feature-image

ဗီနီးစီးယက်စ် ကို အနီကတ်ဒ် ပြသင့်တယ်လို့ ဝေဖန်ခဲ့တဲ့ ဂလင်း ဟော်ဒယ်လ်

တနင်္လာနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ပွဲစဉ် (၇) (match week 7) ၏ နောက်ဆုံးပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက အိမ်ရှင်ဖူးလ်ဟမ်းအသင်းအား မိုင်ဟေးလ်လို မူဒရပ်ခ် နှင့် အာမန်ဒို ဘရိုဂျားစ် တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်..။

အဆိုပါပွဲစဉ် ဒုတိယပိုင်း (၅၇) မိနစ်ဝန်းကျင်တွင် လူစားဝင် ကစားသမား ဘရာဇီးလ် တိုက်စစ်မှူး ဗီနီးစီးယက်စ် က ချယ်လ်ဆီးအသင်း ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗား ၏ ဇက်ပိုးကို တံတောင်ဖြင့် ရိုက်ချလိုက်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်..။ အထက်ပါဖြစ်ရပ်တွင် ကွင်းလယ်ဒိုင်လူကြီး တင်မ် ရော်ဘင်ဆန် မှ ပြစ်ဒဏ် ကျူးလွန်ခဲ့သော ဗီနီးစီးယက်စ် အား သတိပေးရန် ပျက်ကွက်သည့်အပေါ် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်း မန်နေဂျာဟောင်း ဂလင်း ဟော်ဒယ်လ် က အနီကတ်ဒ်ပြသင့်သည့် ပြစ်ဒဏ်ဖြစ်ကြောင်း၊ ကွင်းလယ်ဒိုင်လူကြီးနှင့် VAR ဒိုင်တို့၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်မိကြောင်း Matchday Live ပွဲပြီးသုံးသပ် စကားဝိုင်းတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်..။

စတိဗ် ဘိုးဝါး - ဖူးလ်ဟမ်းအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ် (၅၃) မိနစ်မှာ ဘရာဇီးလ် တိုက်စစ်မှူး ဗီနီးစီးယက်စ် ဟာ ရာအူးလ် ဂျီမီးနက်ဇ် ရဲ့ နေရာကို လူစားဝင် ကစားခွင့်ရခဲ့ပါတယ်..။ သူဟာပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ပွဲချိန် (၅၈) မိနစ်မှာ ချယ်လ်ဆီးအသင်းက ဘရာဇီးလ်နောက်ခံလူ သီယာဂို ဆေးလ်ဗား နဲ့ အခြေအတင်လေး ဖြစ်သွားပါတယ်..။ အဲဒီဖြစ်ရပ်အပေါ် ခင်ဗျားရဲ့ထင်မြင်ချက်လေး ပြောနိုင်မလား..?

ဂလင်း ဟော်ဒယ်လ် - ဗီနီးစီးယက်စ် ဟာ ညာတောင်ပံက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို သီယာဂို ဆေးလ်ဗား နဲ့ ယှဉ်လုဖို့ ကြိုးစားရာမှာ သူကနောက်ကျသွားပါတယ်..။ ဒါ့ကြောင့်အတင်းဝင်ပြီးလုဖို့ ကြိုးစားရင်း သီယာဂို ဆေးလ်ဗား ရဲ့ ဇက်ပိုးကို တံတောင်ဆစ်နဲ့ ရိုက်ချလိုက်ပါတယ်..။ အဲဒီဖြစ်ရပ်ကို အရမ်းကြီးပြန်ပြီး ကြည့်နေစရာ မလိုပါဘူး..။ ကရာတေးကွက်သုံးပြီး လက်ဝါးစောင်းနဲ့ ခုတ်ချလိုက်တာပဲဗျ..။



ဆေးလ်ဗား က ဘာမှတောင်သိလိုက်မှာ မဟုတ်ဘူး..၊ ဒါပေမယ့် ဗီနီးစီးယက်စ် ကတော့ ဘောလုံးရချင်ဇောနဲ့ သူ့ရဲ့လုပ်ရပ်နည်းနည်းလွန်သွားတာကို သတိထားလိုက်မိပုံ ရပါတယ်..။ အဲဒီလုပ်ရပ်က အဝါကတ်ဒ်တောင်မကဘူးဗျ..၊ ဒါပေမယ့် သူဟာအဝါကတ်ဒ်တောင် အပြမခံခဲ့ရပါဘူး..။
မိုက်ကယ် အိုဝင် - အဝါကတ်ဒ် အပြခံရပါတယ်ဗျ..။ ဟုတ်တယ်မလား..?
စတိဗ် ဘိုးဝါး - ဒိုင်လူကြီးကို စောဒကတက်မှုနဲ့ အင်းဒရီးယက်စ် ပါရဲယား ကိုပဲ အဝါတတ်ဒ် ပြခဲ့တာပါ..။

