feature-image

ဂိုးသမားသစ် ‘ရောဘတ် ဆန်းချက်ဇ်’ နဲ့ ‘ကက်ပါ အရီဇာဘာလာဂါ’ နှိုင်းယှဉ်ချက်..

ချယ်လ်ဆီးအသင်းဟာ အသက် (၂၅) နှစ်အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကို ဘရိုက်တန်အသင်းကနေ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၂၀) + အပိုဆုကြေး စတာလင်ပေါင် (၅) သန်းနဲ့ (၇) နှစ်နှစ်သက်တမ်း စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့ပါတယ်…။ သူဟာဆော်ဒီလိဂ်ပြိုင်ပွဲဝင် Al Ahli အသင်းကို ပြောင်းရွှေ့သွားတဲ့ ဆီနီဂေါဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ရဲ့ နေရာကို အစားထိုးပြီး ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို စိန်ခေါ်နိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်..။

၂၀၂၀ ခုနှစ်တုန်းက ဂိုးသမား အက်ဒ်ဒွပ် မန်ဒီကို ခေါ်ယူခဲ့စဉ်က ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုကို ပြောင်မြောက်တဲ့ ခေါ်ယူမှုတစ်ခုအဖြစ် တညီတညွတ်ထဲ ချီးကျူးခဲ့ကြပါတယ်..။ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၂၂) သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဆီနီဂေါဂိုးသမားဟာ စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ချက်ချင်းအထိုင်ကျခဲ့ပြီး လန်ဒန်အသင်းရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ် ဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ခရီးလမ်းမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။  

ဂိုးသမား မန်ဒီ ဟာ ချန်ပီယံလိဂ်သရဖူ ဆွတ်ခူးနိုင်ခဲ့တဲ့ ခရီးလမ်းတစ်လျှောက် ပွဲစဉ် (၁၂) ပွဲမှာ clean sheet (၉) ကြိမ် ရရှိခဲ့ပြီး အဲဒီအချိန်က လက်စွမ်းမမှန်ဖြစ်နေတဲ့ စပိန်ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ နဲ့ နေရာကို အရယူနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် မနှစ်က ဘောလုံးရာသီမှာတော့ လက်စွမ်းကျလာခဲ့ပြီး အမှားအယွင်းတွေ များခဲ့သလို ဆိုးရွားခဲ့တဲ့ လက်စွမ်းတွေကြောင့် ကက်ပါ ကို နံပါတ်တစ် ဂိုးသမားနေရာ ပြန်ဖယ်ပေးလိုက်ရပါတယ်..။

အခုဆိုရင်စပိန်ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ဟာ နိုင်ငံတူဂိုးသမား ကက်ပါ နဲ့အတူ အသင်းရဲ့ ပွဲထွက်ဂိုးသမား နေရာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်..။ သူဟာ ဘရိုက်တန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂိုးနည်းပြ ဘင် ရောဘတ် ရဲ့ တိုက်တွန်းမှုနဲ့အတူ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ရဲ့ လက်စွမ်းဟာ အပြာရောင်တွေရဲ့ နံပါတ်တစ် ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ နဲ့ ပွဲထွက်နေရာကို လုယူနိုင်စွမ်း ရှိ၊ မရှိကို သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါမယ်..



ဂိုးပေါက်ကာကွယ်နိုင်မှုစွမ်းရည်…

ကစားသမား အမည်
ပွဲအရေအတွက်
Save Percentage
Total Saves
ကက်ပါ အရီဇာဘာလာဂါ
၁၀၉
၆၇ %
၂၅၁
ရောဘတ် ဆန်းချက်ဇ်
၈၇
၇၀.၅ %
၂၁၄

