ချယ်လ်ဆီးအသင်းနှင့် အက်စတွန် ဗီလာအသင်းတို့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၆) ဒုတိယပိုင်းတွင် ပြင်သစ်နောက်ခံလူ မာလို ဂတ်စ်တို မှာ အက်စ်တွန် ဗီလာအသင်းမှ ဘယ်နောက်ခံလူ လူးကပ်စ် ဒီဂ်နေး အား လျှောထိုးဖျက်ထုတ်ခဲ့မှုအပေါ် ဒိုင်လူကြီး ဂျာရက်ဒ် ဂျီးလက် က VAR ဒိုင်အဖွဲ့၏ အကြံပြုချက်အရ အနီကတ်ဒ် ပြစ်ဒဏ်သို့ ပြောင်းလဲ၊ ချမှတ်ခဲ့သည်..။ အဆိုပါဖြစ်ရပ်အပေါ် Premier League Production က တင်ဆက်သည့် ‘Match Officials Mic’d Up’ အစီအစဉ်တွင် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် နှင့် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ (PGMOL) အကြီးအကဲ (Chief Referee Officer) ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဒ် ဝက်ဘ် တို့က VAR အဖွဲ့သားများနှင့် ကွင်းလယ်ဒိုင်လူကြီးတို့ အပြန်အလှန် ပြောကြားခဲ့သည့် အသံဖိုင်အပေါ် မူတည်ပြီး ယခုလိုသုံးသပ်၊ ဆွေးနွေးခဲ့ကြသည်..။
မိုက်ကယ် အိုဝင် - ဟောင်းဝဒ် ရေ.. ပထမဆုံးအနေနဲ့ အခုတင်ဆက်ပေးတဲ့ Match Officials Mic’d Up အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလား..?
ဟောင်းဝဒ် ဝက်ဘ် - အခုတင်ဆက်ပေးမယ့် အစီအစဉ်နဲ့ ရှင်းပြချက်တွေဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေဟာ သူတို့ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ခဲ့တယ်ဆိုတာ ပရိသတ်တွေအနေနဲ့ ပိုပြီးရှင်းရှင်းလင်းလင်း သိရှိဖို့ (open) နဲ့ ပိုပြီးပွင့်လင်း၊ မြင်သာမှုရှိဖို့ (transparent) ရည်ရွယ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ဒိုင်လူကြီးတွေအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ သတင်းအချက်အလက်တွေ ဘယ်လိုမျှဝေကြတယ်..၊ ဒိုင်လူကြီးတွေဟာ အကူဒိုင်လူကြီးတွေ၊ VAR အဖွဲ့ဝင်တွေနဲ့ ဘယ်လိုပုံစံ ဆက်သွယ်မှုတွေ ပြုလုပ်ကြတယ်၊ ဘယ်လိုနည်းနဲ့ အလုပ်လုပ်ကြတယ်ဆိုတာ သိစေချင်ပါတယ်..။ နောက်ပြီးအခုပြောကြားခဲ့တဲ့ ဆွေးနွေးမှုတွေ၊ ဒိုင်လူကြီးနဲ့ VAR အဖွဲ့တို့ ဆွေးနွေးခဲ့ကြတဲ့ အသံဖိုင်တွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။
မိုက်ကယ် အိုဝင် - ဒါဆိုရင် ခင်ဗျားတို့မျှဝေမယ့် အသံဖိုင်တွေမှာ ဘယ်သူတွေရဲ့ ပြောကြားချက်တွေ ပါဝင်ဖို့ရှိလဲ..?