ဂလင်း ဟော်ဒယ်လ် - ဆေးလ်ဗား က လဲကျသွားရာကနေ ပြန်ထပြီး သူတို့ဘရာဇီးလ်သားကို ‘မင်းဘာလုပ်လိုက်တာလဲဟ..’ ဆိုတဲ့ ပုံစံနဲ့ ပြန်ကြည့်နေခဲ့တာ..!!။ သူ့ကိုကြည့်ရတာ ဘာဖြစ်သွားခဲ့လဲ သေသေချာချာ သိခဲ့ပုံတောင် မရပါဘူး..။
စတိဗ် ဘိုးဝါး - ဒါဆိုရင် ခေါင်းကိုဖြစ်ဖြစ်၊ ကျောကိုဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ချတာလို့ ပြောချင်တာလား..?
မိုက်ကယ် အိုဝင် - ကျွန်တော်လည်း အဲဒီလို ပြောချင်တာပါ..။ VAR နဲ့ ပြန်ကြည့်တာတော့ သေချာပါတယ်..။ တကယ်လို့ ဒိုင်လူကြီးသာ နောက်ထပ်တစ်ကြိမ် ဗွီဒီယိုနဲ့ ပြန်ကြည့်ဖြစ်မယ်ဆိုရင် အဝါကတ်ဒ် တော့ အနည်းဆုံး.. အနည်းဆုံး..!! ပြဖြစ်မှာ အသေအချာပါပဲ..။ ကျွန်တော်ကတော့ ဇက်ပိုးကိုရိုက်မိတာ ဖြစ်လိမ့်မယ်..။ ဒါ့ကြောင့်ဆေးလ်ဗား ဟာ ခေါင်းကိုလက်နှစ်ဘက်နဲ့အုပ်ပြီး လဲကျသွားခဲ့တာပေါ့..



ဂလင်း ဟော်ဒယ်လ် - ဗီနီးစီးယက်စ် ဟာ သူ့ရဲ့စိတ်ထဲမှာ တစ်ခုခုတော့ ကြိုတင်ကြံစည်ထားပုံ ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဆေးလ်ဗား ရဲ့နောက်ကို ဘောလုံးလိုက်လုရင်း အဲဒီလို ကရာတေးအကွက်မထုတ်ခင် လုပ်သင့်၊ မလုပ်သင့် စဉ်းစားဖို့ အချိန်အများကြီးရခဲ့ပါတယ်..။ ဘာကြောင့်အဲဒီလိုပ်လိုက်တာလဲ..? ကျွန်တော်တော့ တွေးကြည့်လို့ မရပါဘူး..။

ကျွန်တော့်အတွက်တော့ ဒါဟာအဝါကတ်ဒ် ပြရမယ့်ပြစ်ဒဏ် မဟုတ်ပါဘူး..။ ကျွန်တော်တို့တွေဟာ ဘာမှမဟုတ်တဲ့ အပြစ်ဒဏ်လေးတွေနဲ့ အနီကတ်ဒ်တွေ ပြခံနေရတာ မကြာခဏ မြင်တွေ့နေခဲ့ရပါတယ်..။ တွန်းရင်းဆွဲရင်း တစ်ဘက်လူရဲ့ မျက်နှာကို မတော်တဆ ခြစ်မိတာနဲ့ အနီကတ်ဒ်တွေ ပြခဲရတာတွေလည်း ရှိခဲ့ပါတယ်..။ အခုဖြစ်ရပ်ဟာ အဲဒီထက် ဆိုးပါတယ်..။ ဒါ့ကြောင့်သေချာပေါက် အနီကတ်ဒ် အပြခံရမယ့် ပြစ်ဒဏ်ပဲဗျ…။ ကျွန်တော်ကတော့ ဒိုင်လူကြီးတွေကို နားမလည်မိပါဘူး..။