feature-image

ချယ်လ်ဆီးအသင်းမှ အဌားချ ကစားသမားများ၏ လက်ရှိခြေစွမ်းများ…

ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီကုန်ချိန်တွင် ဂါလာတာစာရေး အသင်းသို့ အပြီးသတ်ပြောင်းရွှေ့မည့် ဟာကင် ဇိုင်းယက်ခ်ျ၊ နယူးကာဆယ် ယူနိုက်တက်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့မည့် လူးဝစ်စ် ဟောလ် တို့ အပါအဝင် ကစားသမား (၂၀) ဉီး အဌားချထားပါသည်..။ နိုင်ငံတကာ ပွဲစဉ်များကြောင့် ကလပ်အသင်းပွဲစဉ်များ အနားရချိန်တွင် အဌားထွက်ခွာနေသည့် ကစားသမားများ၏ အနေအထားများကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။

ဘရာဇီးလ် တောင်ပံကစားသမား အန်ဂျယ်လို ဂါဘရီယယ် မှာ စထရာ့ဘာ့ဂ်အသင်းအတွက် ပွဲထွက်ခွင့် (၄) ပွဲနှင့် လူစားဝင်ကစားသမားအဖြစ် (၃) ပွဲ ပါဝင်ကစားခွင့် ရရှိထားပြီး ဂိုးဖန်တီးမှု (၁) ကြိမ် ရရထားသည်..။ အသက် (၁၈) နှစ်အရွယ် တောင်ပံ ကစားသမားမှာ စထရာ့ဘာ့ဂ်အသင်း၏ စက်တင်ဘာလအတွက် ‘တစ်လတာ အကောင်းဆုံး ကစားသမားဆု’ ရရှိခဲ့သလို ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ၏ စက်တင်ဘာလ၏ ‘တစ်လတာ အကောင်းဆုံး လူငယ် ကစားသမားဆု’ ကိုလည်း ဆွတ်ခူးရရှိခဲ့သည်..။

လူငယ်အကယ်ဒမီ နောက်ခံလူ ဘာရှား ဟမ်းဖရေးစ် မှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဆွမ်ဆီး စီးတီးအသင်းသို့ ရောက်ရှိနေပြီး သူပါဝင်ကစားခဲ့သော (၄) ပွဲအတွင်းတွင် ဆွမ်ဆီးအသင်းမှာ (၁၀) မှတ်ရရှိ ခြေစွမ်းပြသလျှက် ရှိပါသည်..။



တောင်ပံကစားသမား အွမ်မ်ရီ ဟတ်ချင်ဆန် မှာ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အမှတ်ပေးဇယား ဒုတိယနေရာရောက်ရှိနေသည့် အစ်ပ်ဝစ်ချ် တောင်းအသင်းတွင် ပွဲထွက်ခွင့် (၅) ပွဲနှင့် လူစားဝင် ကစားသမားအဖြစ် (၈) ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့သည်..။ အစ်ပ်ဝစ်ချ် တောင်း အသင်းမှာ EFL ဖလားပြိုင်ပွဲတွင်လည်း (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်သို့ တက်ရောက်ထားနိုင်ခဲ့သည်..။

အီတလီလူငယ် ကစားသမား ဆီဇာရီ ကာဆာဒီ မှာ လက်စ်တာ အသင်းအတွက် (၁၁) ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး (၇) ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရခြင်းဖြစ်သည်..။ လက်စတာ စီးတီးအသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီး အီတလီ ကွင်းလယ်ကစားသမားမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၄၁၉) မိနစ် ပါဝင်ကစားခွင့်ရရှိထားပါသည်..။

တောင်ပံကစားသမား ဟာဗီ ဗေးလ် မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ဘရစ္စတို ရိုဗားစ်အသင်းတွင် ဘယ်နောက်ခံလူအဖြစ် ပုံမှန်နေရာ ရရှိနေပြီး ယခုအချိန်အထိ (၈) ပွဲကစားခွင့် ရရှိထားပြီး (၁) ဂိုးသွင်းယူပေးထားသည်..။ အသက် (၂၀) နှစ်အရွယ် လူငယ်အကယ်ဒမီ ကစားသမားမှာ ကစားခွင့်ရခဲ့သည့် (၈) ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် (၄) ပွဲ ပါဝင်ခွင့်ရရှိထားပြီး ပွဲချိန် (၄၂၇) မိနစ် ကစားခွင့်ရရှိထားသည်..။



ညာနောက်ခံလူ ဒီယွန် ရန်ကိုင်း မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် အိပ်စ်ဇီးတားအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် (၇) ပွဲ၊ လူစားဝင် ကစားသမားအဖြစ် (၁) ပွဲ ပါဝင်ကစားခွင့် ရရှိထားပြီး စက်တင်ဘာလဆန်းတွင် ရရှိခဲ့သော ပေါင်တွင်းကြောဒဏ်ရာကြောင့် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ ပြန်လည်ရောက်ရှိနေပါသည်..။

