၂) မှာ ပြထားတဲ့အတိုင်း မူဒရပ်ခ် က ဖူးလ်ဟမ်းနောက်ခံလူ အစ်ဆာ ဒီယော့ပ် ရဲ့ ရှေ့ကနေ ဖြတ်ပြေးဖို့ ကြံစည်ထားပုံပါပဲ…။

ဒါပေမယ့် မူဒရပ်ခ် ဟာ အခုအောက်ကပုံ (ပုံ - ၃) မှာ ပြထားတဲ့အတိုင်း ရုတ်တရက် ပြေးလမ်းကြောင်းပြောင်းပြီး သူ့ရဲ့ နောက်ကျောဘက်ကနေ (blind side) ပတ်ပြေးသွားခဲ့ပါတယ်..။ တကယ်တော့ နောက်ခံလူ ဒီယော့ပ် က မူဒရပ်ခ် က သူ့ရှေ့ကနေ ပြေးသွားမယ်လို့ပဲ တွက်ထားပုံ ရပါတယ်..။ ဒါ့ကြောင့်မူဒရပ်ခ် ဟာ နောက်ဘက်က ပတ်ပြီးပြေးသွားတယ်..၊ လီဗိုင်း ရဲ့ ပေးပို့မှုကလည်း ချိန်သားကိုက် ဖြစ်ခဲ့တာကြောင့် ဒီယော့ပ် ဟာ ဘောလုံးလမ်းကြောင်းတွက်တာ လွဲချော်သွားခဲ့ပါတယ်..။

ဒါ့အပြင်မူဒရပ်ခ် ရဲ့ ဘောလုံးအထိန်းအသိမ်း.. first touch ကောင်းမွန်သလို ပြန်ကျလာတဲ့ဘောလုံးကို အပေါ်ကနေအုပ်ပြီး ဂိုးသမား လီနို ရဲ့အောာက်ထဲကနေ သွင်းယူသွားပုံကလည်း တကယ့်ကို သပ်ရပ်တာပဲဗျ.. မိုက်ကယ် ရေ…



မိုက်ကယ် အိုဝင် - ခုနက ကျွန်တော်တို့သုံးသပ်သွားခဲ့တဲ့ ဘရိုဂျားစ် ရဲ့ ဒုတိယဂိုးဟာ ဖူးလ်ဟမ်း နောက်တန်းလူရဲ့ တစ်ဉီးချင်းအမှားကြောင်း ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်..။ ဒါပေမယ့် မူဒရပ်ခ် ရဲ့ အဖွင့်ဂိုးမှာတော့ ဖူးလ်ဟမ်းနောက်တန်းအနေနဲ့ ဘယ်လိုပုံစံနဲ့ အခုထက်ပိုပြီး ကောင်းမွန်အောင် ဖျက်ထုတ်နိုင်မလဲ..? စဉ်းစားကြည့်လို့ မရသေးပါဘူး..။ ဆိုလိုချင်တာက နောက်ခံလူ ဒီယော့ပ် ဟာ အမှားကျူးလွန်ခဲ့တယ်လို့ ပြောလို့မရပါဘူး.။ နံပါတ်တစ်အချက်အနေနဲ့ မူဒရပ်ခ် ရဲ့ ပြေးလမ်းထဲကို ချပေးလိုက်တဲ့ အခုလိုပေးပို့မှုမျိုးဟာ တကယ့်ကို အတိအကျ… ‘ကွက်တိ၊ မတ်စေ့’ ဖြစ်ရမယ်..၊ အကောင်းဆုံးသော first touch နဲ့ ဘောလုံးကို ထိန်းထားနိုင်ရပါမယ်..။ ရင်ဘတ်နဲ့ထိန်းထိန်း၊ ပေါင်နဲ့ထိန်းထိန်းပေါ့ဗျာ..

နံပါတ်နှစ်အချက်အနေနဲ့ ပိတ်ဆို့ဖို့ပြေးထွက်လာတဲ့ ဂိုးသမားရဲ့ အောက်ကနေ သွင်းယူနိုင်ဖို့ သွေးအေးဖို့ရယ်..၊ သပ်ရပ်ပြီး ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုအပ်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ တကယ့်ကိုကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုးလို့ ပြောရပါမယ်..။

