feature-image

‘အက်ဆယ်လ် ဒီဆာဆီ’ – သင့်တော်တဲ့ ခေါ်ယူမှုလား? မလိုအပ်ပဲ ခေါ်ယူခဲ့တာလား…?

ဗဟိုနောက်ခံလူနေရာက ပြင်သစ်နောက်ခံလူ ဝက်စ်လေ ဖိုဖားနား ဟာ ဒူးအရွတ်ကြော ဒဏ်ရာနဲ့ ကာလရှည်ကြာ အနားယူရတော့မှာ သေချာပြီးတဲ့နောက် ချယ်လ်ဆီးအသင်းဟာ မိုနာကိုအသင်းက ပြင်သစ်လက်ရွေးစင် နောက်ခံလူ အက်ဆယ်လ် ဒီဆာဆီ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၈.၅) သန်းနဲ့ လျှင်လျှင်မြန်မြန်ပဲ အစားထိုးခေါ်ယူခဲ့ပါတယ်..။

အသက် (၂၅) နှစ်အရွယ် နောက်ခံလူဟာ ပဲရစ်စ်မြို့ အခြေစိုက် Paris FC အသင်းကနေ ကစားသမားဘဝ စတင်ခဲ့ပါတယ်..။ အဲဒီအသင်းကတဆင့် Reims အသင်းကို ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ပြင်သစ်ဘောလုံးလောကရဲ့ နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ မိုနာကိုအသင်းကို ရောက်ရှိခဲ့ပါတယ်..။ သူဟာမိုနာကိုအသင်းအတွက် (၉၉) ပွဲကစားပေးခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ပြင်သစ်လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်..။

အခုဆိုရင် အက်ဆယ်လ် ဒီဆာဆီ ဟာ ဝက်စ်လေ ဖိုဖားနား ရဲ့ နေရာကို အစားထိုးဖို့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပါပြီ..။ စတန်းဖို့ဒ် ဘရစ်ချ်အသင်းဟာ ဘာကြောင့်သူ့ကို လျှင်လျှင်မြန်မြန်ပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာလဲ..?



ဘောလုံးပေးပို့မှုနဲ့ ဖျက်ထုတ်မှုတွေ ကောင်းမွန်တဲ့ ဒီဆာဆီ

အက်ဆယ်လ် ဒီဆာဆီ ဟာ အရပ်အမြင့် (၆) ပေ၊ (၄) လက်မရှိပြီး ခန္ဓာကိုယ် ဖွံ့စည်းပုံ ကြံ့ခိုင်၊ သန်စွမ်းပါတယ်..။ ဒါ့ကြောင့်ပြိုင်ဘက်ကစားသမားတွေကို ခွန်အားသုံးဖျက်ထုတ်ရာမှာရော၊ အမြင့်ဘောတွေ ဖျက်ထုတ်ရာမှာရော အသာစီးရရှိစေခဲ့သလို မိုနာကိုအသင်းမှာတုန်းက တွဲဖက်ကစားခဲ့တဲ့ ဘာဒီယာရှီလေး အတိုင်း လျှင်မြန်မှုနဲ့ ခွန်အားသုံး ကစားတာကို အသားပေးတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေနဲ့ အသားကျဖို့ လွယ်ကူစေပါလိမ့်မယ်..။

အချက်အလက်တွေအ‌ရဆိုရင် သူဟာပြင်သစ်လီဂူး (၁) ပြိုင်ပွဲတွေမှာ အမြင့်ဘောဖျက်ထုတ်မှု (aerial duels) တွေရဲ့ (၆၈.၅ %) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ပရီးမီးယားလိဂ်က နာမည်ကျော် ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ရူဘင် ဒီးယက်စ် (၆၀.၆ %) နဲ့ ဝီလီယံ ဆာလီဘာ (၅၅.၇ %) တို့ထက် သာလွန်ခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ ပြိုင်ဘက် တိုက်စစ်မှူးတွေကို တစ်ဉီးချင်း (1 vs 1 defending) ရင်ဆိုင်ဖျက်ထုတ်ရာမှာ ကောင်းမွန်ပြီး ကြီးမားတဲ့ ခန္ဓာကိုယ်ကို ပါးပါးနပ်နပ်နဲ့ အသုံးချတတ်တဲ့အတွက် သူ့ကိုတစ်ယောက်ချင်း ကျော်ဖြတ်နိုင်ဖို့ ခက်ခဲပါတယ်..။

ဒီဆာဆီ ဟာ ဘောလုံးဖျက်ထုတ်မှုတွေ (tackles) ပြုလုပ်ရာမှာ သေသေချာချာ တွက်ချက်ပြီးမှ ဖျက်ထုတ်တတ်လေ့ ရှိပါတယ်..။ ဒါပေမယ့် တခါတလေမှာ ရှေ့ကိုအတင်းဇွတ်တက်ပြီး ဖျက်ထုတ်နိုင်ဖို့ ကြိုးစားတတ်တာကြောင့် အသင်းအတွက် နစ်နာတတ်တာတွေ ရှိခဲ့ပါတယ်..။



