feature-image

အဝတ်လဲခန်းထဲမှာ ကင်မရာများ ထားရှိခြင်းကို မနှစ်မြို့တဲ့ ‘မော်ရစ္စစီယို ပိုချက်တီနို’

ချယ်လ်ဆီးအသင်းပိုင်ရှင်များဖြစ်သည့် တော့ဒ် ဘိုလေး နှင့် ဘာဒက် အက်ဂ်ဘာလေ တို့မှာ ကစားသမားများ၏ အဝတ်လဲခန်းထဲသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသူများဖြစ်သည်..။ အသင်းပိုင်ရှင်များ၏ အဆိုပါအလေ့အထအပေါ် မီဒီယာများက အသင်း၏နည်းပြနှင့် ကစားသမားများ၏ ထင်မြင်ချက်ကို မကြာခဏ မေးမြန်းလေ့ရှိရာ မန်နေဂျာ မော်ရစ္စစီယို ပိုချက်တီနို က သူ့တို့အတွက် အခက်အခဲမရှိခဲ့ကြောင်း ဖြေကြားခဲ့သည်..။

ကင်မရာများ၊ မီဒီယာများအား အဝတ်လဲခန်းထဲအထိ ဝင်ခွင့်ပြုလေ့ရှိသော အမေရိကန် အားကစားပြိုင်ပွဲများမှ အလေ့အထများ ရောက်ရှိလာမည့် အခြေအနေအပေါ် သူနှင့်ကစားသမားများက အလိုမရှိကြောင်း ပြောကြားခဲ့သည်..။

လာမည့်တနင်္ဂနွေနေ့၊ ဝင်ဘလေကွင်းတွင် အမေရိကန် ဘောလုံးအသင်းများဖြစ်သာ Jacksonville Jaguars နှင့် Atlanta Falcons အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်တွင် သတင်းများ၊ မီဒီယာများမှာ အဝတ်လဲခန်းထဲသို့ ဝင်ရောက်ပြီး ကစားသမားများ၊ နည်းပြများကို တွေ့ဆုံ၊ မေးမြန်းမှုများ ပြုလုပ်ခွင့်ရမည်ဖြစ်သည်..။ ထို့ကြောင့် ပြောင်းလဲလာသော မီဒီယာရေစီးကြောင်းအရ မကြာမီကာလတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင်လည်း အဆိုပါအလေ့အထများကို လက်ခံကျင့်သုံးလာရမည့် အလားအလာများ ရှိလာခဲ့သည်..။

ထို့အပြင်ပရီးမီးယားလိဂ် အသင်းများမှာ နောက်တစ်ပါတ် ကြာသာပတေးနေ့တွင် အနာဂတ် ရုပ်/သံထုတ်လွှင့်ခွင့်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို ပြုလုပ်ရန်ရှိနေရာ အဝတ်လဲခန်းထဲသို့ မီဒီယာများ၊ ကင်မရာများအား ဝင်ရောက်ခွင့်၊ ရိုက်ကူးခွင့်၊ မေးမြန်းခွင့်များ ခွင့်ပြုရမည့် အလားအလာအပေါ် ဆွေးနွေးမှုများမှာလည်း ပါဝင်လာဖွယ် ရှိနေပါသည်..။



မော်ရစ္စစီယို ပိုချက်တီနို မှာ တော့တင်ဟမ်အသင်းနည်းပြဘဝက Amazon Prime အမေရိကန် ရုပ်/သံကုမ္ပဏီမှ တင်ဆက်ခဲ့သော နာမည်ကျော် ‘All or Nothing’ ရုပ်/သံစီးရီးတွင် ပါဝင်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိခဲ့သော်လည်း အနာဂတ်အတွင် အဆိုပါ documentary series များ တွင်ကျယ်လာမည့် အလားအလာအပေါ် လိုလားခြင်းမရှိကြောင်း ဖြေကြားခဲ့ပါသည်..။

“ကျွန်တော်တို့ အာဂျင်တီးနားနိုင်ငံမှာ ကစားနေတဲ့အချိန်တုန်းက ပွဲပြီးတဲ့အချိန်တွေဆိုရင် သတင်းထောက်တွေဟာ အဝတ်လဲခန်းထဲ ဝင်ရောက်ပြီး ကစားသမားတွေနဲ့ တွေ့ဆုံ၊ မေးမြန်းလေ့ရှိပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ အရာရာဟာ ခြားနားသွားပါပြီ..။ ကစားသမားတွေဘက်က ဘယ်လိုအမြင်ရှိမလဲ.. မပြောတတ်ပါဘူး..။ အခုလက်ရှိမှာတော့ နည်းပြတွေ၊ ကစားသမားတွေ ပိုပြီးအကာအကွယ် ပေးထားသလို ပိုပြီးသီးသီးသန့်သန့် ရှိနေပါတယ်..။ ဒါ့အပြင် မီဒီယာတွေဟာ ကစားသမားတွေအပေါ် လေးစားမှုအပြည့် ရှိကြပြီး ဘောလုံးနဲ့ ပတ်သက်တာတွေကိုပဲ ဆွေးနွေးကြပါတယ်..။