အမေရိကန် ဂိုးသမား ဂါဘရီယယ်လ် ဆလိုနီးနား မှာ ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲဝင် KAS Eupen အသင်းတွင် (၈) ပွဲကစားထားပြီး clean sheet တစ်ကြိမ်မှ မရရှိသေးသလို ပေးဂိုး (၂၀) ခွင့်ပြုထားရသည်..။ လက်ရှိအချိန်တွင် KAS Eupen အသင်းမှာ အမှတ်ပေးဇယားတွင် အဆင့် (၁၂) နေရာသို့ ရောက်ရှိနေပါသည်..။

ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ မှာ ရီးရဲလ် မက်ဒရစ်အသင်းတွင် (၉) ပွဲကစားခွင့် ရရှိထားပြီး clean sheet (၅) ကြိမ် ရရှိထားသည်..။ စပိန်အသင်းနှင့်အတူ လက်စွမ်းပြနေသည့် အသက် (၂၉) နှစ်အရွယ် ဂိုးသမားမှာ ရာသီကုန်ချိန်တွင် ရီးရဲလ် မက်ဒရစ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့နိုင်ရန် မျှော်လင့်လျှက်ရှိသည်..။

တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ ရိုးမားအသင်းတွင် ခြေစွမ်းပြလျှက်ရှိနေပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ကာဂလီအာရီ အသင်းနှင့်ပွဲတွင် သွင်းယူခဲ့သည့် (၂) ဂိုး အပါအဝင် (၇) ပွဲကစား၊ (၇) ဂိုးသွင်းယူပေးထားသည်…။ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား မှာ ယူနီယံ ဘာလင်အသင်းတွင် ပွဲချိန် (၃၆၄) မိနစ် ကစားခဲ့ပြီး ဖြစ်သော်လည်း (၁) ဂိုးသွင်း၊ (၁) ဂိုးသာ ဖန်တီးပေးထားနိုင်သည်..။ အသက် (၂၀) နှစ်အရွယ် တိုက်စစ်မှူးမှာ လက်ရှိအချိန်တွင် လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခွင့်ရနေခဲ့သည်..။



ချာလီ ဝက်ဘ်စတာ မှာ ဟီရန်ဗင်း အသင်းနှင့် ပွဲဉီးထွက်မှာပင် အဖွင့်ဂိုးရရှိခဲ့သော်လည်း အနီကတ်ဒ်ပြ ထုတ်ပယ်ခံခဲ့ရသည်..။ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လာချိန်တွင် ယခုအချိန်ထိ ပါဝင်ကစားခွင့်မရရှိသေးပေ..။

ဘရာဇီးလ် ကွင်းလယ် ကစားသမား အန်ဒရေ ဆန်းတို့စ် မှာ နော့တင်ဟမ် ဖောရက်စ် အသင်းက ဘန်လေအသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် Carabao ဖလားပွဲစဉ်တွင် ပွဲချိန်မိနစ် (၉၀) အထိ ပါဝင်ခွင့်ရခဲ့သော်လည်း ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ပါဝင်ခွင့်မရခဲ့သေးပေ..။

ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဆန်းဒါးလန်းအသင်းသို့ ရောက်ရှိနေသည့် လူငယ်အကယ်ဒမီ တိုက်စစ်မှူး မေဆန် ဘတ်စ်တိုး မှာ လူစားဝင်ကစားသမားအဖြစ် စုစုပေါင်း (၆) ပွဲကစားခွင့် ရရှိထားပြီး ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားသည်..။

ပေါ်တူဂီ တောင်ပံကစားသမား ဒီယေဂို မိုရဲရား မှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် လိုင်ယွန်အသင်းတွင် စက်တင်ဘာလအတွင်း လူစားဝင် ကစားသမားအဖြစ် (၂) ပွဲသာ ပါဝင်ကစားခဲ့ရပြီး ကစားချိန် (၆၅) မိနစ်သာ ရရှိထားသေးသည်..။



လူငယ်ကွင်းလယ် ဖန်တီးရှင် တီနို အန်ဂျိုရင် မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ပို့စ်မောက်အသင်းတွင် လူစားဝင် ကစားသမားအဖြစ် သုံးပွဲသာ ပါဝင်ကစားခွင့်ရရှိထားသည်..။ ပို့စ်မောက်အသင်းမှာ လက်ရှိအချိန်တွင် လိဂ်ဝမ်းပြိုင်ပွဲ၊ အမှတ်ပေးဇယားကို ဉီးဆောင်လျှက်ရှိသည်..။

လူငယ်နောက်ခံလူ ဇက်ခ် စတာ့ဂျ် မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ပီတာဘရော့ခ်ျ ယူနိုက်တက်အသင်းတွင် လူစားဝင် ကစားသမားအဖြစ် (၅) ပွဲသာ ပါဝင်ခွင့်ရထားပြီး ပွဲထွက်ကစားသမားအဖြစ် တစ်ကြိမ်မှ ပါဝင်ရခြင်းမရှိသေးပေ..။

လူငယ်အကယ်ဒမီ ဂိုးသမား တက်ဒီ ရှားမင်း-လိုဝေး ဘရွန်လေအသင်းအတွက် ဖလားပွဲစဉ်တစ်ပွဲ ပါဝင်ခွင့်ရထားသော်လည်း လိဂ်ပြိုင်ပွဲများတွင် ပါဝင်ခွင့်မရသေးပေ..။