ဟောင်းဝဒ် ဝက်ဘ် - ကွင်းလယ်ဒိုင်လူကြီး (REF) နဲ့ ဒိုင်အဖွဲ့အချင်းချင်းကြားက ပြောဆိုချက်တွေ၊ VAR အခန်းထဲမှာ အဓိကတာဝန်ယူရတဲ့ Video Assistant Referee ဒိုင်လူကြီး (VAR) နဲ့ လက်ထောက် Assistant Video Assistant Referee (AVAR) တို့ရဲ့ ပြောဆိုချက်တွေ ပါဝင်ပါတယ်..။ VAR နဲ့ AVAR ဒိုင်တွေဟာ ကွင်းလယ် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် မှန်ကန်မှုရှိ၊ မရှိ ပြန်လည်စစ်ဆေးပြီး VAR အဖွဲ့ဘက်က ပါဝင်ပေးဖို့ လို၊ မလို ဆုံးဖြတ်ရပါတယ်..။ ဒါ့အပြင် အနှေးပြကွက်တွေ၊ VAR ဒိုင်တွေ၊ ကွင်းလယ်ဒိုင်တွေအတွက် အကောင်းဆုံးပြကွက်တွေကို စီစဉ်ပေးရတဲ့ Replay Operator (RO) ရဲ့ ပြောကြားချက်တွေလည်း ပါဝင်ပါမယ်..။
မိုက်ကယ် အိုဝင် - ဟုတ်ကဲ့ပါ.. ဒါဆိုရင် ချယ်လ်ဆီးအသင်းနဲ့ အက်စ်တွန် ဗီလာအသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်၊ ပွဲစဉ် (၆) မှာ မာလို ဂတ်စ်တို ဟာ လူးကပ်စ် ဒီနေး ကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာကြောင့် အနီကတ်ဒ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်..။ အဲဒီဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်အဖွဲ့တွေကြားက ပြောကြားချက် အသံဖိုင်အပြည့်အစုံကို အောက်မှာဖော်ပြပေးထားပါတယ်...။
+++++ ++++++ +++++++
REF - ဂတ်စ်တို ရဲ့ ဖျက်ထုတ်လိုက်ပုံဟာ အဆင်ပြေပါတယ်..
AR1- ဟာ.. ကျွန်တော်ကတော့ ပြစ်ဒဏ်ဘောလို့ ထင်တာပဲ..။ ပြစ်ဒဏ်ဘော ပေးရလိမ့်မယ်..
RO - သတိပေးရလိမ့်မယ်..။ အနည်းဆုံး အဝါကတ်ဒ်တော့ ပြရလိမ့်မယ်..
AR1- Yeah..! ဟုတ်တယ်.. အဝါကတ်ဒ်ပြပြီး သတိပေးရလိမ့်မယ်..။
RO - သူ့ရဲ့ဖျက်ထုတ်လိုက်တဲ့ ခြေထောက်ဟာ အတော်လေးကို မြင့်တယ်ဗျ.. ခြေကျင်းဝတ်ရဲ့ အထက်ပိုင်းမှာ ထိမိသွားတာပါ..
REF - ခဏလေး…၊ ခဏလေး ဆိုင်းထားလိုက်ပါဉီး..။ အဲဒီပြစ်ဒဏ်ဘောကို ပြန်ပြီးသေသေချာချာ ကြည့်ရလိမ့်မယ်ဗျ..
AR1 - မာလို ဂတ်စ်တို… အဝါကတ်ဒ်ပါ..
REF - ဟုတ်ကဲ့ပါ.. အပြာရောင်အသင်းက နံပါတ် (၂၇) ကို အဝါကတ်ဒ် ပြပါတယ်..။
VAR - အက်စ်တွန် ဗီလာ နောက်ခံလူရဲ့ ခြေထောက်ကို ထိမိတဲ့နေရာ ကျွန်တော့်ကို ပြန်ပြပါဉီး..
VAR - သူကခပ်လှမ်းလှမ်းကနေ ခုန်ဝင်လာခဲ့တာဗျ.. ခြေထောက်နှစ်ဘက်စလုံး မြေကြီးကနေ လွတ်နေတယ်… တွေ့တယ်မလား..? နောက်ပြီးထိမိတဲ့နေရာကို သေသေချာချာ ပြန်ပြပါဉီး..။ ဒါ့အပြင် သူ့ရဲ့ဖျက်ထုတ်လိုက်တဲ့ ခြေထောက်ဟာ ဘောလုံးနဲ့ ဘယ်လောက်ဝေးသလဲ.. ဆိုတာကိုပါ တစ်ခါတည်းပြပေးပါဉီ..
