feature-image

‘နီကိုလပ်စ် ဂျက်ဆင်’ ပြောပြခဲ့တဲ့ အပြာရောင်ကဏ္ဍသစ် အစခရီး..

ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းပေးနိုင်တယ်.. ဆိုတာ သိပ်ကိုကြီးကျယ်၊ ခမ်းနားတဲ့ အရာတစ်ခု ဖြစ်ပါတယ်..။

တကယ်တော့ အပြာရောင်ခြင်္သေ့တွေကို ကိုယ်စားပြုခွင့်ရနေပြီ ဆိုတာကိုက ကျွန်တော့်အတွက် သိပ်ကိုကြီးကျယ်နေပါပြီ…။ ဆီနီဂေါမြေက လာခဲ့တဲ့သူတစ်ယောက်အနေနဲ့ အခုလိုအခိုက်အတန့်တွေ၊ အခုလိုအချိန်တွေဟာ သိပ်ကိုချိုမြိန်လှပါတယ်..။

ဒါဆိုရင် ကျွန်တော်တို့တွေ ဘောလုံးကစားနေကြတာ ဘာကြောင့်လဲ..? အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်ပါတယ်..။ ကစားသမားတိုင်း..၊ နည်းပြအဖွဲ့.. ဝန်ထမ်းတိုင်း.. အပြင် ခင်ဗျားတို့ကိုယ်တိုင်တောင်မှ အိပ်မက်တွေကိုယ်စီ ရှိကြတယ်..။ မဟုတ်ဘူးလား..? အထူးသဖြင့် ကျွန်တော်တို့လို အာဖရိကတိုက်မှာ မွေးဖွားခဲ့တဲ့ လူငယ်လေးတိုင်းအတွက် အခုလိုထိပ်တန်းအသင်းကြီး တစ်သင်းမှာ ပါဝင်ခွင့်ရဖို့ဆိုတဲ့အိပ်မက်ဟာ တွေးမိတဲ့အချိန်တိုင်း သွေးတွေကို ဆူပွက်စေခဲ့ပါတယ်..။



နောင်တော်ကြီးတွေရဲ့ ခြေရာကိုနင်းနိုင်ဖို့….

ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးအသင်းကို အားပေးခဲ့ပါတယ်..။ ဒမ်ဘာ ဘား၊ ဒီဒီယာ ဒရော့ဘာ..၊ အနယ်လ်ကာ… Wow..! သူတို့တွေ ပါဝင်ကစားခဲ့တဲ့အသင်းမှာ ပါဝင်ခွင့်ရဖို့ဆိုတာ ကျွန်တော့်အတွက် အကြီးကျယ်ဆုံး အိပ်မက်တစ်ခုပါပဲ..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တဲ့အချိန်မှာ လက်ခံရမှာလား..? ငြင်းပယ်ရမှာလား..?
‘Yes’ ဆိုတဲ့အဖြေဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲကနေ တိုက်ရိုက်ဖြေကြားခဲ့တာ ဖြစ်ပါတယ်..။ (၁၀၀ %) ရာခိုင်နှုန်း မဟုတ်ပါဘူး… ရာခိုင်နှုန်းတစ်သန်း သေချာပါတယ်..။

ကျွန်တော်ဟာ King Drogba ကို အတုယူ၊ အားကျခဲ့တာပါ..။ ဖြစ်နိုင်ရင် သူ့ထက်ပိုပြီး ကြီးကျယ်တဲ့ခြေလှမ်းတွေ လျှောက်လှမ်းချင်တာပေါ့ဗျ,..။ လောလောဆယ်မှာတော့ သူတို့သုံးယောက်လောက် ဖြစ်ထွန်းလာခဲ့ရင်ကို ကျွန်တော့်အတွက် သိပ်ကိုကောင်းမွန်ခဲ့တဲ့ အပြာရောင်ခရီးစဉ်လို့ ပြောလို့ရပါပြီ..။ ကျွန်တော်ဟာ လောဘကြီးပါတယ်..၊ သူတို့ထက်ပိုပြီး ကြီးကျယ်တဲ့အောင်မြင်မှုတွေ ရချင်ပါတယ်..။