ဂလင်း ဟော်ဒယ်လ် - အဲဒီဂိုးကို နည်းစနစ်ပိုင်းအရ သုံးသပ်ကြည့်ရင် ကျွန်တော်တို့ မြင်ထားတာထက် ပိုပြီးကောင်းမွန်တာ တွေ့ရပါမယ်..။ မွိုက်စ် ကိုင်ဆီဒို ပေးပို့လိုက်တဲ့ ဘောလုံးဟာ လီဗိုင်း ကော်ဝီးလ် အတွက် သူ့ဆီကိုလာတဲ့ ဘောလုံးမဟုတ်ပဲ အပြင်ကိုထွက်သွားမယ့်ဘောလုံး ဖြစ်နေပါတယ်…။ ဒါ့ကြောင့် ငြိမ်အောင်ထိန်းသိမ်းနိုင်ဖို့ ခက်ခဲပါတယ်..။ ဒါပေမယ့်သူဟာ အဲဒီဘောလုံးကို အကောင်းဆုံး ဆွဲထုတ်သွားပြီး ဖြတ်တင်ပေးပို့ဖို့ ပြင်ဆင်လိုက်ပါတယ်..။ ဒါပေမယ့် ဘောလုံးဟာ အရှိန်ပါတယ်နော်..၊ သေသေချာချာတည်ပြီးမှ ကန်တဲ့ဘောလုံး မဟုတ်ပါဘူး..။ ဒါ့အပြင် ဖူးလ်ဟမ်း ညာနောက်ခံလူ တင်မိုသီ ကာစတန်နီး ကလည်း ပိတ်ဆို့ဖို့ အသင့်စောင့်နေပါပြီ..။

အဲဒီလိုအနေအထားမှာ မူဒရပ်ခ် ရဲ့ ပြေးလမ်းကြောင်းကို တစ်ချက်ကြည့်ပြီး ရှေ့မှာပိတ်နေတဲ့ နောက်ခံလူနှစ်ယောက်ကိုကျော်သွားအောင် တိကျခဲ့တဲ့ သူ့ရဲ့ပေးပို့မှုဟာ လက်ဖျားခါလောက်ပါတယ်..။ သိပ်ကိုပြီးပြည့်စုံတဲ့ ပေးပို့မှုပါပဲ..။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် နောက်ခံလူ နှစ်ယောက်ကို ကျော်နိုင်ရုံတင်မဟုတ်ပဲ ကိုယ့်ရဲ့တိုက်စစ် ကစားသမားအတွက် အနေတော်ဖြစ်အောင် ပေးပို့နိုင်ခဲ့တာပါ..။



ဂိုးသွင်းပြီးတဲ့အချိန်မှာ မူဒရပ်ခ် ဟာ မန်နေဂျာရဲ့ ချီးကျူးမှုကိုပါ ခံယူခဲ့ရတာကြောင့် သူ့အနေနဲ့ အရမ်းကိုကျေနပ်၊ အားရနေပါလိမ့်မယ်..။ ဒါပေမယ့် ဒုတိယပိုင်းလည်းပြန်စရော.. ပြန်ပါမလာတော့ဘူးဗျ..။ ဘယ်ရောက်သွားခဲ့တာလဲပေါ့..? ဒဏ်ရာကြောင့် လူစားလဲလိုက်ရတာပဲ ဖြစ်ပါလိမ့်မယ်..။
မိုက်ကယ် အိုဝင် - ဒါပေမယ့် ပွဲပြီးတဲ့အချိန်မှာ သူ့ကိုကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့အပြင် လမ်းလျှောက်တဲ့ပုံစံကလည်း ပုံမှန်ပါပဲ..။ နောက်လာမယ့် သတင်းတွေကို စောင့်ကြည့်တာပေါ့…

စတိဗ် ဘိုးဝါး - ဒီနေ့ပွဲဟာဆိုရင် နည်းပြမော်ရစ္စစီယို ပိုချက်တီနို အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် အနိုင်ပွဲဖြစ်ပါတယ်..။ နောက်ပြီးနှစ်ပွဲဆက်တိုက် အနိုင်ရလဒ် ဆောင်ယူနိုင်ခဲ့တာ ဖြစ်တဲ့အတွက် သူ့ကိုကြည့်ရတာ ပျော်ရွှင်နေသလိုပါပဲ..။ ချယ်လ်ဆီးအသင်းဟာ လာမယ့်စနေနေ့ကျရင် ဘန်လေအသင်းနဲ့ အဝေးကွင်းပွဲစဉ် သွားရောက်ယှဉ်ပြိုင်ရပါမယ်..။ ခုနက သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန် သူ့ရဲ့ပြောကြားချက်တွေကို ပြန်ပြီးအနှစ်ချုပ်ကြည့်မယ်ဆိုရင် အဓိကအချက်အနေနဲ့က ‘သူတို့ရဲ့လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်ပေးဖို့ (trust the process)’ ပဲ မဟုတ်ဘူးလားဗျ.. ဂလင်း ရေ..?