RO- အိုကေပါ… တခြားရှုထောင့်ကနေ ပြန်ပြီးပြပေးပါမယ်..။
VAR - အိုကေ.. အိုကေ… အခုပြထားတဲ့ ထောင့်က အဆင်ပြေတယ်..။ နောက်ပြန်ရစ်ပြီး အနှေးပြပေးပါဉီး..။ လူးကပ်စ် ဒစ်ဂ်နေး ရဲ့ ဘယ်ခြေထောက်ကို သေသေချာချာ ထိမိသွားတယ်ဗျ..။ အခုပြထားတဲ့ ကင်မရာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ခြေကျင်းဝတ်ရဲ့ အထက်.. ညို့သကျည်းကို ထိမိသလိုပဲဗျ..။ ခြေကျင်းဝတ် လည်ထွက်သွား (buckling ankle) သလိုပါပဲ..။ နောက်ထပ်မတူညီတဲ့ ကင်မရာရှုထောင့် တစ်ခုကနေ ပြပေးဉီး..
VAR - အဲဒီဖျက်ထုတ်မှုကိုတော့ ကွင်းဘေးက မော်နီတာမှာ ပြန်ကြည့်ရလိမ့်မယ် (on-field review) လို့ ထင်တာပဲ…။ နောက်ထပ်တစ်ကြိမ်လောက် ထပ်ပြီးပြပေးပါဉီး… yeah..
အဲ… ကျွန်တော်ကတော့ အနီကတ်ဒ် ပြလို့ရတဲ့ ဖျက်ထုတ်မှုလို့ ပြောရမလို ဖြစ်နေပြီ..။ သူ့ရဲ့ကျောနံပါတ် ဘယ်လောက်လဲ..?
AVAR – 27.. ကျောနံပါတ် ‘၂၇’ ပါ..။
VAR - ဂျာရတ်ဒ် (ကွင်းလယ်ဒိုင်) ရေ… အခုပြောနေတာ မက်ဒ် (VAR ဒိုင်လူကြီး အင်ဒရူး မက်ဒ်လေ) ပါ..။ အနီကတ်ဒ် ပြလို့ရတဲ့ ဖျက်ထုတ်မှု ဖြစ်နိုင်တာကြောင့် ကွင်းဘေးက မော်နီတာကို ပြန်ကြည့်ဖို့ (on-field review) ခင်ဗျားကို တိုက်တွန်းချင်ပါတယ်..။ မော်နီတာဆီ ရောက်ရင် ကျွန်တော်တို့ကို ပြန်ပြောပါဉီး..
REF - မော်နီတာရှေ့ ရောက်ပါပြီ..။ ဘယ်ကနေ စပြီးကြည့်ရမလဲ..?
AR1 - အခုပြထားတဲ့ပုံကို ကြည့်ပါဉီး
VAR - ကျွန်တော်ခင်ဗျားကို သေသေချာချာ ကြည့်စေချင်တာ အခုပြထားတဲ့ ကင်မရာရှုထောင့်က ပြကွက်ပဲဗျ..။ ဘယ်လိုမြင်မိလဲ..?
နောက်ထပ်တစ်ကွက် ထပ်ပြီးပြပါမယ်…။ အဲဒီ screen မှာဆို သူ့ရဲ့ဖျက်ထုတ်တဲ့အရှိန်ကြောင့် ခြေကျင်းဝတ်ပါ ခေါက်သွားခဲ့တာ (buckle) တွေ့တယ်မလား..?
RO - အဲဒီမှာ… ဟုတ်တယ်မလား..?
VAR - နောက်ကိုတစ်ကွက်လောက် ထပ်ဆုတ်လို့ရဉီးမလား..? ဒါဆိုရင်ခြေထောက်ကို သေသေချာချာ မြင်ရမယ်..။ အဆင်ပြေရဲ့လား..? နစ်ခ် ရေ..
