feature-image

‘မွိုက်စ် ကိုင်ဆီဒို ဟာ ပေးထားတဲ့ကတိအတိုင်း ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တာပါ..။’ - မင်နူရယ် ဆီယာရာ

ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းမှာ အီကွေဒေါကွင်းလယ် ကစားသမား မွိုက်စ် ကိုင်ဆီဒို အား ခေါ်ယူနိုင်ရန်အတွက် လပေါင်းများစွာ ဆွေးနွေးခဲ့ကြသည်..။ သို့သော်အဆိုပါ အပြောင်းအရွှေ့ ဆွေးနွေးမှုအတွင်းသို့ လီဗာပူးလ်အသင်းက ရုတ်တရက် ဝင်ရောက်လာခဲ့ချိန်တွင် မထင်မှတ်သည့် အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်နွေရာသီ အပြောင်းအရွှေ့၏ အထွဋ်အထိပ်ပုံပြင်တစ်ခု ဖြစ်ခဲ့ပါသည်..။

သို့သော် မွိုက်စ် ကိုင်ဆီဒို မှာ လီဗာပူးလ်အသင်းကို ငြင်းဆန်ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းထံသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၁၅) သန်းဖြင့် ရောက်ရှိလာခဲ့သည်..။ ကွင်းလယ်ကစားသမား၏ အေးဂျင့်ဖြစ်သူ မင်နူရယ် ဆီယာရာ က အီကွေဒေါ သတင်းဌာနတစ်ခုဖြစ်သည့် Football sin Cassette နှင့် တွေ့ဆုံခန်းတစ်ခုတွင် အဆိုပါအပြောင်းအရွှေ့၏ အသေးစိတ် ဖြစ်ရပ်များကို အောက်ပါအတိုင်း ဖွင့်ဟ၊ ပြောဆိုခဲ့သည်..။

“တကယ်တော့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ကိုင်ဆီဒို ကို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် သူတို့ဟာ အင်ဇို ဖာနန်ဒက်စ် နဲ့ ကိုင်ဆီဒို တို့နှစ်ယောက်စလုံးကို အပြောင်းအရွှေ့ရာသီ တစ်ခုအတွင်းမှာ ပြိုင်တူခေါ်လို့မရနိုင်ပါဘူး..။ ဘရိုက်တန်အသင်းဘက်က ဘယ်လိုတွေ တောင်းဆိုခဲ့လဲ..? ကျွန်တော်မသိပါဘူး..။ ဒါပေမယ့် အဲဒီအချိန်က ဘရိုက်တန်အသင်းဟာ စတာလင်ပေါင် (၁) ဘီလီယံလောက် ပေးရင်တောင် ရောင်းချလိမ့်မယ် မထင်ပါဘူး..။”



နွေရာသီ အပြောင်းအရွှေ့ ရောက်ရှိချိန်တွင် ချယ်လ်ဆီးအသင်းမှာ ကိုင်ဆီဒို အား ခေါ်ယူနိုင်ရန် ထပ်မံကြိုးစားခဲ့သော်လည်း ဘရိုက်တန်အသင်းနှင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိနိုင်ရန် ခက်ခဲနေခဲ့သည်..။ ထိုအချိန်တွင် လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှု ရရှိလာခဲ့ခြင်းအပေါ် ကြိုတင်မျှော်လင့်ထားခြင်း မရှိခဲ့ကြောင်း ဆီယာရာ က ပြောပြခဲ့သည်..။

“လီဗာပူးလ်အသင်းကို မရွေးချယ်ခဲ့ပဲ ချယ်လ်ဆီးကိုပဲ ပြောင်းရွှေ့ခဲ့တဲ့အပေါ် မေးခွန်းတွေအများကြီး မေးခံခဲ့ရပါတယ်..။ သူတို့နှစ်သင်းရဲ့ကမ်းလှမ်းမှုဟာ အတူတူလောက်ပါပဲ..။ ဒါပေမယ့် တန်ဖိုးထားမှုတွေ (values)၊ အသင်းနှစ်သင်းရဲ့ အခြေခံတွေးခေါ်ပုံတွေ (principles)၊ တစ်ဘက်လူတွေကို အချိန်ပေးမှုတွေမှာ ကွာခြားခဲ့ပါတယ်..။ လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှု ရရှိလာချိန်မှာ ဘရိုက်တန်အသင်းကို အချိန်တစ်ခုပေးဖို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်..။ ဒါမှလည်း ချယ်လ်ဆီးဘက်က တန်ပြန်ကမ်းလှမ်းဖို့ အခွင့်အရေးရနိုင်ပါမယ်..။

ချယ်လ်ဆီးဘက်က အမှန်တကယ် ကမ်းလှမ်းခဲ့ပြီး သူတို့တွေရဲ့ ကမ်းလှမ်းမှုဟာ လီဗာပူးလ်ထက် သာလွန်ခဲ့ပါတယ်..။ ဒါ့ကြောင့်မွိုက်စ် ဟာ ချယ်လ်ဆီးကို ရွေးချယ်ခဲ့သလို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သူဟာချယ်လ်ဆီးအသင်းကို ကတိပေးထားပြီး ဖြစ်ပါတယ်..။