ဂလင်း ဟော်ဒယ်လ် - yeah..! မှန်တာပေါ့ဗျာ..။ အခုအချိန်မှာ သူ့ရဲ့စိတ်ထဲ ဖြစ်နေတဲ့ အနေအထားဟာ လွန်ခဲ့တဲ့အပါတ်တုန်းကနဲ့ ဘယ်တူပါ့မလဲ..။ ကြာသာပတေးနေ့က EFL ဖလားပြိုင်ပွဲမှာ အနိုင်ရခဲ့သလို ဒီနေ့ပွဲနဲ့ဆိုရင် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်..။ သူတို့တွေဟာ အဲဒီအနိုင်ပွဲရလဒ်တွေက ရရှိလာတဲ့ အရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်သွားနိုင်ရပါလိမ့်မယ်..။ ဒါ့အပြင်ဒီနေ့ပွဲပထမပိုင်းမှာ သူတို့အသင်းရဲ့ ခိုင်မာတဲ့ကစားဟန် (pattern of play) ကို ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရခဲ့ပါတယ်..။

ဆိုလိုချင်တာက အရင်ပွဲတွေမှာလည်း သူတို့အသင်းဟာ ကစားပုံကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်အသင်းကို ထိန်းချုပ်ကစားနိုင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအခိုက်အတန့်လေးတွေဟာ ခဏတဖြုတ်.. (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ပဲ ကြာတတ်ပါတယ်..။ ကစားပုံဟာ တည်ငြိမ်မှု (consistency) မရှိဘူး..၊ ပြိုင်ဘက်အသင်းကို အချိန်အကြာကြီး (persistent) စိုးမိုးမထားနိုင်ခဲ့ပါဘူး..။ ဒီနေ့ပွဲပထမပိုင်းတစ်ခုလုံးမှာ ခိုင်မာတဲ့ ကစားဟန်တစ်ခုနဲ့ တည်တည်ငြိမ်ငြိမ် ကစားပြနိုင်ခဲ့သလို အသင်းရဲ့ဟန်ချက်ပိုင်းလည်း ကောင်းမွန်ခဲ့ပါတယ်..။ ဖူးလ်ဟမ်းအသင်းဟာ သူတို့ကိုဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး..။



အထူးသဖြင့် အင်ဇို၊ ကိုင်ဆီဒို နဲ့ ဂါလက်ချာ တို့ ကွင်းလယ် ကစားသမား သုံးယောက်ကိုအခြေခံပြီး ခိုင်မာတဲ့ ကစားပုံတစ်ခု ရရှိလာအောင် ဆက်လက်တည်ဆောက်သွားနိုင်ဖို့ လိုအပ်ပါတယ်..။ သူတို့သုံးယောက်ရဲ့ အတွဲအစပ်ဟာ စုစည်းမှုကောင်းမွန်၊ ကျစ်လျစ်တဲ့ အင်ဂျင်စက်ကြီးတစ်ခုလို ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေ၊ အချိတ်အဆက်ကောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်..။ အင်ဇို ဟာ ကွင်းလယ်ဖန်တီးရှင် ‘No.10’ ဆန်ဆန် တိုက်စစ်ကို ပိုမိုအားပြု ကစားပေမယ့် သူကခံစစ်ပိုင်းကို ဆင်းသွားပြီဆိုရင် ဂါလက်ချာ က သူ့ရဲ့နေရာကိုဝင်ပြီး ဖြည့်ကစားပေးခဲ့ပါတယ်..။ နေရာအပြောင်းအလဲလုပ်ပြီး (rotation) ကြတယ်ပေါ့ဗျာ..။ သူတို့တွေဟာ အဲဒီအခြေခံကောင်းတွေအပေါ် အခြေတည်၊ သယ်ဆောင်သွားရပါလိမ့်မယ်..။

မိုက်ကယ် အိုဝင် - လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ကစားသွားခဲ့တဲ့ ခြေစွမ်းကို ကျွန်တော်အရမ်းနှစ်သက်ခဲ့ပါတယ်..။ ‘Wow..! ဒီနှစ်မှာတော့ သူတို့တွေ အခြေအနေကောင်းပြီဟ..’ လို့ တွေးမိလိုက်တုန်းရှိသေးတယ်..၊ သူတို့ဟာ ဒဏ်ရာပြဿနာတွေ၊ အခြားပြဿနာတွေကြောင့် ရုန်းကန်နေခဲ့ရပါတယ်..။ ဒါပေမယ့် သူတို့အသင်းဟာ အခုလိုကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ လုံလောက်တဲ့ အရည်အချင်းနဲ့ ပြည့်မှီတဲ့ ကစားသမားတွေ ရှိနေတယ်လို့ ယုံကြည်၊ မျှော်လင့်ဆဲပါ...။ ဒီနေ့အနိုင်ပွဲဆိုရင် အဲဒီအခြေအနေကောင်းတွေ ပြန်လည်တည်ဆောက်နိုင်မယ့် ခြေလှမ်းကောင်းတစ်ရပ်လို့ ပြောလို့ရတာပေါ့ဗျာ..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရရှိနေရာကနေ ပြန်လည်ကောင်းမွန်လာဖို့ ရှိနေတဲ့ ကစားသမား (၁၁) ဉီးလောက် ထပ်ပြီးကျန်ရှိနေပါသေးတယ်.. ဆိုတဲ့ အချက်ကို သတိချပ်မိဖို့ လိုအပ်တဲ့အကြောင်း ပြောကြားရင်းနဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုကို အဆုံးသတ်လိုက်ရအောင်ခင်ဗျ..။ နောက်ပွဲတွေမှာ ပြန်ဆုံကြသေးတာပေါ့..။