ကျွန်တော် ‘ဖိအား’ ဆိုတာကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါဘူး..။ ဒါ့ကြောင့်အခုလက်ရှိကာလ ချယ်လ်ဆီးအသင်းကို ရောက်လာချိန်မှာလည်း ကိုယ့်ရဲ့လမ်းကြောင်းအတိုင်း ရှေ့ဆက်မယ်..၊ ကျွန်တော့်အပေါ် သံသယရှိခဲ့တဲ့သူတွေ မှားယွင်းကြောင်းကို သက်သေပြနိုင်အောင် ကြိုးစားပါမယ်..။

အဲဒါကြောင့် အသင်းအတွက် ပထမဆုံးသွင်းဂိုး..၊ အဖွင့်ဂိုး ဆိုတာ သိပ်ကိုချိုမြိန်၊ ကျေနပ်ဖို့ ကောင်းလှပါတယ်..။ အသင်းဖော်တွေနဲ့ အခုစတင်လက်တွဲခွင့်ရခဲ့တာ ဖြစ်ပေမယ့် ကျွန်တော်တို့ကြားက နားလည်မှုဟာ သူ့ဟာသူ အလိုအလျှောက် သဘာဝအတိုင်း ဖြစ်တည်နေသလိုပါပဲ..။ မီရှာ (မိုင်ဟေးလ်လို မူဒရပ်ခ်) နဲ့ဆိုရင် ကျွန်တော်တို့အချင်းချင်းကြားမှာ နားလည်မှုတွေ ပိုကောင်းဖို့၊ တစ်ယောက်ရဲ့ ရွှေ့လျားမှုကို တစ်ယောက်က ချက်ချင်းနားလည်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်..။

အထပ်ထပ်အခါခါ လေ့ကျင့်မှုတွေကနေ အကောင်းဆုံး၊ အပြီးပြည့်စုံဆုံး ရလဒ်တွေ.. အောင်မြင်မှုတွေ ထွက်ပေါ်လာမှာပါ..။ ကျွန်တော်တို့အားလုံး ကျားကုတ်ကျားခဲ အစွမ်းရှိသမျှ ကြိုးစား၊ လေ့ကျင့်မှရမယ်ဆိုတာ သိထားပါတယ်..။

အခုလက်ရှိ ဖီလာဒဲလ်ဖီးယားမြို့က လေ့ကျင့်ခန်းအစီအစဉ်တွေမှာမှ နေရာလွတ်တွေ (spaces) ဆီကို ဘယ်လိုနည်းနဲ့ ချိန်သားကိုက် ပြေးဝင်၊ နေရာယူရမယ်ဆိုတာ ပိုပြီးနားလည်လာပါတယ်..။ ကျွန်တော်ဟာ ပိုပြီးတိုးတက်လာတယ်လို့ ခံစားနေရပါတယ်..။ ဒါပေမယ့် အရာရာမှာ ပြီးပြည့်စုံတယ်.. ဆိုတာက ဘယ်မှာမှ မရှိနိုင်ပါဘူး..။ ဒါ့ကြောင့် အမြဲတမ်း ကြိုးစား.. လေ့ကျင့်ကြမယ်… ရပ်တန့်လိုက်လို့ မရပါဘူး..။



နည်းပြ (သို့မဟုတ်) The Boss..

