feature-image

‘Matchday Live Extra’ ဘောလုံးစကားဝိုင်း (ဘန်လေ vs ချယ်လ်ဆီး)

စနေနေ့က Turf Moor Stadium ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက ဘန်လေအသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ အထူးခြေစွမ်းပြခဲ့သော အင်္ဂလန်တိုက်စစ်မှူး ရာဟင်း စတာလင်း ၏ ခြေစွမ်းနှင့် ချယ်လ်ဆီးအသင်း၏ ကစားပုံအပေါ် အဲဗာတန် အမျိုးသမီးအသင်း ကွင်းလယ်ကစားသမားဟောင်း ဖာရာ ဝီလီယံ နှင့် ဘရိုက်တန်အသင်း တိုက်စစ်မှူးဟောင်း ဂလင်း မာရေး တို့က Premier League Production ၏ ‘Matchday Live Extra’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။

ဆီမာ ဂျက်စ်ဝဲလ် - ရာဟင်း စတာလင်း ဟာ ဒီနေ့ပွဲမှာဆိုရင် အထူးခြေစွမ်းပြသွားခဲ့ပြီး ပွဲရဲ့အဖြေကို အဆုံးအဖြတ် ပေးသွားနိုင်ခဲ့တဲ့ခြေစွမ်းမျိုးလို့ ပြောလို့ရပါတယ်..။ ဖာရာ ရေ.. ဒီနေ့ပွဲက သူ့ရဲ့ခြေစွမ်းအပေါ် ရှင့်ရဲ့အမြင်၊ သုံးသပ်ချက်ကို ပြောပြပေးနိုင်မလား..?

ဖာရာ ဝီလီယံ - ဒီနေ့ပွဲက သူ့ရဲ့ခြေစွမ်းဟာ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပြီးနောက်ပိုင်း သူ့ရဲ့အကောင်းဆုံး ကစားသွားခဲ့တဲ့ပွဲလို့တောင် ပြောလို့ရပါတယ်..။ အခုဆိုရင် သူဟာမော်ရစ္စစီယို ရဲ့အသင်းနဲ့ အံဝင်လာခဲ့ပြီး အရင်တုန်းက ခြေစွမ်းမျိုးကို ပြန်လည်ရရှိဖို့ နီးစပ်နေပြီလို့ ထင်မိပါတယ်..။ သူဟာဘောလုံးကို ကိုင်ထားပြီး နောက်ခံလူတွေကို တစ်ဉီးချင်းကျော်ဖြတ်၊ ထိုးဖောက်ရတာ (direct) ကို ပိုပြီးနှစ်သက်တဲ့အကြောင်း ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောသွားပါတယ်ရှင့်..။

ဒီနေ့ပွဲမှာဆိုရင် သူ့ရဲ့စိတ်ကြိုက် ကစားသွားခွင့်ရခဲ့သလို ပွဲချိန်အတွင်း ‘ထိချက်တိုင်းဟာ ရွှေဖြစ်တယ်’ လို့ ပြောလို့ရအောင် ကောင်းမွန်ခဲ့တာကြောင့် စတာလင်း ကိုယ်တိုင်လည်း ဒီနေ့ပွဲက သူ့ရဲ့ခြေစွမ်းအပေါ် အထူးကျေနပ်မိလိမ့်မယ်..။ သူ့အနေနဲ့ ဒီနေ့ပွဲကခြေစွမ်းကို ဆက်လက်သယ်ဆောင်ပြီး လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ ချယ်လ်ဆီးအသင်းသစ်ကို ဘယ်လောက်အထိ ဉီးဆောင်၊ မောင်းနှင်ပေးနိုင်မလဲ.. ဆိုတာ စောင့်ကြည့်ရမှာပါပဲ..။ သူဟာဒီနေ့ပွဲကခြေစွမ်းကို အခြေခံပြီး အခုထက်ပို တိုးတက်အောင် ကြိုးစားသွားရမှာပါ..။ အခုဆိုရင်ခြေစွမ်းပြနိုင်ရုံတင်မကပဲ သွင်းဂိုးလည်း ရခဲ့တယ်..၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ရရှိခဲ့တယ်ဆိုတော့ ခုနကရှင်ပြောခဲ့သလို ‘ပွဲရဲ့အဖြေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ခြေစွမ်း’ လို့ သတ်မှတ်နိုင်ပါတယ်..။



ဆီမာ ဂျက်စ်ဝဲလ် - ဂလင်း ရေ.. ဒီနေ့ပွဲရလဒ်ကို အဆုံးအဖြတ်ဖြစ်ခဲ့စေတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကလည်း သူ့ရဲ့ထိုးဖောက်ပုံ ကောင်းမွန်မှုကြောင့် ရရှိခဲ့တာ မဟုတ်ဘူးလား…?