ဒါပေမယ့် သူဟာနည်းစနစ်ပိုင်း ကောင်းမွန်ပြီး ဘောလုံးကိုဆွဲယူ၊ သယ်ယူတဲ့အပိုင်းမှာ (ball carrying) ထူးချွန်ပါတယ်..။ ကွင်းလယ်ကို ဘောလုံးနဲ့အတူ ဆွဲတက်လာလေ့ရှိပြီး သူ့ရဲ့အမြန်နှုန်းနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် သူ့ဆီကနေ လုယူနိုင်ဖို့ခက်ခဲပါတယ်..။ အချက်အလက်အရဆိုရင် တစ်ပွဲကိုပျမ်းမျှ (၁,၇) ကြိမ် ဘောလုံးကိုသယ်ယူ၊ ဆွဲတက်လာလေ့ရှိပြီး (progressive carries) သယ်ယူမှုအများစုဟာ တိုက်စစ်ဇုန်ထဲအထိ ရောက်ရှိခဲ့တာ တွေ့ရပါတယ်..။

ဒါ့အပြင်ဘောလုံးပေးပို့ရာမှာ ကောင်းမွန်တဲ့သူဖြစ်ပြီး သူ့ရဲ့ဘောလုံးစွမ်းရည်နဲ့ ပေးပို့မှု ကောင်းမွန်ခြင်းတွေကြောင့် အသင်းရဲ့ build up play တွေမှာ ပြိုင်ဘက်အသင်း ကစားသမားတွေအနေနဲ့ သူ့ဆီကို ဖိအားပေး (pressing) ကစားလို့ အကျိုးမရှိပါဘူး..။ အထူးသဖြင့် ဒီဆာဆီ ဟာ အဝေးဘောတွေ ပေးပို့ရာမှာ တိကျ၊ သပ်ရပ်သလို ထောင့်ဖြတ်အဝေး ပေးပို့မှုတွေ (diagonal balls) ပြုလုပ်ရာမှ ထူးချွန်သူ ဖြစ်ပါတယ်..။

အချက်အလက်တွေအရ သူဟာတစ်ပွဲကို ပျမ်းမျှ (၅.၈) ကြိမ် တိုက်စစ်ဇုန်ထဲသို့ ပေးပို့မှုတွေ (passes into the final third per 90) ပြုလုပ်နိုင်တာကို တွေ့ရပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်အတွက် ခံစစ်ကြောင်းကနေ တိုက်ရိုက်ဖန်တီးပေးမှုတွေ ပြုလုပ်နိုင်မယ့် အလားအလာတွေရှိနေပြီး ပြိုင်ဘက်ခံစစ်ကြောင်းရဲ့နောက်က နေရာလွတ်တွေ (spaces) ကို ထိုးဖောက်ရာမှာ ထူးချွန်တဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန် အတွက် ပံ့ပိုးပေးမှုတွေ ပြုလုပ်နိုင်ပါလိမ့်မယ်..။



ဒီဆာဆီ ရဲ့ အားနည်းချက်များ…

သူ့ရဲ့အဓိက အားနည်းချက်ကတော့ ကြီးမားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်ပဲ ဖြစ်နေပြန်ပါတယ်..။ သူဟာခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး နောက်ကပြန်လိုက်တဲ့အခါ (turning circle) နဲ့ ရုတ်တရက် အရှိန်တင်ပြေးပြီး လိုက်ရာမှာ (recovery pace) နှေးကွေးပါတယ်..။ ဒါ့အပြင်သူ့ရဲ့အမြန်ဆုံး ပြေးလွှားနိုင်တဲ့နှုန်း (top speed) ဟာ တစ်နာရီကို (၂၈.၃၀) ကီလိုမီတာနှုန်းပဲ ရှိတာကြောင့် လျှင်မြန်တဲ့ တိုက်စစ်မှူးတွေနဲ့ သူတင်ကိုယ်တင် ဖျက်ထုတ်တဲ့နေရာတွေမှာ အားနည်းချက်တွေ ရှိပါတယ်..။