အထက်ပါ အချက်အလက်များအရ ဂိုးသမား ကက်ပါ ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၀၉) ပွဲ ကစားခဲ့ပြီး စုစုပေါင်း ကာကွယ်မှု (total saves) (၂၅၁) ကြိမ် ပြုလုပ်ထားခဲ့သလို ဂိုးသမား ဆန်းချက်ဇ် ကတော့ ပွဲပေါင်း (၈၇) ပွဲမှာ ကာကွယ်မှုပေါင်း (၂၁၄) ကြိမ်ဆိုတော့ မတိမ်းမယိမ်းလို့ ဆိုရမှာပါပဲ..။ ဒါပေမယ့် ဂိုးသမား ဆန်းချက်ဇ် ရဲ့ ကန်ချက်များကို ကာကွယ်နှုန်း (save percentage) ဟာ (၇၀.၅ %) ရာခိုင်နှုန်းရှိပြီး ဂိုးပေါက်ကာကွယ်နိုင်မှု ပိုပြီးကောင်းမွန်တယ်လို့ ထင်မြင်ရပါတယ်..။

ဂိုးသမား ကက်ပါ ဟာ ကာကွယ်နိုင်သင့်တဲ့ ကန်ချက်အတော်များများကို ဂိုးပေးရတာ များခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပေမယ့် မနှစ်ကရာသီမှာ သူ့ရဲ့လက်စွမ်းဟာ တိုးတက်လာခဲ့ပါတယ်..။ ဒါ့အပြင် အက်စ်တွန် ဗီလာအသင်းနဲ့ပွဲမှာ ဂျက်ကော့ဘ် ရမ်ဆေး ရဲ့ ကန်သွင်းချက်ကို သူ့ရဲ့ကာကွယ်မှုဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ‘အကောင်းဆုံး ကာကွယ်မှု’ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်…။

ဒါ့အပြင် ဂိုးသမားကက်ပါ ဟာ ပေးဂိုးမရှိခဲ့တဲ့ (clean sheets) ပွဲအရေအတွက် ပိုမိုများပြားခဲ့ပြီး ပင်နယ်တီကန်ချက်များကို ကာကွယ်နိုင်မှုနှုန်း (shoot out percentage) မှာလည်း ဆန်းချက်ဇ် ထက် သာလွန်ပါတယ်..။ ကက်ပါ ဟာ ချယ်လ်ဆီးအသင်းမှာ ကစားရတာကြောင့် clean sheet ပွဲအရေအတွက် ပိုများရတာ ဖြစ်ပါတယ်.. လို့ စောဒက တက်နိုင်ပေမယ့် မနှစ်ကဘောလုံးရာသီ စွမ်းဆောင်ရည်အရဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ဟာ ဘရိုက်တန်အသင်းထက် ဆိုးရွားခဲ့ပါတယ်..။

ဒါပေမယ့် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက ဂိုးသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာကြည့်မယ်ဆိုရင် လီဗာပူးလ် ဂိုးသမား အယ်လစ်ဆန် ရဲ့  ကန်ချက်များကို ကာကွယ်နှုန်း (save percentage) ဟာ (၇၄.၅ %) ရာခိုင်နှုန်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက ထွက်ခွာသွားခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒီဟေးယား ရဲ့ ကန်ချက်များကို ကာကွယ်နှုန်း (save percentage) ဟာ (၇၃.၃ %) ရာခိုင်နှုန်း အသီးသီး ရှိကြတာကို တွေ့ရမှာပါ..။



ဘောလုံးပေးပို့မှုစွမ်းရည်..