ဂလင်း မာရေး - ရာဟင်း စတာလင်း ကို ဘောလုံးသယ်ယူခွင့်ပေးမယ်ဆိုရင် သူဟာပြိုင်ဘက် နောက်ခံလူတိုင်းကို ကျော်ဖြတ်နိုင်တဲ့ အစွမ်းရှိတယ်..၊ အခက်တွေ့အောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်..။ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောမှာဆိုရင် ညာနောက်ခံလူ ဗီတင်ဟို ဟာ ခြေကိုဆန့်ပြီး ဖျက်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ရာဟင်း ရဲ့ ခြေနှုတ်ခြေသိမ်း လျှင်မြန်ခဲ့တာကြောင့် နောက်ကျသွားခဲ့ပါတယ်..။ ဒါ့ကြောင့် (၁၀၀ %) ရာခိုင်နှုန်းပြည့် ပင်နယ်တီပေးရမယ့် ဖျက်ထုတ်မှုပါ..။



ခုနက ဖာရာ ပြောသွားတာကို ကျွန်တော်သဘောတူပါတယ်..။ ရာဟင်း အနေနဲ့ ဒီနေ့ပွဲကခြေစွမ်းကို အခြေခံပြီး ဆက်လက်တည်ဆောက်သွားနိုင်မယ်ဆိုရင် ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ မော်ရစ္စစီယို ရဲ့ လက်အောက်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်မြင်တွေ့သွားရမှာပါ..။ သူ့ရဲ့ခြေစွမ်းကို သံသယရှိစရာ မလိုပါဘူး.။ အဲဒီပင်နယ်တီ ပြစ်ဒဏ်ဘောကို ကိုးလ် ပါးမား က သပ်သပ်ရပ်ရပ်နဲ့ ကန်သွင်းပြီး ချယ်လ်ဆီးအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုး…. အဲ.. သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးဆိုလည်း ဟုတ်တယ်ဗျ.. ရရှိသွားခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ ဉီးဆောင်ဂိုးရရှိပြီး သိပ်မကြာခင်မှာပဲ ရာဟင်း စတာလင်း ဟာ ကော်နာ ဂါလက်ချာ ရဲ့ ဖန်တီးပေးမှုကနေတဆင့် ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ရဲ့ ဘယ်ဘက်ကို လှလှပပကန်သွင်းပြီး အခုနှစ်ရာသီမှာ သူ့အတွက် တတိယမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်..။ ဒီနေ့ပွဲမှာတော့ သူဟာဘန်လေအသင်းအတွက် အသားထဲမှာ နစ်ဝင်နေတဲ့ ဆူးတစ်ချောင်းပဲဗျ..။ တချိန်လုံးလိုလို ဒုက္ခပေးနေခဲ့တာပါ..။



ဖာရာ ဝီလီယံ - Yeah..! မှန်တာပေါ့ရှင့်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့သွင်းဂိုး လေးဂိုးစလုံးဟာ ဘယ်အခြမ်းက သူ့ရဲ့ထိုးဖောက်မှုတွေကပဲ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဂျက်ဆင် သွင်းယူပေးခဲ့တဲ့ စတုတ္ထဂိုးမှာဆိုရင်လည်း သူဟာညာနောက်ခံလူ ဗီတင်ဟို ကို နောက်ထပ်တစ်ကြိမ် လှလှပပ ကျော်ဖြတ်ဆွဲပြေး နိုင်ခဲ့ရာကနေတဆင့် ရရှိခဲ့တာပါပဲ..။