ဒီဆာဆီ ဟာ ပြိုင်ဘက်ကစားသမားရဲ့ လှုပ်ရှားမှုကိုစောင့်ပြီးမှ ဖျက်ထုတ်ဖို့ ကြိုးစားတတ်တဲ့ နောက်ခံလူ (backfoot defender) ဖြစ်ပြီး ပွဲရဲ့အခြေအနေကို ဖတ်နိုင်စွမ်း ကောင်းမွန်ပါတယ်..။ ဒါပေမယ့် တခါတလေမှာ လောကြီးပြီး ရှေ့ကိုအတင်းလိုက် ဖျက်ထုတ်တတ်တာတွေ ရှိတတ်တာကြောင့် မော်ရစ္စစီယို ပိုချက်တီနို ရဲ့ နောက်ခံအစွန်လူ (full backs) တွေ တိုက်စစ်အလွန်အကျွံ လိုက်ပါပြီး ခံစစ်ကြောင်း ရှေ့ကိုတက် တိုက်စစ်ဆင်တတ်တဲ့ ကစားဟန်မှာ သူ့ရဲ့အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်..။

မိုနာကိုအသင်းမှာတုန်းက သူဟာတောင်ပံတွေကိုထွက်ပြီး ဖျက်ထုတ်ဖို့ ကြိုးစားတဲ့အချိန်မှာ မကြာခဏ ကျွံထွက်သွားတတ်သလို တန်ပြန်တိုက်စစ်လျှင်မြန်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူ့ရဲ့အမြန်နှုန်း နှေးကွေးမှုဟာ သတိပြုစရာ ဖြစ်ပါတယ်..။ ဒါ့အပြင်သူဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ ဖိအားပေး (pressing) ကစားတာကို ခံနိုင်ရည်ရှိတဲ့ ကစားသမားတစ်ယောက် ဆိုပေမယ့် အကျဉ်းထဲအကျပ်ထဲမှာ ဘောလုံးလက်ခံယူတဲ့ နေရာမှာ သိပ်ပြီးမကောင်းလှပါဘူး..။



ဒီဆာဆီ ရဲ့ ဘောလုံးပေးပို့မှုတွေကို သေသေချာချာ သုံးသပ်ကြည့်မယ်ဆိုရင် သူဟာအဝေးဘောတွေ ပေးပို့တဲ့နေရာမှာ အထူးကောင်းမွန်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အနီးဘောပေးပို့မှု အောင်မြင်တဲ့နှုန်း (short pass success rate) ဟာ (၈၇.၉ %) ရာခိုင်နှုန်းပဲ ရှိတာကြောင့် ထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်မယ့် ကစားသမား တစ်ယောက်အနေနဲ့ဆိုရင် ပျမ်းမျှရှိသင့်တာထက် နည်းတယ်လို့ ပြောနိုင်ပါတယ်..။

မော်ရစ္စစီယို အလိုရှိနေတဲ့ right center back အနေနဲ့ သင့်တော်မှု ရှိရဲ့လား..?

အက်ဆယ်လ် ဒီဆာဆီ ဟာ မိုနာကိုအသင်းရဲ့ ၄- ၂- ၃- ၁ ကစားကွက်မှာ ညာဘက်ဗဟိုနောက်ခံလူ (right center back) အဖြစ် အများဆုံး ကစားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူခဲ့ရတာကလည်း အဲဒီအချက်က အဓိကကျပါလိမ့်မယ်..။ အာဂျင်တီးနား နည်းပြကြီးဟာ ဂိုးပေါက်ကနေ ကစားကွက် ပြန်လည်စတည်ရာမှာ (build up play) 2 – 4 ပုံစံနဲ့ နောက်ခံအစွန်လူတွေကို (full backs) ကွင်းလယ်ဘေးစည်းအထိ တက်ပြီးနေရာယူစေပါတယ်..။ နောက်ပြီးကွင်းလယ် ကစားသမား နှစ်ယောက်ကို ခံစစ်ဇုန်မှာ အသင့်စောင့်နေစေတဲ့ အထိုင်ပုံစံကို အသုံးပြုမှာ ဖြစ်တာကြောင့် တစ်ဘက်အသင်းက ဖိအားပေးလာတဲ့အချိန်တွေမှာ တိကျတဲ့ အဝေးဘောတွေနဲ့ မိမိအသင်းရဲ့ တိုက်စစ်ကစားသမားတွေဆီကို ပေးပို့နိုင်စွမ်းရှိတဲ့ ဗဟိုနောက်ခံလူ အလိုရှိနေတာလည်း ဖြစ်ပါတယ်..။



သူဟာ လီဗိုင်း ကော်ဝီးလ်၊ ဘာဒီယာရှီလေး၊ သီယာဂို ဆေးလ်ဗား တို့နည်းတူ ဘောလုံးကိုင်ထားနိုင်ပြီး ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ နောက်ခံလူတစ်ဉီး ဖြစ်ပါတယ်..။ ဒါပေမယ့် လျှင်မြန်မှုအနေနဲ့ဆိုရင် ဒီဆာဆီ ဟာ ဒဏ်ရာရသွားတဲ့ ဖိုဖားနား ရဲ့ အမြန်နှုန်းကို မမှီပါဘူး.။ တော့တင်ဟမ် အသင်းမှာ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ အကောင်းဆုံးအချိန်တုန်းက အဓိကနောက်ခံလူ နှစ်ယောက်ဖြစ်တဲ့ တိုဘီ အယ်လ်ဒါဝီးရယ်ဒ် နဲ့ ယန်း ဗာတိုဂန် တို့ဟာလည်း အရမ်းကိုလျှင်မြန်လှတဲ့ နောက်ခံလူတွေ မဟုတ်ကြသလို ကြံ့ခိုင်မှုအားဖြင့်လည်း အကောင်းဆုံးတွေထဲမှာ မပါဝင်ပါဘူး..။

