feature-image

ချယ်လ်ဆီးအသင်းမှ အဌားချ ကစားသမားများ၏ ခြေစွမ်းများ…

ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီကုန်ချိန်တွင် ဂါလာတာစာရေး အသင်းသို့ အပြီးသတ်ပြောင်းရွှေ့မည့် ဟာကင် ဇိုင်းယက်ခ်ျ၊ နယူးကာဆယ် ယူနိုက်တက်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့မည့် လူးဝစ်စ် ဟောလ် တို့ အပါအဝင် ကစားသမား (၂၀) ဉီး အဌားချထားပါသည်..။ နိုင်ငံတကာ ပွဲစဉ်များကြောင့် ကလပ်အသင်းပွဲစဉ်များ အနားရချိန်တွင် အဌားထွက်ခွာနေသည့် ကစားသမားများ၏ အနေအထားများကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။

အမေရိကန် ဂိုးသမား ဂါဘရီယယ်လ် ဆလိုနီးနား မှာ ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲဝင် KAS Eupen အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သည့်ပွဲစဉ်တွင် Club Brugge အသင်းအား ၅ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်..။ သို့သော်အဆိုပါပွဲအပြီး (၃) ပွဲကစားခဲ့ရာတွင် (၃) ဂိုးခွင့်ပြုခဲ့ရသည်..။ လက်ရှိအချိန်တွင် KAS Eupen အသင်းမှာ အမှတ်ပေးဇယားထိပ်မှ ဂျန့်အသင်းထက် သုံးမှတ်လျော့၊ အဆင့် (၇) နေရာသို့ ရောက်ရှိနေပါသည်..။

ချာလီ ဝက်ဘ်စတာ မှာ ဟီရန်ဗင်း အသင်းက Go Ahead Eagles အသင်းကို ၃ဂိုး- ၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ခဲ့ရပြီး ဟီရန်ဗင်းအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။ သို့သော်ပွဲချိန်နောက်ပိုင်းတွင် ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ခြင်းကြောင့် ထုတ်ပယ်ခံခဲ့ရသည်..။



အီတလီလူငယ် ကစားသမား ဆီဇာရီ ကာဆာဒီ မှာ လက်စ်တာ အသင်းက ကာဒစ်ဖ် စီးတီးအသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပွဲဉီးထွက်ခွင့် ရရှိခဲ့ပြီး နာကျင်အချိန်ပိုတွင် ရရှိခဲ့သော အနိုင်ဂိုးအား သွင်းယူပေးနိုင်ခဲ့သည်..။ အဆိုပါပွဲစဉ်နောက်ပိုင်း ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံရှစ်ပွဲစဉ် နှစ်ပွဲတွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်..။ ထို့အပြင်လက်စ်တာ အသင်းက ထရန်မီးယားအသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် ပွဲချိန်ပြည့် ပါဝင်ခဲ့ရပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။

အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား မှာ ယူနီယံ ဘာလင်အသင်းနှင့် (၄) ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး သွင်းဂိုးရရှိခြင်း မရှိသေးပေ..။ ဘရာဇီးလ် တောင်ပံကစားသမား အန်ဂျယ်လို ဂါဘရီယယ်လ် စထရာ့ဘာ့ဂ်အသင်းအတွက် လူစားဝင် ကစားသမားအဖြစ် သုံးကြိမ် ပါဝင်ခွင့်ရခဲ့သည်..။



ဘရာဇီးလ် ကွင်းလယ် ကစားသမား အန်ဒရေ ဆန်းတို့စ် မှာ နော့တင်ဟမ် ဖောရက်စ် အသင်းက ဘန်လေအသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် Carabao ဖလားပွဲစဉ်တွင် ပွဲချိန်မိနစ် (၉၀) အထိ ပါဝင်ခွင့်ရခဲ့သော်လည်း ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ပါဝင်ခွင့်မရခဲ့သေးပေ..။ တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ ရိုးမားအသင်းက အေစီ မီလန်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် လူစားဝင် ကစားသမားအဖြစ် စတင်ပွဲထွက်ခွင့် ရရှိခဲ့သည်..။ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ မှာ ရီးရဲလ် မက်ဒရစ်အသင်း၏ နောက်ဆုံးပွဲစဉ် နှစ်ပွဲစလုံးတွင် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ဆယ်လ်တာ ဗီဂိုအသင်းနှင့်ပွဲတွင် ပေးဂိုးမရှိ (clean sheet) ရရှိခဲ့သလို နှစ်ပွဲစလုံး အနိုင်ရရှိခဲ့သည်…။