ဂလင်း မာရေး - လက်ရှိချယ်လ်ဆီးအသင်းမှာ လူငယ်ကစားသမားတွေများပါတယ်..။ ဒါ့ကြောင့် ရာဟင်း ဟာ အသက်ကြီးတဲ့ ဝါရင့်၊ သမ္ဘာရင့် ကစားသမားစာရင်းထဲမှာ ပါဝင်နေပြီး သူဟာစံနမူနာပြအနေနဲ့ လူငယ် ကစားသမားတွေကို ဉီးဆောင်မှုပေးနိုင်ရပါမယ်..။ အခုဆိုရင် သူဟာအသက် (၂၇) နှစ်၊ (၂၈) နှစ်ထဲမှာဆိုတော့ အသက်အရွယ်၊ ခြေစွမ်းနဲ့ အတွေ့အကြုံအရ အမြင့်ဆုံးမှာ ရောက်နေတယ်လို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် လက်ရှိချယ်လ်ဆီးအသင်းမှာဆိုရင် သူဟာလက်ချိုးရေလို့ရတဲ့ အသက်ကြီး ကစားသမားတွေထဲမှာ ပါနေပါတယ်..။

ဒါ့ကြောင့်သူ့အနေနဲ့ လူငယ်ကစားသမားတွေကို အမှန်တကယ် ဉီးဆောင်မှု ပေးနိုင်ပါ့မလား..? ဆိုတဲ့အချက်ကတော့ ကျွန်တော်တို့လို အပြင်ကစောင့်ကြည့်နေတဲ့သူတွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေဟာ လူငယ်ကစားသမားတွေကို ကွင်းမှာတင်မကပဲ ကွင်းပြင်ပမှာပါ စံနမူနာပြအဖြစ် ဉီးဆောင်၊ ဉီးရွက်မှု ပေးနိုင်ရပါမယ်..။ ဒါပေမယ့် ရာဟင် စတာလင်း ဆီမှာ အဲဒီလိုကွင်းတွင်း၊ ကွင်းပြင်ပ ခေါင်းဆောင်မှုပေးနိုင်တဲ့ အရည်အသွေး အပြည့်အဝ ရှိနေတယ်လို့ ယုံကြည်မိပါတယ်..။



ဆီမာ ဂျက်စ်ဝဲလ် - မှန်တာပေါ့ရှင့်..။ လက်ရှိချယ်လ်ဆီးလို လူငယ်ကစားသမားတွေ များနေတဲ့အသင်းမှာ သူ့လိုခြေစွမ်းရော အတွေ့အကြုံကောင်းတွေနဲ့ပါ ပြည့်စုံနေတဲ့ ကစားသမားကြီးတွေဟာ အရမ်းကိုတန်ဖိုး ရှိပါတယ်..။ ဒီနေ့ပွဲမှာ အသင်းအတွက် စတုတ္ထဂိုး သွင်းယူပေးခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆင် ဆိုရင် သူ့ဆီကနေ အဖိုးတန်တဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေ သင်ယူနေမှာ အသေအချာပဲရှင့်..

ဖာရာ ဝီလီယံ - ရာဟင်း စတာလင်း ဟာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီးအသင်းတွေနဲ့အတူ အဆင့်အမြင့်ဆုံး ပြိုင်ပွဲအတွေ့အကြုံတွေ အများကြီးရှိခဲ့တာကြောင့် လူငယ်ကစားသမားတွေအတွက် အဖိုးတန်တဲ့ သက်ရှိစာသင်ခန်းတစ်ခုလို့ ပြောနိုင်ပါတယ်..။ ဂျက်ဆင် သွင်းယူသွားခဲ့တဲ့ဂိုးမှာလည်း ရာဟင်း စတာလင်း ရဲ့ ဘယ်ဘက်အခြမ်းကနေ ထိုးဖောက်မှုက ရရှိခဲ့တာ ဆိုပေမယ့် ဆီနီဂေါ တိုက်စစ်မှူးရဲ့ ဆုံးဖြတ်ချက် ကောင်းမွန်မှု၊ သွေးအေးအေးနဲ့ အဆုံးသတ်နိုင်မှုတွေကလည်း အရေးပါခဲ့ပါတယ်..။  