ကစားသမား အမည်ပွဲအရေအတွက်Passes per 90 min
Pass accuracy
ကက်ပါ အရီဇာဘာလာဂါ
၂၉
၃၀.၉
၈၀.၇ %
ရောဘတ် ဆန်းချက်ဇ်
၂၃
၂၉.၃
၇၄.၇ %

စပိန်ဂိုးသမား နှစ်ယောက်ရဲ့ မနှစ်ကဘောလုံးရာသီက ဘောလုံးပေးပို့ရာမှာ ကောင်းမွန်မှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကက်ပါ က ပိုပြီးသာပါလိမ့်မယ်..။ ဂိုးသမား ဆန်းချက်ဇ် မှာ ဘရိုက်တန်အသင်းရဲ့  ဂိုးပေါက်မှစတင်ပြီး ကစားကွက် တည်ဆောက်မှု (play from the back) ကို ပိုပြီးကောင်းမွန်စေဖို့အတွက် ရောက်ရှိလာတာ ဖြစ်ပေမယ့် မနှစ်ကဘောလုံးရာသီမှာတော့ သူဟာရုန်းကန်ခဲ့ရပါတယ်..။ ဒါ့အပြင်နည်းပြ ရော်ဘတ်တို ဒီ ဇာဘီ ဟာ နောက်ပိုင်းမှာ သူ့ကိုချန်ထားခဲ့ပြီး ဘောလုံးပေးပို့ရာမှာ ပိုကောင်းတဲ့ အသက် (၃၂) နှစ်အရွယ် အီတလီဂိုးသမား ဂျေဆန် စတီးလ် ကို အားကိုးခဲ့ပါတယ်..။

ဒါ့ကြောင့်မော်ရစ္စစီယို ပိုချက်တီနို ဟာ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ အခင်းအကျင်းကို ဉီးစားပေးမယ်ဆိုရင် ဂိုးသမား ကက်ပါ ကပဲ ပွဲထွက်ခွင့်ရဖို့ များပါတယ်..။ ဘယ်သူပဲ ပွဲထွက်ခွင့်ရခဲ့သည် ဖြစ်ပါစေ.. ပိုချက်တီနို ရဲ့ အသင်းက ဂိုးသမားဟာ ဘောလုံးပေးပို့မှု ကောင်းမွန်ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေရဲ့ ဖိအားပေး ကစားမှု (pressing) တွေကို ခံနိုင်ရည်ရှိရပါမယ်..။ ဒါ့အပြင်အသင်းရဲ့ တိုက်စစ်ကိုပါ စတင်နိုင်တဲ့ ပေးပို့မှုတွေကို ပြုလုပ်နိုင်စွမ်း ရှိရပါမယ်..။



ပင်နယ်တီ ဧရိယာကို ကာကွယ်ခြင်းနဲ့ ကျွံထွက်လာတဲ့ ဘောလုံးများကို ရှင်းထုတ်ခြင်း (sweeping up)..

ကစားသမား အမည်
ပွဲအရေအတွက်
Sweeper Clearances
Catches
ကက်ပါ အရီဇာဘာလာဂါ
၁၀၉
၄၅
၁၃
ရောဘတ် ဆန်းချက်ဇ်
၈၇
၁၈
၁၄

လက်ရှိဘောလုံးလောကတွင် ဂိုးသမား အပါအဝင် ခံစစ်ကစားသမားတွေဟာ ခံစစ်ကြောင်းကို ကွင်းလယ်အထိ တက်ပြီးကစားတဲ့ high defense line ကို ကစားတတ်ဖို့ အရေးကြီးလာပါတယ်.။ အဲဒီလို high defense line နဲ့အတူ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာပဲ ဘောလုံးကိုပြန်ပြီး အရယူဖို့ကြိုးစားတဲ့ aggressive pressing ကိုပါ တွဲဖက်အသုံးပြုကြပါတယ်..။