AVAR – Yeah..! ရပြီ.. ရပြီ..
VAR - ဂျာရတ်ဒ် ရေ.. အဲဒီမှာ ရုပ်သေဓါတ်ပုံတစ်ခု တင်ထားပေးတယ်.. ကြည့်လိုက်ပါဉီး…
REF - ဟုတ်ပါတယ်.. ညှို့သကျဉ်းကို ထိတဲ့နေရာ ကျွန်တော်သေသေချာချာ မြင်မိပါပြီ..
VAR - ကျွန်တော်တို့ အနှေးပြကွက်ကို ထပ်ပြီးပြပေးပါမယ်..။ ဒါဆိုရင် ဖျက်ထုတ်ခံရတဲ့သူရဲ့ ခြေကျင်းဝတ် လည်ထွက်သွားတာ ခင်ဗျားသေသေချာချာ မြင်မိပါလိမ့်မယ်..။ ဂတ်စ်တို ရဲ့ လျောထိုးဖျက်ထုတ်မှုဟာ ခပ်ဝေးဝေးကနေ အရှိန်နဲ့ဖျက်ထုတ်တာဖြစ်တယ်..။ ခြေထောက်နှစ်ဖက်စလုံး မြေကြီးကနေ လွတ်ထွက်သွားတာကြောင့် ခုန်ဝင်ပြီးဖျက်ထုတ်တာလို့ ပြောလို့ရပါတယ်…
REF - နောက်ထပ်မတူညီတဲ့ ကင်မရာ ရှုထောင့်တစ်ခုကနေ အနှေးပြကွက်မဟုတ်ပဲ မူရင်းပကတိ ပုံမှန်အမြန်နှုန်းအတိုင်း ပြပေးပါလား..?
VAR - အိုကေပါ.. နောက်ထပ်တစ်ကြိမ် ပြထားပေးပါတယ်..
REF – Ok.. ညာခြေနဲ့ဖျက်ထုတ်မှုဟာ ခြေကျင်းဝတ်ရဲ့အပေါ်ကိုထိတယ်..။ ခြေထောက်နှစ်ဘက်စလုံး မြေကြီးကနေ လွတ်သွားတာကြောင့် ခြေစုံပစ်.. ခုန်ဝင်ပြီး ဖျက်ထုတ်တာလို့ ပြောလို့ရပါတယ်..။ အပြာရောင် ကျောနံပါတ် (၂၇) ကို အဝါကတ်ဒ် ပြထားတဲ့ကို အနီကတ်ဒ်ပြစ်ဒဏ်အဖြစ် ပြန်လည်ပြောင်းလဲ ပေးလိုက်ပါမယ်..။
VAR - အတည်ပြုပါတယ်..။ အပြာရောင် ကျောနံပါတ် (၂၇) ပါ…
AR2 - ညာနောက်ခံလူ ကစားသမား မလား..?
REF - ညာနောက်ခံလူ..? ဟုတ်တယ်နော်..?
AR1 - အခုခင်ဗျားရဲ့ရှေ့မှာ ခါးထောက်ထားတဲ့တစ်ယောက်..
REF - Ok.. ရပြီ.. အဝါကတ်ဒ်ကို ပယ်ဖျက်ပါတယ်..။ အနီကတ်ဒ်အဖြစ် ပြန်လည်သတ်မှတ်ပါတယ်..။
+++++ ++++++ +++++++
မိုက်ကယ် အိုဝင် - အခုဒီလထဲမှာ အဲဒီလိုပုံစံ ဖျက်ထုတ်မှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်ဗျ..။ လီဗာပူးလ်နဲ့ တော့တင်ဟမ်နဲ့ပွဲမှာ ကားတစ်စ် ဂျုံးစ် ဟာလည်း အဲဒီလိုပုံစံ ဖျက်ထုတ်မှုကြောင့် အနီကတ်ဒ်အပြခံခဲ့ရပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ ကွင်းလယ် ဒိုင်လူကြီးနဲ့ VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် ခင်ဗျားအနေနဲ့ ကျေနပ်မှုရှိရဲ့လား..?
