feature-image

'ကော်နာ ဂါလက်ချာ' အကြိုက်ဆုံး ချယ်လ်ဆီးအသင်း အင်္ကျီများ..

ချယ်လ်ဆီးအသင်း ကွင်းလယ် ကစားသမား ကော်နာ ဂါလက်ချာ ဟာ ပရီးမီးယားလိဂ် Official site က တင်ဆက်တဲ့ အစီအစဉ်ကနေတဆင့် ချယ်လ်ဆီးအသင်း ကစားသမားများ ဝတ်ဆင်ခဲ့တဲ့ အင်္ကျီတွေထဲက သူအကြိုက်ဆုံး အင်္ကျီများကို အခုလိုရွေးချယ် တင်ဆက်ပေးခဲ့ပါတယ်..။

(၁) ၁၉၉၇- ၁၉၉၉ အိမ်ကွင်းအင်္ကျီ

“အပြာရောင်ကို အဖြူရောင်၊ အဝါရောင်အစင်းတွေနဲ့ အချိုးကျကျ ရောစပ်ထားတဲ့ အင်္ကျီလေးဟာ တကယ့်ကို ချစ်စရာလေးပါ..။ ဒီအင်္ကျီအကြောင်း စဉ်းစားလိုက်ရင် ‘ဂီယန်ဖရန်ကို ဇိုလာ’ ကိုပဲ ပြေးပြီးမြင်မိတာပေါ့..။ ဒါ့အပြင် အခုနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်း ဝတ်ဆင်နေတဲ့ အိမ်ကွင်းအင်္ကျီဟာ အဲဒီဝတ်စုံဒီဇိုင်းကို ပြန်လည်ဆန်းသစ်ထားတဲ့ retro kit ဖြစ်နေပါတယ်..။ဒါ့ကြောင့်အင်မတန်မှကို လှပတဲ့အင်္ကျီလို့ ပြောချင်ပါတယ်..။”



(၂) ၂၀၂၀- ၂၁ အိမ်ကွင်းအင်္ကျီ

“၂၀၂၀/၂၁ ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့အင်္ကျီ ဖြစ်ပါတယ်..။ ဒီအင်္ကျီအကြောင်း စဉ်းစားလိုက်တာနဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာ ‘ကိုင် ဟာဗာ့ဇ်’ သွင်းယူပေးခဲ့တဲ့ဂိုးကို ပြန်လည်မြင်ယောင်မိပါတယ်..။ အဲဒီသွင်းဂိုးနဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကြောင့် အဲဒီနှစ်ဘောလုံးရာသီက အိမ်ကွင်းအင်္ကျီဟာလည်း ကျွန်တော်တို့အသင်းအတွက် တကယ့်ကို ထူးရှယ်၊ အမှတ်တရအင်္ကျီတစ်ထည် ဖြစ်ပါတယ်..။”



(၃) ၂၀၀၃- ၀၅ အဝေးကွင်းအင်္ကျီ

“နောက်ထပ်တစ်ထည်ကတော့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ ဝတ်ဆင်ခဲ့တဲ့ အဖြူရောင် အဝေးကွင်းအင်္ကျီ ဖြစ်ပါတယ်..။ ‘ဒီဒီယာ ဒရော့ဘာ’ ဟာ ဒီအင်္ကျီကို ကိုယ်စားပြုနေတယ်လို့ ပြောရပါမယ်..။ နောက်ပြီးချယ်လ်ဆီးအသင်းရဲ့ ပထမဆုံးပွဲကို ကျွန်တော်ကြည့်ဖူးတာလည်း ဒီအင်္ကျီနဲ့ပါပဲ..။”



(၄) ၂၀၁၂- ၁၃ အိမ်ကွင်းအင်္ကျီ

“ချန်ပီယံလိဂ် လက်မောင်းတံဆိပ်နဲ့ ‘Blue and Gold kit’ ဟာ ကျွန်တော်အနှစ်သက်ဆုံး ချယ်လ်ဆီးအသင်း အင်္ကျီထဲကတစ်ထည်လို့ ပြောလို့ရပါတယ်..။ အထူးသဖြင့်အဲဒီအင်္ကျီပေါ်မှာ ရေးထိုးထားတဲ့ ရွှေရောင်စာလုံးတွေဟာ အင်္ကျီရဲ့အောက်ခံအပြာရောင်နဲ့ အရမ်းကိုလိုက်ဖက် ညီလွန်းခဲ့ပါတယ်..။ ကျွန်တော်တို့အသင်းဟာ အဲဒီနှစ်မတိုင်ခင်မှာ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲခဲ့ပါတယ်…။

ဒါ့ကြောင့်ဒီအင်္ကျီအကြောင်း စဉ်းစားလိုက်ရင် ဖရန့် လမ်းပတ်၊ ဂျူအန် မာတာ၊ အိုင်ဗန်နိုဗစ်.. စတဲ့ ကစားသမားတွေအများကြီး တန်းပြီးမြင်မိတာပါပဲ..။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ပထမဆုံး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးစေခဲ့တဲ့ အဆုံးအဖြတ် အနိုင်ဂိုးကို အိုင်ဗန်နိုဗစ် က သွင်းယူပေးခဲ့ပါတယ်..။”



(၅) ၂၀၁၆- ၁၇ အိမ်ကွင်းအင်္ကျီ

“နောက်ဆုံးအနေနဲ့ ကျွန်တော်အရမ်းနှစ်သက်ခဲ့တဲ့ အပြာရောင်အင်္ကျီတစ်ထည်ကတော့ ၂၀၁၆/၁၇ ဘောလုံးရာသီမှာ ဝတ်ဆင်ခဲ့တဲ့အင်္ကျီ ဖြစ်ပါတယ်..။ အဲဒီအင်္ကျီရဲ့ကော်လံမှာ အဖြူရောင်လိုင်းနဲ့ အနားသတ်ထားတာကို အရမ်းသဘောကျမိပါတယ်..။ ဒီအင်္ကျီဟာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ကျွန်တော်တို့ နောက်ဆုံးအကြိမ် ဆွတ်ခူးရရှိစဉ်က ဝတ်ဆင်ခဲ့တာပါ..။

ဒီအင်္ကျီနဲ့ ပတ်သက်လို့က ‘ဒီယေဂို ကော်စတာ’ ပေါ့ဗျာ..။ အဲဒီနှစ် ဘောလုံးရာသီမှာ သူဟာဂိုးတွေအများကြီး သွင်းယူပေးနိုင်ခဲ့ပါတယ်..။ တကယ့်ကိုလှပတဲ့ အင်္ကျီဒီဇိုင်းလို့ ပြောရမှာပါပဲ..။”



အနှစ်သက်ဆုံးအင်္ကျီ

“ကျွန်တော်အကြိုက်ဆုံး ချယ်လ်ဆီးအသင်းအင်္ကျီကို ပြောပါဆိုရင် ၂၀၁၂/၁၃ ဘောလုံးရာသီမှာ ဝတ်ဆင်ခဲ့တဲ့ ‘Blue and Gold kit’ ကိုပဲ ရွေးချယ်ပါမယ်..။ ရွှေရောင်နဲ့ အပြာရောင် ရောစပ်ပုံဟာ အရမ်းကိုလိုက်ဖက်ညီလှသလို ကျက်သရေရှိပြီး တည်ငြိမ်တယ်လို့ ထင်တာပါပဲ..။”