မော်ရစ္စစီယို ပိုချက်တီနို အကြောင်း ကျွန်တော်နည်းနည်း ပြောပြပါမယ်..။

သူဟာထိပ်တန်း နည်းပြတစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် လူသားတစ်ယောက် အနေနဲ့ဆိုရင် ပိုပြီးရင့်ကျက်တယ်..၊ နားလည်မှုအပြည့် ပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ သူ့ရဲ့အကြောင်းကို ကြားသိ၊ လေ့လာခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ..။ ခင်ဗျားတို့သူ့ကို တွေ့လိုက်တာနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းတွေကို ညွှန်ပြနေတဲ့ ‘အရှိန်အဝါ (aura)’ ရှိနေတယ်ဆိုတာ သတိထားမိကြမှာပါ..။ သူဟာကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲမှာ ပါဝင်ပါတယ်..၊ ဒါ့ကြောင့်သူနဲ့အတူ လက်တွဲခွင့်ရခဲ့တဲ့အပေါ် သိပ်ကိုကျေနပ်၊ ဂုဏ်ယူမိပါတယ်…။

သူဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ခရီးကို ပခုံးထမ်းပြီး သယ်ဆောင်သွားပါမယ်..။

မော်ရစ္စစီယို နဲ့အတူ လက်တွဲခွင့်ရခဲ့တာ သိပ်ကိုကျေနပ်ဖို့ကောင်းတဲ့အကြောင်း ထပ်ပြီးပြောချင်ပါတယ်..။ သူဟာတကယ့်ကို အံ့ဩဖို့ကောင်းတဲ့သူ ဖြစ်ပါတယ်..။ သူ့ရဲ့လေ့ကျင့်ခန်းတွေမှာ ပြေးလွှား၇တာ အရမ်းများတယ်လို့ တစ်ချို့ကစားသမားတွေ ပြောကြပေမယ့် ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်..။ ပြဿနာမရှိပါဘူး..။ ဗီလာရီးရဲလ်အသင်းမှာ အူနိုင်း အမ်မ်ရီ လက်ထက်တုန်းကလည်း အခုအတိုင်းပါပဲ..။ တကယ့် ထိပ်တန်းအဆင့် နည်းပြကောင်းတွေ ဖြစ်ကြပါတယ်..။

ဒါ့ကြောင့်အခုအချိန်မှာတော့ ကျွန်တော်တို့တွေ ပြေးကြတယ်..၊ ပြီးရင်လေ့ကျင့်ကြတာပေါ့ဗျာ…။ လေ့ကျင့်ခန်းတွေ ပြီးသွားလို့ ဖီလာဒဲလ်ဖီးယား ရဲ့ ညနေခင်းတွေမှာတော့ ဖဲရိုက်ကြတာ..၊ မြှားပေါက်ကြတာ.. ဒါမှမဟုတ် အသင်းသားအချင်းချင်း စကြ၊ နောက်ကြရင်း အပန်းဖြေကြတာပေါ့..။ ကျွန်တော်တို့အချင်းချင်း လွယ်လွယ်ကူကူပဲ ရင်းနှီးသွားကြသလို အသင်းဖော်သစ်တွေအားလုံးကို ကျွန်တော်ချစ်ပါတယ်..။

အင်္ဂလန်မှာတော့ အခုအချိန်ထိ ဟိုတယ်မှာပဲ နေရပါသေးတယ်..။ ဒီတစ်ခါပြန်ရောက်ရင် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းနားမှာ အိမ်ဝယ်ရပါမယ်..။ ကျွန်တော့်ရဲ့မိသားစုဝင်တွေက ဆီနီဂေါမှာပဲ ရှိနေပါသေးတယ်..။ သူတို့တွေ အင်္ဂလန်ကို လိုက်လာကြမှာ အသေအချာပါပဲ..။ လန်ဒန်မြို့မှာ အလည်အပါတ် ထွက်ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပဲဗျို့..။ ဒီတစ်ခါကျရင် ဗီဇာပြန်ဝင်စရာလည်း မလိုအပ်တော့သလို ဈေးဝယ်ထွက်ဖို့၊ အစားအသောက် အသစ်တွေကို စမ်းသပ်ဖို့အတွက် အချိန်ပိုပြီး ပေးနိုင်ပြီပေါ့ဗျာ..။