တောင်ပံကစားသမား အွမ်မ်ရီ ဟတ်ချင်ဆန် မှာ အစ်ပ်ဝစ်ချ် တောင်းအသင်း၏ ဖလားပွဲစဉ်များတွင် ပွဲထွက်ကစားသမားအဖြစ် (၂) ပွဲ ပါဝင်ကစားခဲ့ရပြီး နှစ်ပွဲစလုံး အနိုင်ရရှိခဲ့သော်လည်း ချန်ပီယံရှစ်ပြိုင်ပွဲများတွင် လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရသည်..။ သို့သော်ကာဒစ်ဖ် စီးတီးအသင်းအား ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အစ်ပ်ဝစ်ခ်ျအသင်း၏ တတိယအနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။

တောင်ပံကစားသမား ဟာဗီ ဗေးလ် မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ဘရစ္စတို ရိုဗားစ်အသင်းအတွက် လူစားဝင် ကစားသမားအဖြစ် လေးပွဲ ပါဝင်ကစားခဲ့ရပြီး Wycombe အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ဘရစ္စတိုအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။ ဘရစ္စတို ရိုဗားစ် အသင်းမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် လိဂ်ဝမ်းပြိုင်ပွဲ (၆) ပွဲတွင် (၁) ပွဲသာ အနိုင်ရရှိထားခဲ့သည်..။ သို့သော် ဟာဗီ ဗေးလ် မှာ ချာလ်တန်ဟမ် အသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် EFL Trophy ဖလားပြိုင်ပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရရှိခဲ့သည်..။



ညာနောက်ခံလူ ဒီယွန် ရန်ကိုင်း မှာ လိဂ်ဝမ်းပြိုင်ပွဲ အမှတ်ပေးဇယား ထိပ်ဆုံးမှ Exeter City အသင်း၏ ရာသီအစ ပွဲစဉ် (၈) ပွဲတွင် (၇) ပွဲအထိ ပါဝင်ခွင့်ရခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ဘာတန် အယ်လ်ဘီယွန်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပေါင်တွင်းကြော ဒဏ်ရာရရှိခဲ့သည်…။ ထို့ကြောင့်အသက် (၂၀) နှစ်အရွယ် နောက်ခံလူမှာ ချယ်လ်ဆီးအသင်းသို့ ဆေးကုသမှုခံယူရန် ပြန်လည်ရောက်ရှိနေပြီး အနည်းဆုံး ရက်သတ္တပါတ် (၆) ပါတ်ခန့် အနားယူရဖွယ် ရှိနေပါသည်..။

အပြောင်းအရွှေ့ရာသီ ပြီးဆုံးခါနီးမှ အဌားထွက်ခွာခဲ့သည့် လူငယ်နောက်ခံလူ ဇက်ခ် စတာ့ဂျ် မှာ ပီတာဘရော့ချ် အသင်းအတွက် (၁၂) မိနစ်သာ ကစားခဲ့ရသေးပြီး မေဆန် ဘတ်စ်တိုး (ဆန်းဒါးလန်း)၊ ဘာရှား ဟမ်းဖရေး (ဆွမ်ဆီး စီးတီး)၊ တီနို အန်ဂျိုရင် (ပို့စ်မောက်)၊ ဒီယေဂို မိုရဲရား (လိုင်ယွန်) တို့မှာ အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်တွင်မှ အဌားချအသင်းများသို့ ရောက်ရှိသွားခြင်းဖြစ်သည်..။ ထို့ကြောင့်အဆိုပါ ကစားသမားများမှာ ယခုနိုင်ငံတကာ ပွဲစဉ်များအပြီး ပြိုင်ပွဲများ ပြန်လည်စတင်ချိန်မှ ပါဝင်ရနိုင်ဖွယ် ရှိနေပါသည်…။