လီဗာပူးလ်အသင်းဟာ မွိုက်စ် ကို တောက်လျှောက် စိတ်ဝင်စားခဲ့ပါတယ်..။ ဇန်နဝါရီကနေ မေလအတွင်း ကျွန်တော်တို့ကြားမှာ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် မေလနောက်ပိုင်း ကျွန်တော်တို့ကို လုံးဝမဆက်သွယ်ခဲ့ပါဘူး..။ ဒါ့ကြောင့် ‘ဆိုင်းမဆင့်၊ ဗုံမဆင့်’ နဲ့ ရုတ်တရက် ကမ်းလှမ်းမှုရောက်လာတဲ့အခါ ကျွန်တော်တို့လည်း အံ့အားသင့်ကုန်ပါတယ်..။ သူတို့ဘက်က မတတ်နိုင်ပါဘူး.. လို့ ပြောထားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ကမ်းလှမ်းလာခဲ့တာပါ..။

‘မနက်ဖြန်ကျရင် ဆေးစစ်ဖို့အတွက် လီဗာပူးလ်အသင်းကို သွားရမယ်..’ လို့ ဘရိုက်တန်အသင်းက ကျွန်တော်တို့ကို အရင်ဆုံးပြောလာပါတယ်..။ ကျွန်တော်တို့ဘက်က ဘယ်လိုဖြစ်သွားမယ်ထင်လဲ..? သူတို့ဟာ မေလနောက်ပိုင်း ကျွန်တော်တို့နဲ့ လုံးဝအဆက်အသွယ် မရှိခဲ့တာပါ..။ အဲဒီလိုကျွန်တော်တို့ကို လုံးဝအသိမပေးပဲ အပြောင်းအရွှေ့ကို သဘောတူခဲ့တဲ့ပုံစံ ဖြစ်နေခဲ့ပါတယ်..။


ဘရိုက်တန်အသင်းနဲ့ ကျွန်တော်တို့ရဲ့ ဖုန်းပြောဆိုချက်တွေဟာ ရှင်းလင်းပါတယ်..။ လီဗာပူးလ်အသင်း ကမ်းလှမ်းတဲ့အတိုင်း ချယ်လ်ဆီးဘက်က ကမ်းလှမ်းလာတဲ့အချိန်ထိ စောင့်ပေးဖို့ပဲ ပြောခဲ့တာပါ..။ ချယ်လ်ဆီးဘက်က နောက်ဆုံးကမ်းလှမ်းမှုဟာ ပိုပြီးကောင်းတယ်ဆိုတော့ ကျွန်တော်တို့ဘက်က ဘာမှကန့်ကွက်စရာ မရှိပါဘူး..။

တကယ်တော့ ဂျာဂင် ကလော့ပ် လို နည်းပြကြီးတစ်ယောက်က ကျွန်တော်တို့ဆီကို စာရေးလာတယ်..၊ လီဗာပူးလ်အသင်းက ကျွန်တော်တို့ကို ဆက်သွယ်လာတယ်…၊ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းနဲ့ ကြီးမားတဲ့ အပြောင်းအရွှေ့ကြီးတစ်ခုကို ဆွေးနွေးနေရတယ်.. ဆိုတာ အရမ်းကိုရှုပ်ထွေးလှပါတယ်..။ လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးလိုပဲ ကမ္ဘာ့အကြီးဆုံး အသင်းတစ်သင်းဖြစ်ပြီး သူတို့ရဲ့လက်ရှိစီမံချက်ဟာ ချယ်လ်ဆီးထက်ပိုပြီး ရှေ့ကိုရောက်နေတယ်..၊ ပိုပြီးခိုင်မာသလိုတော့ ရှိနေပါတယ်..။

ဒါပေမယ့် သူတို့တွေဝင်ရောက်လာခဲ့တဲ့ပုံစံဟာ ကျွန်တော့်ကို စိတ်ရှုပ်စေသလို မွိုက်စ် လည်းပဲ စိတ်ရှုပ်ရပါတယ်..။ ချယ်လ်ဆီးအသင်းကတော့ ကျွန်တော်တို့နဲ့အတူ အမြဲတမ်းရှိနေခဲ့ပါတယ်..။ လီဗာပူးလ်ရဲ့ ကမ်းလှမ်းမှုအတိုင်း လိုက်ပြီးကမ်းလှမ်းနိုင်ဖို့ သူတို့ကို တစ်နာရီလောက် အချိန်ထပ်ပေးဖို့ ဘရိုက်တန်အသင်းကို ပြောပေးပါ.. ဆိုပြီး ကျွန်တော်တို့နဲ့ ပြောခိုင်းပါတယ်..။ ဘရိုက်တန်အသင်းက တောင်းဆိုတဲ့အတိုင်း တစ်နာရီထပ်ပြီး အချိန်ပေးပါတယ်..။ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိဖို့က နောက်ထပ်နှစ်ရက်လောက် ထပ်ပြီးညှိနှိုင်းခဲ့ရပါတယ်..။”