အပြာရောင်ခရီးစဉ်အစပြုပါပြီ…

ကျွန်တော့်ရဲ့ချယ်လ်ဆီးအသင်းနဲ့ ခရီးစဉ်သစ်၊ ကဏ္ဍသစ်ဟာ အမေရိကန်မြေ..၊ ဖီလာဒဲလ်ဖီးယားမြို့မှာ သွင်းယူပေးခဲ့တဲ့ ပထမဆုံးဂိုးနဲ့ စတင်ပါမယ်..။ သိပ်ကိုကျေနပ်မိပါတယ်..။ လန်ဒန်ကိုပြန်ရောက်တဲ့အခါ အိမ်အသစ်မှာ အဲဒီသွင်းဂိုးအတွက် အမှတ်တရတွေ စီစဉ်ပါဉီးမယ်..။

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကို ပထမဆုံးအကြိမ် ရောက်တဲ့အချိန်မှာ သိပ်ကိုပြည့်စုံတဲ့ ‘ဘောလုံးကွင်းတစ်ကွင်းပဲ..’ လို့ စိတ်ထဲမှာ တွေးမိပါတယ်..။ ကြီးမားတဲ့ကွင်းတစ်ကွင်းဖြစ်ပြီး ပရိသတ်တွေနဲ့ အရမ်းနီးပါတယ်..။ ဗီလာရီးရဲလ် အသင်းရဲ့ကွင်းကလည်း အဲဒီပုံစံအတိုင်းပါပဲ..။ ဒါ့ကြောင့်ကျွန်တော်ဟာ ပရိသတ်တွေနဲ့ အနီးကပ် ယှဉ်ပြိုင်ရတာကို အသားကျနေပြီဖြစ်သလို အဲဒီလိုပရိသတ်တွေနဲ့ အရမ်းကိုနီးနီးကပ်ကပ် ယှဉ်ပြိုင်ရတဲ့အပေါ် နှစ်သက်မိပါတယ်..။



စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးထဲမှာ ချယ်လ်ဆီးအသင်းအတွက် ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်နေတဲ့အချိန် ကြီးမားလှတဲ့ ကွင်းကြီးထဲက ထိုင်ခုံလွတ်တွေကို ငေးကြည့်ရင်း လူအပြည့်နဲ့သာဆိုရင် ဘယ်လောက်မှာ ပျော်စရာ၊ ကျေနပ်စရာ ကောင်းလိမ့်မလဲ.. လို့ တွေးတောနေမိပါတယ်..။

ဒါ့ကြောင့်စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ပထမဆုံးသွင်းဂိုး ရမယ့်အချိန်ဆိုရင် ကျွန်တော်ဟာ အရမ်းပျော်ရွှင်လွန်းလို့ ဆွံ့အသွားပါလိမ့်မယ်..။ သိပ်ကိုပျော်ရွှင် ကျေနပ်နေမယ့် ကျွန်တော့်ရဲ့မျက်နှာ၊ အပြုံးတွေကို စောင့်ကြည့်ပေးကြပါဉီးလို့ တောင်းဆိုလိုက်ချင်ပါတယ်..။

အပြာရောင် ပရိသတ်တို့ရေ… ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ လိုက်လိုက်လှဲလှဲ ကြိုဆိုခဲ့တဲ့အတွက် အထူးကျေးဇူးတင်မိပါတယ်.။

ကျွန်တော်ဟာ အပြာရောင်တွေနဲ့အတူ တစ်သားတည်းကျနေပြီလို့ ခံစားနေရပါပြီ…

ဒါပေမယ့် အခုမှ ကျွန်တော့်ရဲ့ အပြာရောင်ခရီးစဉ်ဟာ ခြေလှမ်းအစပျိုးချိန်ပဲ ရှိပါသေးတယ်…