ဒါပေမယ့် ဘယ်လ်ဂျီယမ် နောက်ခံလူနှစ်ဉီးဟာ အမြင့်ဘော၊ အနိမ့်ဘော ဖျက်ထုတ်မှုတွေ ကောင်းမွန်ပြီး ဘောလုံးပေးပို့ရာမှာ ထူးချွန်သူတွေ ဖြစ်ကြပါတယ်…။ သူတို့တွေရဲ့ အမြန်နှုန်းအားနည်းချက်ကို ကိုင်လီ ဝေါ့ကား နဲ့ ဒမ်ဘယ်လေ တို့ရဲ့အမြန်နှုန်းနဲ့ ပြန်လည်ကာမိစေခဲ့ပါတယ်…။ ဒါ့ကြောင့်ဒီဆာဆီ မှာ အားနည်းချက်တစ်ချို့ ရှိနေပေမယ့် ရိစ် ဂျိမ်းစ် နဲ့ မာလို ဂတ်စ်တို တို့လို လျှင်မြန်တဲ့ နောက်ခံအစွန်လူတွေက ပြန်လည်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို အပြောင်းအရွှေ့ရာသီ စကတည်းက ခေါ်ယူဖို့ကြိုးစားနေတဲ့ မွိုက်စ် ကိုင်ဆီဒို ကိုသာ အားဖြည့်နိုင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်း ပရိသတ်အနေနဲ့ အသင်းရဲ့ ခံစစ်ကြောင်းအပေါ် ယုံကြည်စိတ်ချမှု အပြည့်အဝထားရှိနိုင်မှာ ဖြစ်ပါတယ်..။



ဒါ့ကြောင့်လက်ရှိအချိန်မှာ အက်ဆယ်လ် ဒီဆာဆီ ဟာ ဝက်စ်လေ ဖိုဖားနား ရဲ့ အကောင်းဆုံး ခြေစွမ်းကို မမှီသေးဘူး.. ဆိုပေမယ့် သူဟာကြံ့ခိုင်မှု ပိုမိုကောင်းမွန်တဲ့အပြင် အသင်းအတွက် ခေတ္တခဏတာ အစားထိုးခေါ်ယူမှု ဆိုတဲ့ အခန်းကဏ္ဍထက် ပိုမိုတဲ့ခြေစွမ်းမျိုးကို ပေးစွမ်းနိုင်ပါလိမ့်မယ်..။ ဒါ့အပြင်တွဲဖက်နောက်ခံလူ ဘင်နွိုက် ဘာဒီယာရှီလေး နဲ့ မိုနာကိုအသင်းမှာ ရရှိခဲ့တဲ့ နားလည်မှု၊ အတွဲအစပ်မျိုး ပြန်လည်ရရှိခဲ့မယ်ဆိုရင် အသင်းရဲ့အနာဂတ်အတွက် စိတ်ချရမယ့် နောက်တန်းခံစစ်ကြောင်းတစ်ခုကိုလည်း တည်ဆောက်နိုင်ဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်..။

သူဟာ သုံးယောက်တန်း ခံစစ်ကြောင်းအထိုင်မှာလည်း ကစားနိုင်တဲ့သူဖြစ်ပြီး three back ပုံစံဟာ သူ့ရဲ့အားနည်းချက်တွေကို ပိုပြီးအကာအကွယ် ပေးနိုင်မှာပဲ ဖြစ်ပါတယ်..။ အထူးသဖြင့် ခံစစ်ကိုပိတ်ပြီး ကစားရမယ့် အခြေအနေမျိုး ကြုံတွေ့လာခဲ့တဲ့အချိန်တွေမှာ အသင်းအတွက် လိုအပ်တဲ့ မာကျောမှုနဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုတွေကို ထပ်မံပံ့ပိုးပေးနိုင်မယ့် နောက်ခံလူ တစ်ယောက် ဖြစ်တဲ့အကြောင်း တင်ဆက်လိုက်ပါတယ်..။

(London First မှ ဆောင်းပါးရှင် Ethan Talks ၏ ‘Axel Disasi to Chelsea – a good fit or an unnecessary spend?’ ဆောင်းပါးကို ပြန်ဆို ရေးသားပါသည်..။)