အဲဒီအခင်းအကျင်းမှာ ခံစစ်ကြောင်းရဲ့နောက်မှာ နေရာလွတ်အကြီးကြီး ဖြစ်နေတဲ့အတွက် ဂိုးသမားတွေဟာ ဘောလုံးလမ်းကြောင်းနဲ့ ကစားကွက် ကြိုတင်မှန်းဆမှု ကောင်းမွန်ပြီး Sweeper တစ်ယောက်အလား ကျွံထွက်လာတဲ့ ဘောလုံးတွေကို အန္တရာယ်မဖြစ်ခင် ကြိုတင်ရှင်းထုတ်နိုင်စွမ်းရှိဖို့ လိုအပ်လာခဲ့ပါတယ်.။ အထက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ကက်ပါ ဟာ ဆန်းချက်ဇ်ထက် ဘောလုံးရှင်းထုတ်မှု (sweeping clearances) (၂၇) ကြိမ် ပိုမိုပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါလိမ့်မယ်..။ ဒါ့ကြောင့် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ high defense line ခံစစ်ကြောင်းကို အသုံးပြုမယ်ဆိုရင် ဂိုးသမား ကက်ပါ ဟာ ခံစစ်ကြောင်းရဲ့ နောက်ဆုံးလူအဖြစ် ရှင်းထုတ်မှုတွေ ပြုလုပ်ပေးဖို့ ပိုပြီးသက်တောင့်သက်သာ ရှိပါလိမ့်မယ်..။

ဒါပေမယ့် ဆန်းချက်ဇ် ဟာ အရပ်အမောင်း မြင့်မားပြီး မိမိအသင်းရဲ့ ပင်နယ်တီဧရိယာကို ကာကွယ်တဲ့နေရာမှာ ပိုမိုကောင်းမွန်ပါတယ်.။ ဒါ့အပြင်ဂိုးဧရိယာထဲကို ကျလာတဲ့ ဖြတ်တင်ဘောတွေကို ဆွဲဖမ်းရာမှာလည်း ကက်ပါ ထက်ပိုပြီး သပ်ရပ်ပါတယ်..။



အကဲဖြတ်ချက်..

သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေအားလုံးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းအကွာကြီး မဟုတ်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့် ဂိုးသမားတွေရဲ့ စွမ်းဆောင်ရည်ကို မမှီပါဘူး..။ ဒါပေမယ့် ဘောလုံးထိန်းသိမ်းရာမှာ ပိုပြီးကောင်းမွန်သလို အနီး၊ အဝေးပေးပို့မှုတွေသပ်ရပ်တဲ့ ဂိုးသမား ကက်ပါ ဟာ ပိုချက်တီနို ရဲ့ တိုက်စစ်အသားပေး ကစားကွက်နဲ့ ပိုပြီးကိုက်ညီမယ့်ပုံ ရှိပါတယ်…။ ဒါ့အပြင် မနှစ်ကဘောလုံးရာသီမှာ ပြသခဲ့တဲ့ သူ့ရဲ့လက်စွမ်းကြောင့် လက်ရှိအချိန်မှာ ဂိုးသမား ကက်ပါ ဟာ အသင်းရဲ့ ပွဲထွက်ဂိုးသမားနေရာနဲ့ အထိုက်တန်ဆုံးပါပဲ..။

အသက်အရွယ်နဲ့ ပြိုင်ပွဲအတွေ့အကြုံတွေကို ကြည့်မယ်ဆိုရင် ဂိုးသမား ရောဘတ် ဆန်ချက်ဇ် ဟာ အသက် (၂၅) နှစ်ပဲ ရှိသေးပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွေ့အကြုံ အလုံအလောက်ရှိပြီး ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူဟာ ချယ်လ်ဆီးအသင်းမှာ အသားကျအောင် အချိန်ယူခဲ့ပြီးရင် မကြာတော့မယ့် ကာလတစ်ခုမှာ ဂိုးသမား ကက်ပါ ရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို စိန်ခေါ်နိုင်စွမ်း ရှိလာပါလိမ့်မယ်..။  

(90 min မှ ဆောင်းပါးရှင် Ewan Ross-Murray ၏ ‘How Chelsea’s new goalkeeper Robert Sanchez compares to Kepa Arrizabalaga’ ဆောင်းပါးကို ပြန်ဆို ရေးသားပါသည်..။)