ဟောင်းဝဒ် ဝက်ဘ် - မှန်ကန်ပါတယ်..။ အနီကတ်ဒ်ပြရမယ့် ဖျက်ထုတ်မှုပါ..။ သူ့ရဲ့ဖျက်ထုတ်မှုဟာ ခံရတဲ့သူရဲ့ ခြေထောက်မှာ ထိမိတဲ့နေရာ၊ အရှိန်ပြင်းပြင်းနဲ့ အင်ပြည့်အားပြည့် ထိမိတာပါ..။ အဲဒီပြင်းအားကြောင့် အက်စ်တွန် ဗီလာအသင်း နောက်ခံလူ လူးကပ်စ် ဒီဂ်နေး ရဲ့ ခြေကျင်းဝတ်တောင် အတွင်းဘက်ကို လည်ထွက်သွားခဲ့ (buckled ankle) ပါသေးတယ်..။ ဒါ့ကြောင့်တစ်ဘက်ကစားသမားကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဖျက်ထုတ်မှုတစ်ခုအဖြစ် သတ်မှတ်လို့ ရပါတယ်..။ ဒါ့ကြောင့် ပွဲကန်နေတုန်းမှာလည်း VAR က ဝင်ပြီးမှတ်ချက်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်..။ အနီကတ်ဒ် ပြစ်ဒဏ်ဟာ သင့်လျှော်၊ မှန်ကန်တဲ့ ပြစ်ဒဏ်တစ်ခု ဖြစ်ပါတယ်..။
မိုက်ကယ် အိုဝင် - ဟုတ်ကဲ့ပါ..။ ဒါဆိုရင် တနင်္ဂနွေက ပူပူနွေးနွေး ဖြစ်သွားခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းက ‘မက်တီယို ကိုဗာဆစ်’ ရဲ့ ဖျက်ထုတ်မှုနှစ်ကြိမ်ကိုရော ခင်ဗျားဘယ်လိုသုံးသပ်မလဲ..? အပေါ်ကပုံမှာ ပထမအကြိမ် အဝါကတ်ဒ် အပြခံရတဲ့ ဖျက်ထုတ်မှုကို ပြသထားပါတယ်..။ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ က အဝါကတ်ဒ်ပဲ ပြခဲ့ပါတယ်..။ ခုနက မာလို ဂတ်စ်တို ရဲ့ ဖျက်ထုတ်မှုနဲ့ ဘာတွေများ ကွာခြားခဲ့လို့လဲဗျ..?
ဟောင်းဝဒ် ဝက်ဘ် - မှန်ပါတယ်..။ ကျွန်တော်တို့ဒိုင်အဖွဲ့အနေနဲ့ ပွဲစဉ်တိုင်းမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို တတ်နိုင်သမျှ ‘တပြေးညီ (consistence)’ ဖြစ်နေအောင် ကြိုးစားပါတယ်..။ ဒါပေမယ့် အခြေအနေတိုင်းဟာ ထပ်တူညီတယ်.. ဆိုတာမှ မရှိတာဗျာ..။ အနည်းနဲ့အများတော့ အသေးစိတ်လေးတွေမှာ (details) ကွာခြားမှု ရှိပါတယ်..။ ကိုဗာဆစ် ရဲ့ ဖျက်ထုတ်မှုဟာ ဆိုးရွားတဲ့ဖျက်ထုတ်မှုတစ်ခုဆိုတာ မှန်ကန်ပါတယ်..။ တကယ်လို့ ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ဒ်ပြခဲ့မယ်.. ဆိုရင်လည်း ကျွန်တော့်အတွက် ကန့်ကွက်စရာ မရှိပါဘူး..။ VAR အဖွဲ့ကလည်း ပြန်ပြီးကြည့်ခဲ့ပါလိမ့်မယ်..။ ဒါပေမယ့် အနီကတ်ဒ်ပြစ်ဒဏ် ဖြစ်မလာခဲ့ပါဘူး.။