ဒါ့ကြောင့်လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ဖို့ ခက်ခဲသွားပါတယ်…။ နောက်ပြီး မှတ်တမ်းတင် ရုပ်ရှင်တွေ (documentaries) ဆိုတာ အမြဲတမ်း သဘာဝအတိုင်း ရိုက်မပြနိုင်ပါဘူး..။ ပြင်ဆင်ရတာတွေ ရှိပါတယ်..။ အဆူခံ၊ အငေါက်ခံနေရတဲ့ အခြေအနေမျိုးကို ဘယ်သူကမှ တကမ္ဘာလုံးကို အသိခံချင်ကြမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်ဒီလိုအရာတွေဟာ အန္တရာယ်ရှိပါတယ်..။

ကစားသမားတွေ၊ နည်းပြတွေရဲ့ မြက်ခင်းစိမ်းပေါ်က လှုပ်ရှားမှုတိုင်းကို ကင်မရာတွေနဲ့ မှတ်တမ်းတင်ကြပါတယ်..။ ကွင်းထဲမှာ ကျွန်တော်တို့ဟာ ဘာမှဖုန်းကွယ်ထားစရာ မရှိပါဘူး..။ ဒါပေမယ့် အခုခေတ်က လူတိုင်းဆီမှာ ဖုန်းတွေ၊ ကင်မရာတွေ ရှိနေကြပါတယ်..။ ဒါ့ကြောင့်ကွင်းပြင်ပမှာ  သီးသန့်ဖြစ်နေသင့်တဲ့အရာတွေ လူသိရှင်ကြား ဖြစ်သွားနိုင်မယ့် အခွင့်အလမ်းတွေ ပိုများလာပါတာ မှန်ပါတယ်..။ ဒါပေမယ့် သီးသန့်ဖြစ်သင့်တဲ့အရာတွေ သီးသန့်ဖြစ်နေတာ ပိုပြီးကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်..။

ကျွန်တော်ဟာ အဝတ်လဲခန်းကို ဟင်းလင်းဖွင့်ထားတဲ့ မျိုးဆက်တစ်ခုက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်တို့အချင်းချင်း အပြန်အလှန် တန်ဖိုးထား၊ လေးစားခဲ့ကြပြီး ဂျာနယ်လစ်တွေဟာ သူတို့သိထားတဲ့ အရာတိုင်းကို ဖွင့်မချခဲ့ကြပါဘူး..။ ဒီနေ့မှာတော့ ‘ငါ့မှာသတင်းတစ်ခုရပြီ.. ဆိုတာနဲ့ သူများတွေထက်ဉီးအောင် မီဒီယာတွေပေါ် တင်ပေးလိုက်မယ်..’ ဆိုတာပဲ ပိုများနေပါတယ်..။ ဒါ့ကြောင့်အရင်တုန်းကလို တံခါးတွေအကုန်ဖွင့်ထားပေးဖို့ ခက်ခဲပါလိမ့်မယ်..။”


ချယ်လ်ဆီးအသင်းမှာ လာမည့်တနင်္လာနေ့တွင် ဖူးလ်ဟမ်းအသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရပါမည်..။ အပြာရောင်ခြင်္သေ့များမှာ မော်ရစ္စစီယို ပိုချက်တီနို နည်းပြအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် တစ်ပွဲသာ အနိုင်ရရှိထားသေးသည်..။ အာဂျင်တီးနား နည်းပြကြီးမှာ အရှုံးပွဲများနှင့် ရင်ဆိုင်ရချိန်တွင် ငယ်စဉ်တုန်းကထက် မိမိကိုယ်ကို ပိုမိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သလို ရလဒ်ဆိုးနှင့် ကြုံတွေ့ပြီး အိမ်သို့ပြန်ချိန် သူ၏တုံ့ပြန်မှုများအကြောင်း မေးမြန်းချက်ကို ရယ်ရယ်မောမောနှင့် ယခုလိုဖြေကြားခဲ့ပါသည်..။

“ကျွန်တော့်ကို အဲဒီမေးခွန်းမေးမယ့်အစား ကျွန်တော့်ရဲ့အမျိုးသမီးကို သွားပြီးမေးရလိမ့်မယ်.. ဟားဟား..။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်ရောက်သွားရင် ကျွန်တော်က သူ့ကိုပြန်ပြီး နှစ်သိမ့်နေရတာ များပါတယ်..။ ကျွန်တော်က ပိုပြီးရင့်ကျက်လာပါပြီ..။ အရင်ကထက် ကိုယ့်ကိုယ်ကို ပိုပြီးထိန်းချုပ်နိုင်လာပါပြီ..။ ကျွန်တော့်ရဲ့ တိုးတက်လာတဲ့ အကျင့်စရိုက်တွေအပေါ် ကျွန်တော့်ရဲ့ ဇနီးသည်ကလည်း ကျေနပ်ပါလိမ့်မယ်..။

အခုဆိုရင် လွန်ခဲ့တဲ့ (၁၀) နှစ်ကထက်စာရင် အလုပ်နဲ့ကိုယ်ပိုင်ဘဝကို မျှမျှတတဖြစ်အောင် (balance) စီမံနိုင်ခဲ့ပါတယ်..။ အခုအချိန်မှာ အနိုင်ရခဲ့ရင်တော့ အရမ်းကြီးပျော်ရွှင်မနေတော့ပါဘူး..။ ပိုပြီးထိန်းချုပ်နိုင်ခဲ့ပါပြီ..။ အရာရာမှာ အဆိုးတွေကြုံနေရင်လည်း အသင်းသားတွေနဲ့ အနာဂတ်အတွက် အမှန်ကန်ဆုံးအဖြေကို ရှာဖွေနိုင်ဖို့ ကျွန်တော်တို့တွေဟာ ပိုပြီးတည်ငြိမ်လာခဲ့ပါပြီ..။”