ကိုးလ် ပါးမား ချပေးလိုက်တဲ့အချိန် သူကချက်ချင်းမကန်သွင်းပဲ တစ်ချက်ဆိုင်းလိုက်တာကြောင့် ကျွန်မရဲ့စိတ်ထဲမှာ ‘သွားပြန်ပြီဟ..၊ အလကား ဖြစ်သွားပြန်ပြီ..’ လို့တောင် တွေးမိလိုက်ပါသေးတယ်..။ ဒါပေမယ့် သူဟာခြေနှုတ်ခြေသိမ်း မြန်မြန်ဆန်ဆန်နဲ့ ရှေ့ကိုတက်ပြီး ပိတ်ဆို့ဖို့ ကြိုးစားခဲ့တဲ့ ဂိုးသမား ထရက်ဖို့ဒ် ရဲ့ ဘေးကနေ ကန်သွင်းရယူပေးခဲ့ပါတယ်..။ ဂျက်ဆင် ဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ EFL ဖလားပွဲစဉ်မှာလည်း အဆုံးအဖြတ်အနိုင်ဂိုး သွင်းယူပေးခဲ့တာဆိုတော့ အခုအချိန်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းနဲ့ ဂိုးသွင်းစွမ်းရည် ပြန်လည်ရရှိနေပြီလို့ ပြောရမလိုပါပဲ..။



ဆီမာ ဂျက်စ်ဝဲလ် - ဒါဆိုရင် ရာဟင်း စတာလင်း၊ ဂျက်ဆင် တို့နဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို စတင်မြင်တွေ့ရတော့မယ်လို့ ကျွန်မတို့ ပြောနိုင်ပြီလား..? ဒါမှမဟုတ် အဲဒီလို ပြောနိုင်ဖို့ စောနေသေးလား..?

ဖာရာ ဝီလီယံ - ကျွန်မကတော့ စောလွန်းနေသေးတယ်လို့ ထင်ပါသေးတယ်..။ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ ကစားကွက်ပုံစံ (possession based football) ကို ခင်းကျင်းနေတယ်.. ဆိုပေမယ့် သူတို့ရဲ့ပေးပို့မှုအများစုဟာ ရည်ရွယ်ချက်မရှိပဲ ဘေးတိုက်ပေး၊ နောက်ပြန်ပေးတာတွေ များလွန်းနေပါတယ်..။ သူတို့အနေနဲ့ ဒီနေ့ပွဲဒုတိယပိုင်းမှာ ကစားခဲ့သလို ထိရောက်တဲ့ ထိုးဖောက်မှုတွေနဲ့ နောက်တန်းလူတွေကို တစ်ဉီးချင်းကျော်ဖြတ်မှုတွေ ပိုမိုပြုလုပ်နိုင်အောင် ကြိုးစားရပါဉီးမယ်..။ ဒါ့အပြင် အခုတစ်ကြိမ် နိုင်ငံလက်ရွေးစင် အသင်းတွေရဲ့ ပွဲစဉ်တွေပြီးရင် သူတို့ဟာ တကယ့်ပွဲကျပ်ကာလကို ဖြတ်သန်းရဉီးမှာရှင့်..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အကောင်းဆုံးခြေစွမ်းနဲ့ စွမ်းဆောင်ရည် ရရှိပြီလား.. လို့ ပြောနိုင်ဖို့ဆိုရင် အဲဒီပွဲစဉ်တွေမှာ ဘယ်လိုဖြတ်သန်းမလဲ.. စောင့်ကြည့်ရဉီးမယ်.. ဟုတ်တယ်မလား..? ဂလင်း ရေ..

ဂလင်း မာရေး - မှန်ပါတယ်..။ ဒီနေ့အနိုင်ပွဲဟာ မော်ရစ္စစီယို အတွက် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် နှစ်ပွဲဆက်တိုက် (back to back) အနိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် ဒီတစ်ခါ နိုင်ငံလက်ရွေးစင် အသင်းတွေရဲ့ပွဲတွေပြီးရင် အာဆင်နယ်၊ ဘရန့်တ်ဖို့ဒ်၊ တော့တင်ဟမ်..၊ မန်ချက်စတာ စီးတီး၊ နယူးကာဆယ် စတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ သူတို့အသင်းရဲ့ ခြေစွမ်းအမှန်ကို အဲဒီပွဲတွေပြီးမှပဲ ပြောလို့ရနိုင်ပါလိမ့်မယ်..။