ဘယ်လိုနေရာတွေမှာ ကွာခြားခဲ့လို့လဲ..? ကိုဗာဆစ် ဟာ ညာခြေနဲ့ပြေးဝင်ခဲ့တာ မှန်ပေမယ့် သူ့ရဲ့ဘယ်ခြေဟာ မြေကြီးပေါ်မှာ ကျန်နေခဲ့ပါတယ်..။ ဒါ့ကြောင့်အင်ပြည့်အားပြည့်.. အားကုန်ဖျက်ထုတ်တယ်.. လို့ ပြောလို့မရပါဘူး..။ ဒါ့အပြင်သူ့ရဲ့ဖျက်ထုတ်တဲ့ညာခြေဟာ မြေကြီးကိုအရင်ဆုံးထိပြီးမှ မာတင် အိုဒီဂတ် ရဲ့ ခြေထောက်ကို ထိမိတာဆိုတော့ အားနည်းနည်းလျော့သွားမယ်..။ နောက်ပြီးခြေထောက်ကို တိုက်ရိုက်ထိခဲ့တာ မဟုတ်ပဲ.. ဘေးစောင်းနည်းနည်းကျတယ်ဗျ..။ အဲဒီလို အသေးစိတ်လေးတွေမှာ နည်းနည်းလေး ကွာခြားပါတယ်..။
ဒါ့ကြောင့်အဝါကတ်ဒ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ဟာ VAR နဲ့ သေသေချာချာ ပြန်ကြည့်ခဲ့ရင်လည်း လုံးဝကြီးကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့တော့ ပြောလို့မရပါဘူး..။ အဲဒီအတွက် သူတို့က ဒိုင်လူကြီးကို ထပ်ပြီးမှတ်ချက်မပေးခဲ့တာ ဖြစ်ပါတယ်..။
မိုက်ကယ် အိုဝင် - ဒါဆိုရင် ဒုတိယတစ်ကြိမ်ကရော..? ဘာကြောင့်အဝါကတ်ဒ် မပြခဲ့တာလဲ..? ကိုဗာဆစ် ဟာ ဒုတိယအဝါကတ်ဒ် အပြမခံခဲ့ရပဲ ကွင်းထဲမှာ ဆက်ပြီးရှိနေတာဟာ ကံကောင်းတယ်လို့ ပြောလို့ရတယ်မလား..?
ဟောင်းဝဒ် ဝက်ဘ် - မှန်ပါတယ်..။ အခုဒုတိယအကြိမ်မှာတော့ VAR လည်း ဝင်ပြီးမှတ်ချက်မပေးနိုင်ခဲ့ပါဘူး..။ ကိုဗာဆစ် ဟာ အင်မတန့်… အင်မတန်ကို ကံကောင်းခဲ့လို့သာ ကွင်းထဲမှာဆက်ပြီး ရှိနေခဲ့တာ ဖြစ်ပါတယ်..။ မိုက်ကယ် အိုလီဗာ ဟာ ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူ့အနေနဲ့ ကိုဗာဆစ် ရဲ့ ဖျက်ထုတ်မှုကို ပြန်သုံးသပ်ခဲ့မှာ အသေအချာပါပဲ..။ ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ‘လိုတာထက်ပိုပြီး ပြင်းထန်ခဲ့ရင် (over reacting)’ ကစားပွဲအပေါ် ထိခိုက်မိမှာ (impact on the game) စိုးရိမ်သွားခဲ့ပုံ ရပါတယ်..။
များသောအားဖြင့် အဝါကတ်ဒ်တစ်ကြိမ် အပြခံထားရတဲ့ ကစားသမားတွေကို နောက်ထပ်အဝါကတ်ဒ် အပြခံရအောင် တစ်ဘက်ကစားသမားတွေက နည်းမျိုးစုံနဲ့ ပစ်မှတ်ထားကြတယ်..၊ ဒိုင်လူကြီးကို ဖိအားပေးကြပါတယ်..။ ဒါ့ကြောင့်အဲဒီအချက်တွေကို ထည့်တွက်ခြင်းအားဖြင့် ဒိုင်လူကြီးဟာ ‘ဖြစ်သင့်တာထက် လျော့နည်းပြီး (under reacting)’ ဆုံးဖြတ်မိတာတွေ ဖြစ်နိုင်ပါတယ်..။ ဒါကလည်း ပွဲအပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှု (negative impact on the game) ဖြစ်သွားနိုင်တာပါပဲ..။
ဒါ့ကြောင့်ပွဲကိုပြန်ပြီး သုံးသပ်တဲ့အချိန်မှာ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ဟာ ကိုဗာဆစ် အနေနဲ့ ဒုတိယတစ်ကြိမ် အဝါကတ်ဒ် အပြခံရသင့်တယ်လို့ ယူဆမိတာလည်း ဖြစ်နိုင်ပါတယ်..။ ဒါဆိုရင် ကိုဗာဆစ် ဟာ နှစ်ဝါ၊ တစ်နီနဲ့ ကွင်းထဲကနေ ထုတ်ပယ်ခံရပြီပေါ့ဗျာ..။ ကျွန်တော်ကတော့ ပထမတစ်ကြိမ် အဝါကတ်ဒ်ပြတဲ့အပေါ် ထင်မြင်ချက်ပေးပါ.. ဆိုရင် ‘အဝါကတ်ဒ်နဲ့ အနီကတ်ဒ်ကြားထဲ (borderline)’ လို့ပဲ သုံးသပ်ပါတယ်..။
မိုက်ကယ် အိုဝင် - နောက်ဆုံးတစ်ခု မေးချင်တာက အဝါကတ်ဒ်တွေ၊ အနီကတ်ဒ်တွေ ဆုံးဖြတ်ဖို့ အနှေးပြကွက်တွေ အကြိမ်ကြိမ် ပြန်ပြီးကြည့်ရှုတာဟာ ပြစ်ဒဏ်ကို ပိုပြီးကြီးမားစေတယ်လို့ ယူဆမိပါလား..?
ဟောင်းဝဒ် ဝက်ဘ် - အနှေးပြကွက်တွေကို ကင်မရာရှုထောင့်မျိုးစုံကနေ အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုရတဲ့ ရည်ရွယ်ချက်ဟာ ဖျက်ထုတ်မှုတွေရဲ့ ထိချက်နေရာကို တိတိကျကျ (exact point of contact) သိနိုင်ဖို့ ဖြစ်ပါတယ်..။ ဒိုင်လူကြီးတွေကျတော့ ကွင်းထဲကပကတိ အရှိန်အတိုင်းပဲ မြင်မိကြမှာပါပဲ..။ ဒါ့ကြောင့်အနှေးပြကွက်တွေနဲ့ ဖျက်ထုတ်မှုအသေးစိတ်ကို ပြန်လည်ကြည့်ရှုနိုင်ဖို့ကလည်း VAR ဒိုင်အဖွဲ့အတွက် သိပ်ကိုအရေးကြီးပါတယ်..။ ဒါပေမယ့် ဂတ်စ်တို ကို မထုတ်ပယ်ခင်မှာ ဒိုင်လူကြီး ဂျာရတ်ဒ် ဂျီးလက် ဟာ မူရင်းပကတိ အရှိန်အတိုင်း ထပ်ပြခိုင်းတာကို ခင်ဗျားတို့သတိပြုမိပါလိမ့်မယ်..။ ကျွန်တော်တို့ ဒိုင်လူကြီးအဖွဲ့ကလည်း ကွင်းလယ်ဒိုင်တွေကို ဆုံးဖြတ်ချက်တစ်ခုခုမချမှတ်ခင် အနှေးပြကွက်ရော၊ မူရင်းအမြန်နှုန်းအတိုင်းရော နှစ်မျိုးစလုံး နှိုင်းယှဉ်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်ဖို့ မှာကြားထားခဲ့ပါတယ်..။